ကောင်းကင်ကံဂိုဏ်းကို သိမ်းယူခြင်း
Vol. 66 Ch. 921
စန်းရှုံးနှင့် နောက်လိုက်များသည် ရှည်လျားသော စင်္ကြံလမ်းတလျှောက် လိုက်ပါလာခဲ့ပြီး အိမ်တော်အတွင်း ဝင်ရောက်လာကြသည်။ ဧည့်ခန်းအတွင်း၌ ယဲ့ချန်၊ နင်အာနှင့် ခြင်္သေ့ကြီးက ရယ်ရယ်မောမော စကားပြောနေခဲ့သည်။
"ဒါက ကောင်းကင်ကံ ဂိုဏ်းချုပ်စန်း ဖြစ်ရမယ်"
ယဲ့ချန်၏အကြည့်က စန်းရှုံးထံ ကျရောက်သွားပြီး ထိုင်ရာမှမထဘဲ တည်ငြိမ်စွာ ပြောလိုက်ကာ ခြင်္သေ့ကြီးနှင့် နင်အာက တစ်ချက်သာကြည့်၍ ဂရုမစိုက်ခဲ့ကြပေ။ စန်းရှုံး၏နောက်လိုက်များက မကျေမနပ်ဖြစ်သွားသော်လည်း သူက တိတ်တိတ်နေရရန် လက်ကာပြလိုက်ပြီး ယဲ့ချန်ကို အကဲခတ်နေခဲ့သည်။ တစ်ဖက်လူက အလွန်ငယ်ရွယ်သော်လည်း ကျင့်ကြံဆင့်မြင့်မားကာ ချမ်းသာကြွယ်ဝသဖြင့် အစွမ်းထက်မျိုးနွယ်တစ်ခုကို နောက်ခံအဖြစ် ရထားပေလိမ့်မည်။ အမှောင်မြို့ကို ဝင်ရောက်ရန်အတွက် ကျင့်ကြံသူတစ်ယောက်က စမ်းသပ်ချက်သုံးခုကို ကျော်ဖြတ်ရန် လိုအပ်ပြီး နောက်ခံကောင်းသူများပင် အပျက်အစီးနယ်မြေ၌ နှစ်အနည်းငယ် နေထိုင်လေ့ကျင့်ရန် လိုအပ်သည်။
စန်းရှုံးသည် အပျက်အစီးနယ်မြေတွင် နှစ်ဆယ်ချီ နေထိုင်ခဲ့သော်လည်း သေမင်း၏ခွင့်ပြုချက်ကို မရနိုင်သောကြောင့် နောက်ခံကောင်းသည့် ယဲ့ချန်အား မနာလိုအားကျနေမိသည်။ သူက ဤနေရာတွင် ပိတ်မိနေပြီး ကြယ်အဆင့်ကို ကျော်ဖြတ်ရန် မဖြစ်နိုင်သော်လည်း တစ်ဖက်လူက မည်သည့်အလုပ်မှ ထူးထူးခြားခြား လုပ်စရာမလိုဘဲ အချိန်ခဏသာ လေ့ကျင့်ရုံဖြင့် တစ်စုံတစ်ယောက်က လာရောက်ခေါ်ဆောင်သွားပေလိမ့်မည်။ ယဲ့ချန်သည် သူ၏မျက်လုံးအတွင်းမှ မကျေနပ်သော အရိပ်အယောင်ကို ရိပ်စားမိလိုက်သဖြင့် သေချာစဥ်းစားလိုက်သောအခါ အကြောင်းအရင်းကို နားလည်လိုက်သည်။ ထိပ်တန်းကြယ်သခင်တစ်ယောက်အနေဖြင့် အပျက်အစီးနယ်မြေတွင် ထာဝရ နေထိုင်လိုစိတ်ရှိမည် မဟုတ်ပေ။
"ထိုင်ပါဦး"
သူက လက်ဟန်အမူအရာဖြင့် ဖိတ်ခေါ်လိုက်သောအခါ စန်းရှုံးနှင့် ပန်းရင်က မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်ကြ၏။
"မင်းရဲ့လှည့်ကွက်က တကယ့်ကို ပြောင်မြောက်ပါပေတယ်။ ငါတောင်မှ မနောငွေတွေကို ဝယ်မိတော့မလို ဖြစ်သွားတယ်"
စန်းရှုံးက ပွင့်ပွင့်လင်းလင်း ချီးကျူးလိုက်ခြင်းဖြစ်သည်။
