← Chapters

ငါးရောင်ခြယ်မှို

Vol. 66 Ch. 923

ငါးရောင်ခြယ်မှို

Vol. 66 Ch. 923

ယဲ့ချန်သည် ခရမ်းရောင်ရွှေများစွာ အမြတ်ရပြီးနောက် ကျင့်ကြံခြင်းအတွက် အသုံးဝင်သော ဆေးပင်မှန်သမျှကို တွန့်တိုခြင်းမရှိဘဲ ဝယ်ယူအသုံးပြုခဲ့သည်။ သူက နောက်လိုက်များကိုပါ ရက်ရက်ရောရော ပေးကမ်းခဲ့သော်လည်း အမြောက်အများ ကျန်ရစ်နေပြီး ဆေးပင်အရေအတွက်က သန်းချီပေသည်။ အပျက်အစီးနယ်မြေ၏ ဆေးပင်များသည် အပြင်လောကနှင့် ကွာခြားပြီး ရေခဲမီးနယ်မြေအတွင်း စိုက်ပျိုးထားသည် မဟုတ်လျှင် လျှို့ဝှက်နယ်မြေအတွင်းမှ ဖြစ်ပေလိမ့်မည်။ သူက အဆင့်တက်ရန် အလွန်နီးကပ်နေသောကြောင့် ဆေးပင်များကို သန့်စင်ကာ အသုံးပြုရန် ကြံစည်ထားသော်လည်း အကျိုးသက်ရောက်မှု နည်းပါးနေသည်။

ဒန်တန်အတွင်း ထည့်သွင်း၍ သန့်စင်လိုက်လျှင် ပို၍မြန်ဆန်မည်ဟူသော အတွေးကြောင့် သူက ဆေးပင်တစ်ပင်ကို ပစ်ထည့်လိုက်သည်။ အချိန်လေဟာနယ်ချီများက ထိုရွက်တစ်ထောင်မြက်ကို ဖြိုခွဲပစ်လိုက်ပြီး စွမ်းအင်များအဖြစ် ဒန်တန်နှင့် ပေါင်းစပ်စေခဲ့သည်။ တစ်ပင်တည်းက ပင်လယ်အတွင်းကျသော ရေတစ်ပေါက်ပမာ သိသာခြင်းမရှိသော်လည်း ယဲ့ချန်သည် ကျင့်ကြံခြင်းတွင် အနည်းငယ် မြင့်တက်လာကြောင်း ခံစားလိုက်ရ၏။ သူက နောက်ထပ်ရွက်တစ်ထောင်မြက်များစွာကို ပစ်ထည့်လိုက်ပြီး အလွန်ကျယ်ဝန်းသော ဒန်တန်အတွင်း အကျိုးသက်ရောက်မှု ကြီးမားစေလျှင် ပိုမိုသန့်စင်ရပေလိမ့်မည်။ ၎င်းတို့က စွမ်းအင်စီးကြောင်းများအဖြစ် ဖြိုခွဲခံလိုက်ရပြီး ဒန်တန်နှင့် ပေါင်းစပ်သွားသောအခါ ခွန်အားအနည်းငယ် တိုးတက်လာစေသည်။

ဒန်တန်၏ချီများ ပိုမိုသိပ်သည်းလာသောအခါ ကြယ်ကိုးလုံးရှိ ဝိညာဥ်ကောင်အရေအတွက် တိုးပွားလာကာ အကယ်၍ ချီအရေအတွက် နည်းပါးသွားလျှင် ၎င်းတို့က ပမာဏများစွာ သေဆုံးသွားတတ်သည်။ ထို့ကြောင့် သူ၏ဒန်တန်နှင့် ခွန်အားက တိုက်ရိုက်အချိုးကျနေပြီး ရွက်တစ်ထောင်မြက် ငါးထောင်ကျော်၏ အာနိသင်က မြင်သာသောကြောင့် နောက်ထပ်ဆေးပင်များကို သန့်စင်လိုခဲ့သည်။ ထောင်ချီသော ဆေးပင်များက ဒန်တန်အတွင်း တဖြောဖြောဝင်ရောက်သွားကာ ဖြိုခွဲပစ်လိုက်သောအခါ စွမ်းအင်များမှာ မြစ်တစ်ခုပမာ စုဝေးလာကြ၏။ မကြာမီပင် ချီများ လှိုင်းထန်လာသောအခါ သူက ချက်ချင်းအဆင့်တက်ရန် မဖြစ်နိုင်သေးသော်လည်း အလယ်အဆင့် ကြယ်သခင် ကျင့်ကြံဆင့်တွင် အခြေခံ ခိုင်မာလာခဲ့သည်။

