← Chapters

လျှို့ဝှက်နယ်မြေကို ဝင်ရောက်ရခြင်း

Vol. 66 Ch. 924

လျှို့ဝှက်နယ်မြေကို ဝင်ရောက်ရခြင်း

Vol. 66 Ch. 924

ရက်အနည်းငယ်အကြာတွင် သတင်းတစ်ခုက အပျက်အစီးနယ်မြေတစ်ခွင် ပျံ့နှံ့သွားကာ ကောင်းကင်ကံဂိုဏ်းသည် ဝိညာဥ်မီးတောက်ဂိုဏ်းကို ရုတ်တရက် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။ နယ်မြေ၏စည်းမျဥ်းအရ လူမသတ်ခဲ့သော်လည်း ဝိညာဥ်မီးတောက်ဂိုဏ်းတစ်ခုလုံး အတင်းအကြပ် ဖမ်းဆီးခံခဲ့ရသည်။ ဤသတင်းကြောင့် နတ်ဆိုးမျိုးဆက် ဂိုဏ်းချုပ်ဟုန်ရန်က စိုးရိမ်နေသော်လည်း ကောင်းကင်ကံဂိုဏ်းမှ ထပ်မံမလှုပ်ရှားခဲ့သောကြောင့် စိတ်အေးသွားခဲ့ရသည်။ သူက ယဲ့ချန်ကို လျှို့ဝှက်သတင်းပေးခဲ့မိခြင်းအပေါ် ဝမ်းသာနေပြီး သို့မဟုတ်လျှင် သူ၏ဂိုဏ်းသည်လည်း ဤကပ်ဘေးမှ မလွတ်မြောက်နိုင်ပေ။

ယဲ့ချန်၏ နည်းလမ်းက ကြမ်းကြုတ်ပြတ်သားသလောက် လျှပ်စီးပမာမြန်ဆန်ပြီး လအနည်းငယ်အတွင်း နယ်မြေတစ်ခုလုံး၏ ပိုက်ဆံများကို လှည့်စားရယူနိုင်ခဲ့သကဲ့သို့ ကောင်းကင်ကံဂိုဏ်းအား ထိန်းချုပ်ကာ ဝိညာဥ်မီးတောက်ဂိုဏ်းကို ဖြိုခွဲပစ်ခဲ့သည်။ ထို့ကြောင့် ဟုန်ရန်သည် ပူးပေါင်းလိုသော အတွေးတစ်ခု ဖြစ်ပေါ်လာသော်လည်း အမှောင်မြို့၏ ပြဿနာများအကြောင်း စဥ်းစားမိသောအခါ ကြားညှပ်သွားလျှင် အခြေအနေမကောင်းနိုင်ဟု သတ်မှတ်လိုက်၏။

ယဲ့ချန်၏ အိမ်တော်အတွင်း၌ ဝိညာဥ်မီးတောက်ဂိုဏ်းဝင်များကို အုပ်စုခွဲခြားထားပြီး ခေါင်းမာသူ အနည်းငယ်မှလွဲလျှင် အားလုံးက ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ကာ သူ၏နောက်လိုက်များ ဖြစ်လာခဲ့သည်။ သူ၏အင်အားက လျင်မြန်စွာ မြင့်တက်လာပြီး အပျက်အစီးနယ်မြေတစ်ခုလုံးကို အုပ်စိုးထားသဖြင့် နတ်ဆိုးမျိုးဆက်ဂိုဏ်းကို အရေးစိုက်စရာ မလိုသောကြောင့် ရှင်သန်ခွင့်ပေးလိုက်သည်။ ဤနယ်မြေက သူ့အတွက် လှေကားထစ်တစ်ခုသာဖြစ်ပြီး ဟူအာ ဝယ်ယူပေးသော ငါးရောင်ခြယ်မှိုများကို တစ်ခုပြီးတစ်ခု သန့်စင်ကာ ခွန်အား မြှင့်တင်နေခဲ့သည်။ အချိန်လေဟာနယ် ချီကိုးမျိုးသည်လည်း ပိုမိုသန်မာလာပြီး ဒန်တန်သည်လည်း ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ ကျင့်ကြံဆင့် အတားအဆီးက သူ့ကို မတားဆီးနိုင်တော့သဖြင့် အဆင့်မြင့် ကြယ်သခင်တစ်ယောက် ဖြစ်လာလေသည်။

