လှည့်ကွက်
Vol. 66 Ch. 920
ခုနစ်ရက်အကြာတွင် ယဲ့ချန်၏နောက်လိုက် အရေအတွက်က ဆယ်ဆကျော်များပြားလာပြီး အပျက်အစီးနယ်မြေ၏ ဂိုဏ်းသုံးဂိုဏ်းအောက် အားမနည်းသောကြောင့် ရက်အနည်းငယ်အတွင်း အသန်မာဆုံး အင်အားစု ဖြစ်လာပေလိမ့်မည်။ ထိုအချိန်တွင် သူ့ကို မကျေနပ်သူများရှိလျှင်ပင် ပြဿနာရှာရန်အတွက် နှစ်ခါပြန် စဥ်းစားရပေလိမ့်မည်။ မိုပင်းနှင့် အပေါင်းအပါများသည် မနောငွေပြားများကို ခရမ်းရောင်ရွှေ ၁၉၀၀မှ၂၀၀၀အထိ စျေးဖြင့် ရောင်းချခဲ့ပြီး ခရမ်းရောင်ရွှေ ဘီလီယံရာချီ ရှာဖွေနိုင်ခဲ့ကာ လေလံတင်လိုက်သော ခရမ်းရောင်ကျောက်ထံမှလည်း ဘီလံယံဆယ်ချီ ရရှိခဲ့သဖြင့် သူ၏စုစုပေါင်း ကြွယ်ဝမှုသည် ဘီလီယံ၂၇၀အထိ မြင့်တက်လာခဲ့သည်။
ယဲ့ချန်၏အကြံက ငွေထုတ်စက်ပမာ အလုပ်ဖြစ်သွားသောကြောင့် ဤပမာဏကို သိလိုက်ရသောအခါ ခြင်္သေ့ကြီးရော နင်အာပါ တုန်လှုပ်သွားကြသည်။ ဤကြွယ်ဝမှုမျိုးဖြင့်ဆိုလျှင် သူတို့က အပျက်အစီးနယ်မြေအတွင်းရှိ ရတနာများကို စိတ်ကြိုက်ဝယ်ယူနိုင်သကဲ့သို့ နောက်လိုက်များကိုလည်း လစာငွေ ပေးချေနိုင်သည်။ ကျန်တစ်ဖက်တွင် ယဲ့ချန်က အရေးမပါသော ကျောက်တုံးအနည်းငယ် ကုန်သွားရုံသာဖြစ်ပြီး စျေးကွက်အတွင်း၌ မနောငွေတစ်ပြား၏ တန်ဖိုးသည် ခရမ်းရောင်ရွှေငါးထောင်အထိ မြင့်တက်လာကာ အရောင်းအဝယ် ဖြစ်နေကြသည်။
ရှောင်ရင်သည် အိမ်တော်အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီး ထိုသတင်းကို ကြားသောအခါ စိုးရိမ်စိတ်နှင့် ဝမ်းသာစိတ်ကို တပြိုင်နက် ခံစားလိုက်ရသည်။ မနောငွေ၏တန်ဖိုး မြင့်တက်နေသောကြောင့် သူက ဝမ်းမြောက်နေပြီး အချိန်တိုင်း ပို၍ချမ်းသာလာသည်ဟု ထင်မှတ်နေသည်။ သူ စိုးရိမ်နေသည်မှာ ယဲ့ချန် ထွက်မတွေ့သောကြောင့်ဖြစ်ပြီး မီးခဲပူပူနှင့် တူညီသော မနောငွေများကို ချက်ချင်းရောင်းထုတ်ချင်နေသည်။ အကယ်၍ တစ်ဖက်လူကသာ မဝယ်တော့လျှင် သူသည် လူဆင်းရဲအဖြစ် ချက်ချင်းကျဆင်းသွားပေလိမ့်မည်။ အိမ်တော်အတွင်း စောင့်ဆိုင်းနေစဥ် နေ့ရက်တိုင်းသည် သူ့အတွက် ငရဲခန်းပမာ ထင်မှတ်ရပြီး သူ၏ချမ်းသာမှုကို ထိန်းသိမ်းလိုသောကြောင့် ၎င်းတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ရောင်းချချင်နေခဲ့သည်။
