အခန်း (၁၂၃၄)
Vol. 89 Ch. 1234
ဘုရားမြို့၏ ဟယ်မိသားစုအိမ်တော် ....
ဟယ်မိသားစုဝင်များက လေးစားစွာ တန်းစီပြီး ဟယ်ရန်စွန်းနှင့် ဟယ်သခင်မကို ကြိုဆိုလိုက်ကြသည်။
နှင်းကျလွင်ပြင်တွင် အသက်စွန့်သွားသော ဟယ်ယွီလင်းကြောင့်သာမဟုတ်လျှင် ဟယ်ရန်စွန်းက ဟယ်မိသားစုအိမ်တော်သို့ ပြန်လာမည်မဟုတ်ပေ။
“သခင်လေးနဲ့ သခင်မကြီးကို နှုတ်ဆက်ပါတယ် ....”
ဟယ်ရန်စွန်းက အိမ်တော်သို့ ရောက်လာသောအခါ ဟယ်မိသားစုဝင်များက လေးနက်စွာ ဦးညွတ်လိုက်ကြသည်။
ဟယ်သခင်မက ရှုပ်ထွေးသောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေသည်။
ဟယ်မိသားစုက ယနေ့ကဲ့သို့ ဖြစ်လာမည်ဟု သူမက ထင်မထားခဲ့ပေ။
“ရန်စွန်း၊ ဟယ်မိသားစုရဲ့ အနာဂတ်က မင်းအပေါ်မှာ မူတည်နေတယ်”
ဟယ်သခင်မက တက်ကြွနေသော ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။ ဟယ်ရန်စွန်းက ခေါင်းညိတ်သည်။
“ဆရာဟန်က ဒီကို ပြောင်းမလာချင်ဘူးတဲ့လား”
ဟယ်သခင်မက ညင်သာစွာမေးသည်။
ဟယ်သခင်မ၏ စိုးရိမ်နေသောမျက်နှာထားကို မြင်ရသောအခါ ဟယ်ရန်စွန်းက ပြုံးလိုက်ပြီး ပြောသည်။
“ဆရာက ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကို မှီခိုပြီး အလုပ်ရုံကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်။ မြို့အပြင်ဘက်မှာရှိတဲ့ မြေတွေက အလုပ်ရုံအတွက် ဖြစ်လာလိမ့်မယ်”
“အမေ၊ စိတ်ချပါ။ ဆရာဟန်ကြောင့် ဟယ်မိသားစုက ဘုရားမြို့ကို ပြန်လာနိုင်ခဲ့တာပါ”
“သူက အစည်းအရုံးခေါင်းဆောင် မဟုတ်ဘူးဆိုရင်တောင် ကျွန်တော်က သူ့ကို ဆရာတစ်ယောက်အနေနဲ့ လေးစားနေမှာပါ”
သူ့စကားကြောင့် ဟယ်သခင်မက ပြုံးလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်သည်။
“ကောင်းတယ်”
ဟယ်ရန်စွန်းက မြို့ထဲတွင် အချိန်ကြာမြင့်စွာ မနေခဲ့ပေ။ သူက မြို့ပြင်တွင်ရှိသော အိမ်တော်သို့ ပြန်သွားခဲ့သည်။
ယခုအချိန်တွင် အိမ်တော်က သက်ဝင်လှုပ်ရှားပြီး ဆူညံနေသည်။ ဟန်မူယဲ့၏ အစီအစဉ်အတိုင်း အလုပ်ရုံကို တည်ဆောက်နေကြသည်။
ပေနှစ်ထောင်ရှည်လျားပြီး ပေတစ်ရာမြင့်မားသော အလုပ်ရုံ ၁၂ခုကို တည်ဆောက်လိမ့်မည်။
အစည်းအရုံးသည် လုပ်ငန်းတာဝန်များကို ထုတ်ပေးထားသည်။ အဆင့်မြင့်ပန်းပဲပညာရှင်ဖြစ်စေ၊ အဆင့်နိမ့်ပန်းပဲပညာရှင်ဖြစ်စေ အလုပ်ရုံများကို တည်ဆောက်ရန်အတွက် အခကြေးငွေယူပြီး ကူညီပေးနိုင်သည်။
ထို့ကြောင့် အဆင့်နိမ့်ပန်းပဲပညာရှင်များက မကျေမနပ် ဖြစ်နေကြသည်။
‘ငါတို့က ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေကို ဖန်တီးချင်တာလေ။ အခု အိမ်ဆောက်ဖို့ တာဝန်ပေးခံရတာလား’
‘ငါက အဲဒါကို ဘယ်လိုလုပ်ပြီး လက်ခံရမှာလဲ’
သို့သော် အဆင့်သုံး၊ အဆင့်လေးနှင့် အဆင့်ငါး ပန်းပဲပညာရှင်များအတွက် မတူပေ။
သူတို့က အလုပ်ရုံတည်ဆောက်ရန် ဆန္ဒရှိကြသည်။
သူတို့က အစည်းအရုံးခေါင်းဆောင်အတွက် အလုပ်လုပ်ပေးနိုင်မည်။ ထိုအခွင့်အရေးမျိုးက ရှားပါးသည်။
ဟယ်ရန်စွန်းက အိမ်တော်သို့ ပြန်လာပြီး ဟန်မူယဲ့ဆီသို့ တိုက်ရိုက်သွားခဲ့သည်။
