ဟင်းထဲကိုငရုတ်သီးလေး ထည့်ပေးလိုက်မယ်
Vol. 13 Ch. 185
အခန်း (၁၈၅) ဟင်းထဲကိုငရုတ်သီးလေး ထည့်ပေးလိုက်မယ်
ထန်ယုံဟောင် အမှတ်တမဲ့ ပြောလိုက်သောစကားများမှတစ်ဆင့် ရန်ကျောက်ကဲ သတင်းအချက်အလက်များ ရရှိလိုက်သည်။
ပထမတစ်ချက်မှာ ဟွမ်ကျိသည် သူ့အကြောင်းကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။ သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်သည် သေချာပေါက် နိမ့်ကျခြင်း မရှိနိုင်ပေ။
ဒုတိယအချက်မှာ သူ့ကို အလစ်ချောင်းတိုက်ခိုက်ရန်ကြံစည်သည့် သိုင်းဆရာသခင်မှာ ဟွမ်ကျိ မဖြစ်နိုင်ဆိုသည့်အချက် ဖြစ်သည်။
နေသူတော်စင်ဂိုဏ်းမှ အခြားတပည့်များ မိစ္ဆာချီနယ်မြေထဲ ကျရောက်ခြင်းမရှိပါက ဤကိစ္စတွင် ဟွမ်ကျိက သံသယဖြစ်စရာ အလွန်ကောင်းသည်။
ရန်ကျောက်ကဲက မျက်ခုံးများကို တစ်ချက်ပွတ်သပ်လိုက်ရင်း...
“စောစောက မိုးပျံကျွန်းပြိုကျတော့ အစ်ကို’ထန်’ ကောင်းကင်မိုးကြိုးခန်းမက တပည့်တွေကို ကယ်ထုတ်သွားတာ တွေ့လိုက်ရတယ် ၊ သူတို့ရော ဘယ်လိုလဲ”
ထန်ယုံဟောင်က...
“သူတို့အားလုံး အန္တရယ်မရှိဘဲ အောက်ကို ဆင်းလာနိုင်ခဲ့ကြတယ် ၊ ဘယ်သူမှ တွင်းနက်ထဲကို ကျမသွားကြဘူး ၊ ဒါပေမဲ့ ငါက ဒီမိစ္ဆာချီနယ်မြေထဲ ကျသွားတော့ ညီလေး’ရှဲ့ကျစ်ယီ’ နဲ့ လူချင်းကွဲသွားတယ်”
သူက ဆက်ပြောသည်။
“နောက်တော့... ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သိုင်းသမားတွေကိုနှိမ်နင်းဖို့ ရောက်နေတဲ့ ကောင်းကင်မိုးကြိုးခန်းမက သိုင်းဆရာသခင်တစ်ယောက် ရောက်လာတယ် ၊ ညီမလေး’ချန်လင်း’နဲ့ တခြားသူတွေကို သူ့လက်ထဲအပ်ခဲ့ပြီး ငါက ဂိုဏ်းတူညီလေး’ဟွမ်ကျိ’ နဲ့ တခြားသူတွေကို လိုက်ရှာနေတာ”
ထိုသို့ပြောရင်း ထန်ယုံဟောင်က သူ၏ဘယ်ဘက်လက်ကောက်ဝတ်တွင်ချည်ထားသည့် ဆွဲပြားလေးတစ်ခုကို မြှောက်ပြလိုက်သည်။ ထိုဆွဲပြားလေးက မိစ္ဆာချီအမှောင်ထုထဲတွင် နေရောင်ခြည်ပမာ တောက်ပနေ၏။
“ဒါလေးနဲ့ဆိုရင် ဂိုဏ်းတူညီလေး’ဟွမ်’နဲ့ တခြားသူတွေကို ဒီမိစ္ဆာချီနယ်မြေထဲမှာ လိုက်ရှာဖို့ သိပ်မခက်တော့ပါဘူး”
ရွှီဖေးက...
“ကျောက်ကဲ... မင်း အခု ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...
“သြော်... ကျွန်ေတာ် ကြည်လင်လျှို့ဝှက်ရေကန် အလယ်ဗဟိုက အစီအရင်တည်ရှိတဲ့နေရာကို သွားကြည့်ဖို့စိတ်ကူးထားတယ်”
သူက ထန်ယုံဟောင်ကို တစ်ချက်လှမ်းကြည့်ရင်း ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။
သူ့စကားကိုကြားတော့ ရွှီဖေးရော ထန်ယုံဟောင်ပါ ထိတ်လန့်သွားကြပြီး...
