မေးခွန်းသုံးခု
Vol. 100 Ch. 1389
ထိုအရာကို ကြားကာ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်မိသွားသည်။ ထိုအရာက သူ့မှန်းဆချက်အတွင်း ရှိသော်လည်း ထိုကိစ္စ၏ အမှန်တရားကြောင့် တုန်လှုပ်သွားမိသည်။
သူတို့က မီးပြင်းဖိုများ ဖြစ်နေသည့်အတွက် အပေါ်ယံအခွံမျှသာ ဖြစ်သည်။ ထို့အပြင် တစ်ယောက်ချင်းစီက ထင်းယွိမြို့သခင်အတွက် အသင့်တော်ဆုံးဖြစ်အောင် ပြုစုပျိုးထောင်ခံထားရသည်။
ဤသည်က ခန္ဓာကိုယ်များစွာကို အားဖြည့်ထားခြင်းနှင့် တူညီ၏။ ပြောရမည်ဆိုလျှင် ကိုယ်ပွားက ဒဏ်ရာရရှိသွားလျှင်ပင် သူတို့က အခွံတစ်ခုကို ပြောင်းနိုင်သည့်အတွက် ကြီးကြီးမားမား မဟုတ်ပေ။
ထို့အပြင် ဝမ်ပေါင်လဲ့၏ မှန်းဆချက်အရ ဂိုဏ်းကြီးသုံးဂိုဏ်းအတွင်း ထိုကဲ့သို့ အရည်အချင်းပြည့်မှီသည့် ကျင့်ကြံသူပမာဏက မများလှပေ။ သို့သော်လည်း တာအိုကလေးငယ် ၆ယောက်ဖြင့်သာ ကန့်သတ်ခံထားရမည် မဟုတ်ပေ။
အနည်းဆုံးတော့ လူဆယ်ယောက် ရှိနိုင်သည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူ ပထမဆုံးတွေးမိသည့်အရာက ထင်းယွိမြို့သခင်အား သူ့ဒဏ်ရာများကို ပြန်လည် မကုစားနိုင်စေဖို့ရာသာ ဖြစ်သည်။ တစ်ဖက်သူ၏ ကိုယ်ပွားက ပူးကပ်မှု အောင်မြင်သွားသည်နှင့် ကိုယ်ပွားသုံးခု၏ စွမ်းအားဖြင့် သူ့ဇစ်မြစ်ကို ချက်ချင်း ရှာတွေ့သွားလိမ့်မည်။
ထိုအရာ ဖြစ်ပျက်လာသည်နှင့် သူက အရေးနိမ့်သွားနိုင်၏။
တစ်ချိန်တည်းဆိုသလို ပျော်ရွှင်မှုမြို့သခင်ဘက်မှ ထိုအရာအားလုံးကို ပြောပြနေရသည့် အကြောင်းအရင်းကို မှန်းဆမိသွားသည်။ သူနှင့် ပျော်ရွှင်မှုမြို့သခင်တို့က ဘုံရန်သူတူနေသည့်အတွက် တူညီသည့်ဘက်တွင် ရပ်တည်နေသည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့က ထင်းယွိမြို့သခင်အား ပြန်လည်မကောင်းမွန်စေသလို ပျော်ရွှင်မှုမြို့သခင်ကလည်း ထိုအရာကို အလိုမရှိပေ။
ထို့ကြောင့် ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အမူအရာ အလေးအနက်ဖြင့် ပြောလိုက်သည်။
“ပျော်ရွှင်မှုမြို့သခင်က ဘယ်လိုအစီအစဉ်များ ရှိတာလဲ”
