ဧကရီ သူ့ကို စောင့်ကြည့်ထား ... ။
Vol. 150 Ch. 2089
သတ်ဖြတ်ခြင်း မဟာ သူတော်စင်က လင်းယွန်နှင့်အတူ မြင့်မြတ်သော မဟာမိတ် မြို့တော်ထံ မ၀င်ခဲ့ချေ။
ကျောက်စိမ်းဓား သူတော်စင်ကို တွေ့ဆုံရဦးမည် ဖြစ်၏။ ထို့ကြောင့် နှုတ်ဆက်၍ ထွက်ခွာ သွားတော့သည်။
လင်းယွန်က မြင့်မြတ်သော မဟာမိတ် မြို့ထဲသို့ လှမ်းဝင်မိ၏။ မြင့်မြတ်သော မဟာမိတ် အဖွဲ့သည် ခွန်လွန်၏ ရှေးဟောင်း အင်အားစု ဖြစ်ပြီး ကြားနေ-မူဝါဒကို ကိုင်ဆွဲထားသည်။
မဟာမိတ် အဖွဲ့၌ သူနှင့် ရင်းနှီးသော လူတစ်ဦးသာ ရှိ၏။ ၎င်းသည် ကောင်းကင်ဘုံ သူတော်စင် ရေကန် စံအိမ်သခင် ဖြစ်သည်။
သို့သော် လေးနက်သော ဆက်ဆံရေးမျိုး မဟုတ်ပြန်။ ထို့ကြောင့် မဟာမိတ် အဖွဲ့တွင် ကြာကြာနေရန် ဆန္ဒ မရှိချေ။
မူလနဂါး မဟာ သူတော်စင်၏ တပည့် ဖြစ်ကြောင်း တံဆိပ်ကို ထုတ်ပြပြီး ကောင်းကင် တာအိုဂိုဏ်းသို့ ပြန်ပို့ ပေးရန် တောင်းဆို ခဲ့သည်။
အစီရင်ကို အသုံးပြုရန် သူတော်စင် ပုံဆောင်ခဲ အမြောက်အမြား လိုအပ်ပေ၏။ သူ့တွင် မရှိသဖြင့် ကောင်းကင် တာအိုဂိုဏ်း၏ စာရင်း၌ မှတ်ထားရန် တောင်းဆိုမိသည်။
သူဟူသည် ခွန်လွန် နယ်မြေတွင် ကျော်ကြားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေရာ၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့မှ ကောင်းစွာ သိသည်။
ထို့ကြောင့် သူ့ကို ကောင်းကင် တာအိုဂိုဏ်းသို့ ပြန်၍ ပို့ဆောင်ပေး လိုက်သည်။
“ နောက်ဆုံးတော့ ငါတို့ ပြန်ရောက်ပြီ၊ ဒီခရီးက မလွယ်ဘူး။ ”
ခရမ်းငယ်က ပေါ့ပါး သွက်လက်စွာ ပြောကြားလာသည်။
“ ဟဲဟဲ ... ဓားညီလာခံရဲ့ ချန်ပီယံ တစ်ယောက် အနေနဲ့ ... ဆုလာဘ်တွေ ယူရမဲ့ အချိန်ရောက်ပြီ၊ ပြီးရင် နင် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။ ”
“ တစ်ရက် အနားယူပြီးရင် ... တာအို ယန်နန်းတော်က သန့်ရှင်းသော သားတော်ကို ရှာမယ်၊ ကောင်းကင် စက်ဝန်း ဘုံကျောင်း ထဲကို ဝင်သင့်ပြီ။ ”
နိဗ္ဗာန်-ဒသမမြောက် အသွင် ကူးပြောင်းမှုသည် သူ့အတွက် အရေးကြီး၏။ အကြိမ်ကြိမ် ကြိုးစား ပြီးနောက် အတွေ့အကြုံ များစွာ ရရှိထားသည်။
