အလစ်တိုက်ခိုက်ခြင်း
Vol. 009 Ch. 864
ပြည်နယ်ကိုးခုတွင် မျိုးဆက်တိုင်း၌ ပါရမီရှင်များ ပေါ်ထွက် လာပေသည်။ တော်ဝင်မြေများ၏ ဂုဏ်ယူဖွယ်ရာ ပါရမီရှင်များ၊ တော်ဝင်လမ်း၏ သားတော် သမီးတော်များမှာ အချိန်နှင့်အမျှ ပေါ်ထွက် နေပေသည်။
လူငယ် မျိုးဆက်များက လူကြီးမျိုးဆက်ကို ကျော်ဖြတ်နိုင်သော ခေတ်ကာလများလည်း ရှိပေသည်။ သို့သော်လည်း နိုဘယ်အဆင့်ဖြင့် တော်ဝင်မြေ ခေါင်းဆောင် ဖြစ်လာသောသူမှာ ရီဖူရှင်း တစ်ယောက်သာ ရှိပေသည်။ မှန်သည် ... ရီဖူရှင်းထိုသို့ တော်ဝင်မြေ ခေါင်းဆောင် ဖြစ်လာရန် ထူးခြားသော အခြေအနေများ ရှိနေခဲ့ခြင်းများနှင့်လည်း သက်ဆိုင်ပေသည်။ သူက မြေရိုင်းပြည်နယ်၏ တော်ဝင်မြေ ခေါင်းဆောင်မျှသာ ဖြစ်လာခဲ့ခြင်း အတွက် တခြား ပြည်နယ်မှ လူများ သိပ်ဂရုစိုက်မည် မဟုတ်ပေ။ သို့သော်လည်း မြေရိုင်းပြည်နယ်ကား ရီဖူရှင်း၏ ဦးဆောင်မှု အောက်တွင် ကြီးမားစွာ ပြောင်းလဲခဲ့ပြီး အံ့ဖွယ်ရာများကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့ပေသည်။
ပထမဦးဆုံးအကြိမ် သူတို့ မြေရိုင်းပြည်နယ် အပြင်ဘက်သို့ ရောက်သည်နှင့် သူတို့က နတ်နဂါး ကစားကွက်ကို ဖျက်ခဲ့ကြသည်။
ပြည်နယ်ကိုးခု ညီလာခံတွင် မြေရိုင်းပြည်နယ်က တော်ဝင်မြေများ အားလုံးကို ကျော်ဖြတ်လျက် ပထမရခဲ့သည်။
မရဏတောင်၌ ရီဖူရှင်းက ဓားဝင်္ကပါကို အသက်သွင်းကာ ရှန့်ထိုတစ်ပါးကို သတ်ဖြတ်ခဲ့သည်။
သူက အချိန်တစ်ခုကြာ အားနည်းနေခဲ့သော မြေရိုင်းပြည်နယ်၌ ရှန့်ထိုတစ်ပါး ပေါ်လာစေခဲ့သည်။ ထို့နောက် မြေရိုင်းပြည်နယ် တစ်ခုလုံးကို စုစည်းကာ ကျောက်ပြည်ထောင်အား ရင်ဆိုင် တွန်းလှန်ခဲ့၏။
ယခု ထောင်ကျန်းကား ရှန့်ထို ဖြစ်တော့မည် ဖြစ်သည်။ မြေရိုင်းပြည်နယ်က သူတို့၏ဒုတိယရှန့်ထိုကို မွေးဖွား နိုင်တော့မည် ဖြစ်ကာ ကျောက်ပြည်ထောင် ဘုရင်က ထိုကိစ္စအား တားဆီးနိုင်မည်လား ကိုလည်း စောင့်ကြည့် ရဦးမည် ဖြစ်သည်။
ထိုအရာများကပင် ရီဖူရှင်းအား သူ့မျိုးဆက်၌ အထွန်းတောက်ဆုံး လူငယ်တစ်ယောက် ဖြစ်စေသည်။ မည်သူမှ ထိုသို့သော အံ့ဖွယ်များအား လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ကြပေ။
မြေရိုင်းပြည်နယ် သင်္ကေတအောက်တွင် ထိုင်နေသော လူငယ်ကား ထိုနေရာတွင် ထိုင်ရန် အမှန်တကယ် ထိုက်တန်ပေသည်။
