တန်းယွမ် ထွက်ခွာသွားခြင်း
Vol. 66 Ch. 922
အပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများနှင့် ကုန်သည်များစွာသည် ယဲ့ချန်ကို အသွေးအသားထဲမှ ခါးသီးစွာ မုန်းတီးနေကြသော်လည်း ကောင်းကင်ကံဂိုဏ်းနှင့် ပူးပေါင်းလိုက်သည့် သတင်းကို ကြားလိုက်ရသည်။ ၎င်း၏အင်အားနှင့် ယဲ့ချန်၏အင်အား ပူးပေါင်းလိုက်လျှင် နယ်မြေတစ်ခုလုံး၌ အစွမ်းအထက်ဆုံး ဖြစ်သောကြောင့် ရန်မစရဲကြတော့ပေ။ ထို့အပြင် ဤအချက်က ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့သောကြောင့် နောက်ထပ်ကျင့်ကြံသူများ ထပ်မံပူးပေါင်းလာသောအခါ ယဲ့ချန်၏အင်အားစုက အလွန်သန်မာလာခဲ့သည်။ နယ်မြေ၏အနောက်ပိုင်းတွင် နတ်ဆိုးမျိုးဆက်ဂိုဏ်း၏ ဌာနချုပ်တည်ရှိပြီး ခေါင်းဆောင်ဖြစ်သူမှာ ထိပ်တန်းကြယ်သခင် ဟုန်ရန်ဖြစ်ပြီး ကောင်းကင်နတ်ဆိုး မျိုးနွယ်ဝင်တစ်ယောက် ဖြစ်သည်။ သူက ကောင်းကင်ကံဂိုဏ်း အစွမ်းထက်လာသောကြောင့် စိတ်လေးနေခဲ့ပြီး လက်ရှိတွင် တစ်ဖက်အင်အားစုသည် ကျန်ဂိုဏ်းနှစ်ခု ပူးပေါင်းသည်ထက် ပို၍သန်မာနေကာ စွမ်းအားဟန်ချက်ကို ပျက်စီးစေခဲ့သည်။ နတ်ဆိုးမျိုးဆက်ဂိုဏ်းနှင့် ဝိညာဥ်မီးတောက်ဂိုဏ်း၏ ဆက်ဆံရေးက မကောင်းသော်လည်း လက်ရှိပြဿနာကို ဖြေရှင်းရန်အတွက် ဆွေးနွေးချင်သည့် ဟုန်ရန်က နောက်လိုက်အချို့ ပို့ဆောင်ကာ ဖိတ်ခေါ်လိုက်သည်။
"ဘယ်သူလဲ"
ထိုအချိန်တွင် ဝတ်ရုံနက်တစ်ယောက်က နတ်ဆိုးမျိုးဆက်ဂိုဏ်း၏ ကျင့်ကြံသူများကို ကျော်ဖြတ်ကာ ဟုန်ရန်ရှေ့ ရောက်လာသဖြင့် မေးခွန်းထုတ်လိုက်သည်။
"ငါ ဘယ်သူလဲဆိုတာကို မင်းသိစရာ မလိုဘူး။ မင်းကို အကူအညီတစ်ခု ကမ်းလှမ်းချင်ပြီး ကောင်းကောင်းလုပ်နိုင်ရင် သေချာပေါက် အကျိုးရှိစေရမယ်"
ဝတ်ရုံနက်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။
"ဘာအလုပ်လဲ"
"ဘာဖြစ်ဖြစ် ယဲ့ချန်ကို သတ်ပေးစေချင်တယ်"
ဝတ်ရုံနက်၏စကားကြောင့် အကင်းပါးသော ဟုန်ရန်သည် အမှောင်မြို့တွင်းမှ အကြီးအကဲတစ်ယောက်၏ နောက်လိုက်ဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ အပျက်အစီးနယ်မြေအတွင်း ပြဿနာများဖြစ်တတ်ပြီး လူသေခြင်းက အဆန်းမဟုတ်သော်လည်း အမှောင်မြို့၏ အတွင်းရေးအတွင်း လက်ဝင်လျှိုမိလျှင် ပြဿနာအကြီးအကျယ် တက်သွားနိုင်သည်။ ယဲ့ချန်၏နောက်ခံသည်လည်း မရိုးရှင်းသောကြောင့် တစ်ဖက်လူက သူ့ကို ခိုးကြောင်ခိုးဝှက် ဆက်သွယ်လာခြင်း ဖြစ်ပေလိမ့်မည်။
