အင်အားစုဆောင်းရန် ကြံစည်ခြင်း
Vol. 66 Ch. 918
ရှောင်ရင်သည် မနောငွေသန်းချီ ဝယ်ယူပြီးသောအခါ စျေးကွက်အတွင်း ပျောက်ကွယ်သွားကာ လူတိုင်းက ၎င်းတို့ကို နယ်မြေ၏ ချောင်ကျကျနေရာများအထိ လိုက်လံရှာဖွေနေခဲ့သည်။ ယဲ့ချန်က မနောငွေတစ်သောင်း၏စျေးကို ခရမ်းရောင်ရွှေဆယ်ပြားမှ တစ်ရာအထိ တိုးပေးလိုက်သော်လည်း ထပ်မံရှာမတွေ့ခဲ့ပေ။ သူတို့က စျေးနှုန်းကို ကြည့်နေရုံသာတတ်နိုင်ပြီး စောစောကြိုသိထားလျှင် ရောင်းချခဲ့မည် မဟုတ်ပေ။ ပထမဆုံးအကြိမ်နှင့်ယှဥ်လျှင် စျေးနှုန်းက အဆတစ်ရာအထိ ရောက်လာပြီး သူက ငါးရက်အကြာတွင် မနောငွေထောင်ချီအထိ ဝယ်ယူပေးကာ ငါးစာချနေခြင်းဖြစ်သည်။ ထို့နောက် သူက စျေးကို နောက်ထပ်ဆယ်ဆ တိုးပေးလိုက်သော်လည်း လက်ထဲတွင် မနောငွေများ ပြတ်လပ်နေသဖြင့် လူတိုင်း တိတ်ဆိတ်ကုန်သည်။ သို့သော် ဤရက်ပိုင်းအတွင်း တစ်ဖက်လူက ခရမ်းရောင်ရွှေသန်းချီ သုံးစွဲကာ မနောငွေများ ဝယ်ယူခဲ့ကြောင်း သိလိုက်ပြီး ကောလဟာလများ စတင်ထွက်ပေါ်လာသည်။
အချို့၏အဆိုအရ ယဲ့ချန်သည် သူဌေးတစ်ယောက်ဖြစ်ကာ သူ ဝယ်ခိုင်းခဲ့သော ရတနာများ၏ စာရင်းလည်း ထွက်ပေါ်လာသည်။ သူက ခရမ်းရောင်ရွှေသန်းဆယ်ချီမှ ရာချီအထိ ပိုင်ဆိုင်ထားကာ အပျက်အစီးနယ်မြေတွင် အချမ်းသာဆုံးဟုလည်း သတင်းထွက်နေခဲ့သည်။ သူ၏အိမ်တော်အထက်တွင် နတ်ဆိုးတိုက်လှေဆယ်စီး ရပ်နားထားသည်ကို မြင်ခဲ့သူများလည်း ရှိပြီး ဂုဏ်သတင်းက တစ်နေ့တခြား ကြီးမားလာသည်။ အင်အားကြီးသူများပင် သူ့ကို သတိပြုမိလာကြပြီး တွေ့ဆုံချင်သော်လည်း အားလုံး ငြင်းပယ်ခံခဲ့ရသည်။ သို့သော် လူချမ်းသာတစ်ယောက်ကို ရန်စခြင်းက ဉာဏ်မရှိသောကြောင့် သူတို့က သည်းခံနေရုံသာ ရှိသည်။
အချိန်ကြာလာသောအခါ လူတိုင်းသည် ယဲ့ချန် ဝယ်ယူခဲ့သော ခရမ်းရောင်ကျောက်နှင့် မနောငွေအကြောင်း စတင်စပ်စုလာကြပြီး အထူးသဖြင့် နတ်ကျောက်ဟု ရည်ညွှန်းသော ခရမ်းရောင်ကျောက် ဖြစ်သည်။ သူက စျေးကို ဆက်တိုက်တိုးမြှင့်နေသောကြောင့် ဂိုဏ်းသုံးဂိုဏ်းပင် မနောငွေများ ရှာဖွေ၍ လာရောက်ရောင်းချခဲ့ကြသည်။ သူက လက်ထဲရှိ ခရမ်းရောင်ရွှေခြောက်သန်းကျော်ကို အသုံးပြုပြီးသောအခါ မိုပင်းနှင့် နောက်လိုက်များကို ရတနာများ တိတ်တဆိတ်ရောင်းချခိုင်းကာ နောက်ထပ်ငွေရှာ၍ ထပ်မံဝယ်ယူခဲ့သည်။ သူက မည်သို့သော လူစားမျိုးဖြစ်သည်ကို အင်အားစုများက စိတ်ဝင်စားလာကြကာ အပျက်အစီးနယ်မြေသို့ ရောက်သည်မှာ မကြာသေးသော်လည်း ငွေများစွာ အသုံးပြုခဲ့သောကြောင့်ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်ကလည်း လျှို့ဝှက်ချက် ဖြစ်နေသောကြောင့် သူတို့က စောင့်ကြည့်နေကြကာ ခွန်အားကို အလေးပေးသော ဤနယ်မြေတွင် သူ၏အင်အားကို လုံးဝကွယ်ဝှက်ထားခဲ့သည်။