ထို့အပြင် ရီဖူရှင်းကား တော်ဝင်မြေခေါင်းဆောင် တစ်ဦး၏ ကိုယ်ရောင် ကိုယ်ဝါမျိုး ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူ၏တန်ခိုးအဆင့်က သိပ်မြင့်မားသေးဟန် မရသော်လည်း သူကား တစ်ဖက်တွင် တခြား တော်ဝင်မြေများမှ ပုဂ္ဂိုလ်များထက် နိမ့်ကျခြင်း မရှိတော့သလို ထင်မှတ်ရသည်။
ရီဖူရှင်းနှင့် သိပ်မဝေးသော နေရာ၌ လိပ်ပြာလေးက ရီဖူရှင်းနှင့် အပြန်အလှန် ပြုံးပြသည်ကိုလည်း လူအများက သတိထားမိ ကြသည်။ ထို့နောက်မှသာ လိပ်ပြာလေးက ပြည်နယ်ကိုးခု ကျောင်းတော်မှ ဘက်ကို သွားရောက်ကာ သူမ၏နေရာ၌ သွားထိုင် လိုက်သည်။
စုချီဟန်သည်လည်း လိပ်ပြာလေး၏ ဘေး၌ ရှိပေသည်။ ထိုမြင်ကွင်းကို လူအများအပြား ကလည်း ကျောင်းတော်တွင် ပျံ့နှံ့နေသော သတင်းများမှာ မှန်ကန် နိုင်သည်ဟု တွေးမိကြသည်။
“ရှားကလန် တန်ခိုးရှင်တွေ ရောက်လာကြပြီ...” တစ်ယောက်က ကြေညာသည်။
ထိုအခိုက်တွင် နောက်ထပ် တစ်အုပ်စု ရောက်လာကြသည်။ လူအများအပြားကလည်း ထရပ်ကာ ရောက်လာသော အဖွဲ့အား ဦးညွှတ် အရိုအသေ ပေးကြ၏။ နွေဦးပြည်နယ်တွင် ပြည်နယ်ကိုးခု ကျောင်းတော်က နာမည်ကျော်ကြား သော်လည်း ရှားကလန်သာ အင်အား အကြီးဆုံးသော အင်အားစု ဖြစ်နေဆဲပင်။
ရှားကလန်၏ တန်ခိုးရှင်များ ရောက်လာသောအခါ နောက်တစ်ဖွဲ့ကလည်း အဝေးမှ လျှောက်လာကြသည်။ ချက်ချင်းပင် ပြည်နယ်ကိုးခု ကျောင်းတော်မှ လူများ ထရပ်ကြသည်။ ပြည်နယ်ကိုးခု စင်မြင့်အနီးတွင် မရေမတွက်နိုင်သော လူများ၏ မျက်နှာတွင်လည်း လေးနက်သော အမူအရာများအား တွေ့မြင်ကြရ၏။
ပြည်နယ်ကိုးခု ကျောင်းတော် ကျောင်းအုပ် ရှန့်ထိုလီကိုယ်တိုင် အခမ်းအနားကို ရောက်လာပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် ရှန့်ထိုလီက သည်လို အခမ်းအနားမျိုးတွင် လာရောက်မည် မဟုတ်သော်လည်း ယနေ့တွင် အခမ်းအနားသို့ တော်ဝင်မြေများစွာ ရောက်လာကြသလို ရှန့်ထိုများကလည်း တက်ရောက်ကြရာ သူကိုယ်တိုင် ထိုခေါင်းဆောင်များနှင့် ရှန့်ထိုများကို ဧည့်ခံရန် လိုအပ်ပေသည်။
“ကျောင်းအုပ်ကို နှုတ်ဆက်ပါတယ်...” ကျောင်းတော်၏ တပည့်များ အားလုံးက ထရပ်ကာ နှုတ်ဆက်ကြသည်။ တော်ဝင်မြေ ခေါင်းဆောင်များ ကလည်း ထရပ်ကာ နှုတ်ဆက်ကြ၏။
ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ပင် သူ၏လေးစားမှုကို ပြသရန် ထရပ်ပေသည်။ ရီဖူရှင်းကလည်း ထရပ်သည်။