“ဆရာ၊ ကျွန်တော် စမ်းသပ်မှုခံယူနေတဲ့အချိန်မှာ နေကြတ်ကျောင်းတော်ရဲ့ ဖိတ်ခေါ်မှုကို ရခဲ့ပါတယ်”
သူက ရွှေအလင်းဖြင့် တောက်ပနေသော အမှတ်အသားနှစ်ခုကို ဟန်မူယဲ့၏ရှေ့တွင် ထားလိုက်သည်။
“ကျွန်တော်က အဆင့်ခြောက်ကို ရောက်သွားရင် နေကြတ်ကျောင်းတော်မှာ လေ့ကျင့်နိုင်ပါလိမ့်မယ်”
သူက ရွှေအလင်းဖြင့် တောက်ပနေသော အမှတ်အသားနှစ်ခုကို ဟန်မူယဲ့၏ရှေ့တွင် ချပေးလိုက်သည်။
“ရုပ်သေးသခင်နဲ့ ချပ်ဝတ်သခင်အတွက် နေရာနှစ်ခု ရထားပါတယ်”
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။
“ဆရာက ကျောင်းတော်ကို သွားကြည့်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား”
ကျွမ်းကျင်သူအများအပြားသည် ကျောင်းတော်များတွင် ရှိနေကြသည်။ အမျိုးမျိုးသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကိုလည်း ပိုင်ဆိုင်ထားသည်။
ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးများပင် ရှိနေလိမ့်မည်။
အကယ်၍ ဟန်မူယဲ့က ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့်များကို ရှာဖွေချင်လျှင် မြို့ကြီးများတွင်ရှိသော ကျောင်းတော်သို့ သွားရလိမ့်မည်။
“ကောင်းပြီ။ ငါသွားကြည့်လိုက်မယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ဟယ်ရန်စွန်း၏ ကျင့်ကြံခြင်းအမြန်နှုန်းနှင့်ဆိုလျှင် အဆင့်ခြောက်သို့ရောက်ရန် ဆယ်နှစ်ခန့် အချိန်ယူရလိမ့်မည်။
ထိုအချိန်တွင် ဟန်မူယဲ့က ဘုရားမြို့တွင် ဆက်နေရန် မလိုတော့ပေ။
ဤနေရာတွင်ရှိသော အလုပ်ရုံက ကောင်းမွန်စွာ လည်ပတ်နေလျှင် သူကိုယ်တိုင်ကြီးကြပ်ရန် မလိုတော့ပေ။
သူက ပိုမိုများပြားသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်သန့်စင်ခြင်း နည်းစနစ်များကို လိုအပ်နေသည်။ ထိုနည်းစနစ်များကို ကိုယ်ပိုင်နည်းလမ်းဖြင့် ပေါင်းစပ်ပြီး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို အများအပြား ထုတ်လုပ်နိုင်အောင် ကြိုးစားရမည်။
ထို့အပြင် ထိုရုပ်သေးရုပ်နှင့် ချပ်ဝတ်များက ထိန်းချုပ်ရန် လွယ်ကူပြီး အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်နေလျှင်ပင် ထိန်းချုပ်နိုင်လိမ့်မည်။
“ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်း ပန်းပဲပညာရှင်အစည်းအရုံးက မြို့ထဲမှာရှိတဲ့ မိသားစုကြီးတွေကို ဝိညာဉ်သတ္တု ထောက်ပံ့မပေးတော့ပါဘူး”
“ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေရဲ့ ဈေးနှုန်းကိုလည်း ပုံမှန်အတိုင်း ပြန်ထားလိုက်ပါတယ်”
လမ်းလျှောက်ဝင်လာသော ယုချန်တောက်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဟန်မူယဲ့ကို နှုတ်ဆက်သည်။ ထို့နောက် ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
ယုချန်တောက်၏စကားကို ကြားရသောအခါတွင် ဟယ်ရန်စွန်းက အံ့အားသင့်သွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“ဟယ်မိသားစုအတွက် မဟုတ်ပါဘူး။ ဘုရားမြို့ရဲ့ စည်းကမ်းတွေက ပြောင်းလဲဖို့လိုနေပြီ”
