← Chapters

အစစ်အမှန်နတ်ဘုံသို့ ရောက်ရှိသွားခြင်း

Vol. 66 Ch. 925

အစစ်အမှန်နတ်ဘုံသို့ ရောက်ရှိသွားခြင်း

Vol. 66 Ch. 925

အရိပ်များက တဖြတ်ဖြတ်​ပြေးလွှားနေကာ မျက်လုံးအတွင်း သက်တန့်ရောင်အလင်းများ ထွက်ပေါ်နေပြီး အချိန်မည်မျှကြာကြောင်း မသိရခင်မှာ ယဲ့ချန်သည် အဆုံးမဲ့ ဟင်းလင်းပြင်တွင် လွင့်မျောနေပုံရသည်။ ကြာချိန်က သူ တည်နေရာပြောင်းဖူးသော ခရီးများထက် ပို၍ကြာမြင့်နေပြီး တည်နေရာလမ်းကြောင်းတစ်ခုသည် လူတစ်ယောက်ကို အဝေးရှိ ကြယ်တစ်လုံးထံ ချက်ချင်းပို့ဆောင်ပေးနိုင်သော်လည်း နာရီအနည်းငယ်အထိ ကြာမြင့်နေပြီဖြစ်သည်။

"ငါက ဘယ်ကို ဦးတည်နေတာလဲ။ လမ်းကြောင်းအဆုံးမှာ ဘာရှိနေတာလဲ။ အမှောင်မြို့မှာ ဘာကြောင့် ဒီလိုလမ်းကြောင်းတစ်ခု ရှိနေရတာလဲ"

သူက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း အပြင်ဘက်သို့ ရောက်သွားရန် သေချာနေသဖြင့် စိတ်ရှုပ်နေခဲ့သည်။ ထို့အပြင် သူက တည်နေရာရွှေ့ပြောင်းနေစဥ် ဘေးနှစ်ဖက်တွင် စကြဝဠာ၏ဖြစ်တည်လာပုံကို မရေမတွက်နိုင်သော ပုံရိပ်များမှတဆင့် သိခဲ့ရသည်။ မူလတွင် စကြဝဠာသည် ဟင်းလင်းပြင်အတွင်း မျောလွင့်နေသော အစိုင်အခဲကြီးဖြစ်သော်လည်း တစ်နေ့တွင် ပေါက်ကွဲသွားကာ အပိုင်းအစများက ကြယ်အဖွဲ့အစည်းများ ဖြစ်လာကြပြီး ဤဖြစ်စဥ်အတွင်း မရေမတွက်နိုင်သော ဘဝပေါင်းများစွာ ဖြစ်တည်ချုပ်ငြိမ်းနေကြသည်။ ၎င်း၏အလယ်တည့်တည့်တွင် အလွန်အင်မတန်ကျယ်ဝန်းသော ကုန်းမြေတစ်ခုတည်ရှိပြီး ဒဏ္ဍာရီလာနတ်ဘုံဖြစ်ကာ ရှေးအကျဆုံး တည်နေရာဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက နတ်ဘုံသို့ ခြေချလိုနေကြပြီး တစ်ရက်ကျင့်ကြံလျှင် နှစ်ပေါင်းများစွာ ကျင့်ကြံသည်နှင့် ညီမျှသော အချက်ကြောင့် ဖြစ်သည်။ နတ်ပြည်ထောင်တိုင်းက ပါရမီရှင်များ ရွေးချယ်ကာ ထိုနေရာတွင် ပျိုးထောင်ပေးပြီး နတ်ဘုံအတွင်း နေရာတစ်ခု ခြေကုပ်ရယူထားသည်။