ရှန့်ထိုလီကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်တွင် နံပါတ်၁၀ရှိကာ လူအများက လေးစားရသူ ဖြစ်သည်။ ကျောက်ပြည်ထောင် ဘုရင်ပင် သူ့အား စီနီယာဟု ခေါ်ရပေသည်။
ရှန့်ထိုလီက နွေဦးပြည်နယ်၏ ပလ္လင်တွင် သွားရောက် ထိုင်လိုက်သည်။ သူကား အသက်ကြီးရင့် နေဟန် ရသော်လည်း သူ့မျက်လုံးများက အသက်ဓာတ်များဖြင့် ပြည့်နှက်နေသည်/ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။
ထိုနေရာတွင် ထိုင်နေရုံမျှဖြင့် ရှန့်ထိုလီကား မဟာလမ်းစဉ်နှင့် ပေါင်းစပ် နေသူဖြစ်ကြောင်း အားလုံးက ခံစားရသည်။
“ဒီနေ့ ပြည်နယ်ကိုးခု ကျောင်းတော်က တစ်ဖန်ပြန်ပြီး တပည့်သစ်တွေ ရွေးချယ်တော့မယ်... တခြား တော်ဝင်မြေက လူတွေလည်း လာကြည့်ကြတယ်... ဒါက ကျုပ်တို့ ကျောင်းတော်အတွက် ဂုဏ်ယူစရာ ကိစ္စပဲ ... အားလုံး အတူတူ ကြည့်ရအောင်...” ရှန့်ထိုလီက ဖြည်းညင်းစွာ ပြောသည်။ သူ၏အသံက သိပ်မကျယ်သော်လည်း အဝေးမှလူများပင် သူ့စကားသံကို ကြည်လင် ပြတ်သားစွာ ကြားကြရပေသည်။
“စရအောင်... ဘယ်သူမှ အလျှော့မပေးကြနဲ့...” ရှန့်ထိုလီက ပြောသည်။ ချက်ချင်းပင် မမြင်ရသော ဖိအားတစ်ခုက ဖြစ်ပေါ်လာကာ ကြီးကြပ်သူ တစ်ယောက်က ရှေ့ကို တက်သွားသည်။ ရွေးချယ်ခံရပြီးသော ပါရမီရှင်များက ရှေ့ကို တက်လာကြ၏။
ကျောက်ပြည်ထောင် ဘုရင်မင်းကြီးက ရှေ့ကို ကြည့်နေသည်။ ရီဖူရှင်း ရောက်လာ ကတည်းက ရီဖူရှင်းအား တစ်ကြိမ်မှ မကြည့်ခဲ့ပေ။
ရီဖူရှင်းကလည်း တိတ်ဆိတ်စွာပင် ထိုင်နေသည်။
တစ်ယောက်ပြီး တစ်ယောက် ပါရမီရှင်များက ရှေ့ကို တက်လာကာ သူတို့၏စွမ်းရည်များအား ထုတ်ပြကြသည်။
***
ပြည်နယ်ကိုးခု မြို့တော်၌ အခမ်းအနား ကျင်းပနေစဉ်တွင် နွေဦးပြည်နယ်၏ နယ်နိမိတ်တစ်ခု၌ စွမ်းအားမြင့် တန်ခိုးရှင်တစ်စု ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများဖြင့် ခရီးနှင်နေကြသည်။
သူတို့အုပ်စုကား ကျောက်ပြည်ထောင်မှ စစ်တပ် ဖြစ်ပေသည်။ သူတို့က ဝင်္ကပါတစ်ခုကို ဖွဲ့စည်းကာ ရွေ့လျားနေကြပြီး အနီးအနားမှ လူများမှာကား အဝေးသို့ ရှောင်ဖယ် ပေးကြသည်။
သူတို့နောက်တွင် ကျန်ကျောင်းနှင့် တခြားလူများကလည်း လိုက်ပါ လာကြသည်။
ထိုအခိုက်တွင် သူတို့အုပ်စုကို အဖော်လုပ်နေသော သားရဲ၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ စစ်တပ်ကား သူတို့ထံကို ရောက်ခါနီးပြီ ဖြစ်သည်။