နောက်ဆုံးတွင် မနောငွေ၏စျေးက တစ်ပြားလျှင် ခရမ်းရောင်ရွှေတစ်ရာအထိ မြင့်တက်သွားသောကြောင့် လူတိုင်း ရူးသွပ်သွားကြပြီး ကောလဟာလများ ထပ်မံထွက်ပေါ်လာခဲ့သည်။ ၎င်းကို နတ်လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုပြီး ချီစွမ်းအင် မပါဝင်သော်လည်း ရှားပါးသတ္တုများကို ချေဖျက်ရာ၌ အသုံးပြုနိုင်သည်။ ခရမ်းရောင်ရွှေတစ်ရာဖြင့် ဝယ်ယူနိုင်သည်က အလွန်စျေးပေါပြီး ယဲ့ချန်သည် ဆည်းဆာနတ်ဓားဟုခေါ်သော ဒုတိယအဆင့် နတ်လက်နက်တစ်ခုကို သွန်းလုပ်နေကြောင်း သတင်းထွက်နေသည်။ ထိုအဆင့် နတ်လက်နက်တစ်ခု၏ တန်ဖိုးသည် အပျက်အစီးနယ်မြေ၌ ခရမ်းရောင်ရွှေသန်းရာချီအထိ စျေးပေါက်ပြီး ဤသတင်းများက သူ့ကို ပို၍ဆန်းကျယ်လာစေခဲ့သည်။ လူတိုင်းက သူ့ကို ပန်းပဲဆရာတစ်ယောက်အဖြစ် မထင်ထားခဲ့ဘဲ နတ်ဆိုးတိုက်လှေများ ပိုင်ဆိုင်နေသည်က မထူးဆန်းတော့ပေ။ သီးခြားဆန်သော အမှောင်မြို့တွင် ၎င်းတို့က များစွာမထင်ရှားသော်လည်း အပြင်စကြဝဠာအတွင်း၌ ဂုဏ်သိက္ခာ၏ ပြယုဂ် ဖြစ်သည်။ သူတို့က မနောငွေများကို စောစောစီးစီး ရောင်းချခဲ့မိသောကြောင့် ကြီးစွာဆုံးရှုံးရသည်ဟု ခံစားနေရပြီး သိမ်းဆည်းထားသင့်ကြောင်း နောင်တရနေကြသည်။ ခရမ်းရောင်ကျောက်အတွက်မူ နတ်သွေးနှင့် ပေါင်းစပ်ရာတွင် ကူညီနိုင်သည်ဟု သတင်းပြန့်နေခဲ့သည်။ ထိပ်တန်းကြယ်သခင်တစ်ယောက်က အဆင့်တက်လိုလျှင် ရွေးချယ်စရာနှစ်ခုရှိပြီး နတ်ရတနာများကို ကိုယ်တိုင်ဖန်တီးရန်နှင့် ဘိုးဘေးများ၏ နတ်ရတနာများနှင့် ပေါင်းစပ်ရန်ဖြစ်သည်။ ပထမရွေးချယ်မှုက အလွန်ခက်ခဲပြီး ဒုတိယရွေးချယ်မှုသည် အလွန်အန္တရာယ်များပြီး အမှားအယွင်းပြုလုပ်မိလျှင် ခန္ဓာကိုယ်ပေါက်ကွဲကာ သေဆုံးသွားနိုင်သည်။ ခရမ်းရောင်ကျောက်ဖြင့် တစ်နှစ်ခန့် လေ့ကျင့်လိုက်လျှင် နတ်သွေးနှင့် ပေါင်းစပ်နိုင်သော လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်လိမ့်ဟု သတင်းထွက်လာသောအခါ ထိပ်တန်းကြယ်သခင်တိုင်း၏ အိပ်မက် ဖြစ်သောကြောင့် လှုပ်ခတ်သွားစေကာ ယဲ့ချန်ထံ သတင်းမေးရန် ရောက်ရှိလာကြသော်လည်း အားလုံး ငြင်းပယ်ခံခဲ့ရသည်။