မိုပင်းနှင့် နောက်လိုက်များသည် နောက်ဆုံးကျန်သော မနောငွေများကို ဖြည်းဖြည်းချင်း ထုတ်ရောင်းနေစဥ် ယဲ့ချန်၏အိမ်တော်ရှေ့တွင် ကုန်သည်များ ရောက်ရှိလာကြသည်။ သူတို့က ရှောင်ရင်ကို မြင်သောအခါ ချက်ချင်းဝန်းရံလာကြသည်။
"သခင်လေးရှောင် မနောငွေရဲ့တန်ဖိုးက ခရမ်းရောင်ရွှေငါးထောင်အထိ ရောက်သွားတယ်လို့ ကြားတယ်။ ကျုပ်မှာ ငွေပြားနှစ်ထောင်ကျော် ရှိတဲ့အတွက် ကျေးဇူးပြုပြီး ခရမ်းရောင်ရွှေနဲ့ လဲပေးပါဦး"
မနောငွေများကို အလဲအလှယ်လုပ်ခြင်းဖြင့် ခရမ်းရွှေသန်းချီ ပိုင်ဆိုင်ထားနိုင်သော ရှောင်ရင်ကို ကုန်သည်တစ်ယောက်က ကမ်းလှမ်းလိုက်သည်။
"မင်းက ငါ့ကို ဒါတွေလာရောင်းနေတာလား။ ငါ့လက်ထဲက ဟာတွေတောင် မရောင်းရသေးဘူး"
အိမ်တော်ရှေ့တွင် လဝက်အထိ စောင့်နေခဲ့သော်လည်း ယဲ့ချန်က ထွက်မတွေ့သောကြောင့် အစိုးရိမ်ကြီးနေသည့် ရှောင်ရင်က စိတ်ထဲမှ ကျိန်ဆဲနေသည်။
"ငါ့မှာ နှစ်သောင်းကျော် ရှိတယ်"
"ဒီမှာ တစ်သောင်း"
"ကျုပ်ကတော့ ခုနစ်ထောင်ကျော်လောက်ပဲ ပိုင်ဆိုင်ထားတယ်"
ကုန်သည်များသည် တောက်ပဝင်းလက်သော မျက်နှာထားကိုယ်စီဖြင့် တစ်ယောက်တစ်ပေါက် ဆူညံနေစဥ် ရှောင်ရင်၏ကျောဘက်တွင် ချွေးစို့နေခဲ့သည်။ သူက မည်မျှတုံးအပါစေ၊ လက်ရှိအခြေအနေက မရိုးရှင်းကြောင်း နားလည်သွားကာ ခေါင်းကျိန်းနေ၏။ ထိုအချိန်တွင် သူက အော်ငိုချင်သော်လည်း မျက်ရည်ထွက်မလာဘဲ သိုလှောင်အိတ်အတွင်းမှ မနောငွေများကို လွှင့်ပစ်ချင်သော်လည်း ခရမ်းရောင်ရွှေသန်းချီ ကုန်ကျခဲ့သဖြင့် နှမြောတဿဖြစ်နေသည်။ အကယ်၍ ထိုကုန်သည်များသာ အဖြစ်မှန်ကို သိသွားလျှင် သူ့ကို အရှင်လတ်လတ် အရေနွှာကြပေလိမ့်မည်။
"လူတိုင်း ဆရာယဲ့က လောလောဆယ်မှာ တံခါးပိတ်ကျင့်စဥ်ဝင်နေတယ်။ ကျေးဇူးပြုပြီး ခဏစောင့်ပေးကြပါ။ သူ အပြင်ထွက်လာရင် မနောငွေနဲ့ ခရမ်းရောင်ရွှေကို လဲလှယ်ပေးပါလိမ့်မယ်"
ရှောင်ရင်က အဖော်ရွေဆုံးဖြစ်အောင် ပြုံးလိုက်ပြီး ထွက်ပြေးရန် ကြံစည်နေကာ အဆုံးမဲ့တွင်းကြီးတစ်ခုအတွင်း ထောင်ချောက်မိသွားသောကြောင့် ယဲ့ချန်ကို စိတ်ထဲမှ အစွမ်းကုန် ဆဲဆိုနေ၏။
"သခင်လေးရှောင် မင်း ဘယ်ကိုသွားမလို့လဲ"
"မှန်တယ်။ မင်းက တန်းကန်ကျောက်တွေကို ဝယ်ယူရမယ်"
