အနီရောင်ဝေါယာဉ် ၆စီး
Vol. 100 Ch. 1381
ဝမ်ပေါင်လဲ့ သိထားသလောက် ဒုတိယကမ္ဘာရှိ လိုအင်ဆန္ဒ ၆ပါးအနက် တချို့က အာသီသမြို့သခင်ကဲ့သို့ ရက်ရောကြသလို တချို့ကမူ ထင်းယွိမြို့သခင်ကဲ့သို့ ဆိုးရွားကြသည်။ မည်သို့ပင်ဆိုစေကာမူ လိုအင်ဆန္ဒ ၆ပါး၏ ဘုံရန်သူက စိတ်ခံစားချက် ၇ပါး ဖြစ်နေဆဲ ဖြစ်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့က စိတ်ခံစားချက် ၇မျိုးနှင့် ထိတွေ့ခြင်းသည် ဤကမ္ဘာအပေါ် နားလည်ရာ၌ အထောက်အကူ ကြီးကြီးမားမားဖြစ်လိမ့်မည်ဟု ယုံကြည်ထားသည်။ တစ်ချိန်တည်းဆိုသလို ထိုအရာက သူ့အကြွင်းမဲ့ရည်မှန်းချက်ကို ရရှိအောင်လည်း ကူညီပေးနိုင်လိမ့်မည်။
“စိတ်ခံစားချက် ၇ပါးနဲ့ လိုအင်ဆန္ဒ ၆ပါး…”
ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက အရှိန်ကို မြှင့်ကာ သွေးနီရောင်ဝေါယာဉ်ဆီ ဦးတည်လိုက်သည်။ သူက ဝေါယာဉ် ဘယ်နေရာသွားမှန်း သိလိုပြီး ဖိနှိပ်ခံထားရသည့်သူက ပျော်ရွှင်မှုမြို့သခင်နှင့် ပတ်သက်နေသည်လား သိချင်မိသည်။
ဤသို့ဖြင့် အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်သွားလေသည်။ ညဖက်တွင် သွေးနီရောင်ဝေါယာဉ်၏ ထူးဆန်းမှုကြောင့် ဝမ်ပေါင်လဲ့က ထင်းယွီကမ္ဘာမှ ထူးထူးဆန်းဆန်း အရာများနှင့် မတွေ့ကြုံခဲ့ပေ။ ထိုထူးထူးဆန်းဆန်းအရာများက သွေးနီရောင်ဝေါယာဉ်ကို ခံစားမိပြီး အနီးသို့ ကပ်မလာရဲဘဲ အဝေးသို့ ဆုတ်သွားကြ၏။
တစ်ချိန်တည်းဆိုသလို သွေးနီရောင်ဝေါယာဉ်က အံ့မခန်း အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ မျက်စိတစ်မှိတ်အတွင်း အကွာအဝေးကြီးကြီးမားမားသို့ ရောက်ရှိသွားလေ၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ ထူးကဲမနေပါက အမှီမလိုက်နိုင်မည် မဟုတ်ပေ။
သူက သူ့တွင် အံ့မခန်းအမြန်နှုန်း ရှိနေသော်လည်း ဝေါယာဉ်ကို အမှီလိုက်ဖို့ရာ ခက်ခဲနေဆဲ ဖြစ်၏။ သူ လုပ်နိုင်သည့်အရာက မြင်ကွင်းမှ ပျောက်မသွားအောင် အဝေးတစ်နေရာမှ စောင့်ကြည့်ခြင်းသာ ဖြစ်သည်။
ဤသို့ဖြင့် ညဝက်ခန့် ကုန်ဆုံးသွားကာ သွေးနီရောင်ဝေါယာဉ်က ရပ်တန့်သွားခြင်း မရှိပေ။ တကယ်တော့ ဝမ်ပေါင်လဲ့က ထိုအရာသည် ရည်ရွယ်ချက်ကင်းမဲ့စွာ လျှောက်သွားနေကြောင်း ခံစားချက်ရလာမိသည်။ အကြောင်းအရင်းကမူ သွေးနီရောင်ဝေါယာဉ်သည် တူညီသည့်နေရာကို တစ်ခါထက် ပို၍ ဖြတ်သန်းသွားသည်ကို ခံစားမိလိုက်၍ ဖြစ်၏။
ကြည့်ရသည်မှာ ထိုအရာက စက်ဝိုင်းထဲ ပတ်သွားနေဟန်ပေါ်သည်။
ထိုအရာက ဝမ်ပေါင်လဲ့အား သူ့မှန်းဆချက် ရှိလာစေသည်။ သူက ဝေါယာဉ်နောက် ဆက်လက်လိုက်နေရင်း မျက်မှောင်ကြုတ်မိသွား၏။ ရုတ်ချည်းဆိုသလို သွေးနီရောင်ဝေါယာဉ်၏ တခြားတစ်ဖက်တွင် အနီရောင်အလင်းတန်း ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
