ဆန်းကျယ်သော အလင်းတန်း
Vol. 66 Ch. 926
ငှက်၏ဦးခေါင်းကို ဓားပျံက ဖောက်ထွက်သွားသော်လည်း အသက်ရှင်နေဆဲဖြစ်ပြီး အရှိန်အဝါသည် ပို၍ပြင်းထန်ကာ ကြောက်စရာကောင်းလာကြောင်း ယဲ့ချန်က ခံစားလိုက်ရသည်။ သူက ချက်ချင်းခုန်ထွက်ကာ သစ်တောအတွင်း ဦးတည်လိုက်ချိန်တွင် ၎င်းက နာကျည်းစွာ အော်မြည်၍ ကပ်လျက်လိုက်ပါလာခဲ့၏။ အချိန်ခဏအကြာတွင် မြေပြင်တွင် ဖြစ်ပေါ်လာသော တွင်းကြီး ပျောက်ကွယ်သွားကာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ နတ်ပြည်တွင် ဆန်းကျယ်သော ချီတစ်မျိုး တည်ရှိနေပြီး ၎င်းက သက်ရှိများကိုဖြစ်စေ၊ အရာဝတ္ထုများကိုဖြစ်စေ ထိခိုက်သွားလျှင် ပြန်လည်ကောင်းမွန်လာစေနိုင်သဖြင့် အင်မော်တယ်ဘုံ ဖြစ်နေသည်။ ဤအချက်ကြောင့် ဓားပျံက ငှက်၏ဦးခေါင်းကို ဖောက်ထွက်သွားသော်လည်း ချက်ချင်းသေဆုံးမသွားခြင်း ဖြစ်၏။
အကယ်၍ နတ်ပြည်တွင် သတ်ဖြတ်လိုလျှင် အစွမ်းထက်ကျင့်စဥ်များကို အသုံးပြုခြင်း သို့မဟုတ် တိုက်ရိုက်ဝါးမျိုခြင်း စသည့် နည်းလမ်းများ လိုအပ်ကာ ယေဘူယျပြောရလျှင် ဒဏ်ရာက မည်မျှပြင်းထန်ပါစေ၊ ဝိညာဥ်တစ်စနှင့် အသားတစ်စ ကျန်ရစ်လျှင်ပင် ပြန်လည်ကောင်းမွန်လာနိုင်သည်။ ယဲ့ချန်က သစ်တောအတွင်း လျင်မြန်စွာ ထွက်ပြေးနေပြီး ငှက်က လိုက်လံထိုးဆိတ်နေသဖြင့် သစ်ကိုင်းများ တဖြောင်းဖြောင်း ကျိုးသွားသော်လည်း လိုက်မမီနိုင်ခဲ့ပေ။ သူက ယုန်တစ်ကောင်ပမာ ထွက်ပြေးနေပြီး ဒန်တန်အတွင်း အကဲခတ်လိုက်သောအခါ နောက်လိုက်များသည် သက်တောင့်သက်သာရှိစွာဖြင့် ကျင့်ကြံနေကြောင်း တွေ့လိုက်ရသည်။ သူက တစ်နေ့လုံး ထွက်ပြေး ပုန်းအောင်းရင်း ငါးရောင်ခြယ်မှိုများစွာကို ရှာတွေ့ခဲ့ပြီး သန့်စင်ရန်အတွက် တွေ့သမျှ ခူးယူကာ ဒန်တန်အတွင်း သန့်စင်နေသည်။
သူက ၎င်း၏ဆေးအာနိသင်များကို ကောင်းစွာနားလည်နေပြီ ဖြစ်သောကြောင့် အဆိပ်ဓာတ်များကြောင့် ဒန်တန်အတွင်း ကျင့်ကြံနေသူများ မထိခိုက်စေရန် စီမံနိုင်ခဲ့သည်။ သစ်တောအတွင်း လှည့်ပတ်ပြေးလွှားနေရင်း ယဲ့ချန်သည် ငါးရောင်ခြယ် မှိုပေါင်းသောင်းချီကို သန့်စင်ခဲ့ပြီး ကျင့်ကြံဆင့်လည်း တိုးတက်လာသည်။ ထို့အပြင် နတ်ပြည်၏ အချိန်လေဟာနယ်ချီများကိုလည်း စုပ်ယူနေပြီး သိပ်သည်းဆက