အခန်း (၁၂၃၅)
Vol. 89 Ch. 1235
ခန်းဆောင်၏လေထုက ချက်ချင်းဆိုသလိုပင် ပေါ့ပါးသွားသည်။
လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။
အခွင့်ကောင်းယူခံရရန် စောင့်ဆိုင်းနေသော ခံစားချက်မျိုးသည် ဆိုးဝါးလှသည်။
ဟယ်မိသားစုက ငွေပြတ်သွားလျှင် သူတို့ကို စိန်ခေါ်လိမ့်မည်။
မူလဒင်္ဂါးတစ်သိန်းသည် သိပ်မများသော်လည်း မနည်းပေ။
အဆင့်လေးကျွမ်းကျင်သူက ရှုံးနိမ့်ပြီး ဂုဏ်သတင်းကျဆင်းသွားသော ဖြစ်ရပ်နှင့် ယှဉ်လိုက်လျှင် မူလဒင်္ဂါးတစ်သိန်းက သိပ်အရေးမပါပေ။
သို့သော် ထိုသို့ အခွင့်ကောင်းယူခံနေရသော ဖြစ်ရပ်သည် အလွန်နာကျင်စရာကောင်းသည်။
“ပြီးတော့ ခေါင်းဆောင်ဟန်က အတော်လေး အကျိုးအကြောင်းမသင့်တာပဲ။ သူက ဘုရားမြို့ကို မွဲသွားအောင် လုပ်ပစ်ချင်နေတယ်”
လူအိုကြီးတစ်ယောက်က အေးစက်စွာပြောသည်။
“ဟုတ်တယ်။ သူက ဘုရားမြို့ကို ဂရုမစိုက်ဘူး။ ဘုရားမြို့ရဲ့ ပန်းပဲပညာရှင်အစည်းအရုံးကိုလည်း ဂရုမစိုက်ဘူး”
တစ်ဖက်တွင် အနက်ရောင်ဝတ်စုံနှင့် လူသန်ကြီးတစ်ယောက်က အံကြိတ်ထားသည်။
ဤနေရာတွင် ရှိနေသောလူများသည် မိသားစုကြီးများ၏ အဓိကပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့အားလုံးသည် ထုတ်မပြောနိုင်သော မကျေနပ်ချက်ကို သယ်ဆောင်ထားသည်။
“ငါက ယုယန်မြို့ရဲ့ ပန်းပဲပညာရှင်အစည်းအရုံးကို ဆက်သွယ်ပြီးပြီ”
အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲ၏စကားကြောင့် လူတိုင်း၏ မျက်လုံးများက တောက်ပသွားသည်။
“ညီအစ်ကိုကျန်း၊ ရလဒ်က ဘာတဲ့လဲ”
“ညီအစ်ကိုကျန်းမှာ အဆက်အသွယ်တွေ အများကြီးရှိနေတာပဲ”
လူတိုင်းက အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးကို ကြည့်လိုက်ကြသည်။
သူတို့၏ ချီးကျူးစကားကြောင့် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးက ပြုံးလိုက်သည်။
သူ့နာမည်က ကျန်းရွှမ်ဖြစ်ပြီး ကျန်းမိသားစုခေါင်းဆောင် ဖြစ်သည်။
သူက အဆင့်ငါးချပ်ဝတ်သခင်ဖြစ်ပြီး အဆင့်လေးပန်းပဲပညာရှင်လည်း ဖြစ်သည်။
သူ၏ အဆင့်အတန်းနှင့် ပန်းပဲပညာအစည်းအရုံး၏ အဆက်အသွယ်ကို အသုံးပြုပြီး ကျန်းမိသားစုသည် အကျိုးအမြတ်များ ရခဲ့သည်။
မဟာအကြီးအကဲ သုံးယောက်ကပင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံသည်။
သို့သော် ယခုအချိန်တွင် သူက ဘာမှ မဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် အစည်းအရုံးခေါင်းဆောင်အသစ် ဟန်မူယဲ့ကြောင့် ဖြစ်သည်။
ကျန်းရွှမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး အေးစက်စွာပြုံးလျက် ခါးမတ်သည်။
“ယုယန်မြို့ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ဆရာရှောင်ခွန်းက ငါနဲ့ ဆက်ဆံရေးကောင်းတယ်”
“သူက ဆရာဖြစ်သူကို တောင်းဆိုပြီး အဆင့်ခုနစ် ပန်းပဲပညာရှင်ကို ဘုရားမြို့ဆီလွှတ်လိုက်မယ်လို့ ကတိပေးခဲ့တယ်”
သူက ဂုဏ်ယူနေသောမျက်နှာထားဖြင့် ပြောသည်။
ထို့နောက် လူတိုင်းကို ကြည့်လိုက်သည်။
“ရှောင်ခွန်းရဲ့ဆရာက နေကြတ်ကျောင်းတော်မှာ လေ့ကျင့်ခဲ့ဖူးတယ်”
ကျောင်းတော်တွင် လေ့ကျင့်ဖူးသော ကျွမ်းကျင်သူတစ်ယောက် ....