"ဒါက ဘယ်လိုဆေးပင်အမျိုးအစားလဲ"

ဆေးပင်များ ထပ်မံလိုအပ်နေသော ယဲ့ချန်သည် မှိုသဏ္ဍာန် ဆေးပင်တစ်မျိုးကို ရုတ်တရက် မြင်လိုက်ရပြီး ငါးရောင်တောက်ပနေကာ တိုက်စားနိုင်စွမ်းရှိသော စွမ်းအင်တစ်မျိုး ပါဝင်နေကြောင်း သိလိုက်ရသည်။ ၎င်းက အလွန်အဆိပ်ရှိကြောင်း သေချာနေပြီး သာမန်ကျင့်ကြံသူတစ်ယောက်သာ အသုံးပြုမိလျှင် တုံးခနဲလဲကျ သေဆုံးသွားနိုင်သည်။ သူက ၎င်း၏နာမည်ကို မသိသော်လည်း ဆေးစွမ်းအင် အလွန်ပြင်းထန်ပြီး ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးအောက်သာ နိမ့်ကျကြောင်း နားလည်လိုက်သည်။ သာမန်ကျင့်ကြံသူတစ်ယောက်က အဆိပ်ကြောင့် ၎င်းကို မသန့်စင်ရဲသော်လည်း လွှင့်ပစ်ရန် နှမြောစရာကောင်းနေသဖြင့် ဒန်တန်အတွင်း ထည့်သွင်းကာ စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

မှိုကို ဒန်တန်အတွင်း ထည့်လိုက်ပြီး ယဲ့ချန်က ချီကိုးမျိုးကို ဖော်ထုတ်၍ ဖြိုခွဲလိုက်သောအခါ အရောင်ငါးရောင်ရှိသော စွမ်းအင်စီးကြောင်းများ ဖြစ်ပေါ်လာသည်။ နှစ်တစ်ထောင်ရေခဲပမာ အလွန်အေးစက်သော စွမ်းအင် ထွက်ပေါ်လာသော်လည်း သူက ကြိုတင်ပြင်ဆင်ထားသောကြောင့် ခုနစ်​ရောင်ခြယ်ချီများဖြင့် ရင်ဆိုင်လိုက်သည်။ ၎င်း၏အစွမ်းက သန်မာလွန်းနေပြီး ကြယ်ကိုးလုံးပေါ်ရှိ ဝိညာဥ်ကောင်များစွာကို အဆိပ်မိသွားစေကာ ဒန်တန်အတွင်းလောကကို ခြောက်ကပ်စေခဲ့သည်။ ကံကောင်းစွာဖြင့် ဤလောကသည် အဆုံးအစမဲ့ ကျယ်ဝန်းသောကြောင့် သူက ဆက်လက်သန့်စင်ရန်အတွက် ပြဿနာမရှိပေ။ သူက အဆင့်ကိုးအထိ နားလည်ပြီးနောက် ခုနစ်ရောင်ခြယ်ချီများက ကြီးမားစွာ တိုးတက်လာခဲ့သော်လည်း အနက်ရောင်နှင့် အဖြူရောင် ချီများ၏ တိုးတက်မှုက နည်းပါးနေသည်။

မှို၏စွမ်းအင်သည် တိုက်စားနိုင်စွမ်း ကောင်းသောကြောင့် အနက်ရောင်ချီနှင့် ဆင်တူကြောင်း ယဲ့ချန်က ရုတ်တရက် နားလည်သွားကာ အနက်ရောင်နှင့် အဖြူရောင်ချီများကို အသက်သွင်းလိုက်သည်။ အဖြူရောင်ချီက ၎င်းကို ဖြိုခွဲပစ်နေစဥ် အနက်ရောင်ချီမှာ ဆက်တိုက်စုပ်ယူနေပြီး အချိန်ကြာလာသောအခါ ပို၍သန်မာလာခဲ့၏။ တစ်နာရီအကြာတွင် သူက မှို၏စွမ်းအင်များကို ချီများအဖြစ် ပြောင်းလဲစုပ်ယူနိုင်ခဲ့ပြီး အဆင့်မြင့် ကြယ်သခင်ဖြစ်လာရန် မလိုတော့ပေ။ မှို၏ဆေးအာနိသင်သည် သာမန်ဆေးပင်များထက် ကျော်လွန်နေပြီး တစ်ပင်တည်းဖြစ်သောကြောင့် နှမြောစရာကောင်းနေခဲ့သည်။

