အတားအဆီးအား ချိုးဖြတ်ခြင်း။
Vol. 150 Ch. 2095
မျက်စိတစ်မှိတ် အတွင်း သုံးရက် ကုန်လွန် သွားကာ၊ နိဗ္ဗာန်-နဝမမြောက် အထွတ်အထိပ် ရောက်ရှိ လာ၏။
နဂါးသွေးမီးတောက် စွမ်းအင်များ သည်လည်း၊ ဆယ်ပုံတစ်ပုံခန့် အသုံးပြုပြီး ဖြစ်ချေသည်။
စွန့်လွှတ် လိုက်သော ရောင်ဝါအရ၊ ဘုရင်တစ်ပါး၏ ကန့်သတ်ချက်သို့ ရောက်ရှိ နေပြီ ဖြစ်၏။
ဆိုလိုသည်မှာ ဆန္ဒရှိသော် အမည်ခံ သူတော်စင် နယ်မြေသို့ ပေါက်မြောက်နိုင်မည် ဖြစ်သည်။
နဂါးသွေး၏ အာနိသင်သည် နိဗ္ဗာန် ဆေးလုံးများ ထက်ပင် ပိုမို ကောင်းမွန် ချေ၏။ ထို့ကြောင့် အောင်မြင်မှု ထပ်မံ ပြုလုပ်ရန် ပြင်းပျသော ဆန္ဒများ ဖြစ်ပေါ် လာသည်။
နောက်ဆုံးတွင် ထိုဆန္ဒကို ဆင်ခြင်တုံ တရားဖြင့် ဖိနှိပ်ကာ၊ နဂါး သွေးမီးတောက်ထံ ကြည့်ပြီး အတွေးထဲ နစ်မျောသွား၏။
သူ့ရှေ့၌ လမ်းနှစ်သွယ် ရှိသည်။ တစ်လမ်းမှာ အမည်ခံ သူတော်စင် နယ်ပယ်နှင့် နောက်တစ်လမ်းမှာ ဒသမမြောက် နိဗ္ဗာန် အဆင့် ဖြစ်၏။
သူတော်စင် နယ်ပယ်သို့ သွားရောက်ရန် အန္တရာယ် တစ်စုံတစ်ရာ မရှိသော်လည်း နိဗ္ဗာန် ဒသမမြောက် အသွင်ကူးပြောင်းမှုသည် အန္တရာယ်များ ချေေသည်။
“ ဖြစ်စဉ်က အန္တရာယ် ရှိနေရင်တောင် နိဗ္ဗာန်-ဒသမ အဆင့် ရောက်ရင် ကြိုးစားရတာ တန်ပါတယ်။ ”
အဆုံးတွင် တုံ့ဆိုင်း မနေတော့ချေ။ မဟာ တာအိုသည် သူ့အပေါ် သက်ရောက်မှု များစွာ ပေးသည်။
မိုးပြာမူလ အဆင့်သို့ ရောက်လျှင်ပင် ထိုမဟာတာအိုကို ရင်ဆိုင်နိုင် ဦးမည် မဟုတ် သဖြင့် စွန့်စားလိုသည်။
အောင်မြင်ခဲ့သော် အင်ပါရီယန်၊ ပင်မနတ်ဘုရား၊ နဂါး သွေးလွှတ်ကြောနှင့် လောကနိယာမ ဟူသော နယ်ပယ် လေးပါး၌ ခိုင်မာသော အုတ်မြစ် ဖြစ်လာပေမည်။
ထို့ကြောင့် အမည်ခံ သူတော်စင်သို့ တက်လှမ်းချိန်၌ အခြား သူများထက် သာလွန် နေမည်မှာ သေချာ၏။
ခရမ်းငယ်က ဖီးနစ်သစ်ပင် အောက်တွင် တရား ထိုင်နေရာမှ လင်းယွန်ထံ ကြည့်လိုက် ပြီး၊
“ ဒီလူယုတ်မာက ... သူကိုယ်သူ သနား ငဲ့ညှာမှာ မဟုတ်ဘူး။ ”
-ဟု ဆိုလျက် ပျံသန်း လာသည်။
လင်းယွန်မှ ခရမ်းငယ်ကို ခေါင်းညိတ်ပြလျက်၊