ကျန်းရွှမ်၏စကားကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ပိုမိုစိတ်လှုပ်ရှားလာသည်။
“ဟယ်ရန်စွန်းက ကျန်းမိသားစုရဲ့ အဆင့်လေးရုပ်သေးသခင် ကျန်းချောင်ယုကို လောင်းကြေး မူလဒင်္ဂါးတစ်သိန်းနဲ့ စိန်ခေါ်လိုက်ပါတယ်”
တံခါးဝတွင် သတင်းပို့သံကို ကြားရသည်။
ထိုအသံကြောင့် ကျန်းရွှမ်၏အပြုံးက အေးခဲသွားသည်။
တခြားလူများ၏ မျက်နှာထားကလည်း ထူးဆန်းနေသည်။
သူတို့၏ မျက်နှာချိုသွေးနေသော ပုံစံက ကျန်းမိသားစု၏ ကံဆိုးမှုအား ကျေနပ်နေသော မျက်နှာထားကို အပြည့်အဝ မဖုံးကွယ်နိုင်ခဲ့ပေ။ ထိုပုံစံနှစ်ခုက ရောသွားပြီး သူတို့၏မျက်နှာက ထိန်းချုပ်မှုကင်းမဲ့နေသည်။
“ဟမ့်၊ ဟယ်မိသားစုကို မူလဒင်္ဂါးတစ်သိန်းပေးရမှာလား မဖြစ်နိုင်ဘူး”
ကျန်းရွှမ်က နှာမှုတ်လိုက်ပြီး လက်ဝါးဖြင့် စားပွဲခုံကို ရိုက်ချသည်။
သူ့စကားကို ကြားရသောအခါ တံခါးဝတွင်ရပ်နေသော ကျန်းမိသားစုဝင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင်၊ ကျန်းချောင်ယုက စိန်ခေါ်ပွဲကို လက်ခံပြီး မူလဒင်္ဂါးတစ်သိန်းကို ပြင်ပြီးသွားပါပြီ”
“ခေါင်းဆောင်က မိသားစုရဲ့မူလဒင်္ဂါးတွေကို အသုံးပြုခွင့်ပေးမှာ မဟုတ်တာကြောင့် ကိုယ်ပိုင်ပစ္စည်းတွေကိုပဲ သုံးလိုက်မယ်လို့ ကျန်းချောင်ယုက ပြောပါတယ်။ တကယ်လို့ သူက ရှုံးသွားရင် ဟယ်မိသားစုဆီမှာ အလုပ်သွားလုပ်ပါလိမ့်မယ်”
“ဟယ်မိသားစုက သူ့ကို လစာ မူလဒင်္ဂါးရှစ်ထောင်နဲ့ အလုပ်ကမ်းလှမ်းထားပါတယ်”
ရယ်မောသံများသည် ခန်းဆောင်ထဲတွင် ပြည့်နှက်သွားသည်။
ကျန်းရွှမ်က ရှေ့တွင်ရှိသော စားပွဲခုံကို တစ်ပိုင်းတစ်စစီဖြစ်သွားအောင် ရိုက်ချလိုက်သည်။
“ဟယ်မိသားစုနဲ့ ခေါင်းဆောင်ဟန်က ဘာလုပ်ချင်နေတာလဲ”
အလုပ်ရုံတည်ဆောက်မှုတွင် ပါဝင်နေသော လူများက ထိုမေးခွန်း၏အဖြေကို သိချင်နေကြသည်။
ပန်းပဲပညာရှင်အစည်းအရုံး၏ အဖွဲ့ဝင်များကလည်း သိချင်ကြသည်။
မဟာအကြီးအကဲသုံးယောက်ကလည်း သိချင်နေသည်။
“သခင်လေးဟယ်၊ လက်စားချေလိုက်တော့ ဘယ်လိုခံစားရလဲ”
ဟယ်မိသားစုအိမ်တော်တွင် ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ခပ်ဟဟရယ်လျက် မေးသည်။
