အခန်း (၁၃၈၆)
Vol. 100 Ch. 1386
စုန့်ရှောင်က ထင်းယွိမြို့ထဲတွင် ကြီးပြင်းလာသူ ဖြစ်၏။ သူက ထိုနေရာတွင် မွေးဖွားလာသူ ဖြစ်ကာ ထိုနေရာတွင် ကြီးပြင်းခဲ့သည်။ သူ့ထူးကဲလှသည့် ပါရမီကြောင့် ဟိန်ချင်းဂိုဏ်းသို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့၏။
သူ့ ချောမွေ့နေသည့် အရွယ်ရောက်မှုကြောင့် မောက်မာသည့် အကျင့်စရိုက်ကို ဖြစ်ပေါ်လာစေသည်။ သို့သော် ဟိန်ချင်းဂိုဏ်းတွင် သူ့ကျင့်ကြံနှုန်းက မနှေးကွေးသော်လည်း သူ့ထက် မြန်ဆန်သည့်သူ များစွာရှိနေလေ၏။
ရလဒ်အနေဖြင့် သူက ဖိအားကို ခံစားမိကာ ကျင့်ကြံရေးကို အရှိန်မြှင့်တင်ရုံကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
သို့သော်လည်း သူက အင်မတန် ကြိုးစားသော်လည်း သူတို့ကြားတွင် ကွာဟချက်ကြီး ရှိနေသေးသည်။ အရေးအကြီးဆုံးအရာက သူ့ဂီတပုံစံကို ပြီးပြည့်စုံအောင် မည်သူကမှ မကူညီပေးခြင်း ဖြစ်၏။
ထို့ကြောင့် လေးကြိုးမျဉ်းဂိုဏ်းမှ တာအိုကလေးငယ်က ဝရမ်းထုတ်လိုက်သည်ကို ကြားပြီးသည့်နောက်တွင် သူက သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီး ကံကောင်းမှုကို စမ်းကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ အကယ်၍ သူသာ ဝရမ်းစာရင်းပေါ်ရှိ လူကို ရှာတွေ့နိုင်ခဲ့လျှင် သူ့အတွက် အခွင့်အရေးကောင်း ဖြစ်လာလိမ့်မည်။
လူများစွာက ထိုအတွေး ရှိထားကြသော်လည်း စုန့်ရှောင်၏ အပြုအမူများက ဇွဲလုံ့လအရှိဆုံး ဖြစ်၏။ ထိုတစ်ချိန်လုံး သူက ညဖက်၌ အပြင်ထွက်ကာ သူ တွေ့သမျှ ကျင့်ကြံသူများကို စောင့်ကြည့်လေ့ရှိသည်။
နမူနာအနေဖြင့် ကောင်းကင်ကြီးက အမှောင်သန်းသွားသည့်အခါ သူ နေထိုင်သည့်နေရာသို့ ရောက်ရှိလာပြီဖြစ်၏။ အမှောင်ထုအတွင်း သူက ကိုယ်ပိုင်ဂီတသင်္ကေတကို အသက်သွင်းကာ ထင်းယွိကမ္ဘာထဲရှိ ထူးထူးဆန်းဆန်းအရာများ သူ့ကို တိုက်ခိုက်မလာအောင် တားဆီးလိုက်သည်။
သံစဉ်အနေအထားထိ ကျင့်ကြံနိုင်ပြီးသည့်နောက်တွင် သူက ထူးထူးဆန်းဆန်းအရာများစွာကို လျစ်လျူရှုထားနိုင်ပြီ ဖြစ်၏။ သူက လုံလောက်သည့် ဂီတသင်္ကေတများ ရှိနေသည့်အတွက် သူ မထိခိုက်နိုင်အောင် တောက်ပနေဖို့အတွက် လုံလောက်လေသည်။
“ဒီထူးထူးဆန်းဆန်း ပစ္စည်းအရာတွေက တကယ်ကို စိတ်တိုဖို့ ကောင်းတာပဲ။ သူတို့က ငါ့အပေါ် ခုန်မအုပ်ဖူးဆိုပေမဲ့ ဘေးနားကနေ လိုက်နေတာ ရွံစရာပဲ”
စုန့်ရှောင်၏ မျက်နှာအထက် အမူအရာ ကင်းမဲ့နေပြီး သူက ညည်းတွားနေမိသည်။ အမှန်တော့ သူက ထိုခံစားချက်ရရှိဖို့ အချိန်အတော်ကြာ ယူခဲ့ရပြီး ယခုအခါ နေသားကျလာမိသည်။