“မင်းက ဘာရည်ရွယ်ချက်နဲ့ အဲဒီကိုသွားမှာလဲ”
ရန်ကျောက်ကဲက...
“ကျွန်တော်တို့အကြီးအကဲတွေရဲ့ အစီအစဉ်မှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ရှင်းနေတာပဲ ၊ ကြည့်ရတာ ကျွန်တော်တို့ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းက အကြီးအကဲကြီးတွေကြားထဲမှာ သူလျိုတွေရှိနေတာ အသေအချာပဲ ၊ ဒါကြောင့်လည်း ကျွန်တော်တို့အစီအစဉ်ကို ရန်သူဘက်က သိရှိသွားပြီး တန်ပြန်အသုံးချနိုင်သွားတာပေါ့ ၊ ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းက လောလောဆယ်မှာ သိပ်ပြီး သတိထားမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲမျက်ဝန်းများမှ အေးစက်သောအလင်းရောင်များ လင်းလက်လာပြီး...
“ဒါကြောင့်... ညီမျှချင်းထဲကို အကြောင်းအရာအသစ် နည်းနည်းပါးပါး ထပ်ပေါင်းထည့်ပေးလိုက်မယ် ၊ သူတို့အတွက် ပိုစားကောင်းသွားအောင် ဟင်းထဲကို ငရုတ်သီးလေးထည့်ပေးလိုက်မယ်လေ”
သိုင်းပညာရှင်အဆင့်မျှသာရှိသော ရန်ကျော်ကဲက သိုင်းဆရာသခင်အဆင့် တိုက်ပွဲအခြေအနေတစ်ခုတွင် ညီမျှခြင်းတွင် မည်သို့သောအကြောင်းအရာများ ထပ်ပေါင်းထည့်မည်ကို ရွှီဖေးရော ထန်ယုံဟောင်ရောက မေးခွန်းထုတ်ခြင်း မရှိပေ။
ရွှီဖေးက ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်ရင်း...
“မင်းတစ်ယောက်တည်းဆိုရင် အန္တရယ်များတယ် ၊ ငါလည်း လိုက်ခဲ့မယ်”
သူက ဆက်ပြောသည်။
“ဒါနဲ့ ကျောက်ကဲ ၊ မင်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခု ရထားတယ်လို့ ငါကြားတယ် ၊ ဒီတော့ မင်းအနေနဲ့ တကယ်ပဲ မျှော်လင့်မထားတဲ့အရာတွေကိုပြုလုပ်ဖို့ အလားအလာကောင်း ရှိနိုင်ပါတယ် ၊ ငါ့စိတ်ရင်းနဲ့ပြောရရင် ဒီ ရွှီမျိုးနွယ်ပဲဖြစ်ဖြစ် ၊ အစ်ကို’ထန်’ ပဲဖြစ်ဖြစ် ငါတို့ (၂)ယောက်လုံးရဲ့ အစွမ်းနဲ့တောင် သိုင်းဆရာသခင်အဆင့် တိုက်ပွဲတစ်ခုမှာ ဝင်မပါနိုင်ကြဘူး”
“ဘာပဲဖြစ်ဖြစ် အခု မိစ္ဆာချီနယ်မြေမှာ စွမ်းအားမြင့်မားတဲ့ သိုင်းဆရာသခင်တွေသာမက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သိုင်းပညာရှင်တွေနဲ့ အားနည်းတဲ့သိုင်းဆရာသခင်တွေလည်း အများကြီး ရှိကြတယ်လေ ၊ စောစောက ငါတို့ကို တိုက်ခိုက်တဲ့သိုင်းဆရာသခင်ဆိုရင် အရမ်းစွမ်းအားမကြီးဘူး”
“ငါက အရည်အချင်းမရှိလို ဒီအခြေအနေမှာ အများကြီး ကူညီပေးနိုင်မှာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ ဒီခရီးမှာ မင်းရဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ထိန်းချုပ်ချင်တယ်ဆိုရင် ငါ တတ်နိုင်သမျှ ကူညီပေးမယ် ၊ ဒါဆို မင်းအနေနဲ့ အချိန်ရော စွမ်းအားရော အများကြီးသက်သာလိမ့်မယ် ၊ ဒါမှ မင်းလည်း စွမ်းအားနည်းနည်းပါးပါး ချန်ထားနိုင်မယ် မဟုတ်လား ၊ မင်းထိန်းချုပ်ရမယ့်ပစ္စည်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခုဆိုတော့ သူ့ကိုထိန်းချုပ်ရင်း မင်းရဲ့စွမ်းအားတွေကုန်ဆုံးသွားရင် ပြန်နလန်ထူဖို့ အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်လိမ့်မယ်”
ရွှီဖေးက ဆိုသည်။
ထန်ယုံဟောင်က စိတ်ခံစားချက်အပြည့်ဖြင့် ဝင်ပြောသည်။
“ဒါဆို ငါ့ကိုလည်းထည့်တွက်ကွာ”
လက်ရှိအခြေအနေက အရေးကြီးဆုံးအခြေအနေဖြစ်လေရာ ရန်ကျောက်ကဲက ချက်ချင်းခေါင်းညိတ်လိုက်သည်။
“ဒါဖြင့် အစ်ကို (၂)ယောက်ကို ကျောက်ကဲ ကျေးဇူးတင်ပါတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ပန်ပန်ကို အသာပွတ်သပ်ပေးရင်း...