"ဒါက ဘာဆေးပင်လဲ။ မင်း ဒါကို ဘယ်ကဝယ်လာတာလဲ"

ယဲ့ချန်က ရန်ဝူကို ဆင့်ခေါ်ပြီး အဆိပ်မှို၏ပုံရိပ်ကို ဖော်ပြကာ မေးခွန်းထုတ်လိုက်သည်။

"ကျုပ် ဒါကို မှတ်မိပြီ။ ဒီမှိုကို ကုန်သည်တစ်ယောက်စီကနေ ရလာတာဖြစ်ပြီး ဘာမှန်းမသိပေမယ့် ဆေးပင်အားလုံးကို ဝယ်ယူလိုက်တဲ့အတွက် ပါဝင်လာတာပါ ဆရာ"

ရန်ဝူက ခဏတာစဥ်းစား၍ ရိုသေစွာ ဖြေလိုက်သည်။

"ဒီကုန်သည်ကို မင်း ရှာနိုင်လား"

အကယ်၍ အဆိပ်မှိုများ ထပ်မံဝယ်ယူနိုင်လျှင် ယဲ့ချန်က သေချာပေါက် အဆင့်တက်ရန် ဖြစ်နိုင်သည်။

"ဟုတ်ကဲ့"

"ဒါဆိုရင် ဘယ်လိုနည်းလမ်းသုံးသုံး၊ သူ့ကို ရအောင် ခေါ်လာခဲ့"

ရန်ဝူက စိတ်ချယုံကြည်ရသော လက်အောက်ငယ်သားပီပီ နာရီအနည်းငယ်အကြာတွင် ကုန်သည်ကိုခေါ်၍ ရောက်ရှိလာခဲ့သည်။ ဟူအာဆိုသော ကုန်သည်က အသက်သုံးဆယ်အရွယ် တစ်ယောက်ဖြစ်ပြီး အလွန်ပိန်ကာ ယဲ့ချန်ကိုမြင်သောအခါ ကြောက်စိတ်ကြောင့် တဆတ်ဆတ်တုန်နေသည်။ သူက ရန်ဝူထံ ဆေးပင်များရောင်းချရာတွင် ငါးရောင်ခြယ်မှိုတစ်ပင် ပါဝင်သွားသောကြောင့် ပြဿနာတက်ပြီဟု ထင်မှတ်ကာ အကြောက်လွန်နေခဲ့သည်။ သူ၏အမြင်တွင် ဤမှိုကြောင့် တစ်စုံတစ်ယောက်က အဆိပ်မိသွားသောကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

"ဆရာ ကုန်သည်ကို ကျုပ် ခေါ်လာခဲ့ပါပြီ။ သူက နည်းနည်းခေါင်းမာနေလို့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ပါတယ်"

ရန်ဝူက လက်နှစ်ဖက်ဆုပ်၍ တင်ပြလိုက်သည်။

"မင်းနာမည်ကို ပြော"

ယဲ့ချန်က ခေါင်းတစ်ချက်ညိတ်ပြ၍ ဟူအာဘက်လှည့်ကာ မေးလိုက်သည်။

"ဟူအာပါ ဆရာယဲ့"

သူ့၏ရှေ့တွင် ရှိနေသော လူငယ်လေးမှာ ကောင်းကင်ကံဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဖြစ်ကြောင်း သိထားသော ဟူအာ၏စကားသံက တုန်ခါနေသည်။ အကယ်၍ သူ၏အဖြေသာ တစ်ဖက်လူကို မကျေမနပ်ဖြစ်သွားစေလျှင် နေရာ၌ အသက်ပျောက်သွားနိုင်သည်။

"မင်း ဒါကို မှတ်မိလား"

ယဲ့ချန်က တစ်ဖက်လူ၏ အမူအရာကြောင့် တစ်ဖက်လူ၏အမြင်တွင် သူက အလွန်ကြောက်စရာကောင်းနေကြောင်း နားလည်လိုက်သည်။

"ဘုရားရေ တကယ်ကို ငါးရောင်ခြယ်မှိုပါလား။ ငါတော့ သေပြီ"

ယဲ့ချန်က အဆိပ်မှို၏ပုံရိပ်ကို ထုတ်ပြလာသောအခါ ဟူအာမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။

"ဆရာယဲ့ ကျုပ်က ဒါကို တမင်ရည်ရွယ်ပြီး ရောင်းလိုက်တာ မဟုတ်ပါဘူး။ ဆရာ့လူတွေက ထူးဆန်းတာရှိရင် လိုချင်တယ်ဆိုလို့ ရောင်းလိုက်တာပါ။ အဆိပ်ဆေးပင်မို့လို့ ရောင်းခဲ့တာ မဟုတ်ပါဘူး"

