တိုက်ပွဲ ... ။
Vol. 150 Ch. 2092
ရုတ်ခြည်း တိုက်ခိုက်မှုမှာ ပြင်းထန် လွန်းသဖြင့်၊ ၎င်းအတွင်းပါသော သူတော်စင် တာအိုကို ခေါင်းချင်း မဆိုင်ဝံချေ။
အထူးသဖြင့် မရဏ မူလအဆင့် အမည်ခံ သူတော်စင်ကို ခေါင်းချင်းဆိုင်သော် ဒဏ်ရာများ ရရှိမည်မှာ သေချာ၏။
ထို့ကြောင့် စဉ်းစားရန် အချိန် မရှိတော့ဘဲ ပိုင်ရှောင်ကို လွှတ်ကာ ရှောင်တိမ်း လိုက်ရ၏။ တစ်ဖက်လူက သူ့လမ်းကြောင်းကို တွက်ဆ ထားပြီး ဖြစ်သဖြင့်၊ မလွတ်မြောက် ခဲ့ချေ။
လက်ဖဝါးက ရင်ဘတ်ပေါ် ကျရောက်လာသည်။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
နံရိုးများ ကျိုးကုန်သဖြင့် ညည်းတွား လိုက်မိသည်။ တိုက်ခိုက်လာ သူမှာ အဝါရောင် ဝတ်ဆင်ထားသည့် အမျိုးသား ဖြစ်၏။
သူ့နောက်တွင် အနီဝတ် အမျိုးသမီး တစ်ဦးရပ်နေသည်။ သူတို့နှင့် အဝေးတွင် ပြုံး၍ ရပ်ကြည့်နေသော လူငယ်လေး တစ်ဦးလည်း ရှိ၏။
“ မရဏ မူလ အမည်ခံ သူတော်စင်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိတာလား ... မင်းရဲ့ ဓားတာအို အောင်မြင်မှုက ကြောက်စရာ ကောင်း လိုက်တာ၊ သာမာန် အားဖြင့် ဒီလက်ဝါးကို ငါတောင် မခံနိုင်ဘူး။ ”
ထိုလူငယ်က ပြုံးကာ လှမ်းပြော လာသည်။ အဝါဝတ် အမျိုးသားမှ ခေါင်းညိမ့်လျက်၊
“ သန်မာတယ် ... တိုက်ပွဲဝင် စွမ်းအား ငါးဆယ် ရာခိုင်နှုန်းကို သူ့ဓားနဲ့ ချေဖျက်ပြီး၊ သူတော်စင် ရောင်ဝါ သုံးဆယ် ရာခိုင်နှုန်းကို ကျင့်ကြံမှု နည်းစနစ်နဲ့ တိုက်စားတယ်၊ ...
... ဒါကြောင့် တိုက်ခိုက်မှုရဲ့ ... နှစ်ဆယ် ရာခိုင်နှုန်း လောက်ပဲ ခံစားရတယ်၊ ဒါတောင် သူ့ရဲ့ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်က ဖြေရှင်း ပေးသွား သေးတယ်၊ မြင့်မြတ်မြေ ဒါမှမဟုတ် မျိုးနွယ်စု တစ်ခုရဲ့ ရွှေမျိုးဆက် ပါရမီရှင် ဖြစ်နိုင်တယ်။ ”
-ဟု သုံးသပ်စကား ဆိုလိုက်သည်။ အမျိုးသမီးက သူမ နှုတ်ခမ်းများကို သပ်ကာ အမျိုးသား ဘေးသို့ လှမ်းတက်လာပြီး၊
“ ရွှေမျိုးဆက် ပါရမီရှင် တစ်ယောက်က ရွှေခေတ် မရောက်ခင် ... ဒီမှာ သေရတော့မယ်၊ ကျွတ် .. ကျွတ် .. ကျွတ် ... သနားစရာပဲ။ ”
သူတို့ သုံးယောက်သည် အားကောင်း သန်မာသဖြင့်၊ လင်းယွန် အပေါ် အလွယ်တကူ ခွဲခြမ်းစိတ်ဖြာ နိုင်ခဲ့သည်။
အနီရောင် သခင်သည် မရဏမူလ အဆင့်တွင် ရှိပြီး မီးလျှံကို ထိန်းချုပ်နိုင်သော အရည်အချင်း ရှိ၏။ ထို့အပြင် သူမ သွေး၌ လျှပ်စီးစွမ်းအင်လည်း ပါရှိသည်။