အစည်းအရုံးခေါင်းဆောင် ချမှတ်ထားသော စည်းကမ်းများကို မည်သူမှ မချိုးဖောက်ရဲကြပေ။
လဝက်အကြာတွင် ဘုရားမြို့၏ မိသားစုကြီးများက ခံစားလာရသည်။
သူတို့က ဝိညာဉ်သတ္တုများကို မရနိုင်သောကြောင့် စီးပွားရေးဆက်လုပ်ရန် အဆင်မပြေတော့ပေ။
ရုပ်သေးရုပ်နှင့် ချပ်ဝတ်များအတွက်လည်း လျော့ဈေးမရတော့ပဲ ပုံမှန်ဈေးနှုန်းဖြင့် ဝယ်ယူနေရသည်။
“ဟမ့်၊ အဲဒီဆရာဟန်က ဟယ်မိသားစုကို အစွမ်းကုန်ကူညီပေးနေတာပဲ”
“ဘုရားမြို့ရဲ့ အရင်းအမြစ်တွေအားလုံး ကုန်သွားတဲ့အချိန်မှာ ဌာနချုပ်ကို ဘယ်လိုတင်ပြမလဲ ကြည့်ရသေးတာပေါ့”
မိသားစုကြီးများက အံကြိတ်ထားလိုက်သည်။
သူတို့က ဟန်မူယဲ့နှင့် ရင်မဆိုင်နိုင်သောကြောင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့သည်။
သူတို့က စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ထားလိုက်လျှင် တခြားလူများက မည်သို့ အသက်ရှင်နိုင်တော့မည်နည်း။
မိသားစုကြီးများသည် အခြေခံအုတ်မြစ် ခိုင်မာသည်။ သို့သော် သာမန်လူများက ရှင်သန်နိုင်မည်မဟုတ်ပေ။
လဝက်အကြာတွင် မြို့နေပြည်သူများက ပိုမိုတက်ကြွလာကြောင်း လူတိုင်းက မြင်လိုက်ရသည်။
ဟယ်မိသားစုတွင် မြေတူးပေးလျှင် မိသားစုကြီးများတွင် အလုပ်လုပ်သော နှုန်းထားထက် ပိုရသည်။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ လုပ်ခလစာက ဆွဲဆောင်နိုင်သည်။
အဆင့်နိမ့်ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များကပင် မြေတူးပေးနေကြသည်။
မြေတူးနေသော ကြီးမားသည့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို ဝတ်ဆင်လျက် တိုင်လုံးသယ်နေသော ချပ်ဝတ်သခင်များကို မြင်ရသောအခါတွင် သာမန်လူများက တိတ်ဆိတ်စွာ ကျိန်ဆဲရုံသာ တတ်နိုင်ခဲ့သည်။
ဂုဏ်သရေရှိသော ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များသည် မူလဒင်္ဂါးအတွက် ဂုဏ်သိက္ခာကို စွန့်ပစ်နိုင်ကြသည်။
“ဟမ့်၊ ဟယ်မိသားစုက ချမ်းသာနေရင်တောင် အဲဒီလိုမျိုး ဖြုန်းတီးနေတာကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”
“ဟယ်မိသားစု မွဲသွားပြီး ဘုရားမြို့ရဲ့ ပန်းပဲပညာရှင်အစည်းအရုံးက လှောင်ပြောင်ခံရမှာကို စောင့်ကြည့်နေလိုက်မယ်”
မိသားစုကြီးများက လှောင်ပြောင်နေကြသည်။
ထိုသို့ အကြီးစားတည်ဆောက်မှုအတွက် နေ့စဉ်ကုန်ကျစရိတ်သည် ရေစီးသဖွယ် လျင်မြန်သည်။
မြို့ငယ်များတွင် အဘယ်ကြောင့် အကြီးစားအလုပ်ရုံများ မရှိရသနည်း။
သူတို့က မတည်ဆောက်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် မကြာခင်မှာပင် မိသားစုကြီးများက မရယ်နိုင်ကြတော့ပေ။
“ဟယ်မိသားစုရဲ့ သခင်လေး ဟယ်ရန်စွန်းက ထန်မိသားစုရဲ့ အဆင့်လေးချပ်ဝတ်သခင် ထန်ကျင်းကို စိန်ခေါ်ပါတယ်”
“မူလဒင်္ဂါးတစ်သိန်း လောင်းကြးထပ်မယ်”
စိန်ခေါ်ပွဲသည် ထန်မိသားစု၏တံခါးဝသို့ ရောက်လာသည်။
‘လက်ခံမှာလား၊ လက်မခံဘူးလား’
သုံးရက်အကြာတွင် ထန်မိသားစု၏ အဆင့်လေးချပ်ဝတ်သခင် ထန်ကျင်းက ရှုံးနိမ့်သွားခဲ့သည်။
ထန်မိသားစုက မူလဒင်္ဂါးတစ်သိန်းကို ပေးလိုက်ရသည်။
ဆယ်ရက်အကြာတွင် ....