သူ့ဘေးတွင် ဟယ်ရန်စွန်းနှင့် ပန်းပဲပညာရှင်အစည်းအရုံး၏ မဟာအကြီးအကဲတစ်ယောက်ဖြစ်သော ယုချန်တောက် ပါလာသည်။
ဟန်မူယဲ့၏စကားကို ကြားရသောအခါ ဟယ်ရန်စွန်းက လျင်မြန်စွာပြောသည်။
“ကျွန်တော်က တကယ်ပဲ ရေရှည်ကို ကြည့်သင့်ပါတယ်။ ဘုရားမြို့ရဲ့ မိသားစုကြီးတွေကို ဒီလိုနည်းလမ်းနဲ့ အနိုင်ကျင့်နေရတာက ပိုကောင်းတယ်”
အစပိုင်းတွင် အဖေဖြစ်သူက ဘုရားမြို့၏ မိသားစုကြီးများကြောင့် ပျောက်ကွယ်သွားသောကြောင့် ဟယ်ရန်စွန်းက မုန်းတီးမှုကို ခံစားခဲ့ရသည်။ သူက ဘုရားမြို့သို့ ပြန်ရောက်လာသောအချိန်တွင် လှုပ်ရှားရန် ကြံစည်ခဲ့သည်။ စိန်ခေါ်ပွဲ သို့မဟုတ် လုပ်ကြံမှုဖြင့် မိသားစုကြီးများကို ခြောက်လှန့်ပေးရမည်။
သူက အမေဖြစ်သူကိုပင် ပြောပြခဲ့သည်။
သူ့အမေက ဆရာဟန်နှင့်တိုင်ပင်ရန် ပြောခဲ့သည်။
ထိုသို့ဖြင့် အလုပ်ရုံတည်ဆောက်ပြီး မိသားစုကြီးများကို ခေါင်းပုံဖြတ်မည့်အစီအစဉ် ပေါ်ထွက်လာသည်။
ပန်းပဲပညာရှင်အစည်းအရုံးက မိသားစုကြီးများ၏ စီးပွားရေးကို ဖိနှိပ်လိုက်သည်။ ထို့နောက် ဟယ်ရန်စွန်းက သူတို့ကို စိန်ခေါ်ပွဲလုပ်ပြီး ပိုခက်ခဲသွားစေသည်။
အလုပ်ရုံက အလုပ်သမားများကို ခေါ်ယူနေသောကြောင့် မိသားစုကြီးများအတွက် အလုပ်လုပ်ပေးမည့်လူ လျော့နည်းသွားသည်။
သူတို့က သီးခြားဖြစ်လာသည်။
ဘုရားမြို့၏ အပြင်ဘက်မှ ကြည့်လိုက်လျှင် အထီးကျန်နေသော လူအိုကြီးများနှင့်ဆင်တူသည့် မိသားစုကြီးများကို မြင်နိုင်သည်။
ဟယ်ရန်စွန်း၏ဘေးတွင် ရပ်နေသော ယုချန်တောက်၏မျက်နှာတွင် ခံစားချက်တချို့ ပေါ်လာသည်။
လောကသည် လူများအပေါ်တွင် မှီခိုနေသည်ဟု ခေါင်းဆောင်ဟန်က ပြောခဲ့သည်။ လူမရှိလျှင် မိသားစုကြီးများက မိသားစုကြီး ဖြစ်တော့မည်မဟုတ်ပေ။
ထိုစကားများက အရေးမပါဟု ထင်ခဲ့သော်လည်း ဖရိုဖရဲဖြစ်နေသော မိသားစုကြီးများကို ကြည့်လိုက်ပြီး သူက နားလည်သွားသည်။
ဟယ်ရန်စွန်းအတွက် ဟန်မူယဲ့ညွှန်ပြပေးခဲ့သော လက်စားချေမည့်နည်းလမ်းသည် တိုက်ရိုက်စိန်ခေါ်ခြင်းထက် အဆပေါင်းတစ်ရာခန့် ရက်စက်သည်။
မိသားစုကြီးများကို အမြစ်မှ ဆွဲနုတ်လိုက်ခြင်း ဖြစ်သည်။
“ဒါပေမဲ့ အလုပ်ရုံတွေက ပြီးသွားတော့မယ်။ ဒီမှာစုစည်းနေတဲ့ လူတွေအတွက် အလုပ်ရှိတော့မှာမဟုတ်ဘူး”
