← Chapters

ရွှေကျီးရေကန်

Vol. 66 Ch. 927

ရွှေကျီးရေကန်

Vol. 66 Ch. 927

ယဲ့ချန်သည် ရွှေရောင်အလင်း ထွက်ပေါ်လာရာသို့ နီးကပ်လာသောအခါ မြင်ကွင်းကြောင့် မင်သက်သွားခဲ့သည်။ အလင်းတန်း၏ ဇစ်မြစ်က ကျယ်ဝန်းသော ရေကန်တစ်ခုဖြစ်ကာ ရေမျက်နှာပြင်ထက်တွင် ထောင်ချီသော အလင်းတန်းများကြောင့် လှပစွာ တဖိတ်ဖိတ် တောက်ပနေသည်။ ရေကန်အောက်တွင် မည်သည့်အရာများ ရှိနေကြောင်း မသိရသော်လည်း ပတ်ဝန်းကျင်၌ တဲများဆောက်လုပ်ထားကာ ကျင့်ကြံသူများ ဝင်ထွက်သွားလာနေကြသည်။ တဲစခန်းအတွင်းရှိ ကျင့်ကြံသူများက အလွန်မသန်မာသော်လည်း အနီးအနားရှိ တောင်များပေါ်တွင် နတ်အဆင့် အရှိန်အဝါအနည်းငယ် ပုန်းအောင်းနေပြီး ကြောက်စရာကောင်းလွန်းနေသည်။ ဤအခြေအနေကြောင့် သူက ရေကန်ထဲတွင် တစ်ခုခုရှိနေကြောင်း သဘောပေါက်သွားပြီး ရေကန်ဘေးတွင် စခန်းချနေသူများက ရတနာရှာဖွေရန် ဖြစ်ပေလိမ့်မည်။

တဲစခန်းအတွင်း မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများစွာ ရှိသော်လည်း အချင်းချင်းရန်လိုဟန် မရှိသောကြောင့် နတ်ပြည်၏ နယ်ခံများကြားတွင် ထင်သလောက် ရန်များခြင်း ရှိပုံမရချေ။ ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်သည် တဲစခန်းထံ လျှောက်လှမ်းသွားပြီး ကျင့်ကြံသူများအကြား ရောက်ရှိသွား၏။ ရှစ်ဆယ်ရာခိုင်နှုန်းသော ကျင့်ကြံသူများက လူအသွင် ပြောင်းလဲထားကြပြီး သူ့ကို တစ်ချက်သာကြည့်၍ လျစ်လျူရှုထားကြသည်။ ရွှေဂျိုမျိုးနွယ်ဝင်များ ရှိသော်လည်း အလွန်အမင်းကြီးမားသော မျိုးနွယ်တစ်ခုဖြစ်ကာ နတ်ပြည်၏ ပိုင်နက်နှစ်ဆယ်အနက် စန်းရီပိုင်နက်တစ်ခုတည်းတွင် ရွှေဂျိုမျိုးနွယ်ဝင် သန်းခြောက်ရာကျော် ရှိသောကြောင့် တစ်ချက်သာ စိုက်ကြည့်၍ စကားလာမပြောခဲ့ပေ။