"ငါ့အတွက် ဘာအကျိုးရှိမှာလဲ"
"မင်းကို အမှောင်မြို့ထဲမှာ တစ်နေရာ စီစဥ်ပေးမယ်။ ဒီအလုပ်အတွက် မင်းဘာလိုလို ငါ ထောက်ပံ့ပေးမယ်"
"ငါနားလည်ပြီ၊ အကောင်းဆုံး ကြိုးစားပေးမယ်။ ဒါပေမယ့် ကောင်းကင်ကံဂိုဏ်းကြောင့် ယဲ့ချန်ရဲ့အင်အားက မသေးဘူး။ နတ်ဆိုးမျိုးဆက်ဂိုဏ်း တစ်ခုတည်းနဲ့ဆိုရင် မယှဥ်နိုင်လောက်ဘူး"
ဟုန်ရန်က ခက်ခဲဟန်ဆောင်၍ ပြောလိုက်သည်။
"ဝိညာဥ်မီးတောက်ဂိုဏ်းကိုလည်း ငါ ဆက်သွယ်ထားပြီးပြီ။ တကယ်လို့ သူ့ကို မသတ်နိုင်ဘူးဆိုရင်လည်း လှည့်ကွက်တွေသုံးပြီး အပျက်အစီးနယ်မြေရဲ့ အဆုံးက လျှို့ဝှက်နယ်မြေထဲကိုဝင်အောင် လုပ်လိုက်။ အဲ့ဒီမှာဆိုရင် ငါ ကိုင်တွယ်နိုင်တယ်"
ဝတ်ရုံနက်ထံမှ သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာသောအခါ ဟုန်ရန်က ခေါင်းညိတ်၍ သဘောတူလိုက်သောကြောင့် ညွှန်ကြားချက်အချို့ပေးကာ ပြန်လည်ထွက်ခွာသွား၏။ ကောင်းကင်ကံဂိုဏ်း မြင့်မားလာခြင်းက သူ့ကို စိုးရိမ်စေခဲ့ပြီး မူလတွင် ဝိညာဥ်မီးတောက်ဂိုဏ်းနှင့် ပူးပေါင်းချင်ခဲ့သော်လည်း ဝတ်ရုံနက်ကြောင့် အတွေးများ ပြောင်းလဲခဲ့သည်။ အကင်းပါးသူပီပီ ယဲ့ချန်တွင်လည်း နောက်ခံကောင်းကောင်းရှိမည်ဟု နားလည်လိုက်သဖြင့် ဤပြဿနာမျိုးတွင် ဝင်ပါမိလျှင် ကောင်းကျိုးမရှိပေ။ ဝတ်ရုံနက်၏မက်လုံးက အမှန်တကယ် ကောင်းမွန်သော်လည်း ယဲ့ချန်သေဆုံးသွားချိန်၌ သူက အသုံးမဝင်တော့လျှင် တရားခံအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ထို့ကြောင့် သူက နှစ်ဖက်လုံးကို မစော်ကားရန် ဆုံးဖြတ်ပြီး ယဲ့ချန်ထံ ဆက်သားများစေလွှတ်ကာ အကြောင်းစုံကို သတင်းပေးလိုက်သည်။
ယဲ့ချန်သည် အချိန်ကို ကောင်းစွာအသုံးချပြီး ကြိုးကြိုးစားစား ကျင့်ကြံခဲ့သောကြောင့် အလယ်အဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေကာ အဆင့်မြင့် ကြယ်သခင်တစ်ယောက် ဖြစ်လာရန် နီးကပ်နေပြီဖြစ်သည်။ ထိုအချိန်တွင် ရန်ဝူရောက်ရှိလာပြီး ဟုန်ရန်၏သတင်းစကားကို တင်ပြလိုက်သောကြောင့် သူက မျက်မှောင်ကြုတ်လိုက်၏။ သူက အမှောင်မြို့သို့ရောက်သည်မှာ မကြာသေးသောကြောင့် အငြှိုးရှိသည့် တစ်ဦးတည်းသော ရန်သူမှာ ရွှမ်မူ ဖြစ်သည်။