“ သခင်မ နှစ်ယောက်က ငါ့မှာ အခြေခံ အုတ်မြစ် အလုံအလောက် မရှိဘူးတဲ့၊ ဒါပေမယ့် ဒီနဂါး သွေးမီးတောက်ရဲ့ တန်ဖိုးက ... သူတို့ ထင်ထားတာထက် ပိုကောင်းနေတယ်။ ”
စစ်မှန်သော နဂါး သေွးမီးတောက်သည် နဂါးသွေးကို ပုတီးစေ့ သဏ္ဍာန် သန့်စင်ထားခြင်း ဖြစ်သည်။
နဂါး သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်ခုကို ပိုင်ဆိုင် ထားခဲ့သောကြောင့် အကျိုး ကျေးဇူး နှစ်ဆရ၏။
၎င်းကို ဆယ်ပုံ တစ်ပုံမျှသာ သန့်စင် ခဲ့ရပြီးနောက်၊ နိဗ္ဗာန်-နဝမ အထွတ်အထိပ်သို့ ရောက်ရှိလာသည်။
“ ဖြစ်စဉ်က နောက်ပိုင်းမှာ နာကျင် လာလိမ့်မယ်၊ ဒါကြောင့် ဒါကို နင့်ပါးစပ်ထဲ ထည့်ထားလိုက်ပါ။ ”
ခရမ်းငယ်က အစိမ်းရောင် သစ်ရွက် တစ်ရွက် ထုတ်ယူပြီး လင်းယွန် ပါးစပ်ထဲ ခွံ့ပေး လာ၏။
“ ဖီးနစ် သစ်ရွက် ... ။ ”
ခရမ်းငယ်သည် ဖီးနစ် သစ်ပင်ကို ရတနာ အဖြစ် သဘောထားသူ ဖြစ်သဖြင့် လင်းယွန်မှ အံ့သြသွားသည်။
“ အခုတော့ ဒီတစ်ရွက်ပဲ ပေးနိုင်မယ်၊ ဖီးနစ်သစ်ပင်က အပင်ငယ် ဖြစ်ပေမဲ့ အဖိုးတန် လွန်းတယ်၊ သစ်ရွက်လေး တစ်ရွက်နဲ့တင် နင့် အသက် အတွက် အာမခံနိုင်တယ်၊ ကျရှုံး ခဲ့ရင်တောင် ပိုသန်မာလာ လိမ့်မယ်။ ”
“ ဒီအရွက်က မှော်ဆန်တာလား ... ထားတော့ ငါ မလိုအပ်ဘူး၊ မင်း ကိုယ်တိုင် သိမ်းထားလို့ ရတယ်။ ”
သစ်ရွက် ပေါ်၌ ရွှေရောင် အလင်းများ ယှက်သိုင်းလျက် ထူးခြားသော ရူရ်များ ရှိနေ လေသည်။
ဤအရာသည် အရွက်ကို လျှို့ဝှက် ဆန်းကြယ်သော အသွင်အပြင်မျိုး ဖြစ်စေပြီး ရှေးခေတ် ရောင်ဝါကို ပေးဆောင်၏။
တစ်ဖက်တွင် ၎င်းမှာ ခရမ်းငယ် အတွက် အသုံးဝင် သောကြောင့် လင်းယွန်မှ မသုံးလို ခဲ့ချေ။
“ နင် ဘယ်လောက် ကံကောင်းလဲ မသိဘူးလား၊ ဖီးနစ် သစ်ပင်မှာ အရွက်တွေ အများကြီး ရှိပေမယ့် ... ဖီးနစ် စွမ်းအင် ပါတဲ့ တစ်ရွက်က တစ်ရွက်ပဲ ရှိတယ်၊ ...
... ငါတောင် သူ့စွမ်းအားကို မနာလိုဘူး၊ ဖီးနစ်-နိဗ္ဗာန် ဆိုတာ နင် ကြားဖူးလား၊ ဖီးနစ်က နိဗ္ဗာန်ကို ခံယူပြီးတဲ့ အခါ ... သူတို့ ကျန်ခဲ့တဲ့ ပြာတွေကို သစ်ပင်တွေက စုပ်ယူတယ်၊ ...