ထိုအချိန်၌ ယဲ့ချန်၏ခွန်အားသည် အမည်မသိ အဆင့်တစ်ခုသို့ ရောက်နေပြီး ဟင်းလင်းပြင်နတ်လှံနှင့် ပေါင်းလိုက်လျှင် ရွှမ်မူကို ရင်ဆိုင်ရန် ပြဿနာမရှိတော့ပေ။ တစ်ဖက်လူက သာမန်ထိပ်တန်းကြယ်သခင်များထက် ပို၍သန်မာသော်လည်း သူက ကြောက်ရွံ့ခြင်းမရှိဘဲ ကျင့်ကြံဆင့် အခြေတည်စေရန် လုပ်ဆောင်ခဲ့သည်။ ဒန်တန်အတွင်း၌ ရွှေပိုင်နက်သားရဲသုံးကောင် ရှိနေပြီး အကြီးဆုံးသားရဲက ပြောင်းလဲမှုများဖြစ်နေကာ တစ်ကိုယ်လုံး၌ အရောင်ကိုးရောင် တောက်ပနေကာ ကွဲပြားနေသည်။ စကြဝဠာ၏ သဘာဝတရားအရ ပိုင်နက်သားရဲများတွင် ဘုရင်မတစ်ကောင်မရှိလျှင် အသန်မာဆုံးက အခြားသားရဲများကို စားသောက်တတ်ပြီး အစာရေစာရှာပါးသောကြောင့် မျိုးတူချင်း စားသောက်လိုက်သောအခါ အရေအတွက်လည်း တိုးပွားလာခြင်း မရှိပေ။ သို့သော် ယဲ့ချန်၏အမိန့်ကြောင့် အသန်မာဆုံး သားရဲက ဝါးမျိုလိုစိတ်ရှိသော်လည်း ထိန်းချုပ်နိုင်ခဲ့ပြီး အကောင်ပေါက်ကာစ သားရဲနှစ်ကောင်မှာ လွတ်လပ်စွာ ကြီးပြင်းခွင့်ရခဲ့ကြသည်။ အချိန်ခဏအတွင်း ထိုသုံးကောင်ကြောင့် မူလကျောက်များ ကုန်ဆုံးသွားသောကြောင့် ထပ်မံပျိုးထောင်ရန်အတွက် မရေမတွက်နိုင်သော ကြယ်ရတနာများ၊ မူလကျောက်များနှင့် ရတနာများ လိုအပ်နေဆဲဖြစ်သည်။ ၎င်းတို့က သာမန်ဆေးပင်များကို စားသော်လည်း ထောင်ချီသောင်းချီသော အရေအတွက်ကပင် သွားကြားညှပ်မည် မဟုတ်သောကြောင့် နှိုင်းယှဥ်ရလျှင် ကြယ်ရတနာများနှင့် မူလကျောက်များကသာ အကောင်းဆုံးအစာ ဖြစ်နေသည်။

ယဲ့ချန်သည် အပျက်အစီးနယ်မြေမှ ထွက်ခွာလိုသော်လည်း နည်းလမ်းမရှိသည့်အပြင် တန်းယွမ်ကလည်း ရောက်ရှိမလာခဲ့ပေ။ အချိန်နှစ်လ ဖြည်းညှင်းစွာ ကုန်ဆုံးပြီးနောက် သူက လက်အောက်ငယ်သားများကို လေ့ကျင့်ပေးခဲ့ပြီး ကိုယ်တိုင်ခွန်အားကလည်း တိုးတက်လာနေသည်။ သူ၏လေ့ကျင့်ပေးမှုဖြင့် ခြင်္သေ့ကြီးနှင့် နင်အာသည်လည်း အဆင့်မြင့်ကြယ်သခင်များ အသီးသီးဖြစ်လာကာ ထိပ်တန်းကြယ်သခင် ငါးရာကျော်၊ ကောင်းကင်ကြယ်သခင် တစ်ထောင်ကျော်နှင့် ပါရမီရှင်ပေါင်း နှစ်သောင်းကျော်ကို စုဆောင်းနိုင်ခဲ့ပြီး ကြောက်မက်ဖွယ် အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။

"ယဲ့ချန် အပျက်အစီးနယ်မြေကနေ ဘယ်အချိန် ထွက်သွားမှာလဲ"

ခြင်္သေ့ကြီးက စိတ်ပျက်လက်ပျက် မေးလိုက်ခြင်းဖြစ်ပြီး တန်းယွမ်ထံမှ သတင်းမရသောကြောင့် ယဲ့ချန်လည်း ပဟေဠိ ဖြစ်နေခဲ့သည်။ သူက ဤနယ်မြေတွင် လုပ်ဆောင်နိုင်သမျှကို စွမ်းဆောင်ပြီးဖြစ်သည့်အပြင် ရေခဲမီးနယ်မြေကိုလည်း စူးစမ်းကာ ရတနာများစွာ ရရှိခဲ့သည်။ သို့သော် ၎င်းသည် သေမင်းက ကြယ်သခင်များ လေ့ကျင့်ရန်အတွက် ဖန်တီးပေးထားသော နယ်မြေတစ်ခုသာ ဖြစ်သည်။