"ဒါက လှည့်ကွက်သေးသေးလေးပါ။ လောဘကြောင့် မျက်စိကန်းနေတဲ့သူတွေကိုသာ လိမ်နိုင်ခဲ့တာပါ။ တကယ်ဉာဏ်ကောင်းတဲ့လူတွေကိုတော့ ငါ မလှည့်စားနိုင်ပါဘူး"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ဉာဏ်ကောင်းသူတစ်ယောက်က သူ၏အကြံကို ဖောက်ထွင်းမြင်နိုင်သော်လည်း လောဘသားများကို ရှင်းပြရန် မဖြစ်နိုင်သောကြောင့် ထုတ်ပြောစရာ အကြောင်းမရှိပေ။ ထို့အပြင် အချို့ဉာဏ်ကောင်းသူများက သူ၏လှည့်ကွက်ကို အမှီပြု၍ တုံးအသူများထံမှ အမြတ်ထုတ်နိုင်ခဲ့ကြသည်။
"မင်းက ဒီနေရာမှာ ဘယ်လောက်ကြာအောင်နေမှာလဲ"
"သိပ်မကြာခင် ထွက်သွားရလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် မင်းရဲ့နေရာကို လုယူမှာကို စိုးရိမ်စရာမလိုဘူး"
ယဲ့ချန်က စန်းရှုံး၏ နောက်ထပ်မေးခွန်းကို ကြိုတင်ခန့်မှန်းကာ ဖြေဆိုလိုက်သည်။
"ငါထင်ထားတဲ့အတိုင်း မင်းလိုလူတစ်ယောက်က ဒီနေရာမှာ အကြာကြီးနေရမှာ မဟုတ်ဘူး"
စန်းရှုံးက ခါးသက်သက် ပြုံးလိုက်မိသည်။
"ဂိုဏ်းချုပ်စန်း ငါနဲ့အတူ ဒီနယ်မြေကနေ လွတ်မြောက်ဖို့ စိတ်ဝင်စားလား"
ယဲ့ချန်က လက်ဖက်ရည်ကို အရသာခံသောက်နေရင်း မေးလိုက်သောအခါ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့သော်လည်း ပိတ်မိနေဆဲဖြစ်သည့် တစ်ဖက်လူ၏ မျက်လုံးများ ချက်ချင်းတောက်ပလာသည်။
"မင်းက ငါ့ကို အမှောင်မြို့ရဲ့ အဖွဲ့ဝင်ဖြစ်လာအောင် လုပ်ပေးနိုင်စွမ်းရှိလား"
"ရှိတယ်"
တန်းယွမ်သည် သူ့ကို အနှေးနှင့်အမြန် လာရောက်ခေါ်ဆောင်မည် ဖြစ်သောကြောင့် ယဲ့ချန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ သူက အပျက်အစီးနယ်မြေမှ အပြင်ထွက်နိုင်လျှင် နောက်လိုက်များကို ဒန်တန်အတွင်း ထည့်ကာ ခေါ်ဆောင်သွားနိုင်သည်။ သူ၏ ယုံကြည်ချက်အပြည့်ရှိသော စကားကြောင့် စန်းရှုံးက သံသယဝင်နေသော်လည်း ဖြစ်နိုင်ချေရှိသည်ဟု ယုံကြည်နေခဲ့သည်။
"လွတ်မြောက်နိုင်ချေ ဘယ်လောက်ရှိလဲ"
"ရှစ်ဆယ်ရာခိုင်နှုန်းအထက်"
"အပြန်အလှန်အနေနဲ့ ငါက ဘာလုပ်ပေးရမလဲ"
ဤလောကတွင် အလကားရသည့် အရာမရှိဟူသော သဘောတရားကို စန်းရှုံးက ကောင်းစွာနားလည်ထားသည်။
"မင်းရဲ့သစ္စာတရား၊ ဒီအရာနဲ့ ပေါင်းစပ်လိုက်"
ယဲ့ချန်၏ ညာလက်ဝါးအတွင်း ဝိညာဥ်ကောင်တစ်ကောင် ထွက်ပေါ်လာသောအခါ စန်းရှုံး၏ နောက်လိုက်များက စတင်တားမြစ်လာကြ၏။
"ဂိုဏ်းချုပ် သူ့စကားကို မယုံနဲ့"