“ဟယ်မိသားစုရဲ့ သခင်လေး ဟယ်ရန်စွန်းက ရှုမိသားစုရဲ့ အဆင့်လေးချပ်ဝတ်သခင် ရှုစုန့်နန်ကို စိန်ခေါ်ပါတယ်”
“မူလဒင်္ဂါးတစ်သိန်း လောင်းကြးထပ်မယ်”
မူလဒင်္ဂါးတစ်သိန်းသည် အလုပ်ရုံတည်ဆောက်မှုအတွက် ဆယ်ရက်ခန့်သာ အသုံးပြုနိုင်ပုံရသည်။
ချက်ချင်းဆိုသလိုပင် မြို့ထဲတွင်ရှိသော လူများက နောက်ထပ် စိန်ခေါ်ခံရမည့် မိသားစုကို ခန့်မှန်းနေကြသည်။
သာမန်လူတန်းစားများက အားပေးနေကြသည်။
ဟယ်မိသားစုသည် ရက်ရောစွာ လုပ်အားခပေးသည်။ သူတို့က ကောင်းမွန်စွာ အလုပ်လုပ်ပေးလျှင် လုံလောက်သော မူလဒင်္ဂါးကို ရလိမ့်မည်။
ထို့အပြင် ထိုမူလဒင်္ဂါးများကို မြို့ထဲတွင်ရှိသော မိသားစုကြီးများဆီမှ ရလာသည်။
မိသားစုကြီးများ၏ ဆုံးရှုံးမှုကို မြင်ရခြင်းသည် သူတို့ကိုယ်တိုင် ပိုက်ဆံရခြင်းထက် ပိုကျေနပ်စရာကောင်းသည်။
မြို့၏ အတွင်းနှင့်အပြင်တွင် သောင်းချီသောလူများက ဟယ်မိသားစုအတွက် အလုပ်လုပ်ပေးရန် စုစည်းနေကြသည်။
မြို့အပြင်ဘက်တွင် ရိုးရှင်းသော တဲအိမ်လေးများသည် ဟယ်မိသားစုအိမ်တော်၏ ပတ်ဝန်းကျင်တွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ဒုတိယမြို့တစ်မြို့ ဖြစ်ပေါ်လာတော့မည်ဟု ထင်ရသည်။
ထိုဖြစ်ရပ်မျိုးကို တခြားလူများက တွေးကြည့်နိုင်မည်မဟုတ်ပေ။
သို့သော် ဟန်မူယဲ့က မည်သည့်အရာကိုမှ မခံစားရပေ။
သူက အစမှနေ၍ မြို့များကို တည်ဆောက်ခဲ့သည်။
သူ၏ ဦးဆောင်မှုနောက်တွင် ယွင်လန်မြို့နှင့် သင်္ချိုင်းအင်မော်တယ်မြို့သည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို စုစည်းနိုင်ခဲ့သည်။
ဟယ်မိသားစုအိမ်တော်၏ အပြင်ဘက်တွင် တဲအိမ်များရှိလာခြင်းသည် မထူးဆန်းပေ။
“ဒါက ညီအစ်ကိုကျောက်မင်ကျန်းမဟုတ်လား။ သခင်လေးဟယ်ကို စိန်ခေါ်ဖို့ ရောက်လာတာလား”
ဟယ်မိသားစုအိမ်တော်၏ အပြင်ဘက်တွင် ချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက်က ပြုံးလိုက်ပြီး ပြောသည်။
ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက လှည့်ကြည့်သည်။
ကျောက်မင်ကျန်းက ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။
ဟယ်ရန်စွန်းအား စိန်ခေါ်ခဲ့သော သူ၏ အပြုအမူသည် ဟာသတစ်ခု ဖြစ်လာခဲ့သည်။
သို့သော် သူက ခေါင်းခါလိုက်ပြီး ပြောသည်။
“မရယ်ပါနဲ့။ ငါက မသိတတ်လို့ပါ ....”