"ကျုပ် မသိဘူး"

အချိန်နှစ်လကျော် ကုန်သွားသော်လည်း တန်းယွမ် ရောက်မလာသေးသဖြင့် ယဲ့ချန်က ခေါင်းယမ်းပြလိုက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိသော်လည်း အဖြေရှာမရပေ။

"အစ်ကိုကြီး တန်းယွမ်က တစ်ခုခုကြောင့် ရောက်မလာနိုင်တာ ဖြစ်ရမယ်"

နင်အာ၏ ခန့်မှန်းချက်ကို ယဲ့ချန်လည်း သဘောတူပြီး တန်းယွမ်ရောက်အလာကိုသာ စောင့်ဆိုင်းနေရလျှင် ဤနေရာ၌ ထာဝရ ပိတ်မိနေနိုင်သည်။ ထို့ကြောင့် ရွေးချယ်မှုမှာ တစ်ခုတည်းသာဖြစ်ပြီး အပျက်အစီးနယ်မြေ၏ အဆုံးတွင်ရှိသော လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ရန် ဖြစ်သည်။ ၎င်းက အလွန်အန္တရာယ်များသော်လည်း ရွေးချယ်စရာမရှိသည့်အပြင် ဤနယ်မြေ၌ ပိတ်မိနေသည်ထက်စာလျှင် အခွင့်အရေးတစ်ခု ရှိနိုင်သည်။ သူက ထိုနေရာအကြောင်း သိချင်နေပြီး ငါးရက်အကြာတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ကာ လက်အောက်ငယ်သားအားလုံးကို အိမ်တော်အတွင်း ဆင့်ခေါ်လိုက်သည်။ အပျက်အစီးနယ်မြေ၏ နေရာအသီးသီးမှ ကျင့်ကြံသူသုံးသောင်းကျော်က သူ၏အိမ်တော်အတွင်း ဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွားကြ၏။ ယေဘူယျသဘော ပြောရလျှင် သူ၏အိမ်တော်က ဤမျှများပြားသော ပမာဏကို မဆံ့သောကြောင့် ထူးဆန်းစွာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

နတ်ဆိုးတိုက်လှေတစ်စီးက အိမ်တော်အထက်တွင် ထွက်ပေါ်လာပြီး အလင်းတန်းတစ်ခု ကျဆင်းလာကာ ယဲ့ချန်ကို စုပ်ယူသွားခဲ့၏။ သူက ၎င်းကို ထိန်းချုပ်ကာ အပျက်အစီးနယ်မြေ၏အဆုံးသို့ မောင်းနှင်လာခဲ့ကာ ပြန်လာစရာ အကြောင်းမရှိသဖြင့် လူတိုင်းကို ဒန်တန်အတွင်း ထည့်သွင်းခေါ်ဆောင်လာခဲ့သည်။ ရန်ဝူ၊ စန်းရှုံးနှင့် နောက်လိုက်များသည် ဒန်တန်အတွင်း လောကမှာ အလွန်ကျယ်ဝန်းပြီး ရွှေပိုင်နက်သားရဲသုံးကောင်ကို မြင်လိုက်သောအခါ တုန်လှုပ်အံ့သြနေကြ၏။ အလွန်အစွမ်းထက်သူများသည်သာ ဤမျှကျယ်ဝန်းသော ဒန်တန်မျိုးကို ပိုင်ဆိုင်နိုင်သဖြင့် အနာဂတ်က အဆုံးအစမဲ့သောကြောင့် ယဲ့ချန်၏ နောက်လိုက် ဖြစ်လာရခြင်းအပေါ် ပျော်ရွှင်ဝမ်းမြောက်နေကြသည်။