သို့သော်လည်း ထိုထူးထူးဆန်းဆန်းအလယ်တွင် သူ့ကို ဆက်တိုက်စောင့်ကြည့်နေသည့် ထူးကဲသော တည်ရှိမှုတစ်ခု ရှိနေသည်ကို သတိမထားမိခဲ့ပေ။
ထိုတည်ရှိမှုက ဝမ်ပေါင်လဲ့သာ ဖြစ်၏။ သူက ငါးအရိုးသာရှိသည့် ထူးထူးဆန်းဆန်းအရာအပေါ်တွင် ထိုင်နေရင်း သူ့ရှေ့တွင်ရှိနေသည့် ကျင့်ကြံသူကို ခြုံငုံကြည့်နေသည်။ သူ့အနေနှင့် တစ်ဖက်သူသည် သူ့ကို မမြင်နိုင်ကြောင်း သေချာသွားလေ၏။
ငါက ငါ့ကိုယ်ငါ ထူးထူးဆန်းဆန်းအရာအဖြစ် တကယ်ကျင့်ကြံနိုင်ခဲ့တဲ့ပုံပဲ…
ဝမ်ပေါင်လဲ့က စိတ်ထဲ၌ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်ရသည်။ သူက သူ့အောက်တွင် ငါးရိုးကို ပုတ်ပေးလိုက်၏။ ငါးရိုးက တုန်ခါလာကာ နာနာခံခံဖြင့် ဝမ်ဝေ့၏ အတွေးများကို နားထောင်ပေးပြီး စုန့်ရှောင်ဆီ ခုန်အုပ်လာသည်။
လေတိုက်ခတ်သွားသည်လား သို့မဟုတ် ဝမ်ပေါင်လဲ့၏ အဝတ်အဖျားကြောင့်လား မသိသော်လည်း စုန့်ရှောင်က ကြောင်အမ်းသွားလေ၏။ သူက သူ့လက်ကို မြှောက်ကာ မျက်နှာကို ထိတွေ့ကြည့်လိုက်သည်။
ကြည့်ရသည်မှာ တစ်ခုခု ငါ့မျက်နှာကို ထိသွားတဲ့ပုံပဲ။ ဘာလို့ အဝတ်အစလိုမျိုး ခံစားမိနေပါလိမ့်…
စုန့်ရှောင်က မယုံကြည်နိုင်စွာ ဖြစ်နေမိ၏။ ဤသည်က ပထမဦးဆုံး ကြုံတွေ့ဖူးခြင်းဖြစ်သည်။ ထိုအခိုက်အတန့်၌ သူ့အမြင်သည် မှားယွင်းသွားကြောင်း ခံစားမိသည်။ သူ့လက်ကို အောက်ချလိုက်သည့်အချိန် ချက်ချင်းဆိုသလို ခေါင်းငုံ့ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး အမူအရာက တစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား ပြောင်းလဲသွားသည်။
“ငါ့သိုလှောင်အိတ်ရော … ပျောက်သွားပြီ”
စုန့်ရှောင်က သူသည် မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။ ထိုနေရာတွင် ကြောင်အမ်းနေပြီး ရှာဖွေနေလေ၏။ သူ့အမူအရာက ပျက်ယွင်းသွားကာ ဒေါသထွက်လာမိသည်။
“ဒီလိုမျိုးက ထူးထူးဆန်းဆန်းအရာ မဖြစ်နိုင်ဘူး။ ပထမဦးဆုံး သူတို့ဘက်က အနီးမကပ်ရဲဘူး။ ဒုတိယအနေနဲ့ဆိုရင် သူတို့က လုပ်ရဲတယ်ဆိုရင်တောင် သိုလှောင်အိတ် ယူသွားတယ်ဆိုတာကို မကြားဖူးသေးဘူး။ အင်မတန်မြန်ဆန်တဲ့ အံ့ဖွယ်အမြန်နှုန်းနဲ့ ကျင့်ကြံသူတစ်ဦးက ငါ့သိုလှောင်အိတ်ကို လုသွားတာပဲဖြစ်ရမယ်”
ဟုတ်တယ်။ အဝတ်စခံစားချက်က သက်သေပဲ…