"မင်းက ဒီလောက်တောင်ဖြစ်နေမှတော့ ငါကလည်း ကစားပေးရသေးတာပေါ့။ အပျက်အစီးနယ်မြေရဲ့ အဆုံးမှာ ဘာတွေရှိနေလို့ ဒီကောင်က ငါ့ကို ဝင်စေချင်နေတာလဲ"
မူလတွင် သူက နတ်ဆိုးမျိုးဆက်ဂိုဏ်းနှင့် ဝိညာဥ်မီးတောက်ဂိုဏ်းကိုပါ ဝါးမျိုရန် ကြံစည်ထားသော်လည်း ဟုန်ရန်၏သတင်းကြောင့် နတ်ဆိုးမျိုးဆက်ဂိုဏ်းကို အလွတ်ပေးလိုက်သည်။ သူက အပျက်အစီးနယ်မြေအတွင်းမှ ကျင့်ကြံသူများကို ရနိုင်သမျှ စုဆောင်းရန် ကြံစည်ထားကာ ရှင်းဟွမ်မျိုးနွယ်နှင့် တိုက်ခိုက်ရန် ပြင်ဆင်ထားသောကြောင့်ဖြစ်သည်။ အမှောင်မြို့၏ နန်းတော်တစ်ခုအတွင်း ရွှမ်မူက တင်ပျဥ်ခွေထိုင်နေပြီး တစ်ကိုယ်လုံးမှ အလင်းရောင်များက နေမင်းပမာ တောက်ပလာလိုက်၊ လနှင့်ကြယ်များပမာ မှိန်ဖျော့သွားလိုက်နှင့် ကျင့်ကြံနေသည်။ အချိန်လေဟာနယ်ချီများလည်း လှည့်ပတ်နေပြီး ထိပ်တန်းကြယ်သခင်တစ်ယောက်ဖြစ်သောကြောင့် စိတ်တိုင်းကျ အသုံးပြုနိုင်ကာ အဆင့်တက်ရန် နီးကပ်နေခဲ့သည်။ သူက ကြယ်သခင်အဆင့် အတားအဆီးကို ကျော်ဖြတ်နိုင်လျှင် ဒဏ္ဍာရီလာနတ်အဆင့်ကို ရောက်နိုင်ပြီး အမှောင်မြို့တစ်ခုလုံးတွင် သေမင်းနှင့် စစ်သူကြီးဆယ်ဦးသာ ထိုအဆင့်ကို ရောက်နေခြင်းဖြစ်သည်။ သူက လူငယ်မျိုးဆက်တွင် အဆင့်တက်ရန် အလားအလာအရှိဆုံး ဖြစ်သော်လည်း ယဲ့ချန်၏နှောင့်ယှက်မှုကြောင့် အစီအစဥ် ပျက်စီးသွားသဖြင့် အငြှိုးထားနေခြင်း ဖြစ်သည်။
ရွှမ်မူနှင့် အခြားညီအစ်ကိုခြောက်ယောက်သည် တူညီသော ရှင်းဟွမ်တစ်ယောက်တည်းမှ မွေးဖွားလာခြင်းဖြစ်ကာ ဝိညာဥ်ချင်းဆက်သွယ်နေပြီး အချင်းချင်းဝါးမျို၍ သန့်စင်လိုက်လျှင် ကျင့်ကြံဆင့် မြင့်တက်စေနိုင်သည်။ သူက ညီအစ်ကိုငါးယောက်ကို သတ်ဖြတ်၍ ဝါးမျိုခဲ့ပြီး ရွှမ်ရဲကို ထိပ်တန်းကြယ်သခင်အဆင့်ရောက်အောင် ကျင့်ကြံစေပြီးလျှင် သတ်ဖြတ်ကာ ဝါးမျိုရန် ကြံစည်ထားခဲ့သည်။ သို့သော် ယဲ့ချန်ကြောင့် အစီအစဥ် ပျက်စီးသွားသဖြင့် အလွန်မုန်းတီးနေခြင်းဖြစ်ကာ အခြားနည်းလမ်းများဖြင့် အဆင့်တက်ရန်မှလွဲကာ ရွေးချယ်စရာမရှိခဲ့ပေ။ ထိုအချက်ကြောင့် ကောက်ကျစ်ယုတ်မာလှသော ဤရှင်းဟွမ်သည် ယဲ့ချန်ကို တန်းယွမ်မှ ကာကွယ်ပေးထားသော်လည်း အလွန်သတ်ချင်နေခြင်း ဖြစ်၏။