“အားလုံး ပြင်ဆင် ထားကြတော့...” သားရဲထံမှ အသံတစ်သံ ရောက်လာသည်။ ကျန်ကျောင်းနှင့် တခြားလူများ အားလုံးကလည်း သူတို့၏ဓားများကို ထုတ်ကာ လေးနက်သော အမူအရာများ ဖြစ်လာကြသည်။
“ရက်တွေ အကြာကြီး စောင့်ပြီးနောက် အခု အချိန်ကောင်း ရောက်လာပြီ...” စုရှမ်းက ပြုံးလျက် ပြောသည်။
သူတို့အရှေ့တွင် မြူများ ဆိုင်းနေသည်။ သူတို့၏ စိတ်ဝိညာဉ်များက သက်ရောက်ခြင်း ခံရသည်ဟု ခံစားရသည်တွင် ကျောက်ပြည်ထောင်မှ တန်ခိုးရှင်များ မျက်မှောင်ကြုတ် လိုက်ကြသည်။ သူတို့က ရှေ့ကို သွားလေလေ မြူများက ပိုမို သိပ်သည်းလာကာ သူတို့၏ စိတ်စွမ်းအားကလည်း ထိုးဖောက်နိုင်စွမ်းအား မဲ့လာသည်။
“သတိထား...ဒါက ပုံရိပ်ယောင် မှော်ပညာ ထင်တယ်...” ကျောက်ပြည်ထောင်မှ တန်ခိုးရှင် တစ်ယောက်က လက်ဝှေ့ယမ်းကာ ပြောသည်။ သို့သော်လည်း သူတို့အား မြူများထဲသို့ ဝင်ရောက်မိနေပြီး ဖြစ်သည်။ တန်ခိုးရှင်များက ရှေ့ကို တက်လာကြသည်တွင် သူတို့၏မျက်လုံးများမှ အလင်းများ ဖြာထွက် လာကြသည်။ သူတို့၏စိတဝိညာဉ် စွမ်းအားများနှင့် လောကဓာတ်များက လေထုကို ခွင်းကာ မြူထုကို ထွင်းဖောက် သွားသည်။
မြူများက အဆုံးမဲ့ဟန်ရ၏။ သို့သော်လည်း စိတဝိညာဉ်များက များဆန်စွာ ထွင်းဖောက်ကာ လမ်းဖောက် သွားကြသည်။ နောက်ဆုံးတွင် သူတို့က ပြင်ပလောကသို့ တစ်ဖန်ပြန်လည် ရောက်ရှိ လာကြသောအခါ သူတို့၏ အမူအရာများ ပြောင်းလဲ သွားကြတော့သည်။
“အလစ် တိုက်ခိုက်တဲ့လူတွေ ရှိတယ် ... တိုက်ပွဲအတွက် ပြင်ဆင်ကြ...” အော်ဟစ်သံ တစ်ခုကို ကြားကြရသည်။ ချက်ချင်းပင် အားလုံးထံမှ ကြောက်မက်ဖွယ် ကောင်းသော မာန်သွင်းသံများ၊ အော်ဟစ်သံများ ထွက်ပေါ်လာကာ ပြင်းထန်သော ကိုယ်ရောင် ကိုယ်ဝါများ ဖြစ်ပေါ် လာကြတော့သည်။ သူတို့၏ အရှိန်အဝါများက မြူများကိုပင် ပြယ်လွင့်စေသည်။
မြူများက ဘေးကို ပြယ်လွင့် ကြသော်လည်း ကျောက်ပြည်ထောင် စစ်တပ်မှ လူများမှာ အအေးနှင့် အပူဓာတ် နှစ်မျိုးလုံးအား အဆက်မပြတ် ခံစား လာကြရသည်။
သူတို့က ခေါင်းမော့ ကြည့်လိုက်သည်တွင် ရှေ့၌ တန်ခိုးရှင်တစ်စု ပေါ်ထွက် လာသည်ကို မြင်ကြရ၏။ သူတို့ကား နတ်ဘုရား မီးတောက်ကို ဖန်ဆင်းနေကြကာ ကြောက်မက်ဖွယ် မီးလျှံများက ကောင်းကင်တစ်ခွင် လောင်ကျွမ်းနေကြ၏။
ရှေ့ဆုံးမှလူကား ယူစီဖြစ်သည်။ သူ၏အပေါ်ပိုင်း ခန္ဓာမှာ ဗလာကျင်းထားပြီး ကြေးနီရောင်ခန္ဓာကိုယ်မှ ချွေးများ တဒီးဒီးကျနေသည်။ သူက နေနတ်ဘုရား ပုဆိန်ကို ကိုင်ထားကာ ပုဆိန်မှ ရှန့်ထို အရောင်အဝါများ ထွက်ပေါ်နေသည်။ မရေမတွက်နိုင်သော သဘာဝ စွမ်းအားများ သူ့ထံကို လာရောက် စုစည်းနေကြကာ ကြောက်မက်ဖွယ် မီးလေပွေများ ရစ်ပတ်နေကြ၏။