သိပ်မကြာခင် ထိုအနီရောင်အလင်းတန်းက ရှင်းလင်းလာ၏။ အံ့ဩဖို့ကောင်းသည်က ဒုတိယမြောက် သွေးနီရောင်ဝေါယာဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော်လည်း ဘယ်ဖက်လက် ထွက်ပေါ်နေသည့် ဝေါယာဉ်နှင့် မတူဘဲ ထိုဝေါယာဉ်ကမူ လိုက်ကာအနီးတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ရှိမနေပေ။
သို့သော်လည်း ဝမ်ပေါင်လဲ့က အာရုံစိုက်လိုက်ပြီး လိုက်ကာက လေနှင့်အတူ လွင့်သွားသည့်အခါ ဝေါယာဉ်အတွင်း ခြေထောက်တစ်ချောင်းကို မြင်လိုက်ရ၏။
ထိုအရာက အမျိုးသမီးတစ်ဦး၏ ခြေထောက် ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့က ထိုအရာကို မြင်သည့်အခါ သူ့စိတ်နှလုံးသားထဲ အဆုံးမဲ့အလှတရားဖြင့် ပြည့်နှက်လာလေ၏။ ထိုခြေထောက်ကိုယ်တိုင်က အဆုံးမဲ့ဆွဲဆောင်မှုတို့ ရှိနေသကဲ့သို့ဖြစ်ကာ မြင်သည့်သူတိုင်းအား မချဉ်းကပ်ဘဲ မနေနိုင်အောင် ပြုလုပ်ထားသည်။
ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့၏ အာသီသစည်းမျဉ်းဥပဒေသနှင့် ထင်းယွိစည်းမျဉ်းဥပဒေသတို့က အလျင်အမြန် ပြန်လည်အသိဝင်လာခဲ့၏။ သို့သော်လည်း သူ့အသက်ရှူနှုန်းက အနည်းငယ် မြန်ဆန်နေသည်။
ထိုဝေါယာဉ် ပေါ်ထွက်လာမှုက ဝမ်ပေါင်လဲ့၏ အကဲဖြတ်ချက်ကို အတည်ပြုလိုက်နိုင်သည်။
သူက ဒုတိယမြောက်ဝေါယာဉ်ကို ကြည့်နေရင်း ထိုအရာက ပထမဝေါယာဉ်ကို ဖြတ်ကျော်ကာ အဝေးတစ်နေရာတွင် ပျောက်ကွယ်သွားလေ၏။
ဝမ်ပေါင်လဲ့က တိတ်တဆိတ်ဖြင့် ပထမဝေါယာဉ်နောက် ဆက်လိုက်နေသည်။ ဤသို့ဖြင့် တစ်နာရီကြာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က တတိယမြောက် ဝေါယာဉ်ကို မြင်တွေ့လိုက်ရသည်။
ထိုအရာက တူညီသည့် အရောင်၊ တူညီသည့် အလောင်းများက ထမ်းထားခြင်းဖြစ်ပြီး တစ်ခုတည်းသော ကွဲပြားမှုက ထိုဝေါယာည်အတွင်း နောက်ထပ် ခြေထောက်တစ်ဖက်ရှိနေခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်ပြီး တတိယမြောက် ဝေါယာဉ်နောက်မှ စတုတ္ထမြောက် ဝေါယာဉ်ကို မမြင်တွေ့ခင်အထိ လိုက်ခဲ့သည်။ ထို့နောက် စတုတ္ထမြောက်ဝေါယာဉ်ထဲတွင် ညာဖက်လက် ပါဝင်နေပြီး ပဉ္စမမြောက်ဝေါယာဉ်ထဲတွင် သွေးနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ခန္ဓာကိုယ် ရှိနေသည်။ သို့သော်လည်း ဦးခေါင်း မရှိပေ။
“အဲဒါဆိုတော့ ဦးခေါင်းရှိဦးမှာဆိုတော့ ဝေါယာဉ်က ၆စီး ရှိသင့်တာပဲ”
ဝမ်ပေါင်လဲ့၏ မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ဖြတ်ပြေးသွားလေ၏။ သူက သွေးနီရောင်ဝေါယာဉ်ကို သေသေချာချာ အကဲခတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ပျော်ရွှင်မှုအငွေ့အသက်က ပိုမိုအသက်ဝင်လာသည့်အခါ ဝမ်ပေါင်လဲ့က သူ ပြုလုပ်ထားသည့် မှန်းဆချက်အားလုံးကို လက်လျှော့လိုက်၏။ ထိုအရာက တစ်ခုတည်းသာ ကျန်ရှိတော့သည်။