အပြင်လောကထက် အဆပေါင်းများစွာ ပိုလျှံနေသည်။ ကောင်းကင်က မှောင်လာသောအခါ သူက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဝင်ရောက်ပုန်းအောင်းပြီး အပြင်ဘက်ကို စောင့်ကြည့်နေသည်။ ငှက်သည် အချိန်ကြာမြင့်စွာ လိုက်လံဖမ်းဆီးခဲ့ပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်အပြင် သူက တံဆိပ်အတွင်း ပုန်းအောင်းသွားသောအခါ အရှိန်အဝါကို အာရုံမခံနိုင်တော့သဖြင့် နောက်ဆုံးတွင် လက်လျှော့သွားခဲ့သည်။
ညအချိန်တွင် သစ်တောအတွင်း သားရဲဟိန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်နေပြီး အနိမ့်ဆုံး အဆင့်နှစ်မျိုးနွယ်များဖြစ်ကာ ကျင့်ကြံဆင့်အရာတွင် ကောင်းကင်ကြယ်သခင်များအောက် မလျော့ပေ။ ကြယ်သခင်အဆင့်ကို ကျော်လွန်သော ကျင့်ကြံသူများလည်းရှိပြီး အမှောင်ထဲတွင် တိုက်ခိုက်သတ်ဖြတ်နေသံများကို ကြားနေရသည်။ ကံကောင်းသည်မှာ ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ကို ပိုင်ဆိုင်ထားပြီး ထိုကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် အသက်ရှင်စရာ အကြောင်းမရှိပေ။ နတ်ပြည်၏နေရာတိုင်းတွင် ရက်စက်ကြမ်းတမ်းသော တောဥပဒေသာ ကြီးစိုးနေသည်။
စကြဝဠာအတွင်း အသွင်များမှာ အဆင့်မျိုးစုံ ကွဲပြားပြီး သားရဲအသွင်က လူအသွင်အောက် နိမ့်ကျကာ ရေလိပ်ပြာမျိုးနွယ်ကဲ့သို့ ထူးဆန်းသော အသွင်များလည်း ရှိသည်။ သို့သော် လူသားသွင်ပြင်က အဆင့်အမြင့်ဆုံးဖြစ်ကာ ရှေးလူသားမျိုးနွယ်သည် အလွန်တရာ အစွမ်းထက်ခဲ့သော်လည်း နောက်ပိုင်းတွင် နိမ့်ကျလာကာ နတ်ပြည်မှ ထုတ်ပယ်ခံခဲ့ရသည်။ သို့သော် လူသားမျိုးနွယ်၏ မျိုးပွားနိုင်စွမ်းက မြင့်မားသောကြောင့် စကြဝဠာတစ်ခွင် အရှုပ်ထွေးဆုံးသော မျိုးဆက်သွေးအဖြစ် ပြန့်ကြဲတည်ရှိခဲ့သည်။ နတ်ပြည်သို့ ပြန်လည်မတက်ရောက်နိုင်သည်မှာ အချိန်များစွာ ကြာလာသောအခါ မျိုးဆက်သွေးက အားနည်းလာသည့်အပြင် ကောက်ကျစ်သော ရှင်းဟွမ်မျိုးနွယ်၏ အခွင့်အရေးယူခြင်းကို ခံခဲ့ရသည်။ ထို့နောက် အလိမ်အညာ စကားတစ်ခုဖြစ်သော လူသားမျိုးနွယ်ကို ရှင်းဟွမ်မျိုးနွယ်မှ ဖန်တီးခဲ့သည်ဟု အယုံသွင်းကာ ခိုင်းစားခဲ့ကြသည်။