နတ်ပြည်သို့ ဝင်ရောက်ခွင့်ရသော မျိုးနွယ်တစ်ထောင်ကျော်ရှိပြီး နတ်မျိုးနွယ်များဟု သတ်မှတ်ကာ စကြဝဠာအတွင်း၌ အသန်မာဆုံး ဖြစ်သည်။ နတ်ပြည်ထောင်များ၏ ဘိုးဘေးနယ်မြေများလည်း နတ်ပြည်တွင် တည်ရှိပြီး ဤသတင်းအချက်အလက်များက ယဲ့ချန်၏မြင်ကွင်းအတွင်း ဝင်ရောက်လာကြသည်။ အလွန်ဝေးကွာခဲ့သော အတိတ်တွင် လူသားမျိုးနွယ်သည် နတ်မျိုးနွယ်တစ်ခုဖြစ်ခဲ့ပြီး နတ်ပြည်ထောင်တစ်ခု တည်ထောင်ချင်ခဲ့သော်လည်း ကျရှုံးခဲ့ရ၏။

"ဒီလမ်းကြောင်းရဲ့ အဆုံးက နတ်ပြည်လား"

ဤအတွေးကြောင့် သူက အလွန်တုန်လှုပ်သွားသကဲ့သို့ သမိုင်းကြောင်းများစွာကိုလည်း သိခဲ့ရသည်။ အလွန်ကျယ်ဝန်းသော စကြဝဠာအတွင်း အမှောင်မြို့ကဲ့သို့ နတ်ပြည်နှင့် ချိတ်ဆက်နေသော တည်နေရာလမ်းကြောင်းများလည်း ရှိနေနိုင်သည်။ သို့သော် နတ်ပြည်သည် ဝင်ရောက်လာသူများကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး နတ်မျိုးနွယ်များအတွင်းမှ မဟုတ်သူများနှင့် အမည်မသိကျင့်ကြံသူများမှာ ချက်ချင်းသတ်ဖြတ်ခံရပေလိမ့်မည်။ ၎င်းက အလွန်ကျယ်ဝန်းသော်လည်း မျိုးနွယ်တိုင်းက ခြေကုပ်ရယူလိုနေပြီး မျိုးဆက်များအတွက် နေရာတစ်ခု တည်ထောင်ပေးချင်နေကြသည်။ ခွန်အားမလုံလောက်သော မျိုးနွယ်များမှာ သတ်ဖြတ်ခံရပြီး အလွန်နည်းပါးသော အရေအတွက်အချို့သာ နတ်ပြည်အတွင်း နှစ်သောင်းချီ၌ ဝင်ရောက်နိုင်ခဲ့ကြသည်။

နတ်ပြည်တွင် ပိုင်နက်ရှိသော မျိုးနွယ်တိုင်းမှာ အလွန်အစွမ်းထက်ပြီး လူသားမျိုးနွယ်သည် နတ်မျိုးနွယ်တစ်ခုဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျရှုံးခဲ့ရသည်။ နောက်ဆုံးတွင် နတ်ပြည်မှ ၎င်းကို ထုတ်ပယ်လိုက်ပြီး စကြဝဠာအတွင်း မိဘမဲ့များသဖွယ် စွန့်ပစ်ခံလိုက်ရသည်။ မရေမတွက်နိုင်သော လူသားကျင့်ကြံသူများသည် နတ်ပြည်သို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း သုတ်သင်ခံလိုက်ရပြီး နောက်ဆုံးတွင် လူသားမျိုးနွယ်သည် ရှင်းဟွမ်မျိုးနွယ်၏ ကျွန်သဘောက်ဘဝ ရောက်ခဲ့ရသည်။ လူသားမျိုးနွယ်၏ တိုက်ပွဲများကို ယဲ့ချန်က မြင်နေရပြီး မနီးမဝေးတွင် ပုံရိပ်တစ်ခု ဝေဝါးစွာ ထွက်ပေါ်လာ၏။ သူက တည်နေရာပြောင်း လမ်းကြောင်းအတွင်း ရှိနေဆဲဖြစ်သော်လည်း တစ်ဖက်လူက ဝင်ရောက်လာသောကြောင့် ရင်ထိတ်သွားသည်။