“ဂိုဏ်းတူညီမလေး’စစ်ခုန်’ကို မင်းနဲ့အတူခေါ်သွားပြီး တစ်နေရာမှာ ပုန်းနေလိုက် ၊ ပြီးရင် ငါတို့ဂိုဏ်းက စစ်ကူရောက်လာတဲ့အထိ ၊ ဒါမှမဟုတ် ဒီပြဿနာကြီး ပြေလည်သွားတဲ့အထိ စောင့်နေလိုက်ပါ”
ပုံမှန်အားဖြင့် အေးစက်နေတတ်သည့် စစ်ခုန်ချင်း၏ မျက်ဝန်းများထဲတွင် ရှားရှားပါးပါး တုန်လှုပ်ချောက်ချားသည့် ခံစားချက်များကို တွေ့လိုက်ရသည်။
သူမက ကျင့်ကြံခြင်းအဆင့် အားနည်းသည့်အတွက် ရန်ကျောက်ကဲနှင့် ရွှီဖေးက သူမကို ခေါ်ဆောင်မသွားခြင်းအပေါ် သူမက စိတ်ပျက်ခြင်း မရှိခဲ့ပေ။ သို့သော် ဤအခြေအနေတွင် သူမက အကူအညီမပေးနိုင်ဘဲ ဝန်ထုပ်ဝန်ပိုးကိုသာ ဖြစ်စေသည့်အတွက် စိတ်မကောင်း ဖြစ်မိသည်။
ရန်ကျောက်ကဲက သူမကို ကြည့်လိုက်ရင်း...
“ငါတို့သွားမယ့်ခရီးက အန္တရယ်များတယ် ၊ မင်းကိုခေါ်လာရင် ပိုပြီး အန္တရယ်ရှိနိုင်တယ်”
“ဒီတော့... ဂိုဏ်းတူညီမလေး’စစ်ခုန်’ ၊ ပန်ပန်က မင်းကို ကာကွယ်ပေးနိုင်တယ် ၊ ကောင်းကင်ချိတ်ဆက်အဆင့်အောက် ဘယ်သိုင်းသမားနဲ့တွေ့တွေ့ မင်းအတွက် အဆင်ပြေပါတယ် ၊ ဒါပေမဲ့ ရန်သူတွေအများကြီးရှိတဲ့နေရာမျိုးဆိုရင်တော့ သတိထားပြီးရှောင်သွားတာ အကောင်းဆုံးပဲ”
စစ်ခုန်ချင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူမစိတ်များ အရင်အတိုင်း ပြန်လည်တည်ငြိမ်သွားသည်။
သူမက ခေါင်းညိတ်ရင်း...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ စိတ်ချပါ ၊ ကျွန်မနားလည်ပါတယ် ၊ အစ်ကိုကြီးလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
ရန်ကျောက်ကဲက ပန်ပန်၏ကြီးမားသောဦးခေါင်းကြီးကို အသာပွတ်သပ်လိုက်ရင်း...