အရေးကြီးသည်မှာ နောက်ဆုံး အခိုက်အတန့်တွင် ပြန်လည် ရုတ်သိမ်းမိခြင်း ဖြစ်သည်။ ကျရှုံးခြင်း မဟုတ်ချေ။
ကောင်းကင် စက်ဝန်း ဘုံကျောင်းသည် အချိန်နှင့် အာကာသ ရတနာ ဖြစ်၏။ နောင်တွင် သူ့ပြိုင်ဘက် များသည် ရွှေမျိုးဆက် ပါရမီရှင်၊ သန့်ရှင်းသော သားတော်နှင့် သန့်ရှင်းသော သမီးတော်များ ဖြစ်နိုင်သည်။
ထိုလူများသည် မရဏ မူလ အဆင့်သို့ ဝင်ရောက်သော အခါတွင် ယေဘူယျ အားဖြင့် မဟာတာအို ဆုပ်ကိုင်နိုင်မည်။
မဟာ တာအို သုံးထောင်နှင့် ကနဦး တာအိုများကြား ကြီးမားသော ခြားနားချက် တစ်ခု ရှိသည်။
ဆုစီယာ အဆိုအရ မဟာတာအို ဆုပ်ကိုင်ထား သူသည် ကနဦး တာအို နားလည် နေသူ ဆယ်ဦးအား အလွယ်တကူ ချေမှုန်းနိုင်သည်။
သေ-ရှင် တိုက်ပွဲများတွင် တစ်ရာ အထိ အလွယ်တကူ သတ်နိုင်၏။ ထိုစကားများသည် ချဲ့ကားမှု အချို့ ရှိကောင်း ရှိနိုင်သော်လည်း အမှန်ပင် ကွာဟချက် ကြီးမားသည်။
ဓားတာအိုအပေါ် ဆုပ်ကိုင်နိုင်သော် ကနဦး တာအိုသာ နားလည်သော မရဏ မူလ အမည်ခံ သူတော်စင်များကို ရင်ဆိုင်ရန် ဓားတစ်ချက်သာ လိုအပ်ပေမည်။
ရွှေမျိုးဆက် ပါရမီရှင်များ အနေဖြင့် မဟာတာအို သို့မဟုတ် အုပ်စိုးရှင် တာအိုကိုပင် ကျွမ်းကျင် ကြပေလိမ့်မည်။
ထို့ကြောင့် ဆုစီယာမှ သူ့ကို အမည်ခံ သူတော်စင် နယ်ပယ်သို့ အမြန် ရောက်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က အောင်မြင်မှု ရနိုင်သော်လည်း သူရပ်ခဲ့သည်။ အင်ပါရီယန် ပင်မ နတ်ဘုရားနှင့် နဂါးသွေးလွှတ်ကြော ကန့်သတ်ချက် များသို့ တက်ရောက်နိုင်ခဲ့ သဖြင့်၊ လောက နိယာမ ကန့်သတ်ချက် သို့လည်း တက်နိုင်မည်ဟု ယုံကြည်သည်။
အောင်မြင်သော် သူ့အတွက် ကြံ့ခိုင်သော အုတ်မြစ်ရပေမည်။ သူတော်စင်လမ်း မရောက်မီ ပြီးပြည့်စုံသော အခြေအနေကို ရောက်ရှိမည် ဖြစ်သည်။
“ ကန့်သတ်ချက် လေးပါးကို ... ပြီးမြောက်ပြီးဖို့ ဆိုတာ ရှေးဦးခေတ် မှာတောင် ခက်ခဲတယ်၊ ဒါကြောင့် နင့်ကို ဉာဏ်ကြီးရှင် တစ်ယောက်လို့ သတ်မှတ် နိုင်တယ်၊ ...
... အမည်ခံ သူတော်စင် နယ်ပယ်ကို ရောက်ရင်၊ နောက်ထပ် ကန့်သတ်ချက် တစ်ခု ရှိသေးတယ်၊ အစွန်းတရား ငါးပါးကို အောင်မြင် မှသာ ပြိုင်ဘက်ကင်းမယ်၊ ...