သူမက ဝမ်ပေါင်လဲ့နှင့် တစ်လကျော် ဆက်ဆံလာပြီးသည့်နောက်တွင် သူ့ကို ပိုမိုကောင်းကောင်းမွန်မွန် သိလာသည်လား သို့မဟုတ် သူ့အလေ့အကျင့်တို့ကို ရက်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ အကျင့်ကို ပြောင်းလဲလိုက်သည်လား သို့မဟုတ် ဝမ်ပေါင်လဲ့၏ အသံကြောင့် သက်ရောက်ခံလိုက်ရသည်လား မသိသော်လည်း ထိုအချိန်တွင် ပျော်ရွှင်မှုမြို့သခင်၏ အသံက လေးနက်နေသည်။
“မင်းက ဒီစစ်ဆေးမှုမှာ ဝင်ရောက်ပြီးတော့ ပထမနေရာ ရဖို့ မျှော်လင့်တယ်”
“အဲဒီအခါကျရင် ထင်းယွိမြို့သခင်ရဲ့ ပူးကပ်မှုကို ခံလိုက်ရမှာလား” ဝမ်ပေါင်လဲ့က အလေးအနက် မေးလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ။ မင်းသာ ရွေးချယ်ခံရမယ်ဆိုရင် ငါက မင်းကို ကူညီပေးနိုင်တယ်။ ထင်းယွိမြို့သခင်က မင်းကို ပူးကပ်ဖို့ ကြိုးစားလိုက်တာနဲ့ ငါက မန္တန်ကို ပြောင်းပြန်လှန်ပြီးတော့ မင်းက သူ့ကို ဝါးမျိုနိုင်အောင် လုပ်ပေးမယ်” ပျော်ရွှင်မှုမြို့သခင်က မြန်မြန် ပြောလိုက်သည်။
“မင်းအောင်မြင်သွားတာနဲ့ ထင်းယွိမြို့သခင်ရဲ့ ခွန်အား ၃၀ရာခိုင်နှုန်းကို ရရှိလိုက်မှာပဲ။ မင်းက ဒီထင်းယွိစည်းမျဉ်းဥပဒေသအရ ထင်းယွိမြို့သခင်ရဲ့ နောက်ကလူဖြစ်လာနိုင်တယ်”
“ပြီးတော့ မင်းက ထင်းယွိကမ္ဘာထဲမှာ ဝင်ရောက်ပြီး ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲနိုင်တဲ့အချက်ကြောင့် အချိန်ကျလာတဲ့အချိန်ကျရင် ထင်းယွိမြို့သခင်ကတောင် မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်သူ၏ စကားက အမှန်တကယ် ဆွဲဆောင်မှုရှိ၏။ ဤသည်က သူ့အား ထင်းယွိစည်းမျဉ်းဥပဒေသကို အချိန်တိုအတွင်း ရနိုင်မည့် ဖြတ်လမ်းတစ်ခု ဖြစ်ပေသည်။ ဤတစ်ကြိမ် သူ့အာသီသစည်းမျဉ်းကပင် အဆများစွာ ခုန်တက်သွားလိမ့်မည်။ သူတို့အတူတကွ ပေါင်းစည်းလိုက်သည့်အခါ အံ့မခန်းအနေအထားသို့ ရောက်ရှိသွားလိမ့်မည်။
သို့သော် ဤသို့လှပသည့် ပုံရိပ်အောက်တွင် မသေချာမှုများစွာ ပုန်းအောင်းနေလေ၏။ ထို့ကြောင့် ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ပြောလိုက်သည်။