“ဝေါယာဉ်ထဲက လူက စိတ်ခံစားချက် ၇မျိုးထဲက ပျော်ရွှင်မှုမြို့သခင်ပဲ။ သူမက ထင်းယွိမြို့သခင်နဲ့ တိုက်ခိုက်ခဲ့တာ။ ဒါပေမဲ့ စိတ်ခံစားချက် ၇မျိုးအပိုင်ဖြစ်နေတာဆိုတော့ သူ့မကို ဖျက်ဆီးလို့ မရဘူး။ အဲဒါကြောင့် ထင်းယွိမြို့သခင်က သူမကို ၆ပိုင်း ပိုင်းပစ်ခဲ့တာ။ တစ်ပိုင်းချင်းစီကို သွေးနီရောင်ဝေါယာဉ်ထဲမှာ ထည့်ပိတ်ခဲ့တာ။ အဲဒီဝေါယာဉ်လည်း ချိတ်ပိတ်ရေးပစ္စည်း ဖြစ်ရမယ်။ အဲဒီနည်းလမ်းကို သုံးပြီးတော့ ပျော်ရွှင်မှုမြို့သခင်က ဖိနှိပ်ခံလိုက်ရတာပဲ။ အဲဒါကြောင့်မလို့ သူမရဲ့ ခြေလက်တွေက ထင်းယွိစည်းမျဉ်းဥပဒေသကို ဖိနှိပ်ထားနိုင်တာ။ ပြီးတော့ ငါ့ရဲ့ ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသကို ပိုပြီးအသက်ဝင်လာစေတာ။ ဒါက အဖြေပဲ”
ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်၏။
အဖြေက အကျိုးအကြောင်းသင့်သော်လည်း ဝမ်ပေါင်လဲ့ ခံစားမိသည့် အမှန်တရားနှင့် နီးကပ်နေသည်။
သွေးနီရောင်ဝေါယာဉ်က ညဖက်၌သာ ပေါ်ထွက်လာပြီး ထိုညက ထင်းယွိစည်းမျဉ်းဥပဒေသအတွက် အပိုင် ဖြစ်နေသည်။ ထို့ကြောင့် စိတ်ခံစားချက်၇မျိုး၏ ပျော်ရွှင်မှုမြို့သခင်က ထင်းယွိဥပဒေသနှင့် သွေးနီရောင်ဝေါယာဉ်တို့ဖြင့် ဖိနှိပ်ခံထားရ၏။
ဤသို့သော အခြေအနေမျိုးအောက်တွင် သူမအတွက် လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
အပြင်လူများအတွက် ထင်းယွိစည်းမျဉ်းဥပဒေသကို မခံနိုင်သည့်အတွက် သူတို့အတွက် ဝင်ရောက်ဖို့ရာ ခက်ခဲ၏။ သူတို့က လေဟာနယ်ကို ဖြိုခွင်းပြီး ဝင်ရောက်နိုင်ခဲ့လျှင်ပင် ထင်းယွိစည်းမျဉ်းဥပဒေသကို ကျင့်ကြံနိုင်သူများနှင့် တိုက်ခိုက်ဖို့ရာ ခက်ခဲလိမ့်မည်။
“စိတ်ခံစားချက် ၇မျိုးထဲက ပျော်ရွှင်မှုမြို့သခင်က ဒီနေရာမှာ ဖိနှိပ်ခံထားရတာဆိုရင် တခြားစိတ်ခံစားချက် ၇မျိုးထဲကရော”
ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းလိုက်သည်။ သူက မိုးသောက်ယံရောက်ဖို့ရာ တစ်နာရီခန့်သာ လိုအပ်တော့၏။ ဝမ်ပေါင်လဲ့က ဆက်လက် လိုက်ပါသွားပြီး မိုးသောက်ယံရောက်သည့်အခါ ပျော်ရွှင်မှု မြို့သခင်က ဘယ်နေရာတွင် ရပ်တန့်သွားမည်ကို သိချင်နေမိသည်။
ထို့အပြင် ဝမ်ပေါင်လဲ့က ၆စီးမြောက် ဝေါယာဉ်ကို မမြင်တွေ့ရသေးပေ။
သူ့အကဲဖြတ်ချက်အရ ၆ဆင့်မြောက် ဝေါယာဉ်ပေါ်တွင် တကယ့်အရေးကြီးသည့် ဦးခေါင်း ရှိသင့်သည်။
ဤသို့ဖြင့် ဝမ်ပေါင်လဲ့က ဆက်လက် လိုက်နေရင်း နောက်ထပ်တစ်နာရီ ကုန်ဆုံးသွားလေသည်။ ညက ကုန်ဆုံးသွားပြီး မိုးသောက်ယံ ရောက်ရှိတော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့က ၆စီးမြောက် ဝေါယာဉ်ကို မြင်လိုက်ရ၏။