... ဧကရာဇ် ကိုးပါးက ဒီကန့်သတ်ချက် ငါးပါးကို ရောက်ခဲ့တယ် ထင်တယ်၊ မဟုတ်ရင် သူတို့ကို ဒဏ္ဍာရီလို့ ... သတ်မှတ်ကြမှာ မဟုတ်ဘူး။ ”
အစောပိုင်းတွင် ဧကရာဇ် ကိုးပါးကို မထီမဲ့မြင် ပြုခဲ့၏။ သို့သော် ၎င်းတို့ အကြောင်း ပိုမို နားလည်လာ ပြီးနောက်၊ ခရမ်းငယ်၏ အမြင်များ ပြောင်းလဲ သွားသည်။
“ ကန့်သတ်ချက်တွေကို ရောက်ပြီးရင် အားသာချက်က ဘာလဲ။ ”
လင်းယွန်က မေးသည်။
“ ရှင်းနေတာပဲ၊ ကန့်သတ်ချက် သုံးရပ် အုတ်မြစ်ကို မပိုင်ဆိုင် ထားရင်၊ နိဗ္ဗာန် အဆင့်နဲ့ မရဏ မူလအဆင့် အမည်ခံ သူတောင်စင်ကို နင် အနိုင်ယူ နိုင်မယ် ထင်လား ... ၊ နင့်ဓား ဘယ်လောက် ထက်ထက် မဖြစ်နိုင်ဘူး၊ ...
... နင် သူတော်စင်ဘုံကို ရောက်ရင်၊ ဒီကန့်သတ်ချက်တွေ ရောက်ရှိ ခဲ့ခြင်းရဲ့ အကျိုး ကျေးဇူးကို ခံစားရ လိမ့်မယ်၊ နတ်ခန္ဓာ ပိုင်ရှင် ကတောင် နင့်ကို အလေးထားရမယ်။ ”
နတ်ခန္ဓာ ပိုင်ရှင်များဖြင့် ရင်ဆိုင် ဖူးခြင်း မရှိသဖြင့် လင်းယွန်၏ မျက်ဝန်းများ တောက်ပ လာတော့သည်။ စကား တပြောပြောနှင့် မရဏ မိုးကြိုး တောင်ထိပ်ထံ ရောက်ရှိလာ၏။
လမ်းတစ်လျှောက် တပည့်များက လေးစားစွာ နှုတ်ဆက်ကြသည်။ လက်ရှိအချိန်၌ သူ ဟူသည် ဂိုဏ်းအတွင်း သြဇာ ကြီးမားသူ တစ်ဦး ဖြစ်လာသည်။
သို့သော် တောင်ပိုင်း နယ်စပ်သည် ဝေးလွန်းသည့် အတွက် ဓားညီလာခံ ချန်ပီယံ ဟူသော သတင်းမှာ မပြန့်ပွားသေးချေ။
အဘယ်ကြောင့် ဆိုသော် နှုတ်ဆက် လာသော တပည့်များ၌ လေးစားမှုထက် ပိုသည့် အရိပ်အယောင်များ အားနည်း နေသေး၍ ဖြစ်သည်။
သို့သော် ၎င်းကို ဂရုမစိုက်ဘဲ ယခု အချိန်အထိ သူ ရရှိထားသော အရာများ အပေါ်၊ သုံးသပ် ဆင်ခြင်ရန် အိမ်ထဲ ဝင်ရောက် လာခဲ့သည်။
ဓားညီလာခံ အတွက် ဆုလာဘ်များ မရရှိခဲ့လျှင်ပင် တိုက်ပွဲများမှ သူ့အတွက် များစွာ အကျိုးရှိစေသည်။
နောက်သုံးရက် အကြာတွင် မမျှော်လင့် ထားသော ဧည့်သည် တစ်ဦး သူ့ထံ ရောက်ရှိ လာသည်။
“ ဝမ်မူယန် ... ။ ”
“ ဟုတ်တယ် ငါ ... ဂျူနီယာယဲ့ နင်က တကယ်ကို နှိမ့်ချတဲ့ လူပဲ၊ ဘယ်သူမှ မထင်ထား ခဲ့တဲ့ ဓားညီလာခံ ချန်ပီယံ ရာထူးနဲ့ .. အုပ်စိုးရှင် ဓားကိုတောင် ငှားနိုင်ခဲ့တာလား။ ”
“ မင်းဘာလာ လုပ်တာလဲ။ ”
လင်းယွန်က သူမ၏ ရည်ရွယ်ချက်ကို သိသော်လည်း တမင် မေးလိုက်သည်။
“ ငါဘာလို့ ဒီကို ရောက်လာတာလဲ နင် အသိဆုံးပါ။ ”
“ ငါ မသိဘူး ... ။ ”