“မေးခွန်းသုံးခု ရှိတယ်။ ပထမတစ်ခုအနေနဲ့ ကျုပ်ဆီမှာ တာအိုမျိုးစေ့ မရှိဘူး။ ကျုပ်က နံပါတ်တစ်ဖြစ်ရင်တောင် ထင်းယွိမြို့သခင်ရဲ့ ကိုယ်ပွားက ကျုပ်ကို ရွေးချယ်ဖို့ဆိုတာ ခက်တယ်။ သူက တာအိုမျိုးစေ့ရှိတဲ့ တခြားတပည့်အစား ကျုပ်ကို ရွေးချယ်မယ်ဆိုတာ ဘယ်လိုလုပ် သေချာမှာလဲ။
ဒုတိယအနေနဲ့ ခင်ဗျားက ဝါးမျိုနေတဲ့ ဖြစ်စဉ်အတွင်းမှာ ပြောင်းပြန်လှန်နိုင်အောင် လုပ်ပေးမယ်လို့ ပြောတယ်။ အဲဒါက အမှန်ဆိုတာကို ဘယ်လိုသက်သေပြမှာလဲ။ ခင်ဗျားရဲ့ ရည်မှန်းချက်ကို ရောက်ဖို့ ကျုပ်ကို အသုံးချနေတာ မဟုတ်ဘူးဆိုတာပေါ့။
တတိယအနေနဲ့ ခင်ဗျားရဲ့ တကယ့် ရည်ရွယ်ချက်ကို သိချင်တယ်”
ဤသို့ဖြင့် ဝမ်ပေါင်လဲ့က အဝေးတစ်နေရာကို လှမ်းကြည့်ပြီး အဖြူရောင်အလင်းတန်း တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ထိုသူ ပျံသန်းသွားသည့်အခါ ညအမှောင်ထုက ပျောက်ကွယ်သွားလေ၏။
“ပျော်ရွှင်မှုမြို့သခင် သေသေချာချာ စဉ်းစားပါ” ဝမ်ပေါင်လဲ့က ထရပ်ကာ ပြောလိုက်သည်။
“ကျုပ်က အဖြေကို ကြားရဖို့ အလောတကြီး ဖြစ်မနေဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အဖြေက ကျုပ် သဘောတူမလား၊ မတူမလားဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်”
ဤသို့ဖြင့် သူက ရှေ့တစ်လှမ်း တိုးကာ ထင်းယွိကမ္ဘာမှ ပျောက်ကွယ်သွားလေသည်။
သူ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ထင်းယွိကမ္ဘာထဲ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာလေ၏။
ထိုသက်ပြင်းချသံက ပျော်ရွှင်မှုမြို့သခင်ဆီမှ ဖြစ်၏။ သူမက ဝမ်ပေါင်လဲ့ကို ဖျောင်းဖျဖို့ရာအတွက် အင်မတန် ခက်ခဲမည်ဖြစ်ကြောင်း ကောင်းကောင်းသိထားသည်။ ထို့ကြောင့် အစကတည်းက သူ့ကို အားလုံး မပြောပြခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက တစ်လကျော်ကြာ အချိန်ဆွဲခဲ့ပြီး ဝမ်ပေါင်လဲ့၏ သိချင်စိတ်ကို ဆက်တိုက် နှိုးဆွပေးခဲ့သည်။ သို့သော်လည်း သူမ၏ နည်းလမ်းများက အလုပ်မဖြစ်ခဲ့ပေ။ အထူးသဖြင့် ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့် ၈ရက်အတွင်း သူမက ထိတ်ထိတ်ပျာပျာဖြစ်လာသည်ကို ဝန်ခံရပေမည်။