ဟူအာက ချက်ချင်းဒူးထောက်၍ ကြောက်ကြောက်လန့်လန့်နှင့် အဖြေပေးလိုက်သည်။

"ဒါကို မင်း ဘယ်ကရလာတာလဲ"

"ဆရာယဲ့ ကျုပ်က ဒါကို လျှို့ဝှယ်နယ်မြေရဲ့ဝင်ပေါက်မှာ ဝယ်ခဲ့တာ ဖြစ်ပါတယ်။ ကျုပ်က နှစ်ပင်ဝယ်ခဲ့ပေမယ့် အဆိပ်ပင်တွေမှန်း မသိခဲ့ပါဘူး။ မိတ်ဆွေတစ်ယောက်က ဒီငါးရောင်ခြယ်မှိုတစ်ပင်ကို သန့်စင်လိုက်တဲ့အချိန်မှာ သေဆုံးသွားပါတယ်။ ဒါကြောင့် သိမ်းဆည်းထားပြီး နောက်တစ်ကြိမ် အသုံးမပြုရဲခဲ့ပါဘူး"

ဟူအာသည် ငါးရောင်ခြယ်မှိုကို ရောင်းချခဲ့မိခြင်းအပေါ် နောင်တရနေခဲ့သည်။

"မင်းက ဒီမှိုတွေ ထပ်ရှာပေးနိုင်လား"

တစ်ဖက်လူ၏ စကားကြောင့် ယဲ့ချန်သည် လျှို့ဝှက်နယ်မြေဆိုသော နေရာကို ပို၍သိချင်လာခဲ့သည်။

"ဟုတ်ကဲ့ လျှို့ဝှက်နယ်မြေထဲမှာ ငါးရောင်ခြယ်မှိုတွေ ပြည့်နှက်နေပေမယ့် ဘယ်သူမှ မလိုချင်ကြပါဘူး"

ဟူအာသည် ယဲ့ချန်၏ရည်ရွယ်ချက်ကို မသိသောကြောင့် မင်သက်သွားသော်လည်း သိသမျှကို အမှန်အတိုင်း​ ဖြေလိုက်သည်။

"မင်းကို တာဝန်တစ်ခု ပေးစရာရှိတယ်။ လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ကို သွားပြီး ငါးရောင်ခြယ်မှိုတွေ ရသလောက် ဝယ်လာခဲ့။ တစ်ပင်ကို ခရမ်းရောင်ရွှေတစ်ရာ ပေးမယ်။ မင်းနဲ့အတူ ငါ့နောက်လိုက်တစ်ယောက် ထည့်ပေးလိုက်မှာဖြစ်လို့ ဝယ်လက်တွေနဲ့ ဆက်သွယ်ပေးရင် ရပြီ။ ဒါက မင်းအတွက်"

ယဲ့ချန်က ခရမ်းရောင်ရွှေတစ်ထောင်ကို ဟူအာထံ ပစ်ပေးလိုက်သောအခါ တစ်ဖက်လူမှာ စိတ်လှုပ်ရှားသွားခဲ့သည်။ မူလတွင် သူက ပြဿနာတက်ပြီဟု ထင်နေသော်လည်း အကျိူးအမြတ်ထွက်မည်ဟု မျှော်လင့်မထားခဲ့ပေ။

"မစိုးရိမ်ပါနဲ့ ဆရာယဲ့။ ကျုပ်က အကောင်းဆုံး ကြိုးစားပေးပါမယ်"

ထို့ကြောင့် သူက ဝမ်းမြောက်ဝမ်းသာနှင့် ချက်ချင်းအဖြေပေးလိုက်သောအခါ ရန်ဝူက ခေါ်ဆောင်သွားခဲ့သည်။ ယဲ့ချန်သည် အပျက်အစီးနယ်မြေ၏ အဆုံးတွင် ရှိနေသော လျှို့ဝှက်နယ်မြေအကြောင်း အတွေးနက်နေပြီး သွားရောက်စစ်ဆေးချင်နေသည်။ သို့သော် ရွှမ်မူက သူ့ကို ထိုနေရာသို့ အလွန်ဝင်စေချင်နေကြောင်း ဟုန်ရန်ထံမှ သတင်းရထားသဖြင့် သူက ဤအတွေးကို ခဏတာ ဖျောက်ဖျက်ပစ်လိုက်ရလေသည်။

All Chapters