"နောက်ဆုံးတော့ ငါတို့ တွေ့ရပြီ"

ပုံရိပ်က တည်ငြိမ်စွာ ပြောလိုက်ခြင်းဖြစ်ကာ တည်နေရာလမ်းကြောင်းအတွင်း တည်ငြိမ်စွာ ရပ်နေသဖြင့် ခွန်အားမှာ ကြောက်စရာကောင်းနေသည်။

"သေမင်း"

ယဲ့ချန်၏ မျက်လုံးများက စူးရှထက်မြက်သွားသည်။

"မဆိုးဘူး။ မင်းက ဉာဏ်ကောင်းသားပဲ"

သေမင်းက သူ၏မျက်နှာကို ဖုံးကွယ်ထားပြီး အစစ်အမှန် ရုပ်သွင်ကို ထုတ်မပြခဲ့ပေ။

"ဒီပုံရိပ်တွေက မင်း လုပ်လိုက်တာလား"

"ဟုတ်တယ်။ မင်းက လူသားမျိုးနွယ်ရဲ့ ကံတရားကို ထမ်းဆောင်နိုင်မယ်လို့ ငါ မယုံပေမယ့် ကံသော့ချက်ကို ပိုင်ဆိုင်ထားတယ်။ တန်းယွမ်ကို အမှောင်မြို့အပြင်ကို ငါ ပို့လိုက်တယ်။ သူသာရှိနေရင် အန္တရာယ်များလွန်းတဲ့ နတ်ပြည်ကို မင်း မဝင်နိုင်အောင် တားမြစ်လိမ့်မယ်"

သေမင်းက ခေါင်းညိတ်ပြလိုက်သည်။

"ဒီလူက ဘယ်လိုလူစားမျိုးလဲ။ ဘာတွေကို ကြံစည်နေတာလဲ။ သူပြောတဲ့ လူသားမျိုးနွယ်ရဲ့သော့ချက်က ဓားပျံ ဖြစ်နေမလား။ ငါ ပိုင်ဆိုင်ထားသမျှ ရတနာတွေထဲမှာ ဓားပျံက အစွမ်းအထက်ဆုံးပဲ"

ယဲ့ချန်သည် သေမင်း၏ ဝေဝေဝါးဝါး ပုံရိပ်ကို စိုက်ကြည့်နေရင်း အတွေးနက်နေသည်။

"နတ်ပြည်ကို မင်းရောက်သွားရင် ဒီလမ်းကြောင်းကို ပိတ်လိုက်မယ်။ မင်းက အဲ့ဒီနေရာမှာ ရပ်တည်နိုင်မလား ဆိုတာကတော့ ကိုယ့်ကိုကိုယ် အားကိုးပေတော့။ မင်းသေရင် ကံသော့ချက်ကို ငါ လာယူမယ်။ ငါက အမှောင်မြို့ကို အုပ်ချုပ်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ နတ်ပြည်ရဲ့မျိုးနွယ်တွေထဲကို နည်းမျိုးစုံ အသုံးပြုပြီး ဝင်ရောက်နိုင်ခဲ့တယ်။ ဒီအချက်ကို တန်းယွမ်တောင် မသိဘူး။ မင်းဘာလုပ်လုပ် ငါ့လက်အောက်ကနေ မလွတ်မြောက်နိုင်ဘူးဆိုတာ သတိရပါ"

သေမင်းက လူသားမျိုးနွယ်၏ ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ကျိုးလီနှင့် တစ်ဖက်တည်းမဟုတ်ဘဲ နတ်ပြည်သို့ပြန်ရန် အခြားနည်းလမ်းတစ်မျိုးဖြင့် ကြိုးစားနေသည်။ လူသားများသည် အမြဲတမ်း သဘောထားကွဲလွဲနေပြီး သေမင်း၏ ရည်ရွယ်ချက်က နတ်ပြည်သို့ ဝင်ရောက်နိုင်ရန်သက်သက် မဟုတ်ကြောင်း ယဲ့ချန်က ခံစားနေရသည်။ သေမင်းကဲ့သို့ လူတစ်ယောက်က ထိုနေရာသို့ ဝင်ရောက်လိုလျှင် အလွန်ရိုးရှင်းသော်လည်း အမှောင်မြို့ကို တည်ဆောက်ကာ အပြင်လောကနှင့် နတ်ပြည်ကို လမ်းကြောင်းတစ်ခုဖြင့် ဆက်သွယ်ထားခဲ့၏။