အကယ်၍ သူက ခရမ်းရောင်ကျောက်ကို စျေးကြီးကြီးဖြင့် ရောင်းချလျှင် လူလိမ်တစ်ယောက်အဖြစ် ထင်မှတ်ခံရနိုင်သော်လည်း ဝယ်ယူနေရုံသာဖြစ်ကာ ရောင်းချရန်အတွက် စကား လုံးဝမဟခဲ့သောကြောင့် လူတိုင်းကို ဤသတင်းအား ယုံကြည်စေခဲ့သည်။ အပျက်အစီးနယ်မြေ၏ မြောက်ပိုင်းတွင်ရှိသော ခမ်းနားသည့် အိမ်ကြီးတစ်လုံးအတွင်း ကောင်းကင်ကံဂိုဏ်း၏ ဌာနချုပ် တည်ရှိသည်။ ရွှေနတ်သားမျိုးနွယ်ဝင်တစ်ယောက်က ဂိုဏ်းချုပ်ဖြစ်ကာ စန်းရှုံးဟုခေါ်ပြီး ထိပ်တန်းကြယ်သခင်တစ်ယောက်ဖြစ်၍ အဆင့်ထပ်တက်ရန်အတွက် ခြေတစ်လှမ်း လိုအပ်နေသူများအနက် တစ်ယောက်ဖြစ်၏။ အတိတ်တွင် သူက အမှောင်မြို့သို့ ဝင်ရောက်လိုခြင်းမှာ အဆင့်တက်ရန်အတွက် အခွင့်အရေးကို ရှာဖွေလိုသောကြောင့် ဖြစ်သည်။
"ပန်းရင် ယဲ့ချန်ရဲ့ ရည်ရွယ်ချက်ကို မင်း ဘယ်လိုထင်လဲ"
စန်းရှုံးက သူ့ဘေးရှိ ရွှေနတ်သားမျိုးနွယ်ဝင် မိန်းကလေးတစ်ယောက်ကို မေးလိုက်သည်။ သူမက အနည်းငယ် အရပ်နိမ့်သော်လည်း ကြီးမားသော ရင်ဘတ်နှင့် လှပသော မျက်နှာကို ပိုင်ဆိုင်ထား၏။
"သူဘာဆက်လုပ်မယ်ဆိုတာက ပေါ့သေးသေး မဟုတ်ဘူး။ ဒီလောက်ပစ္စည်းတွေ အများကြီး ဝယ်နေတဲ့ လူတစ်ယောက်က ငွေအတွက် ကြံစည်နေစရာ မလိုဘူး"
သူမက ခဏတာစဥ်းစား၍ သုံးသပ်ပြလိုက်သည်။
"ဒါဆိုရင် သူက ဘာလုပ်ချင်နေတာလဲ။ အပျက်အစီးနယ်မြေကို သိမ်းပိုက်ချင်နေတာလား"
"အမှောင်မြို့ထဲကို ဝင်ရောက်ဖို့ စမ်းသပ်ခံနေတာ ဖြစ်လိမ့်မယ်"
ပန်းရင်၏စကားကြောင့် စန်းရှုံးမှာ ခါးသက်သက်ဖြစ်သွားခဲ့ပြီး သူက လုံလောက်အောင် သန်မာသော်လည်း သေမင်း၏ခွင့်ပြုချက် မရသေးပေ။ သူက အပျက်အစီးနယ်မြေတွင် နှစ်ပေါင်းသုံးဆယ်ကျော် ပိတ်မိနေသော်လည်း အစစ်အမှန်မြို့တွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် ခွင့်ပြုချက် လိုအပ်နေသည်။ အကယ်၍ သူက မြို့တွင်းသို့ ဝင်ရောက်နိုင်မည်ဆိုလျှင် ယဲ့ချန်နှင့် ပူးပေါင်းရန်လည်း တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော် တစ်ဖက်လူက ဤနယ်မြေကို ထိန်းချုပ်လိုလျှင် ကောင်းကင်ကံဂိုဏ်းကို ဆယ်နှစ်ကျော် အုပ်ချုပ်လာသည့် သူ၏အာဏာကို ထိပါးခွင့်ပေးမည် မဟုတ်ချေ။ ကောင်းကင်ကံဂိုဏ်းအပြင် နတ်ဆိုးမျိုးဆက်ဂိုဏ်းနှင့် ဝိညာဥ်မီးတောက်ဂိုဏ်းများကလည်း ယဲ့ချန်ကို သတိထား စောင့်ကြည့်နေကြသည်။
"ယဲ့ချန် မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ယဲ့ချန်သည် မနောငွေ၏စျေးကို မြှင့်တင်ရန်အတွက် ထောင်ချောက်များ ချထားခဲ့ပြီး ခရမ်းရောင်ကျောက်၏ စျေးကို မိုးထိုးမတတ် မြင့်မားစေရန် ကောလဟာလများ လွှင့်ထားခဲ့သည်။ ပုံမှန်ဆိုလျှင် ဤအချိန်က မြှုံးထဲရောက်နေသော ငါးများကို ရိုက်သတ်ရန် ဖြစ်သော်လည်း သူက မလှုပ်ရှားသေးသဖြင့် ခြင်္သေ့ကြီးကို အံ့သြစေခဲ့သည်။