“ ဟန်ဆောင် နေတာကို ရပ်လိုက် ... ငါ့ခန္ဓာကိုယ်ထဲက ငရဲသံကြိုး ပြန်ဖျက်ပေး မှာလား။ ”
“ ကောင်းပြီ ပြန်ဖျက်ပေးမယ် ဒါပေမယ့် မင်းရဲ့ လျှို့ဝှက်ချက် အားလုံးကို ပြောပြရမယ်၊ ရှောင်ချင်းယန်လို နတ်ဆိုးကို ဘယ်ကနေ ခေါ်လာတာလဲ။ ”
“ ဟမ် ... ရှောင်ချင်းယန်က နတ်ဆိုး တစ်ကောင်လား ... ဒါက အရေးကြီးတယ်၊ ချက်ချင်း သတင်းပို့ရမယ်။ ”
ဝမ်မူယန် အမူအရာမှာ ချက်ချင်း လေးနက်သွား၏။ လင်းယွန်က မျက်ဝန်းများ မှေးစင်းလျက် အကဲခတ်လိုက်သည်။ ရှောင်ချင်းယန် နတ်ဆိုးဖြစ်ကြောင်း သူမ တကယ်သိ-မသိ မဆုံးဖြတ်နိုင်ချေ။
( မဖြစ်နိုင်ဘူး ... ဝမ်မူယန်က အရမ်း သတိကြီးတယ် ရှောင်ချင်းယန် နတ်ဆိုး ဆိုတာ သေချာပေါက် သူ သိရမယ်။ )
ဝမ်မူယန်သည် လျှို့ဝှက် ဆန်းကြယ်ပြီး သူမသည် နေ-လ နတ်ရူရ် အတွက် ရောက်ရှိ နေခြင်း ဖြစ်သည်။
“ ဒီလောက်လည်း မဟုတ် သေးပါဘူး၊ သူ့အကြောင်း အလွယ် ပြောလိုက်တာပါ ။ ”
လင်းယွန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ နင့် ကြည့်ရတာ ... ဆိုးသွမ်းလာပုံပဲ၊ ငါ့စကားတွေကို ဘယ်လို စမ်းစစ် ရမယ်ဆိုတာ သင်ယူခဲ့တာလား၊ နင် ငါ့ဆီက ဘာလိုချင်လဲ ကေျနပ်အောင် လိုက်လုပ် ပေးမယ်။ ”
“ ငါလိုချင်တာကို မင်း မပေးနိုင်ပါဘူး။ ”
ထိုစကားကြောင့် ဝမ်မူယန်က ပြုံးပြီး လင်းယွန် အနားသို့ ချဉ်းကပ် လာတော့သည်။
“ နင် ငှားလာတဲ့ အုပ်စိုးရှင်ဓားက သက်တံဓား သူတော်စင်ကို ကာကွယ်ချင်ရင် မအောင်မြင်နိုင်ဘူး၊ ထျန်ရွှမ်ဇီ နောက်ခံက နင် ထင်ထားတာထက် ပိုမြင့်မားတယ်၊ ဒါပေမယ့် ငါကတော့ သူ့နောက်ခံရော သူ့ကိုရော မကြောက်ဘူး။ ”
လင်းယွန် လက်က ဝမ်မူယန်၏ လည်မျိုဆီသို့ ဆန့်တန်း သွားသည်။ ယင်းကို မျှော်လင့်ထား ပုံရသော သူမက ရှောင်ထွက် သွားခဲ့၏။
“ ယဲ့ချင်းရှန် .... နင်က အရမ်း ရက်စက် တာပဲ၊ နင် ဘယ်သူလဲ ငါခန့်မှန်း မိတာကြာပြီ၊ ဒါပေမယ့် ဒီအကြောင်း ငါ စိတ်မဝင်စားဘူး၊ မဟုတ်ရင် ... နင် သေတာကြာပြီ။ ”
သူမသည် ယဲ့ချင်းရှန်ကို နှစ်သက်ပြီး အမှန်ပင် သူမ လက်အောက်၌ စုဆောင်းထား လိုခဲ့သည်။
“ မင်းကြည့်ရတာ ... ငရဲသံကြိုးကို ချိုးဖျက်ဖို့ နည်းလမ်း ရှာတွေ့ သွားပုံရတယ်။ ”
လင်းယွန်က သူ့ထင်ကြေးကို ပြောလိုက်သည်။
“ ခန့်မှန်း ကြည့်ပါလား၊ အို ... နေဦး ပြောစရာ ရှိတယ်၊ တာအို သားတော်ကို ရှာဖို့ အလျင် မလိုနဲ့ဦး၊ နင် ပြန်မလာခင် နတ်ဘုရား သင်္ချိုင်း တောင်တန်းကို ထွက်သွားပြီ၊ ...