သူမက တစ်သက်မှ တစ်ခါရသည့် အခွင့်အရေးကို မဆုံးရှုံးလိုပေ။ အကယ်၍ ဝမ်ပေါင်လဲ့သာ ပူးပေါင်းပါက သူမ၏ ရည်ရွယ်ချက်ကို အောင်မြင်နိုင်မည့် အခွင့်အရေးသည် ၉၀ ရာခိုင်နှုန်းကျော် ဖြစ်လာလိမ့်မည်။
သို့သော်လည်း ဝမ်ပေါင်လဲ့က သဘောမတူပါက သူမ၏ အောင်မြင်နိုင်ချေသည် ၅၀ ရာခိုင်နှုန်းသာ ရှိနေလိမ့်မည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ စကားက ပျော်ရွှင်မှုမြို့သခင်အား သက်ပြင်းချသွားစေ၏။ သူမက အဆိုးအကောင်း ချင့်ချိန်နေသည်။
ဝမ်ပေါင်လဲ့က စားသောက်ဆိုင်ဆီ ပြန်ရောက်လာပြီးသည့်နောက်တွင်လည်း အကောင်းအဆိုး ချင့်ချိန်နေလေ၏။
ဒီကိစ္စက အတော်လေးကို အရေးကြီးတယ်…
ဝမ်ပေါင်လဲ့က သူသည် ပျော်ရွှင်မှုမြို့သခင်၏ စကားကို မဆုံးဖြတ်ခင် အကြမ်းဖျင်း စဉ်းစားဖို့ လိုအပ်သည်။ ထို့ကြောင့် သူက ဒုတိယနေ့တွင် ထင်းယွိကမ္ဘာထဲ ဝင်ရောက်ခဲ့ခြင်း မရှိပေ။ ထိုအစား သူက ရက်အနည်းငယ်ကြာ အချိန်ယူစဉ်းစားခဲ့၏။ သူက အကောင်းဆုံးလုပ်ပြီးကြောင်း အတည်ပြုပြီးသည့်နောက်တွင် ၅ရက်မြောက် ည၌ ထင်းယွိကမ္ဘာထဲ ဝင်ရောက်ဖို့ ရွေးချယ်ခဲ့သည်။
သူက ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲပြီး ထင်းယွိကမ္ဘာထဲ ဝင်ရောက်လိုက်သည်နှင့် ပျော်ရွှင်မှုမြို့သခင်၏ နတ်ဘုရားအသိစိတ်က စုဝေးလာကာ သူမ၏ အသံက ဝမ်ပေါင်လဲ့၏ စိတ်ထဲ ပဲ့တင်ထွက်လာသည်။
“မင်းက ပထမနေရာကို ရမယ်ဆိုရင် မှော်စည်းမျဉ်းဆေးလုံးနဲ့ ဆုချီးမြှင့်ခံရလိမ့်မယ်။ အဲဒီဟာက အရင်ကလည်း ဖြစ်ဖူးတော့ သေချာတယ်။ ပြီးတော့ တကယ်လို့ မင်းသာ အဲဒီဆေးလုံးကို မရဘူးဆိုရင် မင်း ပူးကပ်ခံရမှာ မဟုတ်ဘူး။ အဲဒါဆိုတော့ ငါတို့ရဲ့ အပေးအယူက ပျက်သွားပြီ။
ဒုတိယအနေနဲ့ ငါ့ကိုယ်ငါ ဘယ်လိုသက်သေပြမလဲဆိုရင်တော့ မင်းကို မန္တန်အကြောင်း ပြောပြမယ်။ မင်းက ကိုယ့်ကိုယ်ကို စမ်းသပ်ကြည့်ပေါ့။ မင်းရဲ့ အသိအမြင်နဲ့ဆိုရင် ဒါက မခက်ခဲပါဘူး။ တစ်ချိန်တည်းဆိုသလို ဒီဟာတစ်ခုတည်းနဲ့ မလုံလောက်မှန်း သိတယ်။ အဲဒါကြောင့် နောက်၇ရက်အတွင်းမှာ နေရာတစ်ခုဆီ ခေါ်သွားပေးမယ်။ အဲဒီမှာ မင်း လိုချင်တဲ့ သက်သေပေးမယ်။
တတိယအနေနဲ့ ငါ့ရည်မှန်းချက်က ရိုးရှင်းတယ်။ ငါက လွတ်မြောက်ချင်ရုံပဲ”