ရွှေဂျိုမျိုးနွယ်ဝင်များက သူလျှိုတစ်ယောက်အဖြစ် မဖော်ထုတ်နိုင်သောအခါ ယဲ့ချန်က စိတ်အေးသွားပြီး စခန်းရှိ စျေးထံ ရောက်ရှိသွားသည်။ ထိုနေရာ၌ ဆေးပင်များ၊ နတ်လက်နက်များ၊ ချပ်ဝတ်များ၊ သားရဲပစ္စည်းများ စသည့် ရတနာများကို ရောင်းချနေသည်။ သူက စျေးအတွင်း လှည့်ပတ်သွားလာကာ သတင်းစုဆောင်းခဲ့သောကြောင့် နတ်ပြည်အကြောင်း အကြမ်းဖျင်း နားလည်လာခဲ့သည်။ ဤနေရာတွင် ကြယ်သခင်များကို နတ်တစ်ပိုင်းအဆင့်ဟုခေါ်ပြီး နတ်၊ လောကနတ်၊ ဟင်းလင်းပြင်နတ်၊ အာကာသနတ်နှင့် ဘိုးဘေးနတ်ဟူ၍ ပိုမိုမြင့်မားသော အဆင့်များ ခွဲခြားထားသည်။ ကိုးဆယ်ရာခိုင်နှုန်းသော ကျင့်ကြံသူများသည် နတ်တစ်ပိုင်းအဆင့်များဖြစ်ကာ ကျင့်ကြံဆင့်ပိုမြင့်လေလေ အဆင့်တက်ရန် ခက်ခဲလေလေ ဖြစ်သောကြောင့် နတ်အဆင့်နှင့်အထက်တွင် အရေအတွက် နည်းပါးသည်။ လောကနတ်အဆင့်က အစွမ်းထက်သည်ဟု ဆိုနိုင်ပြီး ဟင်းလင်းပြင်နတ်များက ရှားပါးကာ အာကာသနတ်ဆိုလျှင် အရှင်သခင်များ ဖြစ်ကြသည်။ ဘိုးဘေးနတ်များကမူ နတ်ပြည်တစ်ခုလုံးတွင် လက်တစ်ဖက်စာ အရေအတွက်သာရှိပြီး စကြဝဠာ၏ မူလတာအိုနှင့် အနီးကပ်ဆုံးသော မသေမျိုးများ ဖြစ်ကြသည်။ သူက မျက်ကန်းကြီး၊ သေမင်း၊ ကျိုးလီနှင့် ကောင်းကင်သခင်ခြောက်ယောက်က မည်သည့်အဆင့်တွင် ရှိနေကြောင်း စဥ်းစားလိုက်မိသည်။

နတ်ပြည်တွင် ပေါက်ရောက်သော ဆေးပင်များကို နတ်ဆေးပင်များဟုခေါ်ကာ အဆင့်ခုနစ်ဆင့် ခွဲခြားထားပြီး အဆင့်ခုနစ် နတ်ဆေးပင်များသည် အရှားပါးဆုံးနှင့် အဖိုးတန်ဆုံး ဖြစ်သည်။ ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးသည် အဆင့်ငါးဖြစ်ကာ ရှားပါးအဖိုးတန်သော်လည်း ပို၍အဆင့်မြင့်သော ဆေးပင်များ ရှိနေသည်။ ရေကန်ကို ရွှေကျီးရေကန်ဟုခေါ်ပြီး ကီလိုမီတာထောင်ချီ ကျယ်ဝန်းကာ အောက်ခြေကို မမြင်ရသည်အထိ နက်ရှိုင်း၏။ အတွင်း၌ သားရဲပေါင်းစုံ နေထိုင်ကြပြီး ဟင်းလင်းပြင်နတ်တစ်ပါး၏ အမွေအနှစ် ရှိနေကြောင်း သတင်းထွက်ပေါ်နေကာ နတ်တစ်ပိုင်း၊ နတ်နှင့် လောကနတ်အဆင့် ကျင့်ကြံသူများကို ဆွဲဆောင်ခဲ့သည်။ ဟင်းလင်းပြင်နတ်များကမူ အဆင့်တူချင်း၏ အမွေအနှစ်ကို စိတ်မဝင်စားကြပေ။