၆စီးမြောက် ဝေါယာဉ်က လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။ ထိုဝေါယာဉ်ကို သယ်ဆောင်ထားသည့်သူများက အလောင်းကောင်များ မဟုတ်ဘဲ ဗလာကျင်းနေသည့် မျက်ဝန်းရှိသော သက်ရှိလူများ ဖြစ်သည်။ သူတို့က အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝေါယာဉ်ကို သယ်ဆောင်လာကြသည်။
သူတို့လှမ်းလိုက်သည့် ခြေတစ်လှမ်းတိုင်းတွင် သက်ရှိလေးယောက်၏ ခန္ဓာကိုယ်က အနည်းငယ် ညှိုးနွမ်းသွား၏။ သူတို့၏ အသက်ကို ထိုဝေါယာဉ်က စုပ်ယူပြီး ဖိနှိပ်ဖို့အတွက် အာဟာရအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ ဖြစ်သည်။
တခြားသော ဝေါယာဉ်များဖြင့် ကွဲပြားသည်က ၆စီးမြောက်ဝေါယာဉ်ပေါ်တွင် ကျင့်ကြံသူတစ်ဦး ထိုင်နေလေ၏။ ထိုကျင့်ကြံသူက အနက်ရောင်နှင့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝမ်ပေါင်လဲ့ ယခင်က မြင်တွေ့ဖူးသည့် ကျင့်ကြံသူသာဖြစ်လေသည်။ နာမည်က ရှစ်လင်းကျစ် ဖြစ်၏။
သူက လေးကြိုးမျဉ်းဂိုဏ်း၏ ကလေးငယ်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ကာ ထင်းယွိစည်းမျဉ်းဥပဒေသကို ယွဲ့လင်းကျစ်နှင့် အဆင့်အတူတူလောက် ကျင့်ကြံထားနိုင်သည့် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်၏။
သူက လူလတ်အရွယ်အမျိုးသားနှင့် တူကာ မျက်လုံးများ မှိတ်လျက် တင်ပျဉ်ခွေထိုင်နေသည်။ သို့သော်လည်း သူ့ညာဖက်လက်တွင် ဒဏ်ရာတစ်ခု ရှိနေလေ၏။ ထိုဒဏ်ရာအရ အပြင်လူကြောင့် ဖြစ်လာခြင်း မဟုတ်ဘဲ သူကိုယ်တိုင် ဖြတ်ထားခြင်းသာ ဖြစ်ရမည်။ ထို့နောက် သွေးများက တစက်စက်ကျနေပြီး သွေးနီရောင်ဝေါယာဉ်နှင့် ပေါင်းစည်းသွားကာ သွေးနီရောင်ဝေါယာဉ်အား ပိုမိုနက်ရှိုင်းလာစေသည်။ ပြောရမည်ဆိုလျှင် သူက သွေးနီရောင်ဝေါယာဉ်ကို ဆေးဆိုးပေးသလို ဖြစ်နေ၏။
ရှစ်လင်းကျစ်ကို မြင်လိုက်ရသည့်အချိန် ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်မိသွားသည်။ သူ့စိတ်ထဲ ယခင်လပိုင်းတချို့မှ မြင်ကွင်းက ပြန်လည်ပေါ်ထွက်လာ၏။
သူ ရှစ်လင်းကျစ်ကို ပထမဦးဆုံးမြင်စဉ်အခါက ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ့အရှိန်အဝါက အားကောင်းလှသည်။ သူက တောင်ပေါ်တက်သွားရင်း အံ့ဩလောက်ဖွယ် သံစဉ်ကို ထုတ်လွှတ်လာခဲ့သည်။ လေးကြိုးမျဉ်းဂိုဏ်းသားအားလုံးက သူ့ကို နှုတ်ဆက်သည့်အနေဖြင့် ဦးညွှတ်လိုက်ကြ၏။
“ရှစ်လင်းကျစ်” ဝမ်ပေါင်လဲ့က ထိုနေရာတွင် ရပ်နေ၏။ ၆စီးမြောက် ဝေါယာဉ်ပေါ်တွင် ရှစ်လင်းကျစ်က မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လာကာ ဝမ်ပေါင်လဲ့ကို အေးစက်စွာ ကြည့်လာသည်။
ဤသို့ဖြင့် မိုးသောက်ယံ အချိန် ရောက်ရှိလာလေ၏။