“ထင်းယွိမြို့သခင်က ငါ့ကို နှစ်များစွာ ဖိနှိပ်ပြီး ချိတ်ပိတ်ထားခဲ့တာ။ လွတ်မြောက်ဖို့ အခွင့်အရေးက ဘယ်တုန်းကမှ ရမလာခဲ့ဘူး။ ဒါပေမဲ့ သူမရဲ့ ကိုယ်ပွားတစ်ခုက အခု အားနည်းနေပြီ။ ဒါက ငါ့အတွက် အခွင့်အရေးကောင်းပဲ။ တကယ်လို့ မင်းသာ ကူညီမယ်ဆိုရင် ထင်းယွိမြို့သခင်ရဲ့ အတွင်း၊ အပြင် ပြဿနာတွေအားလုံးကို ထုတ်ပြီးတော့ လွတ်မြောက်ဖို့ လွယ်ကူသွားလိမ့်မယ်။
ငါ ပြောသမျှအရာအားလုံးက အလိမ်အညာ မဟုတ်ဘူး။ ပြီးတော့ ငါက မင်းကို အသုံးချနေတယ်ဆိုရင်တောင် မင်းက အကျိုးကျေးဇူးရမှာပဲ။ အဲဒါကြောင့် မင်းကို အသုံးချနေတယ်လို့လည်း မှတ်ယူလို့ မရဘူး။ ဒါက အပေးအယူ တစ်ခုပဲ”
ပျော်ရွှင်မှုမြို့သခင်က ဖြည်းဖြည်းချင်း ပြောရင်း သူမ၏ အသံက လေးနက်မှုများဖြင့် ပြည့်နှက်လာသည်။ ထို့ကြောင့် သူမ၏ နတ်ဘုရားအသိစိတ်က ဝမ်ပေါင်လဲ့ရှေ့တွင် ပုံရိပ်ယောင် ကျောက်စိမ်းပြားတစ်ခုအသွင် ပြောင်းလဲသွား၏။
ထိုကျောက်စိမ်းပြားကို ကြည့်နေရင်း ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ပျော်ရွှင်မှုမြို့သခင် ပေးသည့်အဖြေကို သိပ်မကျေနပ်ပေ။ ပျော်ရွှင်မှုမြို့သခင်အတွက် စွန့်စားစရာ မရှိသော်လည်း သူက အားလုံးကို ရင်ဆိုင်ပေးနေရသည်။
ပထမဦးစွာ ပြောင်းပြန်မန္တန်က ကျရှုံးသွားပါက သူ သေဆုံးသွားနိုင်သည်။
ဒုတိယအနေဖြင့် ပြောင်းပြန်ပူးကပ်ခြင်းဖြစ်စဉ်က အလုပ်ဖြစ်သွားသည်ဆိုလျှင်ပင် ထင်းယွိမြို့သခင်၏ နောက်ထပ် ကိုယ်ပွားနှစ်ယောက်က သေချာပေါက် ရပ်တန့်ကြလိမ့်မည်။ သူတို့ပေါ်ထွက်လာသည်နှင့် သူ့အတွက် အန္တရာယ် ဖြစ်လာစေနိုင်သည်။
ပျော်ရွှင်မှုမြို့သခင်အတွက်မူ သူမက အလွယ်တကူ လွတ်မြောက်လေ၏။
“မလုံလောက်သေးဘူး။ ကျုပ် သဘောမတူဘူး” ဝမ်ပေါင်လဲ့က ခေါင်းယမ်းကာ ဆက်မပြောတော့ပေ။ သူက လှည့်ကာ ထွက်သွားဖို့ ပြင်လိုက်၏။
ထွက်သွားတော့မည့်ဆဲဆဲတွင် သူ့ရှေ့တွင်ရှိနေသည့် ကျောက်စိမ်းပြားက ပျံ့နှံ့ကာ ထွက်သွားသည်။ တစ်ချိန်တည်းဆိုသလို ပျော်ရွှင်မှုမြို့သခင်၏ အသံက ပဲ့တင်ထွက်လာလေ၏။
“နောက်၇ရက်ကြာပြီးရင် ငါက မင်းကို လုံလောက်တဲ့ လေးနက်မှုဆိုတာကို ပြမယ်။ အဲဒီအခါကျမှ ဆုံးဖြတ်ပေါ့”