← Chapters

အပျက်အစီးနယ်မြေ၏ ငွေကြေးများကို ခြယ်လှယ်ခြင်း

Vol. 66 Ch. 919

အပျက်အစီးနယ်မြေ၏ ငွေကြေးများကို ခြယ်လှယ်ခြင်း

Vol. 66 Ch. 919

ယဲ့ချန်၏အိမ်တော်အတွင်း မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများ စုဝေးရောက်ရှိလာကာ အရေအတွက် နှစ်ရာကျော်ပြီး ငါးယောက်က ထိပ်တန်းကြယ်သခင်များ ဖြစ်ကြသည်။ သူတို့က အိမ်တော်အတွင်း ရောက်သောအခါ နေရာတိုင်းတွင် ဆေးပင်ပေါင်းစုံ ပေါက်ရောက်နေပြီး လေထဲတွင် ရနံ့များ မွှေးပျံ့နေ၏။ အဓိကခန်းမကို ခမ်းနားစွာ ဆင်ယင်ထားကာ ကြမ်းပြင်ကို မူလကျောက်ဖြင့် ခင်းထားသောကြောင့် အစွမ်းထက်ချီများ ထွက်ပေါ်နေသည်။ ၎င်း၏အလယ်တည့်တည့်တွင် နတ်လက်နက်တစ်ခုဖြစ်သော အလင်းရောင်ဖျော့ဖျော့ တောက်ပနေသည့် ဆည်းဆာနတ်ဓားကို ချိတ်ဆွဲထားသည်။ ဤမျှခမ်းနားသော မြင်ကွင်းကြောင့် လူတိုင်း မင်သက်သွားကာ ယဲ့ချန်ကို အလွန်အမင်း ကြွယ်ဝသူတစ်ယောက်အဖြစ် ထင်မှတ်သွားကြ၏။ သူတို့ကို ကြိုဆိုရန်အတွက် သူက တမင်သက်သက် ပြင်ဆင်ထားကြောင်းကို မသိကြပေ။ မူလကျောက်များထံမှ ထွက်ပေါ်လာနေသော ချီများကို စုပ်ယူနေသည့် ကျင့်ကြံသူနှစ်ရာကျော်သည် ဤနေရာတွင် အချိန်အနည်းငယ် ကျင့်ကြံလိုက်လျှင် ကြီးကြီးမားမား တိုးတက်လာနိုင်ကြောင်း ခန့်မှန်းလိုက်ကြသည်။

"မင်းနာမည်က ဘယ်သူလဲ"

ခန်းမ၏ အဓိကနေရာတွင် ထိုင်နေသော ယဲ့ချန်သည် လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကျင့်ကြံသူနှစ်ရာအကြားတွင် အစွမ်းအထက်ဆုံးဖြစ်သော မီးတောက်မျိုးနွယ်ဝင်ထံ စိုက်ကြည့်လိုက်သည်။ သူက ခမ်းနားသော အထက်တန်းစား လေသံမျိုးဖြင့် တစ်ဖက်လူကို မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

"ရန်ဝူပါ"

မီးတောက်မျိုးနွယ်ဝင်က လေးစားစွာ အဖြေပေးလိုက်သည်။ ယဲ့ချန်က ခေါင်းတစ်ချက်ဆတ်လိုက်ပြီး ကျန်ကျင့်ကြံသူများကို ဆက်လက်အကဲခတ်နေစဥ် သူတို့က ခပ်တိုးတိုး တိုင်ပင်နေကြသည်။ သူတို့သည် ယဲ့ချန် ပေးအပ်လာမည့် အကျိုးအမြတ်များကို ခန့်မှန်းနေခြင်းဖြစ်သည်။ သူ၏ကြွယ်ဝမှုက သူတို့၏စိတ်ကို ဖမ်းစားနိုင်ခဲ့သောကြောင့် နောက်လိုက်ဖြစ်လာလျှင် ချီးမြှင့်ခံရမည့် ရတနာများကို စိတ်ဝင်စားလာကြသည်။