နတ်ပြည်တွင် ကျင့်ကြံသူများ ပြည့်နှက်နေပြီး ပတ်ဝန်းကျင်ရှိ တောင်များအထက်တွင် နတ်များနှင့် လောကနတ်များ ရောက်ရှိနေပြီး အလွန်အစွမ်းထက်နေပြီဖြစ်သည်။ နတ်မျိုးနွယ်တစ်ထောင်တွင် ရွှေဂျိုမျိုးနွယ်၊ ရှင်းဟွမ်မျိုးနွယ် စသည်တို့က အလွန်အစွမ်းထက်ပြီး မျိုးနွယ်တူများကိုသာမက အခြားမျိုးနွယ်မှ အစွမ်းထက်သူများကိုလည်း နောက်လိုက်အဖြစ် လက်ခံတတ်သည်။ ယဲ့ချန်သည် ကြယ်သခင်အဆင့်အထက်တွင် ဤမျှများပြားသော အဆင့်များ ရှိနေမည်ဟု ထင်မထားပေ။ ကျိုးလီနှင့် သေမင်းက ဤအချက်ကြောင့် လူသားကျင့်ကြံသူများကို ခေါ်ဆောင်ကာ နတ်ပြည်သို့ မထိုးဖောက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အချိန်တိုင်းတွင် ကျင့်ကြံသူများက ရွှေကျီးရေကန်အတွင်း အဖွဲ့လိုက်ဆင်းနေကြပြီး အချို့မှာ ရေကန်အတွင်း ထာဝရကျန်ရစ်ခဲ့ကာ အချို့က ရတနာများရရှိ၍ ပြန်တက်လာနိုင်ကြ၏။ သူက ရေကန်အတွင်း တစ်ချက်ဆင်းကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ဖြင့်ဆိုလျှင် လုံခြုံနိုင်သည်။ ရွှေကျီးရေကန်က ဟင်းလင်းပြင်နတ်တစ်ပါး၏ အမွေအနှစ် ဖြစ်သောကြောင့် ရတနာများ ရှိနေနိုင်သဖြင့် သူက ရက်အနည်းငယ် အချိန်ယူကာ စောင့်ကြည့်ခဲ့သည်။ ကောင်းကင်ရေခဲမျိုးနွယ်မှ လန်မူဆိုသော ကျင့်ကြံသူ ဦးဆောင်သည့် အဖွဲ့က အောင်မြင်သော ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကာ ရေကန်အတွင်း ဆင်းသက်ခဲ့သော ခြောက်ကြိမ်တွင် အဖွဲ့ဝင်ငါးယောက်သာ သေဆုံးခဲ့သည်။ အဖွဲ့ဝင်တစ်ဝက်ကျော် သေဆုံးသွားသော အခြားအဖွဲ့များနှင့်ယှဥ်လျှင် ဤအဖွဲ့က အလွန်တရာ လုံခြုံသည်ဟု ဆိုနိုင်သည်။

လန်မူက အဖွဲ့ဝင်ရွေးချယ်ရာတွင် ယဲ့ချန်သည် ပါဝင်ခဲ့ပြီး အချိန်ကြာမြင့်စွာ လေ့လာခံလိုက်ရသည်။ တစ်ဖက်လူက သူရုပ်ဖျက်ထားခြင်းကို သိသွားမည်ကို စိုးရိမ်နေခဲ့၏။ အချိန်တစ်ခုအကြာတွင် နတ်တစ်ပိုင်းအဆင့်များတွင် သူ၏ခွန်အားက အားနည်းသောကြောင့် လန်မူက စိတ်ပျက်သွားပုံပေါ်သည်။

"မင်းကို ရွေးချယ်လိုက်ပြီ"

လန်မူက နောက်တစ်ယောက်ကို ရွေးချယ်ရန် ကြံစည်နေစဥ် ယဲ့ချန်သည် ဝိညာဥ်နတ်ဘုရား၏ စွမ်းအားအချို့ကို ထုတ်ပြလိုက်သောအခါ တအံ့တသြဖြစ်သွားကာ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ ထို့နောက် သူက နောက်ထပ်အဖွဲ့ဝင်များ ရွေးချယ်ခဲ့သောကြောင့် စုစုပေါင်း အရေအတွက်က ခုနစ်ဆယ်အထိ တိုးပွားလာခဲ့သည်။

"ရွှေကျီးရေကန်ကို ဝင်မယ်ဆိုရင် လူတိုင်း ငါ့အမိန့်ကို နာခံရမယ်။ မဟုတ်ရင် မင်းတို့ဘာသာ သေသေရှင်ရှင် ကံတရားအပေါ် မူတည်လိမ့်မယ်"

သူက အဖွဲ့ဝင်အသစ်များကို တစ်ချက်ဝေ့ကြည့်၍ တင်းကြပ်စွာ သတိပေးလိုက်သောအခါ ဂရုမစိုက်လျှင် သေဆုံးသွားနိုင်သော ရွှေကျီးရေကန်၏ အန္တရာယ်များကို နားလည်သဖြင့် သူတို့က ခေါင်းညိတ်လိုက်ကြ၏။ ကျင့်ကြံသူခုနစ်ဆယ်က ပြင်ဆင်မှုများ ပြုလုပ်နေစဥ် ယဲ့ချန်က တင်ပျဥ်ခွေထိုင်၍ အကဲခတ်နေပြီး မိန်းကလေးတစ်ယောက် ရောက်ရှိလာခဲ့သည်။ သူမက ဆယ်ကျော်သက်အရွယ်ဖြစ်ပြီး အလွန်ချစ်စရာကောင်းသော်လည်း လူသားတစ်ယောက်မဟုတ်ဘဲ ဆံပင်နှင့် မျက်လုံးများသည် ငွေရောင်တောက်ပနေကာ နားရွက်များလည်း မရှိပေ။ သူမ၏အသွင်အပြင်က ထူးဆန်းသော်လည်း အလွန်လှပပြီး အသားအရေမှာ ပန်းရောင်သန်းနေသည်။