"လောလောဆယ် အချိန်မတန်သေးဘူး။ ဒီအချိန်မှာ ငါးတွေကို ရိုက်သတ်လိုက်ရင် ငွေအများကြီးရနိုင်ပေမယ့် အရူးလုပ်ခံလိုက်ရတဲ့အတွက် ဘယ်သူမှ ကျေနပ်မှာ မဟုတ်ဘူး"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။
"အစ်ကိုကြီးကဂု ဏ်သတင်းကြီးအောင်ရော ပိုက်ဆံရော ရှာချင်နေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
နင်အာက စိတ်ရှုပ်စွာ ရေရွတ်လိုက်သည်။
"ငါ နားမလည်ဘူး။ ငါတို့က သူများပိုက်ဆံကို လိမ်ယူနေတာတောင် သူတို့က အထင်ကြီးအောင် လုပ်ရမှာလား"
ယဲ့ချန်၏နည်းလမ်းများကို ဉာဏ်မမီသောကြောင့် ခြင်္သေ့ကြီးက မေးခွန်းထုတ်လိုက်ပြန်သည်။
"သူတို့တွေ အထင်ကြီးလေးစားအောင် လုပ်ဖို့ ခက်ပေမယ့် ကျုပ်ကို လာမထိရဲအောင် လုပ်ပြရမယ်။ ရှောင်ရင်ကို ကျုပ်က ပါရမီရှင်တွေနဲ့ ကောင်းကင်ကြယ်သခင်နဲ့ အထက်အဆင့် ကျင့်ကြံသူတွေ စုဆောင်းနေတယ်လို့ သတင်းလွှင့်ခိုင်းမယ်"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ သူက အပျက်အစီးနယ်မြေကို ငွေဖြင့် ကစားပြီး ပြဿနာအကြီးအကျယ် မတက်ခင် အင်အားစုဆောင်းရန် ကြံစည်ထား၏။ ဤစကားကြောင့် ဆိုလိုရင်းကို သဘောပေါက်သွားသော ခြင်္သေ့ကြီး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ လက်ရှိတွင် အပျက်အစီး နယ်မြေတစ်ခုလုံးသည် ယဲ့ချန်ကို ဆန်းကျယ်သော လူချမ်းသာတစ်ယောက်ဟု ထင်မှတ်နေပြီး အစစ်အမှန်ကျင့်ကြံဆင့်ကို မသိထားပေ။ ထို့ကြောင့် သူက လူသူစုဆောင်းလိုလျှင် ပါရမီရှင်များ သေချာပေါက် ရောက်လာမည်ဖြစ်သည်။ အကယ်၍ သူက ငွေကို ဦးစားပေးမည်ဆိုလျှင် လူတိုင်းက ဒေါသပေါက်ကွဲသွားကာ ပစ်မှတ်ထားလာမည် ဖြစ်သောကြောင့် ထိုအချိန်မှ အင်အားစုဆောင်းလျှင် ရှာဖွေရခက်ခဲနိုင်သည်။
စကြဝဠာအတွင်း သန်မာသူက အားနည်းသူကို အမဲလိုက်ပြီး ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း မရှိကြပေ။ တစ်ခုတည်းသော နည်းလမ်းမှာ ပိုမိုသန်မာလာရန်ဖြစ်ပြီး ရှောင်ရင်က ယဲ့ချန်သည် အင်အားစုဆောင်းနေသော သတင်းကို ဖြန့်လိုက်သောအခါ နယ်မြေတစ်ခုလုံးအား လှုပ်ခတ်သွားစေခဲ့သည်။ ယဲ့ချန်က ငွေကြေးချမ်းသာပြီး ရတနာများစွာ ပိုင်ဆိုင်ထားသောကြောင့် သူ၏နောက်လိုက်ဖြစ်လာလျှင် ကျင့်ကြံဆင့်တက်ရန် လွယ်ကူမည်ဟု လူတိုင်း ထင်မှတ်နေကြသည်။ ကျင့်ကြံသူများက အထုပ်ဆွဲကာ သူ၏အိမ်တော်သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြသည်။ အများစုက အခြေအနေကို စောင့်ကြည့်ရန်ဖြစ်ပြီး ကျန်ကျင့်ကြံသူများက ယဲ့ချန်လက်အောက် ပူးပေါင်းရန် စိတ်ပိုင်းဖြတ်ထားကာ ဤနေရာတွင် လူဦးရေ ထူထပ်သောကြောင့် အရေအတွက်က မနည်းပေ။