နိဗ္ဗာန် ဒသမ အဆင့်။
Vol. 150 Ch. 2096
လင်းယွန် မတော်တဆ ဖြစ်မည်ကို စိုးရိမ် နေသောကြောင့် ခရမ်းငယ်က ဘေးမှ ရပ်ကြည့် နေသည်။
သို့သော် မအောင်မြင် လျှင်ပင် နတ်ဖီးနစ် သစ်ရွက်ကြောင့် ဒဏ်ရာ ကြီးကြီးမားမား ခံစား ရမည် မဟုတ်နိုင်ချေ။ အတင်းအကြပ် လုပ်ယူမှ သာလျှင် သေမည် ဖြစ်၏။
“ စောင့် ကြည့် မယ် ... ။ ”
ဝတ်ရုံစကို ချေမွှလျက် အံကြိတ်ထား၏။ ထိုစဉ် လင်းယွန်ထံမှ နိဗ္ဗာန်ရောင်ဝါ ထွက်ပေါ် လာပြီး၊ ဒွါရခုနစ်ပါးမှ သွေးများ ထွက်လာသည်။ အန္တရာယ် ရှိသော အနေအထား ဖြစ်၏။
“ လင်းယွန် ... ။ ”
ခရမ်းငယ်မှ အော်သည်။ လင်းယွန်၏ ဦးခေါင်း ငိုက်ကျသွားကာ မျက်နှာ ဖြူဖျော့သွား တော့၏။ အဆိုပါ မြင်ကွင်းက သူမကို ထိတ်လန့် သွားစေသည်။
သို့သော် လင်းယွန်မှ စိတ်မလျှော့ဘဲ၊ နဂါး သွေးမီးတောက်ကို ဆက်၍ သန့်စင်နေခဲ့သည်။ ထိုစဉ် မြင့်မြတ်သော မီးလျှံများ လောင်ကျွမ်း လျက် နတ်ဖီးနစ် သစ်ရွက် အသက်ဝင်လာ၏။
လင်းယွန်ထံမှ ဖီးနစ် တစ်ကောင် ပြေးထွက်လာပြီး ဒဏ်ရာများ လျင်မြန်စွာ သက်သာ လာခဲ့သည်။
တစ်ချိန်တည်း မှာပင်၊ ခရမ်းရောင် နန်းတော်အတွင်းရှိ ကြယ်များသည် ဆယ်ပွင့် အထိ တိုးလာကာ၊ ခရမ်းရောင် နန်းတော်ကြီး ကျယ်ပြန့်လာ၏။
ဆိုလို သည်မှာ နိဗ္ဗာန်-ဒသမ အသွင် ကူးပြောင်းရေးသို့ အောင်မြင်စွာ ရောက်ရှိ သွားပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နိဗ္ဗာန် ရောင်ဝါ သည်လည်း သူတော်စင် ရောင်ဝါ ကဲ့သို့ လင်းပ လာ၏။ ကြောက်မက်ဖွယ် အရည်အသွေးမျိုး ကူးပြောင်း ကုန်သည်။
မိုးပြာမူလ အဆင့် အမည်ခံ သူတော်စင် တစ်ပါးနှင့် ယှဉ်နိုင်သော ရောင်ဝါများ သိုင်းခြုံ နေတော့၏။
ကြယ်ဆယ်လုံးက ခရမ်းရောင် နန်းတော် အတွင်း လှည့်ပတ် နေသည်။ နိဗ္ဗာန် ရောင်ဝါမှာ အသက် စွမ်းအားများ ပါ၀င်သော ကြက်သွေးရောင် အဖြစ် ပြောင်းလဲသွား၏။
“ လောက နိယာမ နယ်ပယ် ... အထွတ်အထိပ် ... နိဗ္ဗာန် ဒသမ အဆင့် ဆိုတာ တကယ် ရှိတာပဲ။ ”
ခရမ်းရောင် နန်းတော် အတွင်းမှ ကြယ်ဆယ်လုံးကို ကြည့်ကာ ကျေေနပ်သွား၏။ ဤတစ်ကြိမ် အသွင် ကူးပြောင်းမှု ပုံစံသည် မည်မျှ အစွမ်းထက် မည်ကို မြင်ချင်သည်။
“ အဓိပတိ နဂါး တံဆိပ် ... ။ ”
ပြည့်လျှံနေသော ကြက်သွေးရောင် နိဗ္ဗာန်ရောင်ဝါများဖြင့် ကောင်းကင်ပေါ် ပျံတက် လိုက်သည်။