ထိုလက်နက်ကား သူ၏အာခီမီမြို့မှ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်သော ရှန့်ထိုရတနာ ဖြစ်၏။
တခြားတစ်ဖက်တွင် ရေခဲနန်းတော်မှ တန်ခိုးရှင်များ ထွက်ပေါ် လာကြသည်။ ရေခဲဝင်္ကပါက လေထဲသို့ အအေးဓာတ်များ အဆက်မပြတ် ထုတ်လွှတ်သည်။ ရေခဲလောကဓာတ်က တိုက်ပွဲကွင်းပြင်ကို အရှိန်အဟုန် ကောင်းစွာဖြင့် ရစ်ပတ် လာကြသည်။
ရှေ့တွင်ကား ဟောင်မိသားစု ခေါင်းဆောင် ဦးဆောင်လာသော အဖွဲ့နှင့် ကျန့်ကန်း ဦးဆောင်လာသော အဖွဲ့တို့ ရှိသည်။
သူတို့နောက်တွင် အလွန် အားကောင်းသော ဓားအသိများ လာရောက် ရိုက်ခတ်ရာ ထိုလူများမှာ ကျန်ကျောင်တို့အဖွဲ့ ဖြစ်သည်ကို ကျောက်ပြည်ထောင် စစ်တပ်က သိပြီးဖြစ်သည်။
“ခုခံခြင်းဝင်္ကပါ...” ကျောက်ပြည်ထောင် စစ်တပ်မှ အသံတစ်သံကို ကြားကြရသည်။ ချက်ချင်းပင် စစ်တပ်အတွင်းမှ လူများက ဝင်္ကပါတစ်ခုကို စတင် ဖွဲ့စည်းကြသည်။ တိုက်ခိုက်ခံရသော အချိန်တွင် အကောင်းဆုံးသော နည်းလမ်းမှာ ခံစစ်ကို မြန်ဆန်စွာ ပုံဖော်ခြင်း ဖြစ်သည်။
ကျောက်ပြည်ထောင် စစ်တပ်မှာလည်း တူညီစွာပင် ကြောက်မက်ဖွယ် ကောင်းပေသည်။ မဟုတ်လျှင် သူတို့က ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကို စစ်ကူ ရောက်လာစရာ မလိုပေ။
တိုက်ပွဲ စတင် ဖြစ်ပွားသည်တွင် ဧရာမ သတ္တဝါဆန်း ပုံရိပ်များ ဖြစ်ပေါ်လာသည်။ ရွှေဖီးနစ်များ ဖြစ်ပေါ်လာကာ ကောင်းကင်ကို ဖုံးအုပ်သွားကြသည်။ နဂါးများ အော်ဟစ်ပြီး ကောင်းကင်နှင့် မြေပြင်က အဆက်မပြတ် တုန်ခါ လှုပ်ယမ်းကြသည်။
နေမင်း မီးတောက်များက ကြောက်မက်ဖွယ် ဖျက်ဆီးအားဖြင့် လေထုကို လောင်ကျွမ်းကာ ဧရာမ တိုက်ခိုက်ရေးဝင်္ကပါအား ဖြိုဖျက်ရန် ကြိုးစားကြသည်။
လေထဲတွင် ယူစီက သူ့နောက်မှ တန်ခိုးရှင်များ၏ အကူအညီဖြင့် နတ်ဘုရားတူကို မြှောက်ကိုင်ကာ ရိုက်နှက်သည်တွင် အဆုံးအစမဲ့သော မီးတောက်များက တူတွင် လာရောက်စုစည်းပြီး အောက်သို့ ကျဆင်းလာတော့သည်။ ဘုန်းခနဲ မြည်သံနှင့်အတူ ဧရာမဝင်္ကပါက တုန်ခါ သွားသည်။