နှစ်ပေါင်းများစွာအတွင်း လူသားမျိုးနွယ်တွင် ထွက်ပေါ်လာသော အစွမ်းထက်သူအားလုံးကို ရှင်းဟွမ်မျိုးနွယ်က အောက်တန်းကျစွာ လုပ်ကြံခဲ့သည်။ သို့သော် လူသားမျိုးနွယ်က အဆုံးသတ်မသွားဘဲ ပါရမီရှင်များ နေ့စဥ်နေ့တိုင်း မွေးဖွားလာနေသောကြောင့် သူတို့က ကြောက်ရွံ့လာကာ ဆက်လက်ကြီးထွားခွင့်ပြုထားလျှင် အမှန်တရား ထွက်ပေါ်လာမည်ကို စိုးရိမ်လာကြ၏။ လူသားမျိုးနွယ်သာ ဘိုးဘေးများက နတ်မျိုးနွယ်တစ်ခု ဖြစ်ခဲ့ကြောင်း သိသွားလျှင် သေချာပေါက် ပုန်ကန်လာနိုင်သောကြောင့် ကာကွယ်ပေးလိုသော ရှင်းဟွမ်အနည်းငယ် ရှိသော်လည်း အများစုသည် လူသားမျိုးနွယ်၏ စွမ်းအားကို အကြောက်ကြီးကြောက်ကာ စတင်သတ်ဖြတ်ခဲ့ကြသည်။ သန်းရာချီသော လူသားကျင့်ကြံသူများက ချက်ချင်းစုစည်း၍ ပြင်းထန်စွာ ခုခံခဲ့ကြသော်လည်း ရှေးလူသားများလောက် အစွမ်းမထက်သဖြင့် မရေမတွက်နိုင်သော သူရဲကောင်းများစွာ အသက်ပေးခဲ့သော်လည်း ယုတ်မာသည့် ရှင်းဟွမ်မျိုးနွယ်၏ လုပ်ရပ်ကို မတားဆီးနိုင်ခဲ့ပေ။ စကြဝဠာ၏နေရာတိုင်းတွင် လူသားများ သတ်ဖြတ်ခံနေရပြီး အချို့က ရှင်းဟွမ်မျိုးနွယ်ကို ရင်ဆိုင်ရန်အတွက် နတ်ဆိုးမျိုးနွယ်များထံ ခိုလှုံခဲ့ကြသည်။ လူသားမျိုးနွယ်က မည်မျှကြိုးစားပါစေ၊ အားနည်းသောကြောင့် နတ်ပြည်သို့ ဝင်ရောက်ကာ နတ်ပြည်ထောင်တစ်ခု တည်ထောင်နိုင်ရန် အလှမ်းကွာဝေးနေသည်။
ယဲ့ချန်သည် သေမင်းပြသခဲ့သော မြင်ကွင်းများကို ပြန်လည်သုံးသပ်နေခြင်းဖြစ်ကာ လူသားများ သတ်ဖြတ်ခံနေရသည်ကို မြင်တွေ့နေရသည်။ ဤမြင်ကွင်းက ရက်စက်လွန်းသောကြောင့် သူ၏စိတ်များ လေးလံလာကာ အချိန်ကြာမြင့်စွာ ဖိနှိပ်ထားသော အတွင်းစိတ်ရိုင်း ပြန်လည်ထကြွလာ၏။ ထို့ကြောင့် ဆေးအနည်းငယ်ကို ချက်ချင်းသန့်စင်ကာ စိတ်ရိုင်းအား ပြန်လည်ထိန်းချုပ်ပြီး နှလုံးသားကို တည်ငြိမ်စေလိုက်သည်။ သေမင်း၏ ခွန်အားဖြင့်ပင် ရှင်းဟွမ်မျိုးနွယ်ကို မယှဥ်နိုင်သောကြောင့် နတ်ပြည်တွင် နေရာတစ်ခုမရယူနိုင်လျှင် နှစ်အနည်းငယ်အတွင်း လူသားမျိုးနွယ်မှာ မျိုးဖြုတ်ခံရပေလိမ့်မည်။ အကယ်၍ သူသာ လူသားမျိုးနွယ်၏ ကံသော့ချက်ကို ပိုင်ဆိုင်ထားလျှင် လူသားမျိုးနွယ်ရှင်သန်ရေးအတွက် ဤတာဝန်ကို လက်ခံရန် ဆုံးဖြတ်လိုက်သောကြောင့် ယဲ့ချန်၏ မျက်လုံးများ ပြတ်သားတင်းမာနေသည်။