သူမက လင်းယွန် အနား ဖျတ်ခနဲ ရွေ့လျားသွားပြီး၊ တိုက်ခိုက် လိုက်တော့၏။ ခန္ဓာကိုယ် တစ်ချက် လှုပ်လိုက်သည်နှင့်၊ လင်းယွန်မှ ရှောင်ထွက်သွားသည်။
“ မင်းငါ့ကို အမြန်နှုန်း ပြိုင်ချင်လို့လား၊ အရမ်း အားနည်း နေသေးတယ်။ ”
လင်းယွန်က အမျိုးသမီးကို ကြည့်ကာ အေးစက်စက် လှမ်းပြော လိုက်၏။ ဤသည်မှာ နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်းရေး တွင်သာရှိသော ငချွတ်လေး ဖြစ်သည်။
ထိုမျှ ကျင့်ကြံမှုဖြင့် သူမထက် ပိုမြန် နေလိမ့်မည်ဟု မမျှော်လင့်မိသော အနီရောင် သခင်မှာ မျက်နှာ ပျက်ယွင်း သွားသည်။
လျင်မြန်စွာ တံဆိပ်များ ဖန်တီးလျက်၊ သူတော်စင် တာအို ပါရှိသော မီးလျှံပန်းတစ်ပွင့် ဖန်တီးလိုက်၏။
“ သွေးမီးတောက် နတ်မိစ္ဆာပန်း ... ”
လင်းယွင်သည် ဤပန်းပွင့်ကို မှတ်မိ လေသည်။ ထို့ကြောင့် အံ့ဩသွားခဲ့၏။ လျင်မြန် စွာဖြင့်၊ နဂါး သူတော်စင် ရုပ်ခန္ဓာ နှစ်ပါးကို အသက်သွင်းကာ လက်လှမ်းလိုက်သည်။
နဂါးရူရ် နှစ်သိန်းက နဂါးလက်သည်းကြီး သဖွယ် တာအိုပန်းပွင့်ထံ ပြေးဝင် ပေါက်ကွဲသွား တော့သည်။
နောက်ဆက်တွဲ အနေဖြင့် အမျိုးသမီးမှာ လွင့်စဉ်လဲကျ သွား၏။
“ နဂါးမျိုးရိုး သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်။ ”
အဝေးမှ ရပ်ကြည့်နေသော လူငယ်က အံ့အားသင့် သွားပြီး သူ့အမူအရာမှာ လေးနက် သွားခဲ့သည်။
အနီရောင် သခင်မှာ သွေးများ ပေကျံ နေသော၊ သူမ နှုတ်ခမ်းများကို သုတ်လိုက်ပြီး၊
“ မင်းရဲ့ သူတော်စင် ခန္ဓာက ... မနာလိုစရာပဲ။ ”
-ဟု ပြောကြားလိုက်သည်။
ပေါက်ကွဲမှု မဖြစ်ခင် လင်းယွန်မှ ပိုင်ရှောင်ကို ဆွဲထုတ်ကာ ဘေးသို့ ရှောင်တိမ်း လိုက်ပြီး ဖြစ်၏။
အမျိုးသမီး ကိုယ်လုံး ကိုယ်ပေါက်သည် ထူးဆန်းနေသည်။ သူ့တိုက်ခိုက်မှုမှာ သူမကို ဒဏ်ရာ အနည်းငယ် မျှသာ ပေးစွမ်း နိုင်၏။ မယုံနိုင် စရာပေပင်။
အဝါဝတ် အမျိုးသားနှင့် အဖြူဝတ် လူငယ်လေးက စောင့်ကြည့် နေသေးသည်။ ဤအမျိုးသမီးနှင့် အဝါဝတ် အမျိုးသားသည် ထိုလူငယ်၏ လက်အောက်ခံ ဖြစ်ပုံရ၏။
ထို့ကြောင့် အဖြူဝတ် လူငယ် မည်သူ ဖြစ်မည်ကို သိချင်လာသည်။ ခွန်လွန်၌ ကျားနှင့် နဂါးများ ပြည့်နှက် နေချေပြီ။ လိုအပ်သော် ထွက်ပြေး ရပေမည်။
“ ဝှစ် ... ။ ”
သည့်စဉ် အမျိုးသမီးက သူတော်စင် ရောင်ဝါများ လွှမ်းခြုံလျက် သူ့ကို လှည့်ပတ် ပြေးတော့သည်။