"ငါ့နောက်လိုက် ဖြစ်လာမယ်ဆိုရင် ကောင်းကင်ကြယ်သခင်တစ်ယောက်ကို တစ်ရက် လုပ်အားခအနေနဲ့ ခရမ်းရောင်ရွှေတစ်ထောင် ပေးမယ်။ ထိပ်တန်းကြယ်သခင်တစ်ယောက်ဆိုရင်တော့ တစ်သောင်း ရမယ်"

သူ၏စကားကို ကြားသောအခါ လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားပြီး တစ်လလျှင် ကောင်းကင်ကြယ်သခင်အတွက် ခရမ်းရောင်ရွှေတစ်သောင်းနှင့် ထိပ်တန်းကြယ်သခင်အတွက် တစ်သိန်းဆိုသော ပမာဏက သူတို့ကို မင်သက်သွားစေ၏။

"ဒါပေမယ့် ငါက စည်းမျဥ်းစည်းကမ်း တင်းကြပ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြစမ်း။ ငါ့နောက်လိုက်တွေက ငါ့ကို အကြွင်းမဲ့ သစ္စာရှိရမယ်။ မင်းတို့ထဲက ဘယ်သူများ ဒီအရာနဲ့ ပေါင်းစပ်ကြချင်စိတ်ရှိကြလဲ"

ယဲ့ချန်၏လေသံက ချက်ချင်းတင်းမာသွားကာ ညာလက်ဝါးထဲတွင် မီးဝိညာဥ်တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာ၏။ လူတိုင်းက ၎င်းကို မသိသောကြောင့် အတွေးများသွားပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကာ စကြဝဠာအတွင်း အန္တရာယ်များသော အရာများစွာ ရှိသဖြင့် မစမ်းသပ်ရဲပေ။

"ကျုပ် လုပ်မယ်"

သူက လူတိုင်းကို လိုက်လံအကဲခတ်နေစဥ် ရန်ဝူက အော်ဟစ်၍ ရှေ့တက်လာခဲ့သည်။ သူက ခေါင်းညိတ်၍ မီးဝိညာဥ်ကောင်ကို ရန်ဝူထံ ပို့ဆောင်ပေးလိုက်သည်။ ရန်ဝူက ပါးစပ်ကိုဟ၍ မျိုချကာ ပေါင်းစပ်လိုက်ပြီးနောက် ကြိုတင်တွေးဆထားသည့်အတိုင်း စွမ်းအားဖြင့် သန့်စင်ပစ်ချင်သော်လည်း ကျဆုံးသွားခဲ့၏။ ဝိညာဥ်ကောင်က သူ၏တစ်ကိုယ်လုံးသို့ စွမ်းအင်များအဖြစ် သွေးကြောများမှတဆင့် ပြန့်ထွက်သွားကာ ဝိညာဥ်အသိစိတ်ဖြင့်ပင် ပေါင်းစပ်သွားခဲ့သည်။ ထို့နောက် သူ၏ကိုယ်တွင်းမှ အရှိန်အဝါက တဟုန်းဟုန်းထိုးတက်သွားပြီး မူလတွင် ထိပ်တန်းကြယ်သခင်များအနက် အားနည်းသည်ဟု ဆိုနိုင်သော်လည်း လက်ရှိ၌ ခွန်အားက လေးဆငါးဆခန့် ရုတ်တရက် မြင့်တက်လာ၏။

"ကျုပ်လည်း ပေါင်းစပ်မယ်"

"ကျုပ်လည်း သခင်ရဲ့နောက်လိုက် လုပ်ပါမယ်"

ကျင့်ကြံဆင့်ရော ခွန်အားပါ ချက်ချင်းမြင့်တက်သွားသော ရန်ဝူ၏အဖြစ်ကို မျက်မြင်တွေ့လိုက်ရသောအခါ ကျင့်ကြံသူများ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ ဝိညာဥ်ကောင်က ခွန်အားကို အချိန်တိုအတွင်း တိုးတက်စေနိုင်သောအခါ သစ္စာခံရလျှင်လည်း များစွာပြဿနာမရှိသဖြင့် လူအုပ်က ပျော်ရွှင်စွာ သဘောတူလိုက်ကြ၏။ ဝိညာဥ်ကောင်နှင့် ပေါင်းစပ်ရာတွင် ဘေးထွက်ဆိုးကျိုးရှိမရှိကို မပြောနိုင်သောကြောင့် အစိုးရိမ်ကြီးနေသည့် ကျင့်ကြံသူအချို့ကမူ အိမ်တော်အတွင်းမှ ပြန်လည်ထွက်ခွာသွားသော်လည်း ယဲ့ချန်က မတားမြစ်ခဲ့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်လမ်းကြောင်းရှိသောကြောင့် သူ၏နောက်လိုက် မဖြစ်လိုလျှင်လည်း အတင်းအကြပ် ဖိအားပေးလိုသော စိတ် မရှိပေ။