သူက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေစဥ် ပတ်ဝန်းကျင်၌ အစွမ်းထက်အရှိန်အဝါများ ဖြတ်သန်းသွားလာနေကြသည်။ ထိုကျင့်ကြံသူများရှေ့မှောက်တွင် ထိပ်တန်းကြယ်သခင်များပင် ပုရွက်ဆိတ်ပမာ သေးငယ်ပြီး ဤနေရာရှိ အများစုသည် မရေမတွက်နိုင်သော နှစ်များ ရှင်သန်ခဲ့သဖြင့် အံ့သြစရာကောင်းသော အဆင့်မျိုးအထိ ရောက်နေရန် သေချာသည်။ အဆုံးအစမဲ့ ကျယ်ဝန်းသည့် နတ်ပြည်တွင် နတ်အဆင့် ကျင့်ကြံသူများ မည်မျှရှိနေမည်ကို အတပ်မပြောနိုင်ပေ။
ယဲ့ချန်သည် သစ်တောအတွင်း ဆေးပင်မျိုးစုံကို စုဆောင်းကာ ကျင့်ကြံရင်း ဆယ်ရက်ကျော်ကြာသောအခါ ခွန်အား တိုးတက်လာသည်။ နတ်ပြည်တွင် ကျင့်ကြံနှုန်း အလွန်မြန်ဆန်ပြီး သူက ကောင်းကင်ကြယ်သခင်ဖြစ်လာရန် မဝေးတော့သကဲ့သို့ ဒန်တန်အတွင်း ကျင့်ကြံနေသူများလည်း တိုးတက်နှုန်းမြန်ဆန်နေ၏။ သို့သော် ဒန်တန်အတွင်း၌ ချီများ နည်းပါးလာပြီး ငါးရောင်ခြယ်မှိုများစွာကို သန့်စင်ခဲ့သော်လည်း သူ၏နောက်လိုက် အရေအတွက်က များပြားသောကြောင့် မလုံလောက်ပေ။ အကယ်၍ ဓားပျံမှ ချီများသာ ထုတ်လုပ်ပေးနေခြင်း မရှိလျှင် ဒန်တန်က ခြောက်ကပ်သွားနိုင်သောကြောင့် ဆေးပင်များ ထပ်မံလိုအပ်နေ၏။
"ဘုန်း"
ယဲ့ချန်က ဆေးပင်များ ထပ်မံရှာဖွေရန် အတွေးနက်နေစဥ် ကျယ်လောင်လွန်းသော တုန်ခါသံကြီးတစ်ခု ထွက်ပေါ်လာကာ မြေပြင်မှာ သိမ့်ခနဲ တုန်ခါသွားသည်။
"ဘာဖြစ်တာလဲ"
အစွမ်းထက် ဝိညာဥ်အသိစိတ်များစွာ ထွက်ပေါ်လာကြောင်း သူက အာရုံခံမိလိုက်သော်လည်း ၎င်းတို့က အဝေးတစ်နေရာသို့ ဦးတည်နေကြ၏။ အဝေးတွင် ကောင်းကင်သို့ ရွှေရောင်အလင်းတစ်ခု ထိုးတက်လာပြီး အလင်းရောင်များက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာသည်။ ထိုအလင်းက သူ့ကို ဖြတ်သန်းသွားသောအခါ တစ်ကိုယ်လုံးရှိ မွေးညှင်းပေါက်များ ပွင့်ထွက်သွားပြီး သက်တောင့်သက်သာရှိကာ ကျင့်ကြံဆင့်က နောက်တစ်ဆင့်သို့ ဖြတ်ခနဲ တက်သွား၏။
"ဒီရွှေရောင်အလင်းက ဘာလဲ။ ဘာကြောင့် ဒီလိုအကျိုးသက်ရောက်မှုမျိုး ရှိနေတာလဲ"