စုန့်ရှောင်က ဒေါသတကြီး ဖြစ်နေမိသည်။ သို့သော်လည်း သူက နောက်အခိုက်အတန့်လေး၌ ချွေးစီးများ ပြန်လာမိ၏။ တစ်ဖက်သူက ထိုသို့သော အရှိန်မျိုး ရှိထားပြီး သူ သတိမထားမိစေဘဲ သိုလှောင်အိတ်ကို ယူသွားနိုင်ပါက တစ်ဖက်သူသာ သူ့လည်ချောင်းကို ထိုးစိုက်ခဲ့မည်ဆိုလျှင် သူသည် သတိထားမိမည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထိုအတွေးက စုန့်ရှောင်အား တုန်လှုပ်သွားစေသည်။ သူက ဘေးပတ်ဝန်းကျင်ကို အကြောက်တရားဖြင့် ကြည့်လိုက်၏။ ပြင်ပလောကတွင် အန္တရာယ်များလွန်းကြောင်း ခံစားမိကာ တုံ့ဆိုင်းခြင်း မရှိဘဲ ဂိုဏ်းသို့ ပြန်သွားလေသည်။ သူက ဝရမ်းမှလူကို ဖမ်းဖို့ အစီအစဉ်မရှိတော့ပေ။ သူက ဂိုဏ်းဆီ မြန်မြန်ပြန်ကာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်ဖို့ရာသာ စိတ်လောနေ၏။
တူညီသည့် မြင်ကွင်းမျိုးက ညတစ်လျှောက် ဖြစ်ပျက်ခဲ့သည်။ ဝရမ်းထုတ်ထားသည့်အတွက် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများစွာက သီးသန့်ကျင့်ကြံရာမှ ထွက်လာကြသည်။ ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံမည့် အခွင့်အရေးက များပြားလှ၏။
ဝမ်ပေါင်လဲ့က ထူးထူးဆန်းဆန်း သက်ရှိဖြစ်လာသည့်အချက်ကို ညွှန်းဆိုဖို့ပင် မလိုပေ။ သူ့အတွက် ဂိုဏ်းကြီးသုံးဂိုဏ်းရှိ ကျင့်ကြံသူများက ညဖက်တွင် မီးတုတ်သဖွယ် ဖြစ်နေလေသည်။ သူတို့က အင်မတန် တောက်ပလွန်းသည့်အတွက် အဝေးမှပင် အာရုံခံမိလေ၏။ သူက သူတို့ကို မြင်တွေ့ဖို့ရာပင် မလိုအပ်ဘဲ အာရုံခံရုံဖြင့် ဆုံးဖြတ်နိုင်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့သာ တစ်စုံတစ်ယောက်ကို သတ်ဖို့ အလိုရှိပါက နေရာတစ်ခုလုံးကို သွေးချောင်းစီးအောင် လုပ်ဆောင်နိုင်သည်။
သို့သော်လည်း သူတို့ကြားတွင် ရန်စ မရှိသည့်အတွက် ဝမ်ပေါင်လဲ့က ထိုကိစ္စလုပ်မည် မဟုတ်ပေ။ သို့သော်လည်း ထိုသူများက သူ့ကို မကောင်းစိတ်နှင့် ရှာဖွေနေသည့်အတွက် သူတို့၏ သိုလှောင်အိတ်များကို ယူဖို့ရာ စိတ်ထဲမထားပေ။
ရှစ်လင်းကျစ်အတွက်မူ သူက ဝမ်ပေါင်လဲ့၏ ပစ်မှတ် ဖြစ်၏။ တစ်ညတာလုံး သူ့ကို ရှာဖွေခဲ့သည်။
တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က ဤကမ္ဘာရှိ ထူးထူးဆန်းဆန်းသက်ရှိအများစုသည် အသိဉာဏ် မရှိကြကြောင်း သဘောပေါက်သွားခဲ့၏။ သူတို့က ဦးတည်ချက်ကင်းမဲ့စွာ သွားလာနေကြပြီး ကျင့်ကြံသူတစ်ဦးနှင့် တွေ့ဆုံပါက သူ သို့မဟုတ် သူမကို စုပ်ယူဖို့ အလိုအလျောက် ချဉ်းကပ်သွားကြလိမ့်မည်။
သို့သော်လည်း ထူးထူးဆန်းဆန်းအရာများက ဝမ်ပေါင်လဲ့ကို မတိုက်ခိုက်ရုံသာမကဘဲ သူတို့က သူ့နတ်ဘုရားအသိစိတ်ကို နာခံကြသည်။