သုံးရက်အကြာတွင် ယဲ့ချန်၏နောက်လိုက် အရေအတွက်က များပြားလာပြီး ထိပ်တန်းကြယ်သခင် သုံးဆယ်ကျော်၊ ကောင်းကင်ကြယ်သခင် ငါးရာကျော်နှင့် ကျန်ကြယ်သခင်အဆင့်များမှ ပါရမီရှင်ငါးဆယ်ကျော်ကို ရရှိခဲ့သည်။ သူက အင်အားများ စုဆောင်းနေစဥ် အပျက်အစီးနယ်မြေအတွင်း ငါးမျှားချိတ်ဆွဲရန် အချိန်တန်ပြီဖြစ်သောကြောင့် အစီအစဥ်များကို စတင်အကောင်အထည်ဖော်လိုက်သည်။ လက်ရှိတွင် သူက မနောငွေတစ်စကို ခရမ်းရောင်ရွှေနှစ်ထောင်အထိ ပေးကာ ဝယ်ယူနေသောကြောင့် အပျက်အစီးနယ်မြေ၏ တစ်နေရာတွင် မနောငွေများ ရောင်းချနေကြောင်း သတင်းထွက်လာသောအခါ ကုန်သည်များစွာကို လှုပ်ခတ်စေခဲ့သည်။ သူတို့က ရှိရှိသမျှရောင်းချ၍ မနောငွေများ ဝယ်ယူရန် ကြံစည်ထားကာ ရောင်းနေသူများက တစ်စလျှင် ခရမ်းရောင်ရွှေ၁၉၀၀ တောင်းဆိုပြီး တစ်ခွန်းစျေး ဖြစ်သည်။

ဤသတင်းကို ကြားသောအခါ ရှောင်ရင်သည် ခရမ်းရာင်ရွှေအမြောက်အများကို စုဆောင်းပြီး ထိုနေရာသို့ ထွက်ခွာလာခဲ့သည်။ သူက ယဲ့ချန်အတွက် ရတနာများဝယ်ယူရန် ကူညီပေးခဲ့သောကြောင့် ပွဲခအဖြစ် သန်းချီရရှိထားသောအခါ လူချမ်းသာတစ်ယောက် ဖြစ်နေသည်။ ရှောင်ရင်ကိုယ်တိုင် မနောငွေများ ဝယ်ယူနေသောအခါ ကျန်ကုန်သည်များကလည်း စိတ်အေးသွားကာ အံကြိတ်၍ ပိုင်ဆိုင်မှုများ ရောင်းချပြီး မြုပ်နှံရန် အသင့်ဖြစ်နေကြသည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ကုန်သည်ပေါင်းများစွာက မနောငွေများဝယ်ယူ၍ ရောင်းချနေသူများမှာ အလွန်တင်းကြပ်သောကြောင့် အကျိုးအမြတ်ရမည်ဟု အပိုင်တွက်ခဲ့ကြ၏။ ရှောင်ရင်က ခရမ်းရောင်ရွှေတစ်သန်းဖြင့် မနောငွေများ ဝယ်ယူကာ ယဲ့ချန်ထံ ပြန်လည်ရောင်းချပြီး အမြတ်ထွက်လိမ့်မည်ဟု စိတ်ကူးယဥ်နေသည်။ သူကိုယ်တိုင် ရှေ့ဆုံးမှ လာရောက်ဝယ်ယူနေသောကြောင့် ကျန်လူများကလည်း စိတ်ဒုန်းဒုန်းချကာ စိုးရိမ်စိတ်အားလုံး ပျောက်ကွယ်ကုန်သည်။