သူထွက်ပြေးရန် ကြံစည်နေကြောင်း ရိပ်မိသွားသောအခါ ကုန်သည်များက လမ်းပိတ်ထားလိုက်ကြသည်။
"မင်းကြီးတော်ကို တန်းကန်ကျောက်ပါလား။ ဒါတွေက ဘာမှသောက်သုံးမကျတဲ့ မနောငွေတွေ"
ရိုးရှင်းလှသော လှည့်ကွက်တစ်ခုအတွင်း ထောင်ချောက်မိသွားခဲ့သည်ကို သဘောပေါက်လိုက်သောအခါ ရှောင်ရင်မှာ ယူကြုံးမရ ဖြစ်နေသည်။
"ဒီကောင်တွေက လောဘကြောင့် မျက်လုံးကန်သွားတာ ဖြစ်ရမယ်။ ဒီလှည့်ကွက်လေးနှစ်ခုက ကျင့်ကြံသူတွေအများကြီးကို လှည့်စားနိုင်ခဲ့တယ်"
ခြင်္သေ့ကြီးက လှောင်ရယ်လိုက်ခြင်း ဖြစ်သည်။ ဤလှည့်ကွက်နှစ်ခုသည် ရိုးရှင်းကာ သေးငယ်သော်လည်း အမြဲတမ်းအလုပ်ဖြစ်ပြီး ထောင်ချောက်မိသူများစွာ ပေါ်ပေါက်လာနေကျဖြစ်သည်။ မနောငွေများကို စျေးတင်ရောင်းခြင်းသည် ယဲ့ချန်၏ အရင်ကမ္ဘာတွင် ရွှေစျေးကစားခြင်းနှင့် ဆင်တူသည်။ ၎င်းတွင် တန်ဖိုးတစ်ခု တိကျစွာရှိသော်လည်း စျေးနှုန်းမြှင့်တင်ရန် ခက်ခဲလှ၏။ သို့သော် စျေးတက်ရန် အလားအလာရှိသည်ဟု အယုံသွင်းနိုင်လျှင် လူတိုင်းက ရူးရူးမူးမူးဝယ်ယူလာကြပြီး ရက်စက်စွာ အမြတ်ထုတ်ခံရလေသည်။ ခရမ်းရောင်ကျောက်များသည် စိန်စျေးကွက်နှင့် ဆင်တူပြီး အရာဝတ္ထုတစ်ခုက အမှန်တကယ် အသုံးမဝင်သော်လည်း စျေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူချင်သူများစွာ ရှိနေတတ်သည်။ ထိုအချိန်တွင် လှည့်စားခံလိုက်ရသူများမှာ ရုတ်တရက် နိုးထလာကြပြီး တစ်လအကြာတွင် ခရမ်းရောင်ကျောက်သည် အမှန်တကယ် အသုံးမဝင်ကြောင်း သိသွားကြပေလိမ့်မည်။ ထိုအချိန်တွင်မှ သူတို့က ခါးသီးသော အမှန်တရားကို နားလည်သွားကာ ရောင်းချခဲ့သူကို ဒေါသတကြီး ဆဲဆိုကြပေလိမ့်မည်။ ဤဖြစ်ရပ်သည် ကျင့်ကြံခြင်းကိုသာ ဂရုစိုက်နေသူများအား ယဲ့ချန်ပေးလိုက်သော သင်ခန်းစာပင် ဖြစ်သည်။
မိုပင်းသည် နည်းလမ်းမျိုးစုံ အသုံးပြု၍ လက်ထဲရှိ မနောငွေများကို ရောင်းချခဲ့သောအခါ သံသယဝင်သူများ ရှိနေသော်လည်း လောဘကြီးသူများက လက်မလျှော့ခဲ့သောကြောင့် ဝယ်ယူသွားကြသည်။ ထို့နောက် မိုပင်းနှင့် ယဲ့ချန်၏နောက်လိုက်များမှာ လောကအတွင်းမှ ရေငွေ့များပမာ ချက်ချင်းပျောက်ကွယ်သွားခဲ့ကြသည်။
"ဆရာ စန်းရှုံးက တွေ့ခွင့်တောင်းနေပါတယ်"
ရန်ဝူက အိမ်တော်အတွင်း ဝင်ရောက်လာကာ သတင်းပို့လိုက်ခြင်း ဖြစ်သည်။