ထိုအရာက ဝမ်ပေါင်လဲ့၏ ရှာဖွေမှုကို ပိုမိုချောမွေ့သွားစေသည်။ သို့သော်လည်း ရှစ်လင်းကျစ်က ထွက်မလာသည့်အတွက် ဝမ်ပေါင်လဲ့က ရှာမတွေ့ပေ။ သွေးနီရောင်ဝေါယာဉ်ကို ရှာတွေ့ပြီးသည့်နောက်တွင်ပင် သူ့ကို မမြင်တွေ့ခဲ့ပေ။
တကယ်တမ်း သွေးနီရောင်ဝေါယာဉ်ကမူ ဝမ်ပေါင်လဲ့ ယခင်က မြင်ခဲ့သည့် အရာနှင့် ကွဲပြားနေလေ၏။
ဤသည်က သွေးနီရောင်ဝေါယာဉ် မဟုတ်ဘဲ သွေးနီရောင် သံလှောင်ချိုင့်တစ်လုံး ဖြစ်သည်။
အထဲတွင် ဖိနှိပ်ခံထားရသည့် ခြေလက်များက အမှတ်အသားများစွာဖြင့် ဖုံးလွှမ်းခံထားရသည်။ အမှတ်အသားတစ်ခုချင်းစီက ဝံ့ဝံ့စွားစွား တောက်ပနေပြီး သူတို့တောက်ပလာသည့် အချိန်တိုင်း ဂီတသင်္ကေတသံများကို ကြားနိုင်လေသည်။ ထိုဂီတသင်္ကေတများ ရောစပ်နေမှုက သံစဉ်တစ်ခု ဖြစ်ပေါ်လာစေ၏။
ဝမ်ပေါင်လဲ့က တိတ်တဆိတ်ဖြင့် သံလှောင်ချိုင့်ကို ကြည့်နေမိသည်။ ခဏအကြာတွင် သူက ခေါင်းယမ်းပြီး ထွက်ခွာသွားတော့မည် ဖြစ်၏။ သို့သော်လည်း သူ့နားထဲ အသံတိုးတိုးလေး ဝင်ရောက်လာသည်။
“မင်းဆီမှာ ငါ့ရဲ့ အငွေ့အသက်တွေ ရှိနေတာပဲ”
ဝမ်ပေါင်လဲ့က ရပ်တန့်ပြီး ထိုလှောင်ချိုင့်ကို လှမ်းကြည့်လိုက်သည်။ ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် သူက အကြည့်ကို ရုတ်သိမ်းပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
အကြောင်းအရင်းကမူ ထိုစကားများက သံလှောင်ချိုင့်အတွင်းမှ ရောက်ရှိလာ၍ ဖြစ်သလို တခြားတစ်နေရာမှလည်း ရောက်ရှိလာဟန်ပေါ်၏။ သေချာအနီးကပ်ကြည့်ပါက အသံ ၆သံက ပေါင်းစည်းကာ ပဲ့တင်ထွက်လာသကဲ့သို့ ဖြစ်နေသည်။
ဝမ်ပေါင်လဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ပျော်ရွှင်မှုမြို့သခင်လား”
“ငါက စိတ်ခံစားချက်(၇)မျိုးရဲ့ ပျော်ရွှင်မှုမြို့သခင်ပဲ။ မင်းက အတော်လေး ထူးကဲတယ်။ ငါ့ဘဝတစ်လျှောက်လုံး မင်းက ထင်းယွိကမ္ဘာထဲ သူတို့ရဲ့ တကယ့်ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်တဲ့ ပထမဦးဆုံးသူပဲ” ထိုခပ်တိုးတိုးအသံက ထပ်မံ ထွက်ပေါ်လာသည်။
“ထင်းယွိစည်းမျဉ်းဥပဒေသကို နားလည်နိုင်တဲ့သူတွေတောင် မလုပ်နိုင်ဘူးလား” ဝမ်ပေါင်လဲ့က မျက်ခုံးပင့်ကာ မေးလိုက်၏။
“သေခြင်းတရားကို ကြောက်ရွံ့လို့ ထင်းယွိစည်းမျဉ်းဥပဒေသရဲ့ သယ်ဆောင်သူ ဖြစ်လာတာလေ။ အဲဒါကို လူတစ်ယောက်အဖြစ် ဖော်ညွှန်းလို့ မရတော့ဘူး။”
“အဲဒါဆို ပျော်ရွှင်မှုမြို့သခင်ကရော ဒီကမ္ဘာထဲမှာ မဟုတ်ဘူးလား” ဝမ်ပေါင်လဲ့က ခေတ္တမျှ တွေးကာ မေးလိုက်သည်။
“ငါ့အသိစိတ်က ဒီမှာရှိနေတယ်ဆိုပေမဲ့ ငါ့ရဲ့ ရုပ်ခန္ဓာက အပြင်ဘက်မှာ … မြင်ဖူးတယ် မဟုတ်ဘူးလား” ခပ်တိုးတိုးအသံက ထပ်ပြောလိုက်သည်။