အပျက်အစီးနယ်မြေ၏ ကုန်သည်များ မသိသည်မှာ မနောငွေကို ရောင်းချနေသူများမှာ မိုပင်းနှင့် ယဲ့ချန်၏ နောက်လိုက်များဖြစ်ကာ အရေအတွက်ရာချီမှ သောင်းချီသိန်းချီ လျှို့ဝှက်ကုန်သွယ်ခဲ့ကြသည်။

"ဒါက နောက်ဆုံး မနောငွေနှစ်ထောင်ပဲ။ နောက်ထပ်ရောင်းစရာ မကျန်တော့ဘူး။ ဒါကို လျှို့ဝှက်ထားပေးပါ။ ကုန်သည်ကြီးတွေက ငါ့ကို ဆက်သွယ်ခဲ့ပေမယ့် မရှိဘူးလို့ လိမ်ထားခဲ့တယ်။ ငါက မင်းတို့ကို ဒီလိုခိုးရောင်းပေးတာသာ သိသွားရင် အရှင်လတ်လတ် အရေခွံခွာခံရနိုင်တယ်"

မိုပင်းက ဝယ်လက်ဖြစ်သော ကုန်သည်တစ်ဦးကို အယုံသွင်းနေခြင်း ဖြစ်သည်။

"မစိုးရိမ်ပါနဲ့ အစ်ကိုကြီး။ ကျုပ်က ဒါကို လျှို့ဝှက်ထားပေးပါမယ်"

ကုန်သည်က ကျေနပ်စွာပြုံးလိုက်ရင်း သိုလှောင်အိတ်ကို ကမ်းပေးလာကာ ဤသို့သော ဖြစ်ရပ်များ နေရာအနှံ့ တိတ်တဆိတ် ဖြစ်ပွားနေခဲ့သည်။

"ယဲ့ချန်က မနောငွေတစ်စကို ခရမ်းရောင်ရွှေ နှစ်ထောင့်ငါးရာအထိ ပေးနေတယ်လို့ ကြားတယ်"

"တကယ်လား။ ဒါဆိုရင် သိပ်မကြာခင် သုံးထောင်အထိ ရောက်သွားလိမ့်မယ်"

"မင်းရော ဝယ်လိုက်သေးလား"

"မရလိုက်ဘူး။ လောလောဆယ်မှာ ဒါတွေက အရမ်းရှားပါးနေပြီ"

ကောလဟာလသတင်းများကြောင့် မနောငွေကို သိုလှောင်ထားသူများမှာ ဝမ်းသာလုံးဆို့နေကြပြီး မဝယ်လိုက်မိသူများက စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ မိုပင်းနှင့် ယဲ့ချန်၏ နောက်လိုက်များမှာ ကုန်သည်များထံမှ တိတ်တဆိတ် ဆက်သွယ်မှုများကြောင့် အလုပ်များနေပြီး အမှန်တကယ် တန်ဖိုးမရှိသော မနောငွေများကို ရောင်းချကာ ခရမ်းရောင်ရွှေများစွာ ညှစ်ထုတ်​နေကြ၏။ ခြောက်ရက်အကြာတွင် မိုပင်းသည် မနောငွေများစွာကို သယ်ဆောင်၍ ယဲ့ချန်၏အိမ်တော်ကို အပြေးအလွှား ရောက်ရှိလာခဲ့သော်လည်း ကောင်းကင်ကြယ်သခင်နှစ်ယောက်၏ တားမြစ်ခြင်း ခံလိုက်ရသည်။

"ငါက ဆရာယဲ့နဲ့ တွေ့ချင်လို့ပါ"

"ခေါင်းဆောင်က တံခါးပိတ်ကျင့်စဥ် ဝင်နေတယ်။ သူ့ကို နှောင့်ယှက်လို့ မရဘူး"

ကောင်းကင်ကြယ်သခင်တစ်ယောက်က ခပ်တင်းတင်း ငေါက်ငမ်းလိုက်၏။

"ငါ့မှာ မင်းတို့ဆရာနဲ့ အရေးကြီး ဆွေးနွေးစရာ ရှိတယ်"

သူက မနောငွေများကို ယဲ့ချန်ထံ ရောင်းချပြီးလျှင် နောက်ထပ်ဝယ်ယူကာ ရင်းနှီးမြုပ်နှံလိုသောကြောင့် အလျင်လိုနေသည်။