... မသွားခင် ကောင်းကင် စက်ဝန်း ဘုံကျောင်းတော်မှာ သုံးနှစ် နေခဲ့ပြီး အခု မရဏ မူလ အမည်ခံ သူတော်စင် ဖြစ်နေပြီ။ ”
ယင်းသည် အံသြစရာ မရှိချေ။ ဖုန်ရှောက်ယွီပင် မရဏ မူလ အဆင့်သို့ ရောက်နိုင် သောကြောင့် တာအို သားတော် အတွက် အမှားအယွင်း မရှိနိုင်။
တာအို သားတော် ဟူသည် အမည်ခံ သူတော်စင် နယ်ပယ်သို့ မရောက်ရှိမီ ကပင် အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။
နဂါးပြာ မှတ်တမ်း မတိုင်မီ ပါရမီရှင်များ အားလုံးက နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ် နေကြပုံရ၏။
“ နတ်ဘုရားသ င်္ချိုင်း တောင်တန်းရဲ့ တံဆိပ်က ထပ်ပြီး အားပျော့ သွားပြန်ပြီလား။ ”
လင်းယွန်မှ သတိတရ မေးလိုက်သည်။
“ ထက်မြက်တယ် ... ။ ”
ဝမ်မူယန်မှ ပြုံးကာ ခေါင်းညိမ့်၏။
“ တံဆိပ် အားပျော့သွားပြီ၊ အမည်ခံ သူတော်စင် တေွတောင် ဝင်ရောက် နိုင်တယ်၊ တစ်နေ့မှာ သူတော်စင် တွေတောင် ဝင်နိုင် လိမ့်မယ်။ ”
ဝမ်မူယန် မျက်ဝန်းများ၌ စိုးရိမ်မှု အချို့ ထင်ဟပ်လာသည်။ ထိုဖြေလျော့မှု အတွက် သူမ စိတ်ပူ နေပုံရ၏။
“ နတ်ဘုရား သင်္ချိုင်း တောင်တန်းမှာ ... ဧကရာဇ် နယ်ပယ် ပညာရှင်ရဲ့ အမွေတွေ ရှိတဲ့ တားမြစ်မြေ တစ်ခုကို ရှာတွေ့ခဲ့တယ်၊ ဒီထဲကို လေ့လာစူးစမ်းဖို့ ... အရှေ့ဘက် ပျက်စီးမြေက မြင့်မြတ်မြေ တစ်ခုကို ခွဲတမ်းငါးခု ရတယ်။ ”
ဝမ်မူယန်က ခေါင်းယမ်းပြီး သက်ပြင်းချကာ၊
“ ဓားညီလာခံကြောင့် နင်ကတော့ ဒီအခွင့်အရေးကို ဆုံးရှုံး လိုက်ရပြီ၊ သနားစရာ ကောင်းလိုက်တာ ... အချို့ မြင့်မြတ်မြေ တွေက မပါဝင် နိုင်လို့ ... သူတော်စင် မျိုးနွယ်စု တေွကို ဒီခွဲတမ်းတွေ ပေးဝေ လိုက်ရတယ်၊ ...