"ဒီကောင်နဲ့ ငါကြားမှာ ဘာကိစ္စရှိလို့လဲ။ သူက မနောငွေ ဒါမှမဟုတ် ခရမ်းရောင်ကျောက်ကိစ္စကြောင့် ရောက်လာတာလား"
ယဲ့ချန်က မျက်ခုံးတစ်ချက်ပင့်၍ ရေရွတ်လိုက်သည်။ သို့သော် ကောင်းကင်ကံဂိုဏ်း၏ အင်အားဖြင့်ဆိုလျှင်ပင် ထိုအရာများကို သူ့ထံ အတင်းအကြပ် ပြန်ရောင်းရန် မဖြစ်နိုင်ပေ။
"ကြည့်ရတာ သူက ဆရာ့ကို တွေ့ချင်ရုံသက်သက် ထင်ပါတယ်"
"ဝင်ခွင့်ပေးလိုက်ပါ"
ယဲ့ချန်က ခဏတာတွေးပြီးနောက် ခွင့်ပြုပေးလိုက်သောအခါ ရန်ဝူက ဧည့်သည်ကို ဖိတ်ခေါ်ရန် ထွက်ခွာသွားခဲ့၏။ ထိုအချိန်တွင် အိမ်တော်အပြင်ဘက်၌ စုဝေးနေသော ကုန်သည်အရေအတွက်က များသထက်များလာပြီး အနည်းဆုံး ထောင်ချီပေသည်။ အများစုက မနောငွေသောင်းချီ ဝယ်ယူထားကာ အနည်းစု၌ ရာချီထောင်ချီ လက်ဝယ်ရှိနေကြပြီး ဤမျှများပြားစွာ ရောက်နေကြသဖြင့် အရူးတစ်ယောက်ပင်လျှင် ထူးဆန်းကြောင်း ပြောနိုင်၏။
"ငါတို့ပိုက်ဆံတွေ ပြန်ပေးစမ်း။ ယဲ့ချန်ကို တွေ့ချင်တယ်"
ဒေါသထွက်နေသော လူအုပ်ကြီးက ရှောင်ရင်ကို ဖမ်းချုပ်၍ အော်ဟစ်တောင်းဆိုနေကြသော်လည်း တဖိတ်ဖိတ်တောက်ပနေသည့် ကောင်းကင်ငွေချပ်ဝတ်ကိုယ်စီနှင့် အစောင့်များ တင်းကြပ်စွာ စောင့်ကြည့်နေသည်။ နောက်လိုက်များနှင့်အတူ ရောက်ရှိလာသော စန်းရှုံးသည် ယဲ့ချန်၏အိမ်တော်အတွင်းမှ ထိပ်တန်းကြယ်သခင် ရှစ်ဆယ်ကျော်၏ အရှိန်အဝါကို အာရုံခံနိုင်ခဲ့သည်။ သူ၏ဂိုဏ်းတွင် ထိပ်တန်းကြယ်သခင် အယောက်တစ်ရာကျော်သာရှိပြီး ရက်အနည်းငယ်အတွင်း တစ်ဖက်လူက ရင်ဘောင်တန်း ယှဥ်ပြိုင်လာနိုင်ပေလိမ့်မည်။ ထို့အပြင် သူ၏တွက်ချက်မှုများအရ တစ်ဖက်လူသည် လှည့်ကွက်များ အသုံးပြုကာ ခရမ်းရောင်ရွှေ ဘီလီယံရာချီ ရှာဖွေနိုင်ခဲ့ကြောင်း နားလည်ထားကာ ကောင်းကင်ကံဂိုဏ်း၏ ကြွယ်ဝမှုသည်ပင် သန်းနှစ်ရာကျော်သာဖြစ်သည်။ အချိန်တိုအတွင်း ယဲ့ချန်က နယ်မြေတစ်ခုလုံးကို အရူးလုပ်ကာ အမြတ်ထုတ်သွားသောကြောင့် ဂိုဏ်းသုံးခုအနေဖြင့် သူ့ကို အာရုံစိုက်ကာ အသေးစိတ် စုံစမ်းလိုနေကြသည်။
"ဒီလူက မရိုးရှင်းဘူး"
"ကျေးဇူးပြုပြီး လိုက်လာပေးပါ။ ဆရာက ခင်ဗျားကို စောင့်နေပါတယ်"
စန်းရှုံးသည် စိတ်ထဲတွင် အထိတ်တလန့်ဖြစ်နေစဥ် ရန်ဝူက အရိုအသေပေး၍ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