ခန္ဓာကိုယ် နီရဲလျက် မီးတောင်ထိပ်တွင် လောင်ကျွမ်းနေသော ချော်ရည်ပူပူ များနှင့် တူလာ၏။
“ ဝုန်း ... ။ ”
အဓိပတိ နဂါးတံဆိပ်ကို ထုတ်လွှတ် လိုက်သောအခါ အာကာပြင် အက်ကွဲသွားပြီး လျှို့ဝှက်နယ်မြေ တစ်ခုလုံး တုန်ခါသွားသည်။
“ ဘာစွမ်းအား ကြီးလဲ။ ”
လင်းယွန်က သူ့လက်များကို ရွှင်မြူးစွာ ကြည့်ပြီး၊ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်လေသည်။
“ ငါ့ရဲ့ နိဗ္ဗာန် ရောင်ဝါက အခု ... သူတော်စင် ရောင်ဝါကို ထိပ်တိုက် ရင်ဆိုင်နိုင်ပြီ။ ”
စိတ်လှုပ်ရှား သွားသည်။ အမှန်အတိုင်း ဝန်ခံရသော် အမည်ခံ သူတော်စင် များကို သူ ကြောက်ရွံ့ ချေ၏။
နိဗ္ဗာန် ရောင်ဝါနှင့် သူတော်စင် ရောင်ဝါ ဟူသည် လုံးဝ ခြားနားသော အဆင့် ဖြစ်သည်။ ထို့ကြောင့် အစွမ်းထက်သော အခြေခံ အုတ်မြစ် ဖြင့်ပင် သူတော်စင် ရောင်ဝါကို ဆန့်ကျင်ခြင်း မပြုနိုင်ခဲ့ချေ။
သစ်သားကို သတ္တုနှင့် နှိုင်းယှဉ်၍ မရနိုင်သော ကွာဟချက်မျိုး ဖြစ်၏။ ထို့ကြောင့် အမည်ခံ သူတော်စင်နှင့် ရင်ဆိုင်ရချိန်၌ ဓားကိုသာ အားကိုး ခဲ့ရသည်။
“ ဟီးဟီး ... နိဗ္ဗာန် ဒသမမြောက် အသွင်ကူးပြောင်းမှု ... နင်က အထင်ကြီး စရာ ပါလား၊ နင့် အရည်အချင်းက အိုင်းရစ်ဓား သူတော်စင်ထက် အားမနည်းဘူး၊ ဉာဏ်ကြီးရှင် အဖြစ် ယူဆနိုင်တယ်။ ”
ခရမ်းငယ်၏ နူးညံ့ပြီး အပြစ်ကင်းသော မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ပွင့် ပွင့်လာ၏။ သူမက လင်းယွန် အနားသို့ လျှောက်လှမ်း လာသည်။
“ နတ်ဖီးနစ် သစ်ရွက်ရဲ့ ကျေးဇူးပဲ၊ ဒီလိုမှ မဟုတ်ရင် အောင်မြင်မှု တစ်ခုကို ... ပြုလုပ်နိုင် ခဲ့ရင်တောင်မှ ... အခုလို မြန်မြန်ဆန်ဆန် ပြန်ကောင်း လာနိုင်မှာ မဟုတ်ဘူး။ ”
“ ငါ ဘယ်လောက် အစွမ်းထက်တယ် ... ဆိုတာ သိပြီ မဟုတ်လား၊ နတ်ဖီးနစ် အရွက်က စစ်မှန်တဲ့ ရတနာပဲ၊ နင့်စီနီယာ အစ်မ ပေးခဲ့တဲ့ နဂါး သွေးမီးတောက်တောင် ငါ့သစ်ရွက်ကို ယှဉ်လို့ မရသေးဘူး။ ”
ခရမ်းငယ်မှ ဂုဏ်ယူစွာ ပြောသည်။ လင်းယွန်က ပါးစပ် ဟောင်းလောင်း ဖြစ်သွား လေသည်။ ခရမ်းငယ်သည် သူ့စီနီယာ အစ်မကို မမြင်ရ သေးခင်မှာပင် ပြိုင်ဆိုင်နေ၏။
“ မင်းပြောတာ မှန်တယ် ... ။ ”
လင်းယွန်က ပြုံးကာ ဝန်ခံလိုက်သည်။
“ ဟမ့် ... အခု မင်းရဲ့ အစီအစဉ်တွေက ဘာတွေလဲ၊ နဂါးပြာ မှတ်တမ်း ပေါ်ဖို့ လေးလ လိုသေးတယ်၊ နိဗ္ဗာန်-ဒသမ အဆင့် လောက်နဲ့ မလုံလောက်မှာ၊ ...