ခဏချင်း မှာပင် မီးတောက်များက လေဆင်နှာမောင်း တစ်ခုအဖြစ် လင်းယွန်ကို ဗဟိုပြု ဖြစ်ပေါ်လာ၏။
လင်းယွန်က ပန်းသင်္ချိုင်းဓားကို ထုတ်ယူလျက် တန်ပြန် တိုက်ခိုက်မှုများ ချက်ချင်း လုပ်ဆောင် လိုက်သည်။
“ အနန္တ ဓားများ ပေါင်းစည်းခြင်း။ ”
ကြယ်ဓားသည် ဓားရေးကို အားကောင်း စေ၏။ အပေါ်မှ ကြည့်သော် အလင်း စက်ကွင်း နှစ်ကွင်း နှစ်ထပ် ဖြစ်နေသည်။
အပြင်ဘက် စက်ကွင်းသည် ကျုံ့သွားပြီး အတွင်း စက်ကွင်းသည် ကျယ်လာ၏။ နှစ်ကွင်း ထိကပ်သွားသော အချိန်၌ ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်း လာကုန်သည်။
“ ဘောင်း ... ။ ”
“ ဝုန်း ... ။ ”
ဓားရောင်ခြည်နှင့် မီးတောက်များက မြေပြင်ပေါ်တွင် မီးလောင်ပေါက် များစွာကို ဖန်တီး ခဲ့သည်။
အမျိုးသမီးက ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ် သွားရပြန်၏။ သို့သော် သူမက ပြုံးပြီး၊
“ ရွှေမျိုးဆက် ပါရမီရှင် တစ်ယောက်က မျှော်လင့်တဲ့ အတိုင်းပါပဲ ... ၊ အဝါရောင် သခင် မင်း ... လမ်းပိတ်ထားပေး။ ”
အမျိုးသမီးက လင်းယွန်ကို ဖမ်းစားရန် အကြံဖြင့် စိတ်လှုပ်ရှား သွားသည်။ အမျိုးသားမှ အပြုံးဖြင့်သာ ကြည့်နေ၏။
အမျိုးသမီး၏ ခွန်အားကို သူ ယုံကြည် သော်လည်း လင်းယွန်ထံ စောင့်ကြည့်နေဆဲ ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ရန်သူသည် နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်းမှုဖြင့်၊ အန္တရာယ် အငွေ့အသက် ပေးစွမ်းနေသည်။
ထိုသို့သော ပြိုင်ဘက်မျိုးသည် ကိုင်တွယ် ဖြေရှင်းရန် ခက်ခဲပြီး အမျိုးသမီးမှ စိတ်လှုပ်ရှား နေသည်မှာ အံ့သြစရာ မဟုတ်ချေ။
မရဏ မူလ သူတော်စင် ရောင်ဝါများ အမျိုးသမီးမှ ဖြာထွက်လျက် မီးရည်ရွယ်ချက် ကောင်းကင်ပေါ် ပျံတက်လာသည်။
လျင်မြန်စွာဖြင့် ဆယ်မိုင် အကွာအဝေး အတွင်း ကြက်သွေးရောင် မီးတောက်များနှင့် ပြည့်နှက် ကုန်သည်။ လင်းယွန်ကို ပိတ်ဆို့ လိုက်ခြင်း မြည်၏။
“ မင်းက လူသား အသွင် ယူထားတဲ့ ပန်းတစ်ပွင့်ပဲ။ ”
တိမ်များ အတွင်း သွေးမီးတောက် နတ်ဆိုးပန်း တစ်ပွင့်ကို ယောင်ဝါးဝါး မြင်နေရ သဖြင့် လင်းယွန် သံသယမှာ အတည်ပြု နိုင်ခဲ့သည်။
နတ်ဆိုးသားရဲ များသည် အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက်ရှိနိုင် သကဲ့သို့၊ နတ်ဆိုး ပန်းများ သည်လည်း သဘာဝ အတိုင်း လုပ်ဆောင် နိုင်၏။