"ဟုတ်တယ်။ ဒီကောင်ရဲ့ လှည့်ကွက်တွေအောက်မှာ အရူးလုပ်မခံပါနဲ့"
ပန်းရင်က တိတ်ဆိတ်နေသော်လည်း စန်းရှုံးကို စိုးရိမ်နေဟန်ဖြင့် မျက်မှောင်ကြုတ်ထားခဲ့သည်။
"ဒါက မင်းအပေါ်မှာ မူတည်တယ်။ ငါက ဖိအားပေးမှာ မဟုတ်ဘူး"
ယဲ့ချန်က တည်ငြိမ်စွာပြုံးလိုက်ပြီး လက်ဖဝါးအတွင်း၌ ဝိညာဥ်ကောင်က လှည့်ပတ်ပျံသန်းနေသည်။ နှစ်ပေါင်းများစွာအတွင်း အဆင့်တက်ရန် ကြိုးပမ်းခဲ့၍ ဆက်တိုက်ကျရှုံးနေသော်လည်း စန်းရှုံးက ခြေတစ်လှမ်းသာ လိုအပ်ခြင်း ဖြစ်သည်။ သူက ဤနယ်မြေတွင် နှစ်ပေါင်းများစွာ အချိန်ဖြုန်းပြီးနောက် အမှောင်မြို့သို့ ဝင်ရောက်ရန်က မဖြစ်နိုင်သော အိပ်မက်တစ်ခုဟု စတင်ထင်မှတ်လာသည်။ သူက ဤအချက်ကို လက်မခံနိုင်သဖြင့် မျှော်လင့်ချက်ရှိနေလျှင် မည်မျှသေးငယ်ပါစေ၊ စွန့်လွှတ်လိုခြင်း မရှိပေ။ အပျက်အစီးနယ်မြေ၏ သမိုင်းကြောင်းအတွင်း ထိပ်တန်းကြယ်သခင်များစွာက အသက်ကြီးမြင့်လာရင်း အမှောင်မြို့သို့ ဝင်ရောက်နိုင်စွမ်း မရှိခဲ့ကြပေ။ အချို့က မကျေနပ်သောကြောင့် နယ်မြေအဆုံးရှိ လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်သွားကြသော်လည်း နောက်ဆုံးတွင် သေဆုံးသွားကာ တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြချေ။
ဧည့်ခန်းအတွင်း အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် စန်းရှုံး၏နောက်လိုက် ရွှေနတ်သားမျိုးနွယ်တစ်ယောက်က ရှေ့ထွက်လာခဲ့သည်။
"မင်းက ငါတို့ကို သစ္စာခံစေချင်ရင် အရင်ဆုံး အနိုင်ယူပြရမယ်။ ငါ့ကို အနိုင်မယူနိုင်ရင် ဒီအကြောင်း စဥ်းတောင်မစဥ်းစားနဲ့"
"မင်းတို့ကို အနိုင်ယူရမှာလား။ ဘယ်လိုတိုက်ခိုက်မှာလဲ။ လက်နက်တွေ အသုံးပြုခွင့်ရှိလား"
ယဲ့ချန်က တစ်ဖက်လူကို စိုက်ကြည့်၍ တစ်ချက်ပြုံးလိုက်သည်။
"ရတယ်"
ရွှေနတ်သားမျိုးနွယ်ဝင်က ထိပ်တန်းကြယ်သခင်တစ်ယောက်ဖြစ်ကာ ကောင်းကင်ကံဂိုဏ်းတွင် စန်းရှုံးပြီးလျှင် အသန်မာဆုံးဖြစ်သည်။ ယဲ့ချန်၏ခွန်အားဖြင့်ဆိုလျှင် သရေကျအောင် တိုက်ခိုက်နိုင်သော်လည်း အရေးမပါသော တိုက်ပွဲဖြင့် အချိန်မဖြုန်းလိုသောကြောင့် ဟင်းလင်းပြင်နတ်လှံကို ဆင့်ခေါ်ပြီး ကြမ်းပြင်ကို ဘန်းခနဲ စိုက်ချလိုက်သောအခါ အက်ကြောင်းများ ပြန့်ထွက်လာသည်။ ၎င်း၏ဖိအားက ခန်းမတစ်ခုလုံး ပျံ့နှံ့သွားကာ လူတိုင်းက ကြောက်စိတ်ကြောင့် တုန်ရီသွားပြီး စန်းရှုံးပင်လျှင် ဖိနှိပ်ခံလိုက်ရသည်။