"ဒီအစ်ကိုက လူသားတစ်ယောက်မလား"

သူမသည် ယဲ့ချန်ကို နက်ရှိုင်းသော အကြည့်တစ်ချက်ဖြင့် အကဲခတ်ကာ မည်သူမှမကြားနိုင်စေရန် အသံချင်း ဆက်သွယ်လာခဲ့သည်။ နေရောင်အောက်မှ သူခိုးကျင့်စဥ်ကို ဖောက်မြင်နိုင်သူ ရှိသောကြောင့် သူက ရင်ထိတ်သွားသော်လည်း တစ်ဖက်မှ စိတ်ချင်းဆက်သွယ်လာသဖြင့် မကောင်းသော အကြံအစည် မရှိနိုင်ပေ။

"ဟုတ်ပါတယ်"

"ရွှေဂျိုမျိုးနွယ်က တကယ်ရုပ်ဆိုးတယ်။ လူသားမျိုးနွယ်နဲ့ ဝိညာဥ်မျက်လုံးမျိုးနွယ်က ကြည့်ကောင်းတယ်။ ညီမလေးက လင်းတုန်ပါ။ တုန်အာလို့ခေါ်ရင်လည်း ရပါတယ်။ ဝိညာဥ်မျက်လုံးမျိုးနွယ်က လူသားမျိုးနွယ်နဲ့ ရင်းနှီးတဲ့ မျိုးနွယ်အနည်းငယ်ထဲမှာ ပါတယ်။ အောက်ဘုံက ရောက်လာတဲ့ လူသားတွေတောင် ညီမတို့ပိုင်နက်ထဲမှာ နေသွားကြတယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သောအခါ လင်းတုန်က ပါးချိုင့်လေးများပေါ်အောင် ပြုံးပြလိုက်သည်။ နတ်ပြည်မှ ကျင့်ကြံသူများသည် အခြားနေရာများကို အောက်ဘုံဟု ခေါ်ကြောင်းနှင့် ဝိညာဥ်မျက်လုံးမျိုးနွယ်က မိတ်ဆွေဖြစ်ကြောင်း ယဲ့ချန်က သိလိုက်ရသည်။

"ယဲ့ချန်ပါ"

သူက ကိုယ့်ကိုကိုယ် မိတ်ဆက်၍ တစ်ဖက်လူကို အကဲခတ်ကာ အသက်ကို ခန့်မှန်းလိုက်သည်။ နတ်ပြည်တွင် နေ့နှင့်ည အပြောင်းအလဲသာရှိပြီး နှစ်များ ရေတွက်စရာမလိုသောကြောင့် မည်သူမှ အသက်ကြီးခြင်းမရှိပေ။ သို့သော် တုန်အာက ရိုးသားသောကြောင့် အသက်ကြီးလွန်းသူ မဟုတ်နိုင်ဟု သူက ကောက်ချက်ချလိုက်ချသည်။

"ရွှေကျီးရေကန်က ပြန်ထွက်လာရင် အစ်ကိုယဲ့ကို ဝိညာဥ်မျက်လုံးမျိုးနွယ်ဆီ ခေါ်သွားပေးမယ်"

လင်းတုန်သည် ယဲ့ချန်နှင့် တစ်ဖွဲ့တည်းဖြစ်သောကြောင့် လူသားတစ်ယောက်ဖြစ်ကြောင်း သိသောအခါ လာရောက်မိတ်ဖွဲ့ခဲ့ခြင်း ဖြစ်သည်။

"ကောင်းပြီ"