မီးတောက်နှင့် မရဏ မူလ သူတော်စင် ရောင်ဝါများ ရောယှက်ကာ ပြင်းထန်သော မီးမုန်တိုင်းကြီး ဖြစ်ပေါ်လာသည်။
“ ရွှပ် ... ။ ”
“ ဝှစ် ... ။ ”
ဤတိုက်ခိုက်မှုကို ပေါ့ပေါ့တန်တန် မခံဝံ့သဖြင့်၊ ဘုန်းဝိညာဉ် နှစ်ပါးကို အသက် သွင်းလျက် ဓားအလင်းဖြင့် ပစ်ခွဲလိုက် ရသည်။
မီးမုန်တိုင်း နှစ်ခြမ်းကွဲ သွားပြီးနောက် လက်တစ်ဖက်က တိမ်များကို ဆုတ်ဖြဲလျက် ကျဆင်း လာသည်။ ၎င်းလက်ဖဝါး အလယ်မှ ပန်းနွယ်ပင်များ ပြေးထွက် လာ၏။
“ ထန် ... ထန် ... ။ ”
ပန်းသင်္ချိုင်းက ထိုပန်းနွယ်ပင် များနှင့် ထိပ်တိုက် တွေ့သောအခါ၊ လင်းယွန် လက်များ ထုံကျဉ် သွားတော့သည်။
အမျိုးသမီးက လူသား အသွင် ပြန်ပြောင်းသွားပြီး၊ တိမ်ပင်လယ် အတွင်းမှ လှမ်းထွက် လာ၏။
သူမက မြေပြင်ပေါ်ရှိ ပြိုင်ဘက်ကို ငုံ့ရှာကာ၊
“ ဒီလိုပဲ ... သေသွား တာလား ငါ့ခွန်အား ကိုတောင် အပြည့် မထုတ်ရသေးဘူး။ ”
-ဟု မျက်မှောင်ကြုတ် ရေရွတ် တော့သည်။
“ မင်းခွန်အားကို အပြည့်အ၀ မသုံးရ သေးဘူးလား၊ ကောင်းတယ် ငါလည်း သေွးမပူသေးဘူး။ ”
ရုတ်တရက် လင်းယွန် အသံက သူမ နောက်ကျောမှ ထွက်ပေါ်လာ၏။ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်သည် ကြောက်စရာ ကောင်းလွန်းချေပြီ။
ချက်ချင်း လှည့်ကာ လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်မိသည်။ အမည်ခံ သူတော်စင်သည် ထူးခြားသော အန္တရာယ်ကို ခံစားသိရှိ နိုင်၏။
မဆိုင်းမတွပဲ လျင်မြန်စွာ လှုပ်ရှား ဟန့်တားနိုင် လိုက်သည်။ သို့သော် လင်းယွန်မှ ပုံရိပ် တစ်ရာကျော် ကွဲထွက်သွားကာ သူ့လက် ဖဝါးသည် ပုံရိပ်ယောင် တစ်ခုကိုသာ ထိမှန် သွားခဲ့၏။
လူရိပ်များက သူမအား ဝိုင်းရံလျက် ကြယ်ဓားဖြင့် ပိုင်းချ လာသည်။ သူမ သန်မာ သော်လည်း ကြယ်ဓားနှင့် ဘုန်းဝိညာဉ်တော် စွမ်းအားကို မခံနိုင်ချေ။
“ ရွှပ် ... ။ ”
“ အား ... ။ ”
ထို့ကြောင့် လက်တစ်ဘက် ပြတ်ကျ သွားကာ မြေပြင်ပေါ် ဆင်းသက် လိုက်ရ၏။ လင်းယွန်မှ အလျင်အမြန် လိုက်ပါလျက်၊
“ ဝမ်မူယန်နဲ့ မင်းတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။ ”
-ဟု အေးစက်စွာ မေးမြန်းမိသည်။
လက်ထဲရှိ ဓားကိုလည်း အမျိုးသမီး၏ ရင်ဘတ်ထံ ချိန်ရွယ်လျက် ဇောက်ထိုး လိုက်ပါ လာခြင်း ဖြစ်၏။ ဓားသည် နှလုံးကို ထိုးဖောက်တော့မည် ဖြစ်ရာ၊ အမျိုးသမီးက အာရုံ မပျံ့လွင့်ဝံ့ချေ။
“ ရပ် ... ။ ”