"မြေအဆင့် နတ်လက်နက်"
ရွှေနတ်သားမျိုးနွယ်ဝင်က ကြောက်စိတ်ကြောင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
"မင်းက တိုက်ခိုက်ချင်သေးလား"
ယဲ့ချန်က တည်ငြိမ်စွာ မေးလိုက်ခြင်းဖြစ်သည်။
"မင်း မင်း အရှက်မရှိဘူး"
ရွှေနတ်သားမျိုးနွယ်ဝင်သည် အစွမ်းကုန်ထုတ်သုံးလျှင်ပင် မြေအဆင့် နတ်လက်နက်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
"ပါးစပ်ပိတ်ထားစမ်း။ သခင်လေးယဲ့က အချိန်မဖြုန်းချင်ဘူးဆိုတာကို မသိဘူးလား"
စန်းရှုံးက သူ့ကိုစိုက်ကြည့်၍ အေးစက်စက် ငေါက်ငမ်းလိုက်သောအခါ နာခံစွာဖြင့် နောက်ဆုတ်သွားခဲ့သည်။ အမှောင်မြို့ထဲတွင် မြေအဆင့် နတ်လက်နက်အရေအတွက်က အလွန်နည်းပါးပြီး အသန်မာဆုံး ကျင့်ကြံသူများသာ ပိုင်ဆိုင်ထားသောကြောင့် သူတို့အားလုံး တုန်လှုပ်နေကြသည်။
"ငါက အပျက်အစီးနယ်မြေက ထွက်သွားရင် မင်းကို ခေါ်သွားနိုင်တယ်"
ယဲ့ချန်က နတ်လှံကို ထုတ်ပြခြင်းဖြင့် သူ၏လုပ်နိုင်စွမ်းကို ပြသလိုက်ပြီး ကတိပေးလိုက်သည်။ တစ်ဖက်လူက ကောင်းကင်ကံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကာ တစ်ဂိုဏ်းလုံးကို စည်းရုံးနိုင်ခဲ့လျှင် အနာဂတ်၌ အစွမ်းထက်နောက်လိုက်များ ရရှိပေလိမ့်မည်။ မြေအဆင့် နတ်လက်နက်သည် သူတို့၏စိတ်များကို သေချာပေါက် လှုပ်ခတ်စေနိုင်ခဲ့သည်။
"ကောင်းပြီ။ ငါ လက်ခံတယ်"
နောက်ဆုံးတွင် စန်းရှုံးက စိတ်ပိုင်းဖြတ်လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူက မြေအဆင့် နတ်လက်နက်ကို ထုတ်ပြလာသောအခါ နောက်ခံသည် အလွန်အစွမ်းထက်ကြောင်း သိသာပြီး နောက်လိုက်ဖြစ်ရလျှင်ပင် သူက ဤနယ်မြေမှ လွတ်မြောက်ရန် သေချာနေသည်။
"ဂိုဏ်းချုပ်"
ဂိုဏ်းဝင်အချို့က သူ့ကို တားမြစ်လိုနေကြပြီး ကောင်းကင်ကံဂိုဏ်း ဤမျှအစွမ်းထက်လာစေရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသောကြောင့် လွယ်လွယ်နှင့် အညံ့မခံလိုကြပေ။
"ညီအစ်ကို ငါက မင်းတို့ရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးစေမိလို့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် မင်းတို့က အပျက်အစီးနယ်မြေမှာ ထာဝရ နေထိုင်ကြမှာလား။ အခွင့်အရေးတစ်ခုရှိရင်တောင် ငါတို့က ဖမ်းဆုပ်သင့်တယ်။ မင်းတို့အားလုံး ငါ့ကိုယုံတယ်ဆိုရင် သခင်လေးယဲ့ကို သစ္စာခံလိုက်ကြပါ။ မင်းတို့ ထွက်သွားချင်တယ်ဆိုရင်လည်း ခက်ခဲအောင် မလုပ်ပါဘူး"