“အားဟူနဲ့ပန်ပန်က တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးတယ် ၊ ဒီနေရာက မိစ္ဆာချီနယ်မြေဆိုပေမယ့် အားဟူက သူ့ကို ရှာတွေ့နိုင်လိမ့်မယ် ၊ သူသာ ရန်သူနဲ့မတွေ့ဘူးဆိုရင် အခု ဒီနေရာနဲ့ သိပ်တောင်မဝေးလောက်တော့ဘူး ၊ အချိန်မရှိလို့ ငါတော့ အားဟူကို မစောင့်နိုင်တော့ဘူး ၊ ဒါပေမဲ့ မင်းတို့တွေတော့ သူ့ကိုစောင့်လိုက်ကြပါ ၊ အားဟူကိုတွေ့ပြီဆိုရင် သိုင်းဆရာသခင်အဆင့်ကို ရင်ဆိုင်ရရင်တောင် အန္တရယ်မရှိနိုင်တော့ဘူး”
ပြီးမှ သူက သတိပေးစကားဆိုသည်။
“ဒါပေမဲ့ စောစောက ရန်သူပြန်လာမှာစိတ်ပူရလို့ ဒီနေရာမှာတော့ စောင့်မနေကြနဲ့ပေါ့”
ထို့နောက် ပန်ပန်က မသွားချင်သွားချင် အင်တင်တင်ဖြင့် စစ်ခုန်ချင်းကို ခေါ်ဆောင်ပြီး ထွက်ခွာသွားသည်။ ရန်ကျောက်ကဲက ပန်ပန်ကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်၏။ ထိုအကောင်ကြီးသည် စစ်ခုန်ချင်းကို ခေါ်ဆောင်ပြီး တခြားနေရာသို့ ထွက်ခွာသွားရသည်ကို မှားယွင်းသည့်လုပ်ရပ်ဟု ယူဆနေဟန်ရှိသည်။
ရန်ကျောက်ကဲတို့ (၃)ယောက်သည်လည်း ချက်ချင်းပင် ထွက်ခွာလာကြသည်။
“ဒီကိစ္စပြီးသွားရင်တော့ ငါ အစီအရင်ပညာနဲ့ပတ်သက်ပြီး သေသေချာချာ သုတေသနလုပ်ရမယ် ၊ အဲဒီပညာနဲ့ပတ်သက်လို့ ငါ သိပ်ပြီးမကျွမ်းကျင်တာ မုန်းစရာကောင်းလိုက်တာ”
ရန်ကျောက်ကဲ၏ အစီအရင်ပညာက ကျင့်ကြံခြင်းအဆင့်တူသူများထက် သာလွန်သည်။ သို့သော် အစီအရင်ကို ထိန်းချုပ်သူက သိုင်းဆရာသခင်တစ်ယောက် ဖြစ်နေမည်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်ကွာြခားမှုအပေါ် မူတည်ပြီး အစီအရင်ကိုထိန်းချုပ်နိုင်မှုစွမ်းအား ကွာခြခားသွားမည် ဖြစ်သည်။ ထိုအခါ အလုပ်များကို လွယ်လွယ်ကူကူ ပြုလုပ်နိုင််တော့မည် မဟုတ်ပေ။
လမ်းလျှောက်ရင်း ရန်ကျောက်ကဲက အစီအရင်ကို ပုံဖော်လာပြီး ရွှီဖေး ၊ ထန်ယုံဟောင်တို့နှင့်အတူ မိစ္ဆချီနယ်မြေထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်။
လက်ရှိတွင် မိစ္ဆာချီများက အလွှာလိုက်အလွှာလိုက် ဖုံးလွှမ်းနေသည့်တိုင် ပြင်းထန်သည့် ဝိညာဉ်စွမ်းအားများနှင့် ပြင်းထန်သောတိုက်ပွဲများဖြစ်နေကြောင်းကို သူတို့အားလုံး အာရုံခံမိနေသည်။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်မှာ ထင်ရှားသည်။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သူလျှိုများကိုအသုံးချပြီး အောင်မြင်စွာတန်ပြန်တိုက်ခိုက်နိုင်ခဲ့သော်လည်း လူအင်အားတော့ နည်းပါးဟန်ရှိသည်။
သို့ပေသိ အချိန်ကြာလာသည်နှင့်အမျှ မိစ္ဆာချီနယ်မြေက ပိုပြီးတည်ငြိမ်လာဟန်ရှိကာ ငရဲကိုးထပ်မှထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာရောင်ဝါသည်လည်း ပိုမိုကြောက်မက်ဖွယ်ရာကောင်းလာသည်။
ထိုပြဿနာကိုသာ အလျှင်အမြန် မဖြေရှင်းနိုင်ပါက ငရဲကိုးထပ်အက်ကြောင်းပွင့်လာပြီး အဆုံးဆုံးအခြေအနေတစ်ခုသို့ သေချာပေါက် ကျရောက်သွားပေလိမ့်မည်။
ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှ တိုက်ပွဲဝင်နေကြသည့် သိုင်းကျင့်ကြံသူများသည် ဤအချက်ကို ရှင်းရှင်းလင်းလင်းနားလည်သည့်အတွက် ပိုမိုပြင်းထန်လာသည့် မိစ္ဆာချီနယ်မြေကို ပြိုကွဲသွားစေရန်အတွက် အဆက်မပြတ် တိုက်ခိုက်မှုများ ပြလုပ်နေခဲ့ကြသည်။
သူတို့ (၃)ယောက် ရှေ့ဆက်လျှောက်လာစဉ်...