"ဒီလူက ဘာတွေကြံစည်နေတာလဲ။ ငါက နတ်ပြည်က ပြန်လာလို့ မရတော့ဘူးလား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သောအခါ စကြဝဠာအတွင်း နတ်ပြည်လမ်းကြောင်းများစွာ ရှိနေပြီး အထွက်လမ်းတစ်ခုတည်း မဟုတ်ကြောင်း သုံးသပ်လိုက်သည်။ နတ်ပြည်သည် အလွန်ကျယ်ဝန်းပြီး အစွမ်းထက် နတ်လှေများဖြင့်ပင် တစ်နေရာနှင့်တစ်နေရာ ခရီးသွားရန် နှစ်ချီကြာမြင့်ကာ နှိုင်းယှဉ်ရလျှင် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းမှာ အလွန်သေးငယ်နေသည်။ မရေမတွက်နိုင်သော အစွမ်းထက်မျိုးနွယ်များ နေထိုင်ပြီး အသက်သန်းချီသော ပြိုင်ဘက်ကင်း ကျင့်ကြံသူများ ရှိနိုင်သော်လည်း သူက လုံးဝကြောက်စိတ် မရှိပေ။ နတ်ပြည်ကို မရေမတွက်နိုင်သော မျိုးနွယ်များက မျက်စိကျနေပြီး နေ့စဥ် ထိုးဖောက်ဝင်ရောက်ချင်သူ များစွာရှိနေသော်လည်း အသတ်ခံရပြီး ဝိညာဥ်များ ပျက်ပြယ်သွားကြသည်။ ထိုကျင့်ကြံသူများမှာ အထူးသဖြင့် အသက်ကြီးရင့်နေပြီဖြစ်ပြီး အသက်ဆက်ရှင်နိုင်ရန်အတွက် နတ်ပြည်သို့ မဖြစ်မနေ ဝင်ရောက်ရန် လိုအပ်သောကြောင့်ဖြစ်သည်။ နတ်ပြည်တွင် ကျင့်ကြံသူတစ်ယောက်က ထာဝရ ရှင်သန်နိုင်သည်ဟု ကောလဟာလ သတင်းများစွာ ရှိလေသည်။

နတ်ပြည်တွင် အန္တရာယ်များသည် တွေးနိုင်သည့်အတိုင်း အတာထက်ကျော်လွန်နေပြီး အသက်ရှင်လိုလျှင် နတ်မျိုးနွယ်တစ်ခု၏ ကာကွယ်မှုကို လိုအပ်သည်။ ယဲ့ချန်သည် သေမင်းကို သတိထားရန် ဆုံးဖြတ်လိုက်ပြီး တစ်ဖက်လူက ကောက်ကျစ်သော လူသားများနှင့် ကွာခြားသော်လည်း ရန်သူ မဟုတ်ကြောင်း မသေချာပေ။

ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းပြီးနောက် သူက မြေပြင်ပေါ်သို့ ခြေချနိုင်ခဲ့ပြီး မြင်မြင်သမျှက သူ၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။ အရာအားလုံးသည် ပန်းချီကားတစ်ချပ်ပမာ လှပပြီး ပန်းများ ပွင့်လန်းနေကာ သစ်တောအုပ်ကြီးများအတွင်း စမ်းချောင်းများ တသွင်သွင် စီးဆင်းနေကြ၏။ အချိန်လေဟာနယ်ချီက အံ့သြစရာကောင်းလောက်အောင် သိပ်သည်းနေပြီး သက်တန့်များပင် ဖြစ်ပေါ်နေသောကြောင့် တစ်ရက်ကျင့်ကြံလျှင် အမှန်တကယ်ပင် နှစ်ချီကျင့်ကြံသည်နှင့် အကျိုးကျေးဇူး ကွာခြားမည် မဟုတ်ပေ။ ယဲ့ချန်က ခြေတစ်လှမ်း လှမ်းလိုက်သောအခါ နောက်တစ်လှမ်းတက်ရန် လေးလံနှေးကွေးနေသည်။ အချိန်ကြာမြင့်သောအခါ သူသည် ဤနေရာရှိ စွမ်းအင်များနှင့် အသားကျလာပြီး ဒန်တန်အတွင်း၌ ကြယ်ကိုးလုံးက လည်ပတ်ရင်း ပတ်ဝန်းကျင်မှ ချီများကို စုပ်ယူလိုက်ကြသည်။

"ဂီး"

အချိန်လေဟာနယ် ချီကိုးမျိုးက ယဲ့ချန်၏ကိုယ်တွင်းသို့ စီးဝင်နေစဥ် ငှက်အော်သံတစ်ခု ထွက်ပေါ်လာသောကြောင့် သူက မော့ကြည့်လိုက်သည်။ တောင်ပံအလျား ဆယ်မီတာကျော်ရှည်သော ဧရာမငှက်ကြီးတစ်ကောင်က သူ့ထံ ထိုးဆင်းလာပြီး တစ်ကိုယ်လုံးတွင် အရောင်ငါးရောင် တောက်ပနေကာ ဒဏ္ဍာရီလာ ဖီးနစ်ပမာ လှပနေသည်။ ၎င်း၏ခြေသည်းများက အလွန်ထက်ရှပြီး သတ္တုဖြင့် သွန်းလုပ်ထားသကဲ့သို့ ထင်မှတ်ရကာ အရှိန်အဝါသည် အလွန်ထူးခြားကြောင်း သူက အာရုံခံနိုင်ခဲ့သည်။ နတ်ပြည်က အလွန်အန္တရာယ်များပြီး ကျပန်းထွက်ပေါ်လာသော ငှက်တစ်ကောင်သည်ပင် ကြယ်သခင်အဆင့်ကို ကျော်လွန်နေသည်။ သူက မတုံ့ဆိုင်းရဲသဖြင့် အဝေးရှိ သစ်တောကြီးထံ ပြေးထွက်လိုက်ရင်း ကောင်းကင်ဓားပျံတစ်လက် ဆင့်ခေါ်ကာ ငှက်၏ခေါင်းထံ ပစ်ခတ်လိုက်သည်။

"ဘန်း"

ခရမ်းရောင်သွေးများ ပန်းထွက်လာပြီး ငှက်၏တိုက်ကွက်က လွဲချော်သွားကာ ယဲ့ချန်ဘေးမှ ပွတ်ကာသီကာ ဖြတ်ကျော်သွားသည်။

"ဘုန်း"

၎င်းက မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မိသွားသောကြောင့် တွင်းကြီးတစ်ခု ဖြစ်ပေါ်လာရာ ယဲ့ချန်က စစ်ဆေးလိုခဲ့သည်။ ဓားပျံသည် ပစ်မှတ်ကို ထိမှန်သွားကာ ခရမ်းရောင်သွေးများ ပန်းထွက်နေသော်လည်း မြင်လိုက်ရသော အရာကြောင့် သူက အံ့သြသွား၏။ ငှက်ခေါင်းရှိ ဒဏ်ရာက လျင်မြန်စွာ ကောင်းမွန်လာပြီး ဒေါသတကြီး အော်မြည်လိုက်သံက ကောင်းကင်တွင် ပဲ့တင်ထပ်သွားကာ တိုက်ခိုက်လိုစိတ်များ ဝုန်းခနဲ ထွက်ပေါ်လာလေသည်။

All Chapters