စန်းရှုံးက နောက်လိုက်များဘက်လှည့်ကာ လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်ရင်း ဝိညာဥ်ကောင်ကို ပါးစပ်အတွင်း မျိုချလိုက်၏။ ထို့နောက် သူက တင်ပျဥ်ခွေထိုင်၍ ၎င်းကို သန့်စင်လိုက်သောအခါ အဆိပ်မရှိရုံသာမက သွေးကြောများအတွင်း ပေါင်းစပ်သွားပြီး ခွန်အား မြင့်မားလာစေသောကြောင့် အံ့သြနေခဲ့သည်။ သူ၏ဝိညာဥ်အသိစိတ်က ယဲ့ချန်၏ ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်သွားကြောင်း ခံစားလိုက်ရပြီး ကောင်းကင်ကံဂိုဏ်းဝင်များမှာလည်း သူက ပိုမိုသန်မာလာကြောင်း အာရုံခံနိုင်ခဲ့သည်။ ဝိညာဥ်ကောင်က ကျင့်ကြံသူတစ်ယောက်၏ ခွန်အားကို မြင့်တက်လာစေနိုင်သောကြောင့် တအံ့တသြ ဖြစ်နေကြသည်။ အချိန်တစ်ခုအကြာတွင် စန်းရှုံး၏မျက်လုံးများ ပွင့်လာကာ ယဲ့ချန်ကို အရိုအသေပေး၍ အခြေအနေအား တင်ပြလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆရာ။ ကျုပ်ရဲ့ခွန်အားက သုံးဆယ်ရာခိုင်နှုန်းလောက် တိုးတက်လာခဲ့တယ်"
စန်းရှုံးသည် ထိခိုက်ခြင်းမရှိသည့်အပြင် ခွန်အား တိုးတက်လာသောကြောင့် ကောင်းကင်ကံဂိုဏ်းဝင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ ကောလဟာလများအတိုင်း ယဲ့ချန်၏ဝိညာဥ်ကောင်များက ကျင့်ကြံသူတစ်ယောက်၏ ခွန်အားကို မြင့်တက်လာအောင် လုပ်ပေးနိုင်စွမ်း အမှန်တကယ်ရှိနေသည်။ ရလဒ်အနေဖြင့် သူတို့က စတင်ပူးပေါင်းလာကြပြီး စန်းရှုံးသည် နယ်မြေတစ်ခုလုံး ပြန့်ကြဲနေသော ဂိုဏ်းဝင်များကို ယဲ့ချန်၏ အိမ်တော်အတွင်း ဆင့်ခေါ်လိုက်သည်။
ယဲ့ချန်က လူတိုင်းကို နောက်လိုက်များအဖြစ် လက်ခံခဲ့ပြီး ကောင်းကင်ကံဂိုဏ်းကို အသစ်ပြန်လည်ဖွဲ့စည်းကာ အင်အားက မြင့်တက်လာသည်။ ၎င်းက အပျက်အစီးနယ်မြေတွင် အသန်မာဆုံး အင်အားစုဖြစ်လာကာ ဆက်လက်မြင့်တက်လာနေသဖြင့် ကျန်ဂိုဏ်းနှစ်ခုက ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။ သူတို့က ဂိုဏ်းတွင်းအခြေအနေများကို စုံစမ်းရန် ကြိုးစားခဲ့သော်လည်း သူလျှိုအားလုံးသည် ယဲ့ချန်၏ နောက်လိုက်များ ဖြစ်သွားကာ သတင်းအမှားများသာ ပြန်လည်ပေးပို့လာခြင်းကို မသိခဲ့ကြပေ။