ယူစီ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် လေးဖက်လေးတန်မှ ကျောက်ပြည်ထောင်ကို ဝိုင်းဝန်း တိုက်ခိုက် ကြတော့သည်။ ကျန့်ကန်းက အော်ဟစ်က ကောင်းကင်ဝင်္ကပါမှ စွမ်းအားများကို သူ့ထံ၌ စုစည်းသည်။ သူ၏ ရွှေရောင် ခန္ဓာကိုယ်က အရှိန်အဝါများ တစ်ဟုန်ထိုး ကြီးမားလာကာ လက်ဝါး ပုံရိပ်များက ရန်သူများထံသို့ အဆက်မပြတ် တိုးဝင်သွားသည်။
ဟောင်စီကလည်း လှုပ်ရှားသည်။ သူ၏ရှေ့တွင် ဧရာမလေး တစ်စင်း ပေါ်လာကာ လေးကိုင်းကို ဆွဲလိုက်သည်။ မြား ၈၁ချောင်းက ကြောက်မက်ဖွယ် အားလှိုင်းများကို သယ်ဆောင်လျက် ရန်သူများထံသို့ တိုးဝင်သွား၏။
တခြားသော တန်ခိုးရှင်များလည်း အဆက်မပြတ် တိုက်ခိုက်ကြသည်။ စက္ကန့်ပိုင်း အတွင်း၌ ကျောက်ပြည်ထောင် စစ်တပ်ကား မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ခုခံရတော့သည်။
ဘုန်း ... ဘုန်း ... ဘုန်း ...
များစွာသော ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ် လာသည်။
ဝင်္ကပါက ပြိုလဲသွားကာ ရေခဲအားလှိုင်း တစ်ခုက သူတို့ထံကို ရစ်ပတ်လာသည်။ လူအများအပြားမှာ ရေခဲရုပ်တုများ ဖြစ်သွားကြသည်။
ရေခဲနန်းတော် သခင်မကိုယ်တိုင်က ရေခဲအားလှိုင်းများအား ထုတ်လွှတ် တိုက်ခိုက်နေသည်။
“ကွဲစမ်း...” ယွန်ရှင်းထံမှ အေးစက်သော အသံတစ်သံကို ကြားရသည်။ ရေခဲရုပ်တုများမှာ ရုတ်တရက် အက်ကွဲ ကြေပျက်သွားပြီး အတွင်းမှ လူများမှာလည်း သေဆုံးရသည်။
“ဝင်္ကပါကို ဖြန့်ကြက်ပြီးတော့ တစ်ယောက်ချင်း တိုက်ခိုက်နိုင်အောင် လုပ်ကြ...” နောက်ထပ် အသံတစ်သံ ထွက်ပေါ် လာသည်။ သူတို့ကား အလစ် တိုက်ခိုက်ခံရကာ အလယ်၌ ပိတ်မိနေသည်။ မြေရိုင်းပြည်နယ် စစ်တပ်က သူတို့အား ဝိုင်းရံထားကာ အလေးနိမ့်သော အခြေအနေ၌ ရှိနေသည်။
ထိုအခိုက်တွင် ယူစီက မာန်သွင်း အော်ဟစ်ကာ နတ်ဘုရားတူဖြင့် တဖန် ထုရိုက်ပြန်သည်။ နေမင်း မီးတောက်များက အပိုင်းအစများအဖြစ် လွင့်သွားကာ တန်ခိုးရှင်များထံသို့ လာရောက် လောင်ကျွမ်းကြသည်။
တစ်ဖက်ခြမ်းမှ တိုက်ပွဲမှာလည်း ပြင်းထန်စွာ ဖြစ်ပွားနေပြီ ဖြစ်သည်။
ထိုနေရာနှင့် အလွန်ဝေးကွာသော ပြည်နယ်ကိုးခု ညီလာခံ၌ ရီဖူရှင်းနှင့် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်တို့ကား အခမ်းအနား စင်မြင့်ကို ကြည့်နေကြဆဲ ဖြစ်သည်။
သို့သော်လည်း ထိုအခိုက်တွင် ရီဖူရှင်းက ခေါင်းမော့ကာ အဝေးကို လှမ်းကြည့် လိုက်သည်။
တိုက်ပွဲကား စနေလေပြီ။
ထိုတိုက်ပွဲကား ယူစီ၊ ဟောင်စီ၊ ကျန်ကျောင်း၊ စုရှမ်းနှင့် တခြားလူများ၏ လက်ထဲတွင် ရှိနေပေသည်။
***