အဝါဝတ် အမျိုးသားက လှုပ်ရှားတော့၏။ အမျိုးသမီးကို ကျော်တက်ကာ၊ ပန်းသင်္ချိုင်းဓား အပေါ် တားဆီး လိုက်သည်။
“ ထန် ... ။ ”
“ ဖျစ် ... ။ ”
ပန်းသင်္ချိုင်းသည် သူ့လက်နှင့် ထိချိန်၌ သတ္တုကို ရိုက်မိသည့် အလား မီးပွား ထွက်ပေါ် လာ၏။
ထို့နောက် လက်တစ်ထောင် ဗုဒ္ဓကဲ့သို့ ကောင်းကင်၌ ဖြစ်စဉ်များ ထွက်ပေါ်လာကာ၊ လင်းယွန်ထံ တိုက်ခိုက် တော့၏။
“ ဟိတ် ... ။ ”
ပြိုင်ဘက် တစ်ရာနှင့် ရင်ဆိုင်နေရသည့် အလား၊ လက်သီးများကြား ခက်ခဲသော အနေ အထားသို့ ရောက်ရှိသွားသည်။
“ မဆိုးပါဘူး ... မင်းက ဗုဒ္ဓ လက် တစ်ထောင်ကို ပိတ်ဆို့ နိုင်တယ်၊ အနာဂါတ်မှာ ရွှေမျိုးဆက် ဉာဏ်ကြီးရှင် အဖြစ်နဲ့ ရပ်နေမယ် မထင်ဘူး၊ ကျော်ကြားမှု ရှိလာနိုင်တယ်။ ”
အဝါဝတ် အမျိုးသားက လင်းယွန်ကို ကြည့်ကာ ပြုံးပြီး၊ သုံးသပ်စကား ဆိုမိသည်။ သူ စကားပြော နေစဉ် လင်းယွန်မှ မြေပြင်ပေါ် ပြန်၍ ဆင်းသက် လိုက်ရသည်။
“ သွေးလ ဂိုဏ်းမှာ ... သခင် ခုနစ်ပါး ရှိတယ်၊ သူတို့က နတ်သားတော် ရာထူးအတွက် ပြိုင်ဆိုင်ကြတယ်၊ မအောင်မြင်တဲ့ သခင်တွေက သူ့ကျွန် ဖြစ်လာမယ် ... ၊ မင်းနောက်က အဖြူဝတ် လူငယ်က၊ ...
... နတ်သားတော် ဖြစ်လာပုံပဲ၊ သခင် ရှစ်းပါးထဲက အဖြူဝတ် သခင်က ကောင်းကင် ရေမြွေသွေးကို ပိုင်ဆိုင်ပြီး အားလုံးထဲမှာ အသတ်မာဆုံးပဲ၊ မင်ကတော့ ...
... အဝါရောင် သခင် ဖြစ်ပြီး ... အဲဒီ အမျိုးသမီးထက် ပိုသန်မာတယ် ... ငါပြောတာ ဟုတ်တယ် မဟုတ်လား။ ”
“ စိတ်ဝင်စားဖို့ ကောင်းတယ်၊ ငါတို့ အကြောင်း အများကြီး သိတဲ့ အတွက် မင်းကို အသက်ရှင်ခွင့် မပြုသင့်ဘူး ထင်တယ်။ ”
“ ဒါပေမယ့် မင်း မလုပ်နိုင်မှာ ငါကြောက်တယ်။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို လွှဲကာ ပြင်လိုက်သည်။ ဤတစ်ကြိမ်၌ ဓားရေးကို ပြောင်းလဲ ထား၏။
သူ့ထံမှ ရွှေရောင် အဆင်း သဏ္ဍာန်များ ကောင်းကင်ပေါ် ပျံတက်သွားကာ၊ မီးပင်လယ် ဖြစ်ပေါ် လာသည်။
ဤသည်မှာ ပိုးစုန်းကြူး နတ်ဓား သူတော်စင် ပုံစံ၏ အဆုံးစွန်သော တိုက်ခိုက်မှု သုံးခု အနက်မှ တစ်ခု ဖြစ်သည်။
“ ဝှစ် ... ။ ”
အဝါရောင် သခင်ကို အငိုက်မိ စေပြီး ပန်းသင်္ချိုင်းက လက်တစ်ထောင်ကို ဖြတ်ကာ ၎င်းရင်ဘတ်ထဲ ဝင်ရောက်သွား၏။
သို့သော် ပန်းသင်္ချိုင်းသည် သူ ထင်ထား သကဲ့သို့ အရေပြားထဲ ဖောက်ဝင်နိုင်ခြင်း မရှိဘဲ၊ ကွေးညွှတ်သွား တော့သည်။
***