ရွှမ်မူသည် ယဲ့ချန်က အပျက်အစီးနယ်မြေသို့ ရောက်နေလျှင် တန်းယွမ်က အချိန်တိုအတွင်း ခေါ်ဆောင်နိုင်မည်မဟုတ်ဟု တွေးထားသဖြင့် လုပ်ကြံရန် အချိန်ယူပြင်ဆင်နေခဲ့သည်။ သို့သော် တစ်ဖက်လူက သူထင်ထားသည်ထက် ပို၍ဉာဏ်များပြီး နည်းလမ်းမျိုးစုံအသုံးပြုကာ နယ်မြေတစ်ခုလုံးကို ချုပ်ကိုင်နိုင်သောကြောင့် သူ၏အကြံအချို့ပင် အသုံးမဝင်ဖြစ်သွားခဲ့၏။ တစ်ဖက်လူ၏ အင်အားမြင့်တက်လာခြင်းက အလွန်မြန်ဆန်သောကြောင့် သူ့ကို တုန်လှုပ်စေခဲ့ပြီး နောက်ထပ်သန်မာခွင့်ပြုလိုက်လျှင် လက်ခုပ်အတွင်းမှ လွတ်မြောက်သွားပေလိမ့်မည်။
"မင်း ငါ့လက်ကနေ လွတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ရွှမ်မူ၏အမြင်တွင် ယဲ့ချန်က အလယ်အဆင့် ကြယ်သခင်ဟု ထင်မှတ်ထားသောကြောင့် သတ်ဖြတ်ရန် နည်းလမ်းရှိသည်ဟု ယုံကြည်နေသည်။
အမှောင်မြို့၏ အလယ်တည့်တည့်တွင် စကြဝဠာပမာ ဟင်းလင်းပြင်တစ်ခုရှိပြီး ကြယ်ငယ်တစ်လုံး လှည့်ပတ်နေသည်။ ၎င်းထက်တွင် ပုံရိပ်တစ်ခု တင်ပျဥ်ခွေထိုင်နေပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေသောကြောင့် အနီးကပ်မမြင်ရလျှင် အရိပ်တစ်ခုပမာ ထင်မှတ်ရပေလိမ့်မည်။ တန်းယွမ်ကဲ့သို့ ကျင့်ကြံသူတစ်ယောက်ပင် သူ၏အရှိန်အဝါကို အာရုံခံနိုင်ခြင်းမရှိဘဲ အမှောင်မြို့သခင် သေမင်း ဖြစ်သည်။ တန်းယွမ်က ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သော်လည်း မည်သည်ကိုမှ မခံစားနိုင်သောကြောင့် တစ်ဖက်လူမှာ ဝိညာဥ်အသိစိတ်လား၊ ကိုယ်တိုင်လား မခွဲခြားနိုင်ပေ။
"အရှင် ဘာများစေခိုင်းချင်ပါသလဲ"
သေမင်း၏ ခံစားချက်မဲ့သော မျက်နှာထက်တွင် မျက်လုံးများ ရုတ်တရက်ပွင့်လာသောအခါ တန်းယွမ်က လေးစားစွာ မေးလိုက်ခြင်းဖြစ်သည်။
"မင်းရော ငါရောက လူသားမျိုးနွယ်ဝင်တွေဖြစ်တဲ့အတွက် အမှောင်မြို့မှာ ငါ့လူယုံလည်း ဖြစ်တယ်။ ငါသိသလောက်ဆိုရင် တောက်ပမြစ်၊ ထာဝရကြယ်မြစ်နဲ့ သွေးမြစ် ကြယ်ဒေသတွေမှာ လူပေါင်းဘီလီယံချီ အသတ်ခံခဲ့ရတယ်။ သူတို့ထဲက အချို့ကတော့ ကြယ်အဖွဲ့အစည်းတွေကို ဖြတ်သန်းပြီး ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအထိရောက်အောင် ထွက်ပြေးလာကြတဲ့အတွက် အမှောင်မြို့ရဲ့ အဖွဲ့ဝင်ဖြစ်လာအောင် စည်းရုံးရမယ်။ ဒီအလုပ်အတွက် မင်းကို ငါစိတ်ချလို့ တာဝန်ပေးချင်တယ်"