ယဲ့ချန်သည်လည်း ဝိညာဥ်မျက်လုံးမျိုးနွယ်အကြောင်း စိတ်ဝင်စားနေသည်။ ထိုအချိန်၌ လန်မူသည် သူတို့ကို အဝေးမှ တစ်ချက်စိုက်ကြည့်၍ အကဲခတ်နေသော်လည်း လာ​ရောက်မည့်ပုံမပေါ်ချေ။

"အစ်ကိုလန်က ငါတို့အပေါ် အရမ်းကောင်းတယ်။ သူရဲ့ ရေခဲကောင်းကင်မျိုးနွယ်ကလည်း အားနည်းပြီး လောလောဆယ်မှာ အန္တရာယ် ကျရောက်နေတယ်။ သိပ်မကြာခင်မှာ သူတို့လည်း လူသားမျိုးနွယ်လိုမျိုး နတ်မျိုးနွယ်တစ်ထောင်ကနေ ထုတ်ပယ်ခံရလိမ့်မယ်"

လင်းတုန်က ဝမ်းနည်းသော လေသံဖြင့် ပြောလိုက်သည်။ နတ်ပြည်မှ ထုတ်ပယ်ခံရလျှင် အကျိုးဆက်များက အလွန်ပြင်းထန်ပြီး အတိတ်တွင် လူသားမျိုးနွယ်၏ အစွမ်းထက်ကျင့်ကြံသူများစွာ သတ်ဖြတ်ခံခဲ့ရပြီး အနည်းငယ်သာ စကြဝဠာအတွင်း ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ ရေခဲကောင်းကင်မျိုးနွယ်နှင့် ဝိညာဥ်မျက်လုံးမျိုးနွယ်က အားနည်းကြပြီး လူသားမျိုးနွယ်ထက် အခြေအနေကောင်းသော်လည်း များစွာမထူးခြားပေ။ ရွှေဂျိုမျိုးနွယ်နှင့် ရှင်းဟွမ်မျိုးနွယ်က အလွန်အစွမ်းထက်ပြီး လက်အောက်ခံမျိုးနွယ်များအဖြစ် သွတ်သွင်းကာ ခိုင်းစေလိုနေကြသည်။ လန်မူသည် အရည်အချင်းကြောင့် ရွှေကျီးရေကန်အတွင်း ရတနာများ ရှာဖွေနိုင်သဖြင့် လက်ရှိတွင် လေးစားခံနေရခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ရေခဲကောင်းကင်မျိုးနွယ်ဝင်တစ်ယောက်ကို မည်သူမှ အဖက်လုပ်စရာ အကြောင်းမရှိပေ။

လန်မူရော လင်းတုန်ပါ ထိပ်တန်းကြယ်သခင်များဖြစ်ပြီး နတ်အဆင့်တက်ရန် အခွင့်အရေးရှိသော ပါရမီရှင်များ ဖြစ်ကြသည်။ နတ်အဆင့်သည် အစွမ်းထက်မျိုးနွယ်များအတွက် အရေးမပါသော်လည်း အားနည်းသော မျိုးနွယ်များအတွက် အရေးကြီးသည်။

"အစ်ကိုလန်က အစွမ်းထက်ပြီး ရွှေကျီးရေကန်နဲ့ ရင်းနှီးတယ်။ အစ်ကိုယဲ့က ငါတို့နဲ့ အနီးကပ်လိုက်လာရင် ဘာပြဿနာမှ မရှိဘူး"

လင်းတုန်၏ အသွင်အပြင်က ကွဲပြားသော်လည်း ဆွဲဆောင်နိုင်စွမ်းရှိသဖြင့် လူသားမျိုးနွယ်နှင့် ဝိညာဥ်မျက်လုံးမျိုးနွယ်၌ အလှအပသတ်မှတ်ချက်များ တူညီနိုင်သည်။

"ကောင်းပြီ"

ယဲ့ချန်က တစ်ချက်ခေါင်းညိတ်၍ အဝေးရှိ လန်မူကို ကြည့်လိုက်သည်။ လန်မူသည် လင်းတုန်က ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်နှင့် အချိန်ကြာမြင့်စွာ စကားပြောနေသောကြောင့် အံ့သြနေသော်လည်း တစ်ဖက်လူက မောက်မာခြင်း မရှိသောအခါ ချဥ်းကပ်လာခဲ့လေသည်။

All Chapters