“ငါက အလုပ်လုပ်ဖို့ ရောက်လာတာပဲ”
အလုပ်လုပ်ဖို့ ....
ရွေးချယ်စရာမရှိပေ။ သူက မိသားစုကြီးတစ်ခုမှ ဖြစ်သော်လည်း စားသောက်ရဦးမည်။
သူက ဟယ်ရန်စွန်းကို စိန်ခေါ်ခဲ့သောကြောင့် မိသားစုထဲတွင် လှောင်ပြောင်ခံရပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ယခုအချိန်တွင် မိသားစုကြီးများက ကျပ်တည်းနေသောကြောင့် သူ၏ ဝေစုက ပိုမိုလျော့နည်းလာသည်။
တစ်ဖက်တွင် ဟယ်မိသားစုက အလုပ်လုပ်ရန် ရောက်လာသော ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များကို ကောင်းမွန်စွာ လုပ်အားခပေးသည်။
အဆုံးတွင် သူက အံကြိတ်ပြီး ဤနေရာသို့ ရောက်လာခဲ့သည်။
သူ့စကားကို ကြားရသောအခါ မိသားစုကြီးများနှင့် သက်ဆိုင်နေသော လူတချို့၏မျက်နှာတွင် ခံစားချက်တချို့ ဖြတ်ပြေးသွားသည်။
မိသားစုကြီးများ၏ လက်ရွေးစင်ဖြစ်သော သူတို့ကပင် ဟယ်မိသားစုအတွက် အလုပ်လုပ်ပေးရမည်ဟု မည်သူက ထင်ထားမည်နည်း။
သို့သော် မိသားစုအပေါ်တွင် မှီခိုမထားသောကြောင့် လွတ်လပ်သော ငွေကြေးဟု ပြောနိုင်သည်။
အနည်းဆုံး သူတို့က မိသားစု၏ အမိန့်များကို နာခံရန် မလိုတော့ပေ။
သူတို့နှင့် ယှဉ်လိုက်လျှင် မြို့ထဲတွင်ရှိသော သာမန်ပြည်သူများနှင့် အဆင့်နိမ့်ကျင့်ကြံသူများက ပျော်ရွှင်နေကြသည်။
သူတို့က မူလဒင်္ဂါးများကို နေ့စဉ်ရနေမည်ဟု မျှော်လင့်သည်။
သို့သော် အလုပ်ရုံများက ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည်။ သူတို့၏ နေ့ရက်ကောင်းများက ပြီးဆုံးသွားတော့မည်ဟု ထင်ရသည်။
“သည်းခံလိုက်ပါ။ အလုပ်ရုံပြီးသွားတဲ့အထိ စောင့်လိုက်ရအောင်”
လူအိုကြီးများသည် မြို့ထဲတွင်ရှိသော အိမ်တော်တစ်ခုတွင် စုဝေးနေသည်။ တစ်ယောက်က အေးစက်စွာ ပြောသည်။
“ဟုတ်တယ်။ အလုပ်ရုံပြီးသွားရင် လုပ်ငန်းအတွက် လိုအပ်တဲ့ ပန်းပဲပညာရှင်အများစုက မိသားစုကြီးတွေကနေ ဖြစ်နေလိမ့်မယ်။ သူက ငါတို့ကို မှီခိုရမှာပဲ”
“ဟမ့်၊ သူက အဆင့်ခုနစ်ပဲ ရှိသေးတယ်။ ငါက ကျွမ်းကျင်သူတွေကို စေလွှတ်ပေးဖို့ မေပယ်တောအုပ်မြို့ရဲ့ မိသားစုကြီးတွေနဲ့ ဆက်သွယ်ထားတယ်”
“မေပယ်တောအုပ်မြို့မှာ အဆင့်ခြောက်ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ အဆင့်ခုနစ်ဖြစ်တဲ့ စွန်းပင်းတောင် ရှိနေသေးတယ်”