သေမင်းက တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။ တန်းယွမ်သည် နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော်လည်း တစ်ဖက်လူ၏အတွေးများကို မခန့်မှန်းနိုင်ပေ။ သူ၏အမြင်တွင် သေမင်းက ခန့်မှန်းရခက်ခဲသောကြောင့် ဤတာဝန်သည် အမှန်တကယ်လား သို့မဟုတ် အမှောင်မြို့မှ ပထုတ်ချင်ရုံသက်သက်လားကို မခွဲခြားတတ်ပေ။ သို့သော် အမှောင်မြို့တွင် သေမင်း၏အမိန့်က အာဏာဖြစ်သောကြောင့် သူ့အနေဖြင့် လိုက်နာရန်မှလွဲကာ ရွေးချယ်စရာ မရှိပေ။
"ဒီကြယ်အဖွဲ့အစည်းမှာ အစွမ်းထက်လူသား ကျင့်ကြံသူ သုံးယောက် ရှိတယ်။ ကျိုးလီ၊ မျက်ကန်းကြီးနဲ့ နောက်ဆုံးတစ်ယောက်ကိုတော့ ငါ မသိဘူး။ မင်းအနေနဲ့ သူတို့ကို သိသလား"
"ကျုပ်က သူတို့အကြောင်း ကြားဖူးပေမယ့် တစ်ခါမှ မတွေ့ဖူးပါဘူး"
သေမင်း၏ တည်ငြိမ်သော အမေးကြောင့် တန်းယွမ်က ရင်ထိတ်သွားသော်လည်း မတုံ့ဆိုင်းရဲသဖြင့် ချက်ချင်းဖြေလိုက်သည်။ နှစ်ပေါင်းများစွာအတွင်း သူက ဆရာဖြစ်သူနှင့် မဆက်သွယ်ခဲ့သည်မှာ သေမင်း သံသယဝင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
"ဒီခရီးမှာ သူတို့ကို သတင်းပို့ရမယ်။ ငါတို့က လူသားတွေဖြစ်တဲ့အတွက် ဒီလိုအချိန်မျိုးမှာ အချင်းချင်း ရန်ကြွေးတွေရှိနေရင်တောင် စည်းလုံးရမယ်လို့ ပြောလိုက်"
သေမင်းက အမိန့်ပေးလိုက်သောအခါ ရည်ရွယ်ချက်ကို ခန့်မှန်းနေသော တန်းယွမ်က ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။ လွန်ခဲ့သော နှစ်များအတွင်း သေမင်းသည် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းရှိ လူသားများစွာကို သတ်ဖြတ်ရန်အတွက် နောက်လိုက်များ စေလွှတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူ၏လုပ်ရပ်များက မေးခွန်းထုတ်စရာဖြစ်နေပြီး လက်ရှိတွင် အမှောင်မြို့မှာ အလွန်အင်အားကြီးနေကာ တန်းယွမ်ကိုယ်တိုင်ပင် အပေါ်ယံသာ သိထားသည်။ သေမင်း၏အကြံက ပေါ့သေးသေးမဖြစ်နိုင်သော်လည်း မည်သူမှ သူ၏လုပ်ရပ်များအကြောင်း အဖြေမထုတ်နိုင်ကြပေ။ ယဲ့ချန်ကို အပျက်အစီးနယ်မြေတွင် ထားခဲ့ရန် စိတ်မချသော်လည်း သေမင်း ရိပ်မိမည်ကို စိုးရိမ်သောကြောင့် တန်းယွမ်မှာ သတင်းမပေးရဲခဲ့ပေ။ ထို့နောက် သူက သေမင်း၏အမိန့်အတိုင်း အမှောင်မြို့မှ စကြဝဠာအတွင်း ထွက်ခွာသွားရလေသည်။