"ကျင့်ကြံတာထက် ဘာမှအရေးမကြီးဘူး"

အစောင့်များ၏ တင်းမာသော မျက်နှာထားကြောင့် သူက ထိတ်လန့်သွားသကဲ့သို့ တစ်ဖက်လူ၏ ကျင့်ကြံခြင်းကို နှောင့်ယှက်မိလျှင် အကျိုးဆက်ကို ကြောက်ရွံ့နေခဲ့သည်။

"ဒါဆိုရင် ကျုပ် ဒီမှာ စောင့်ပါမယ်"

နောက်ဆုံးတွင် သူက သက်ပြင်းတစ်ချက်ချ၍ ဥယျာဥ်အတွင်းရှိ ခုံတစ်လုံးပေါ်တွင် ထိုင်ချလိုက်သည်။

"နောက်ထပ်လေလံတင်မှာက နတ်သွေးနဲ့ ပေါင်းစပ်ရာမှာ ကူညီပေးနိုင်တဲ့ ခရမ်းရောင်ကျောက် ဖြစ်တယ်"

မနောငွေများကို တိတ်တဆိတ် ရောင်းချနေသည့် တောင်ဘက်ပိုင်းအပြင် နယ်မြေ၏ အရှေ့ပိုင်းတွင် လေလံအိမ်တစ်ခု၌ ခရမ်းရောင်ကျောက်ကို လေလံတင်နေသဖြင့် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။

"ခရမ်းရောင်ရွှေနှစ်သန်း ပေးမယ်"

"သုံးသန်း"

"ခုနစ်သန်း"

"ဆယ်သန်း"

မည်သည့်လေလံပွဲမှ ဤတစ်ခုလောက် စည်ကားခြင်းမရှိဘဲ မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများသည် ခရမ်းရောင်ကျောက်အတွက် အစွမ်းကုန် ယှဥ်ပြိုင်နေကြ၏။ သူတို့က မည်မျှကုန်ပါစေ၊ ၎င်းကို ဝယ်ယူရန်အတွက် မျက်နှာများ နီရဲနေအောင် ပြိုင်ဆိုင်နေကာ သတင်းကြားသည့် သူဌေးသူကြွယ်များလည်း အပြေးအလွှား ရောက်လာကြသည်။ သူတို့မသိသည်မှာ အခြားသော လေလံအိမ်များတွင်လည်း တစ်ချိန်တည်းမှာပင် ခရမ်းရောင်ကျောက်ကို လေလံတင်နေကြသည်။ ထိုအချိန်၌ ယဲ့ချန်၊ ခြင်္သေ့ကြီးနှင့် နင်အာသည် အိမ်တော်အတွင်းရှိ ဥယျာဥ်တွင် လက်ဖက်ရည်သောက်ကာ ဇိမ်ခံလျက်ရှိသည်။

"ယဲ့ချန် ငါတို့ကို လာပူးပေါင်းတဲ့ ကျင့်ကြံသူတွေ နေ့တိုင်း ရောက်လာနေကြတယ်။ မင်းက ဘယ်နှယောက်လောက် လက်ခံမယ်လို့ တွေးထားတာလဲ"

ခြင်္သေ့ကြီးက မေးလိုက်ခြင်းဖြစ်သည်။ သူက အဖိုးမတန်သော ခရမ်းရောင်ကျောက်နှင့် မနောငွေကို နည်းလမ်းပေါင်းစုံ အသုံးပြုကာ အမြတ်ထွက်စေရန် ကြံစည်ခဲ့သော ယဲ့ချန်၏ဉာဏ်ရည်ကို အလွန်လေးစားနေခဲ့သည်။ ထို့အပြင် အပျက်အစီးနယ်မြေတစ်ခွင်လုံး သူ၏ဂုဏ်သတင်းကို ကြားသောကြောင့် နေ့စဥ်နေ့တိုင်း ကျင့်ကြံသူများ ရောက်ရှိလာနေကာ ခိုလှုံခွင့်တောင်းနေသဖြင့် စိတ်ကြိုက်အင်အား စုဆောင်းနိုင်လေသည်။

All Chapters