... ဒီဖီးနစ် သစ်ပင်က ... အဲဒီလို ဖီးနစ်ရဲ့ နိဗ္ဗာန် ဖြစ်စဉ်မျိုး ဘယ်နှစ်ခါလောက် တေွ့ကြုံ ခံစားခဲ့ရမှန်း ... ငါတောင် မသိနိုင်ဘူး။ ”
ခရမ်းငယ်မှ ပြော၏။ ဤသစ်ရွက်ကို နတ်ဖီးနစ် သစ်ရွက်ဟု ခေါ်ခြင်းသည်သာ အသင့်လျော်ဆုံး ဖြစ်ပေမည်။
“ ကောင်းပြီ ... ၊ ငါစမ်းကြည့်မယ်။ ”
လင်းယွန်က ပါးစပ်ဟကာ သစ်ရွက်ကို ဝါးစားလိုက်၏။
“ ဒါကမှ နင်နဲ့ ပိုတူတယ် ... နင်တစ်ခုခု ဖြစ်သွားမှာ ငါ စိုးရိမ်တယ်၊ နင် မရှိရင် ငါ့ကို နဂါး သူတော်စင် သေွးရည်ကြည် ရအောင် ကူညီမဲ့လူ မရှိတော့ဘူး။ ”
ခရမ်းငယ် စကားကြောင့် လင်းယွန်မှ ပြုံးမိသည်။ သို့သော် စကား မပြောတော့ဘဲ၊ နိဗ္ဗာန်-ဒသမ အဆင့်သို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်၏။
နဂါး သွေးမီးတောက်မှ နဂါးသွေးများ ခန္ဓာကိုယ်ထဲ စီးဝင်လာပြီး နှလုံးသားနှင့် ပေါင်းစည်းသွားသည်။
နဂါး ဟောက်သံ များက ကြောက်စရာ ကောင်းသည့် မိုးခြိမ်းသံများ ကဲ့သို့ ပဲ့တင်ထပ် လာတော့၏။
ပုံမှန်အားဖြင့် အမည်ခံ သူတော်စင် နယ်ပယ်ကို ဝင်ရောက်ကာ၊ သူတော်စင် တာအို နားလည်အောင် ကြိုးစားရမည် ဖြစ်သည်။
သို့သော် သူ၏ ရန်သူများ အစွမ်းထက် လွန်းသောကြောင့် ထိုနည်းလမ်းကို ရွေးချယ်ပြီး သက်သောင့်သက်သာ နေရန် အချိန်မရှိချေ။
ဓားနတ်ဘုရား ဖြစ်လိုသော်၊ သဘာဝ အားဖြင့် မျှော်လင့်ချက် မြင့်မြင့် မားမား ရှိရ ပေမည်။
သူ့ခန္ဓာကိုယ် အတွင်း စွမ်းအင်လှိုင်းများ ရိုက်ခံရ ပြီးနောက်၊ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ ခန္ဓာကိုယ် တုန်ခါသွား၏။
အရှုံးမပေးဘဲ ဒဏ်ရာများကို ကုစားရန် နဂါးပြာ အရိုးကို အသုံးပြလျက် ဆက်ကြိုးစား နေမိသည်။
အကြိမ် တစ်ထောင်ပြည့် ပြီးနောက် နိဗ္ဗာန် ဒသမမြောက် အဆင့်၏ အတားအဆီးထံ ထိမိ လာလေသည်။
အသက် ပြင်းပြင်း ရှူကာ နဂါး သွေးမီးတောက်ကို မှန်မှန် သန့်စင် နေခဲ့သည်။ တစ်ရက်ခွဲ ကြာသော အခါ နောက်ဆုံး အတားအဆီး ပွင့်သွားသည်။
“ ခရစ် ... ။ ”
ခန္ဓာကိုယ် အနှံ့ အက်ကွဲကြောင်းများ ပေါ်လာပြီး သွေးများ ယိုစီးကျ လာတော့၏။ ဤအချိန်သည် အရေးကြီးဆုံး ဖြစ်သည်။
သွေးလည်ပတ်မှု ရပ်တန့် လိုက်ပါက ခန္ဓာကိုယ် ကွဲသွားပေမည်။ လူများစွာသည် ကြိုးစားနေစဉ် ဤနာကျင်မှုကြောင့် မူးမေ့ လဲကျကာ အရှုံးပေး သွားကြ၏။
ပြန်သတိရ လာချိန်၌ ကျင့်ကြံမှု ဆုံးရှုံးသွားမည် ဖြစ်သည်။ အန္တရာယ်များပြီး ရက်စက်ချေပြီ။
ဤအတွေ့အကြုံမျိုးကို သုံးကြိမ် တိုင်တိုင် ကြုံတွေ့ ခဲ့ရပြီး ဖြစ်ရာ၊ ယခု တစ်ကြိမ် ၌လည်း ခြွင်းချက် မဟုတ်ချေ။
ထို့ပြင် နက်နဲသော အုတ်မြစ်ကြောင့် ဤတစ်ကြိမ် အောင်မြင်မှု ရယူရာတွင် ပို၍ နာကျင်ရ လေသည်။
***