... ငါ ကြောက်မိတယ်၊ ကြယ်ဓား ရည်ရွယ်ချက်ကို ပြီးပြည့်စုံအောင် ကြိုးစား ကြည့်ပါလား။ ”
“ ငါလည်း ဒီလို စိတ်ကူးထားတယ်၊ ဒါပေမယ့် မဟာနေမင်း သူတော်စင် ဆေးလုံးနဲ့ မဟာ လမင်း သူတော်စင် ဆေးလုံးကို အားကိုး ရင်တောင် လွယ်မှာ မဟုတ်ဘူး၊ ပြဿနာက ကြယ်ဓားနှစ်လက် မို့ပဲ။ ”
အစွမ်းထက်သော ကြယ်ဓားထက် စစ်မှန်သည့် ဝှက်ဖဲမှာ ကြယ်ဓားနှစ်လက် ဖြစ်လာသည်။
“ ဒါတော့ ငါလည်း မကူညီနိုင်ဘူး ... ၊ ဒါပေမယ့် ကောင်းကင် တာအိုဂိုဏ်း ဆိုတာ သမိုင်းကြောင်း ရှည်လျားလို့ မှတ်တမ်းတွေ ရှိနိုင်တယ်။ ”
ခရမ်းငယ်မှ အကြံပေးသည်။
“ မင်းပြောတာ မှန်တယ်၊ ကောင်းကင် စက်ဝန်း ဘုံကျောင်း သွားမယ်၊ သူက ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ် ဖြစ်တာမို့ အမွေတွေ ရှိနေနိုင်မယ်။ ”
ထို့နောက် မရဏ မိုးကြိုး တောင်ထိပ်မှ ဆင်းကာ၊ ကောင်းကင် စက်ဝန်း ဘုံကျောင်းထံ ဦးတည် လာခဲ့သည်။
မဟာ သူတော်စင်၏ သီးသန့် တပည့်ဖြစ်သဖြင့်၊ အလယ်ဗဟိုသို့ မဝင်သရွေ့ မည်သူမျှ တားမည် မဟုတ်ချေ။
ဘုံကျောင်း အတွင်း အချိန်များ နှေးကွေးသွား ပေမည်။ ၎င်းအတွင်း တစ်နှစ် ဟူသော အချိန်ကာလသည် ပြင်ပကမ္ဘာ၏ သုံးရက်နှင့် ညီမျှသည်။
သခင်မ နှစ်ပါး၏ စကားအရ၊ အချိန်-အာကာသ ရတနာများသည်၊ သဘာဝ တရား၏ ဖြစ်ခြင်း-ပျက်ခြင်းကို နှောင့်နှေးစေသည် မဟုတ်ချေ။
ထို့ကြောင့် လုံလောက်သော သက်တမ်းမျိုး ရှိမနေသော်၊ ကောင်းကင် စက်ဝန်း ဘုံကျောင်း အတွင်း ကျင့်ကြံ နေလျက်မှ အသက် ဆုံးရှုံး သွားနိုင်သည်။
ဤအရာက သူ့ကို ပို၍ သတိ ကြီးစေ၏။ ဘဝသုံးပါး သစ်သီးကို အကြိမ်များစွာ အသုံးပြု ထားပြီး ဖြစ်သောကြောင့် အသုံးမပြုဘဲ နေသည်မှာ အကောင်းဆုံး ဖြစ်သည်။
ကောင်းကင် စက်ဝန်း ဘုံကျောင်းသို့ ရောက်သောအခါ သူ့နောက်မှ အသံ တစ်သံ ထွက်ပေါ်လာ၏။
“ ယဲ့ချင်းရှန် ... နောက်ဆုံးတော့ ကောင်းကင် စက်ဝန်း ဘုံကျောင်းထဲ ... နင် ဝင်ပြီပေါ့။ ”
ဝမ်မူယန်မှ ပြုံးပြုံးရွှင်ရွှင်ဖြင့် လျှောက်လှမ်း လာခဲ့သည်။
“ ဘာလို့လဲ ... အခု ငါဝင်လို့ မရဘူးလား။ ”
“ နဂါးပြာ မှတ်တမ်းက မကြာခင် ရောက်လာတော့မယ်၊ ဒါကြောင့် ကောင်းကင် စက်ဝန်း ဘုံကျောင်း အတွင်းမှာ ကျင့်ကြံဖို့ ငါလာတာ၊ အထဲမှာ အချိန်တွေက ...
... ငြီးငွေ့စရာ ပဲလို့ တွေးနေတာ ... ၊ အခုတော့ ငါ့အနားမှာ နင်လည်း ... ရှိနေပြီ ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပြီ။ ”
ဝမ်မူယန်မှ ပြောသည်။ နဂါးပြာ မှတ်တမ်းသည် လေးလအတွင်း ပေါ်လာမည် ဖြစ်သဖြင့်၊ ဤနေရာသို့ ယဲ့ချင်းရှန် ရောက်လာ သည်မှာ မထူးဆန်းချေ။
***