"မင်းရဲ့သခင် ရှိနေတယ်ဆိုရင် ဘာကြောင့် ငါတို့ကို ထွက်မတွေ့တာလဲ"
"ငါတို့ပိုက်ဆံတွေ ပြန်ပေးစမ်း"
"သူ့ကို ထွက်လာခိုင်းလိုက်"
သူ၏စကားကို ကြားသောအခါ ကုန်သည်များက အုတ်အော်သောင်းတင်းဖြစ်သွားပြီး ရှောင်ရင်လည်း ပါဝင်နေကာ ဒေါသထွက်နေသဖြင့် အိမ်တော်ကိုပင် တိုက်ခိုက်ရန် ကြံစည်နေကြသည်။
"အပျက်အစီးနယ်မြေရဲ့ ဥပဒေအရ သီးသန့်အိမ်တော်တစ်ခုကို တိုက်ခိုက်ရင် သတ်ဖြတ်ခွင့် ရှိတယ်"
အစောင့်များက အေးစက်စက် အလင်းများတောက်ပနေသည့် လက်နက်ကိုယ်စီ ထုတ်ယူကာ အသင့်ပြင်ထားစဥ် ရန်ဝူက တင်းမာစွာ သတိပေးလိုက်သည်။ သူ၏ကျင့်ကြံခြင်း အရှိန်အဝါက ပြန့်ထွက်လာကာ ထိုကုန်သည်များ၏ နားစည်ကို တုန်ခါစေပြီး သွေးများပင် လှိုင်းထန်သွားစေ၏။
"ယဲ့ချန်က ငါတို့ကို ဖြေရှင်းချက်ပေးရမယ်"
"ဆရာက မင်းတို့ကို ပြောခိုင်းလိုက်တယ်။ မင်းတို့က လောဘစိတ်ကြောင့် အရာရာကို လက်လွှတ်လိုက်ရတာ ဖြစ်တယ်။ တကယ်လို့ မင်းတို့က အလောင်းအစားလုပ်ရဲရင် အရှုံးကိုလည်း လက်ခံရမယ်"
ကုန်သည်များက ဒေါသတကြီး အော်ဟစ်နေသောအခါ ရန်ဝူသည် တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။ ထိုစကားများကို ကြားသောအခါ ကုန်သည်များက အခြေအနေကို သဘောပေါက်သွားပြီး ကိုယ့်ကိုကိုယ်သာ အပြစ်တင်၍ စိတ်ဓာတ်ကျနေဟန်ဖြင့် ခေါင်းငိုက်စိုက်ချကာ ထွက်ခွာသွားကြသည်။
"မင်းတို့က အရှုံးကို လက်မခံရင်လည်း သတ်ပစ်ရုံကလွဲလို့ မရှိဘူး"
ရန်ဝူက ထွက်ခွာသွားသော ကုန်သည်များ၏ကျောပြင်ကို စိုက်ကြည့်နေရင်း နှာခေါင်းရှုံ့လိုက်သည်။ အိမ်တော်အတွင်း ဖိတ်ခေါ်ခံခဲ့ရသော စန်းရှုံးသည် အဖိုးတန်ကာ ရှားပါးသော ကောင်းကင်ငွေချပ်ဝတ် တပ်ဆင်ထားသည့် အစောင့်များကြောင့် အံ့သြနေမိသည်။ ယဲ့ချန်၏နောက်ခံက ခန့်မှန်းမရလောက်အောင် ကြီးမားနိုင်သောကြောင့် သူနှင့် ပန်းရင်က အကြည့်ချင်းဖလှယ်ကာ ရန်ဝူနောက်မှ ကျိုးနွံစွာ လိုက်ပါလာခဲ့သည်။
သူတို့က စင်္ကြံလမ်းတလျှောက် ဝင်ရောက်လာသောအခါ ကောင်းကင်ကံဂိုဏ်း၏ ဌာနချုပ်သည်ပင် ဤအိမ်တော်လောက် မခမ်းနားသောကြောင့် မျက်လုံးပြူးသွားကြသည်။ လက်ရှိတွင် အပျက်အစီးနယ်မြေတွင် အချမ်းသာဆုံးမှာ ယဲ့ချန် ဖြစ်နိုင်လေသည်။