ကြယ်ကိုးလုံးအထက်တွင် နောက်လိုက်များက တင်ပျဥ်ခွေထိုင်ချ၍ ကျင့်ကြံလိုက်ပြီး ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်လိုက်သောအခါ ကြီးကြီးမားမား တိုးတက်ခဲ့ကြသည်။ ၎င်းပေါင်းစပ်မှုသည် သူတို့၏ရုပ်ခန္ဓာများကို အဆင့်တစ်မျိုးနွယ်၏ ရုပ်ခန္ဓာများအလား သန်မာအောင် ပြောင်းလဲပေးနေပြီး ကျင့်ကြံနှုန်းကလည်း အံ့သြစရာကောင်းလောက်အောင် မြန်ဆန်နေသည်။ ထိပ်တန်းကြယ်သခင်အချို့က ဉာဏ်အလင်းအချို့ ရသွားပုံပေါ်ပြီး အချိန်လေဟာနယ်ချီများကို စုပ်ယူကာ ဒန်တန်နှင့် တစ်သားတည်း ဖြစ်သွားကြ၏။ ဤတွေ့ရှိချက်က ယဲ့ချန်ကို အံ့အားသင့်သွားစေပြီး ဒန်တန်အတွင်း ကျင့်ကြံခြင်းသည် ဤမျှမြန်ဆန်ကြောင်း မျှော်လင့်မထားပေ။ နတ်ဆိုးတိုက်လှေသည် ကောင်းကင်တွင် ပျံသန်း၍ အပျက်အစီးနယ်မြေ၏ အဆုံးသို့ ရောက်လာပြီး လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်၌ ရပ်တန့်လိုက်သည်။ မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများသည် လှေပေါ်မှဆင်းလာသော ယဲ့ချန်ကို မြင်သောအခါ သတိကြီးကြီးဖြင့် ရှောင်ရှားသွားကြသည်။ ဤပတ်ဝန်းကျင်၌ သူတစ်​ယောက်တည်းသာ နတ်ဆိုးတိုက်လှေကို ပိုင်ဆိုင်ပြီး အသန်မာဆုံးဖြစ်သောကြောင့် ရန်စမိလျှင် ကိုယ့်ကိုကိုယ် သတ်သေသည်နှင့် မခြားပေ။

ယဲ့ချန်သည် ကျင့်ကြံသူများကို အကဲခတ်လိုက်သောအခါ အချို့၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ထင်ဟပ်နေကြောင်း တွေ့လိုက်ရသည်။

"ရွှမ်မူရဲ့ နောက်လိုက်တွေ"

သူက လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး တစ်ဖက်လူသည် သူ့ကို အလွန်အင်မတန် သတ်ချင်နေကြောင်း နားလည်လိုက်သည်။ သို့သော် သူက တစ်ဖက်လူကို စိန်ခေါ်ရန် အသင့်ဖြစ်နေသောကြောင့် လျှို့ဝှက်နယ်မြေထံ တည်ငြိမ်စွာ ဝင်ရောက်သွားခဲ့သည်။ ဝင်ပေါက်က တည်နေရာပြောင်း လမ်းကြောင်းတစ်ခုဖြစ်ပြီး သက်တန့်အလင်းများ တောက်ပနေကာ ဆန်းကျယ်သော စွမ်းအင်လှိုင်းများ လွှမ်းခြုံနေပုံပေါ်၏။ သူက ထိုမြင်ကွင်းကို အလွန်ရင်းနှီးနေပြီး ဝင်ပေါက်ရှေ့တွင် အချိန်လေဟာနယ်ချီများက ဝဲပမာ လှည့်ပတ်နေကြသည်။ သူ၏မျက်လုံးများက လမ်းကြောင်း၏အဆုံးကို မြင်နေရပြီး နတ်ဘုံနတ်နန်းပမာ လှပသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ သို့သော် သူမသိသည်မှာ ဤမြင်ကွင်းကို သူတစ်ယောက်တည်းသာ မြင်နိုင်ပြီး အခြားကျင့်ကြံသူများဆိုလျှင် အမှောင်ထုကိုသာ မြင်ရခြင်း ဖြစ်သည်။

ယဲ့ချန်သည် ဝင်ပေါက်ထံ လျှောက်လှမ်းသွားပြီး တည်နေရာပြောင်း လမ်းကြောင်းအတွင်း လှစ်ခနဲ ဝင်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် အမှောင်မြို့၏အလယ်တွင် ရှိနေသော ကြယ်ထက်၌ တင်ပျဥ်ခွေထိုင်နေသည့် ပုံရိပ်က လေထဲတွင် မျောလွင့်ကာ အလင်းရောင်ဖျော့ဖျော့ တောက်ပနေသည်။ ယဲ့ချန်က တည်နေရာပြောင်းလမ်းကြောင်းအတွင်း ဝင်ရောက်လိုက်သောအခါ သေမင်း၏မျက်လုံးများ ဖြတ်ခနဲ ပွင့်လာကာ တည်ငြိမ်လေးနက်ပြီး ခံစားချက်ကင်းမဲ့သော အပြုံးတစ်ခု ဖြစ်တည်လာသည်။ သူက လျှို့ဝှက်နယ်မြေအတွင်း ယဲ့ချန် ဝင်ရောက်မည်ကို ကြိုတင်တွက်ဆထားပုံပေါ်လေသည်။

All Chapters