ရွှေရောင်အလင်းများက ကီလိုမီတာသောင်းချီအထိ ဖြန့်ကျက်ဖုံးအုပ်ထားသောကြောင့် ယဲ့ချန်က ကြောင်အအ ဖြစ်နေခဲ့သည်။ ကြုံးဝါးသံများနှင့်အတူ မရေမတွက်နိုင်သော ကျင့်ကြံသူများ ထွက်ပေါ်လာကာ အလွန်တရာ မြန်ဆန်စွာဖြင့် ၎င်း၏ဇစ်မြစ်ထံ ဦးတည်ပျံသန်းနေကြ၏။ ထိုကျင့်ကြံသူများတွင် အနိမ့်ဆုံးမှာ ကောင်းကင်ကြယ်သခင်ဖြစ်ပြီး နတ်ပြည်၏နေရာတိုင်းတွင် တွေ့နိုင်ကာ အစစ်အမှန် အစွမ်းထက်သူများမှာ နတ်အဆင့်များ ဖြစ်ကြသည်။
"ဒီရွှေအလင်းက ရတနာလား"
ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း တင်ပျဥ်ခွေထိုင်နေသော ယဲ့ချန်သည် ရွှေရောင်အလင်း၏ ဗဟိုထံ ပျံသန်းနေသူများကို ကြည့်ရင်း အတွေးနက်နေသည်။ ၎င်းက မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများကို ဆွဲဆောင်နိုင်သောကြောင့် ရတနာတစ်ခု ဖြစ်နိုင်သော်လည်း သူ၏လက်ရှိခွန်အားဖြင့် လုယူလိုလျှင် မြေစာပင် ဖြစ်သွားပေလိမ့်မည်။ အထူးသဖြင့် နတ်အဆင့် ကျင့်ကြံသူများက သူ့ကို အလွယ်တကူ ဖိနှိပ်နိုင်သောကြောင့် ခဏတာစဥ်းစားပြီး အခြေအနေကို သွားရောက်အကဲခတ်ရန်သာ ဆုံးဖြတ်လိုက်၏။ သူက တိုက်ပွဲများအတွင်း ဝင်ရောက်မည်မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းများထံမှ စွမ်းအင်ကို စုပ်ယူရန်သာ ဖြစ်သည်။ ထိုအလင်းမှာ လောကဝိညာဥ်ဖြစ်နိုင်ပြီး သူ၏လက်ဝါးရှိ ကောင်းကင်သိုင်းဝိညာဥ် တုန်ခါနေသောကြောင့် ပတ်သက်နေနိုင်သည်။
ယဲ့ချန်က ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ပုံသဏ္ဍာန်မျိုးစုံနှင့် ကျင့်ကြံသူများကို တွေ့နေရသည်။ သူ၏အကြည့်က လူသားတစ်ယောက်နှင့် ဆင်တူသော်လည်း နဖူးတွင် ရွှေရောင်ဂျိုတစ်ချောင်း ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်ထံ ကျရောက်သွားခဲ့သည်။ နတ်ပြည်တွင် လူသားမျိုးနွယ် ပေါ်ထွက်လာလျှင် သုတ်သင်ခံရမည် ဖြစ်သော်လည်း အဆင့်တစ်မျိုးနွယ်ဖြစ်သည့် ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်ဆိုလျှင် ပြဿနာ နည်းပါးပေသည်။ ၎င်းက နတ်မျိုးနွယ်များအနက် အစွမ်းထက်ပြီး သာမန်မျိုးနွယ်များက ရန်စရဲမည် မဟုတ်သောကြောင့် သူသည် နေရောင်အောက်မှ ကျင့်စဥ်ဖြင့် အသွင်ယူလိုက်သည်။ နဖူးတွင် ရွှေရောင်ဂျိုတစ်ချောင်း ထွက်ပေါ်လာသော ယဲ့ချန်က တံဆိပ်အတွင်းမှ ထွက်ခွာ၍ ရွှေရောင်အလင်းများ ထွက်ပေါ်လာရာသို့ ဖြည်းညှင်းစွာ ချဥ်းကပ်သွားလေသည်။