... နင့်မှာတော့ ဓားညီလာခံ ချန်ပီယံ ဖြစ်လာပေမယ့်၊ ဆုလာဘ်တောင် မရခဲ့ဘူးလို့ ငါ ကြားမိတယ်။ ”
-ဟု လှောင်ပြောင် လေသည်။
လင်းယွန်က မျက်မှောင်ကြုတ်လျက်၊ ‘မင်းဘာပြောဖို့ ကြိုးစား နေတာလဲ၊’ -ဟု ပြန်မေးမိသည်။
“ နဂါးပြာ မှတ်တမ်းက မကြာခင် ပေါ်လာတော့မယ် ဆိုတာ အားလုံးလည်း သိပြီး သားပါ၊ နင်သာ အမည်ခံ သူတော်စင် နယ်ပယ်ကို မရောက်ရင် ...
... ဒီပွဲကို လက်လွတ် ရလိမ့်မယ်၊ နင်နဲ့ ပြိုင်ဘက်တွေကြား ကွာဟချက် တိုးလာမယ်၊ ဘာလို့ ဒီမှာ အချိန်ဖြုန်းချင် ရတာလဲ၊ ငရဲ သံကြိုးကို ပြန်ဖျက်ပါ၊ နင် လိုအပ်တာ ငါပေးမယ်၊ ဒါက နှစ်ဖက်လုံး အတွက် အကျိုးရှိတယ် မဟုတ်လား။ ”
“ ငါလိုချင်တာကို မင်း မပေးနိုင်ပါဘူး။ ”
ထိုစကားကို ကြားသောအခါ ဝမ်မူယန်က ပြုံးပြီး၊
“ မကြိုးစားဘဲ မသိနိုင်ပါဘူး၊ ယဲ့ချင်းရှန် လူတော်တော် များများက ငါ့အပေါ် သဘောကျ နေကြတယ်၊ ဒါပေမယ့် ... ငါ့နှလုံးသား ထဲမှာ နင်ပဲ ရှိတယ်။ ”
-ဟုဆိုလျက် မွှေးပျံ့သော ရနံ့များ ထုတ်ဖော် လာသည်။
“ နင့်ကို စဉ်းစားဖို့ အချိန်ပေးမယ်၊ စိတ်ပြောင်းသွားတယ် ဆိုရင် ငါ့ကို လာရှာပါ၊ နင် လိုချင်တာ ငါပေးနိုင်မယ် ထင်တယ်။ ”
စကားဆုံးသည်နှင့် လျှို့ဝှက် ဆန်းကြယ်သော အပြုံးဖြင့် ပြန်လည် ထွက်ခွာ သွားတော့သည်။
“ လူယုတ်မာ ... နင် သူ့ကို ကျရှုံးသွားပြီလို့ မပြောနဲ့။ ”
ခရမ်းငယ်က ဒေါသဖြင့် အော်ဟစ်လိုက်သည်။
“ ဧကရီ ... သူ့ကို စောင့်ကြည့်ထား ... မင်းကို မတွေ့စေနဲ့ ... သူ တစ်ခုခု ကြံစည် နေတယ်လို့ ခံစားရတယ်။ ”
“ ဟမ့် ... အဲဒါကမှ ... နင်နဲ့ ပိုတူတယ်၊ ငါ့မှာ ဒီမိန်းကလေးနဲ့ ကစားဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ ”
ခရမ်းငယ်မှ ဝမ်မူယန်ကို သူမ မျက်လုံးထဲ မထားခဲ့ချေ။
“ ဧကရီ ... မင်းကိုယ်တိုင် မလှုပ်ရှားနဲ့ တစ်ခုခုထူးရင် ငါ့ကို လာရှာပါ။ ”
“ ဒီလောက် စိတ်မပူပါနဲ့ ... နတ်ဆိုး တစ်ကောင်က ငါ့ကို ဘယ်လိုလုပ် အန္တရာယ် ပေးနိုင်မှာလဲ။ ”
သည့်နောက် နဂါးလေးကို ခေါ်ကာ ထွက်ခွာ သွားတော့သည်။
“ နိဗ္ဗာန်-ဒသမ အဆင့် အသွင် ကူးပြောင်းရေးကို တက်ရောက်ဖို့ မစောင့်နိုင် တော့ဘူး။ ”
ဝမ်မူယန် ပြောသည့် စကားများသည် သူ့အား ဖိအားအချို့ ဖြစ်ပေါ်စေ၏။ ထို့ကြောင့် တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာတော့သည်။
***