ရုတ်တရက် သူတို့ရှေ့တွင် မှော်သင်္ကေတနှင့် ဝိညာဉ်သင်္ကေတများ မရပ်မနားလည်ပတ်နေသော အနက်ရောင်အလင်းတန်းကြီးတစ်ခု လင်းလက်တောက်ပစွာ ထွက်ပေါ်လာသည်။
ဤသည်မှာ ကြည်လင်လျှို့ဝှက်ရေကန်အောက်ခြေတွင်တောက်ပနေသော အနက်ရောင်အလင်းတန်းများထဲမှ တစ်ခု ဖြစ်သည်။
ထူထဲသည့် ဝိညာဉ်သင်္ကေတများသည် ပြင်ပဖိအားလွှမ်းမိုးမှုကြောင်း ရုတ်ချည်းပင် ပြိုကျပျက်စီးသွားသည်။
ထိုဝိညာဉ်သင်္ကေတများ ပြိုကျပျက်စီးသွားသည်နှင့် အနီးပတ်ဝန်းကျင်မှ မိစ္ဆာချီများသည်လည်း လမ်းတစ်လျှောက် ပြိုကျသွားပြီး မိစ္ဆာချီနယ်မြေအတွင်း ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်တည်လာသည်။
ရုတ်တရက် ပြောင်းလဲသွားသည့်အခြေနေကြောင့် ရန်ကျောက်ကဲတို့ (၃)ယောက်မှာ ကြောက်မက်ဖွယ်ရာ ထိခိုက်ခံလိုက်ရပြီး အောက်ဘက်ရှိ ချေက်နက်ကြီးအတွင်းသို့ တစ်ပြိုင်တည်းပြုတ်ကျသွားကြသည်။
“မထင်မှတ်တဲ့အခြေနေတွေက ဖြစ်လာပြန်ပြီ ၊ ဆုံးကိုမဆုံးနိုင်တော့ဘူး”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။ မိစ္ဆာချီများ၏တိုက်ခိုက်မှုကြောင့် လေထဲတွင်ပျံသန်းရန်အတွက် သူ၏ ကြယ်တာရာချီစွမ်းအားများကို ထုတ်ဖော်ရန် ခက်ခဲနေသည်။
သို့ပေသိ သူ့အတွက် ပြဿနာမရှိလှပေ။ ထန်ယုံဟောင်ရှိနေသဖြင့် အနည်းငယ် မသင့်တော်သည့်တိုင် သူက ရှောင်ရှန်းထံမှရထားသည့် မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော မဟာနေမင်းဘီးကို ထုတ်ဖော်လိုက်သည်။ မဟာနေမင်းဘီးက အချို့အကွေ့များဖြင့် ပျံသန်းထွက်ခွာလာသည်။
ရန်ကျောက်ကဲက မဟာနေမင်းဘီးထက်တွင် သူ့ခြေထောက်ကို ရပ်လိုက်ပြီး ချောက်နက်ကြီးအတွင်းမှ ခုန်ထွက်လိုက်သည်။ ထို့နောက် မဟာနေမင်းဘီးက နောက်တစ်ကြိမ်ကွေ့ပတ်ပျံသန်းသွားကာသူ့လက်ထဲသို့ ပြန်ရောက်လာသည်။
တစ်ဖက်တွင် ရွှီဖေးနှင့် ထန်ယုံဟောင်တို့မှာလည်း နည်းလမ်းပေါင်းစုံအသုံးပြုကာ ချောက်နက်ကြီးအတွင်းမှ ခုန်ထွက်လာကြ၏။
သို့သော် နက်ရှိုင်းသောချောက်နက်ကြီး၏ အက်ကွဲကြောင်းက လျှင်မြန်စွာကျယ်ပြန့်လာပြီး မိစ္ဆာချီများက တလိမ့်လိမ့်ထွက်ပေါ်လာကာ သူတို့ (၃)ယောက်ကို လူစုကွဲသွားစေပြီး တစ်ဘောက်နှင့်တစ်ယောက် ပြန်လည်ဆုံတွေ့ရန် မဖြစ်နိုင်တော့ပေ။
မိစ္ဆာချီနယ်မြေက ပုံပျက်သွားပြီး သူတို့ (၃)ယောက် ပိုမိုဝေးကွာသွားကာ မကြာမီမှာပင် တစ်ယောက်နှင့်တစ်ယောက် တွေ့မြင်နိုင်ခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်ရင်း အနောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ အဝေးတစ်နေရာမှ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေသည့် ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရလေသည်။