ယုချန်တောက်က သက်ဝင်လှုပ်ရှားနေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြည့်လိုက်ပြီး နောင်တများနှင့်အတူ ပြောသည်။
ပေနှစ်ထောင်ရှည်လျားပြီး ပေတစ်ရာမြင့်မားသော အလုပ်ရုံ ၁၂ခု ရှိနေသည်။ ထို့အပြင် ထိုအလုပ်ရုံများနှင့် ပတ်သတ်သော တခြားအဆောက်အအုံများလည်း ပေါ်ထွက်လာသည်။
“အလုပ်ရုံတွေ တည်ဆောက်ပြီးသွားရင် လမ်းဖောက်လို့ရတယ်။ လမ်းဖောက်ပြီးသွားရင် မြို့တည်လို့ရတယ်”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“ပြီးတော့ အလုပ်ရုံတည်ဆောက်တာက ပထမအဆင့်ပဲ ရှိသေးတယ်။ အရေးကြီးတာက အလုပ်ရုံကို လည်ပတ်ဖို့ပဲ”
“သူတို့က ဆောက်လုပ်ရေးကနေတစ်ဆင့် မူလဒင်္ဂါး တစ်ပြားနှစ်ပြား ရမယ်ဆိုရင် အလုပ်ရုံမှာ အလုပ်လုပ်ပြီး မူလဒင်္ဂါး ဆယ်ပြားရနိုင်လိမ့်မယ်”
ဟန်မူယဲ့၏စကားကြောင့် ယုချန်တောက်က မျက်လုံးပြူးသွားသည်။
ဤနေရာတွင် လူအများအပြား ရှိနေသောကြောင့် မူလဒင်္ဂါး ဆယ်ပြားဆိုလျှင် တစ်ရက်စာအတွက် တစ်သန်းခန့် ကုန်ကျလိမ့်မည်။
ဟယ်မိသားစုသာမက ဘုရားမြို့တစ်ခုလုံး ပူးပေါင်းလိုက်လျှင်ပင် ထိုကုန်ကျစရိတ်ကို တောင့်ခံနိုင်မည်မဟုတ်ပေ။
“ခေါင်းဆောင်၊ အလုပ်ရုံရဲ့ လုပ်ငန်းအတွက် ပန်းပဲပညာရှင်တွေကို မလိုဘူးလား”
ယုချန်တောက်က ပင့်သက်ရှိုက်လိုက်ပြီး တီးတိုးမေးသည်။
အလုပ်ရုံဆယ့်နှစ်ခုတွင် ရုပ်သေးရုပ်နှင့်ချပ်ဝတ်များကို ဖန်တီးရန်အတွက် ဘုရားမြို့၏ ပန်းပဲပညာရှင်များက အလုပ်လုပ်ရလိမ့်မည်ဟု သူထင်ထားခဲ့သည်။
သို့သော် ခေါင်းဆောင်၏စကားအရ ပန်းပဲပညာရှင်များကို မလိုအပ်ပေ။ သာမန်လူများကို အသုံးပြုလိမ့်မည်။
‘သာမန်လူတွေက ဘာလုပ်နိုင်မှာမလို့လဲ’
‘ပန်းပဲပညာရှင်တွေက အလုပ်ရုံကိုဝင်ရောက်ပြီး ခေါင်းဆောင်ဟန်ရဲ့ သင်ပြမှုကို လိုချင်နေကြတာမဟုတ်ဘူးလား’
‘အလုပ်ရုံက သူတို့အတွက် မဟုတ်ဘူးဆိုတာ သိသွားရင် ဒေါသထွက်နေလောက်တယ်’
‘သူတို့က တိုက်ရိုက်ထုတ်မပြောရဲရင်တောင် ခေါင်းဆောင်ရဲ့ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်’
“ပန်းပဲပညာရှင်က ပန်းပဲပညာရှင်ရဲ့အလုပ်ကို လုပ်ရမှာပေါ့”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရုပ်သေးရုပ်ဖြင့် မြေတူးနေသော ပုံရိပ်များကို ကြည့်သည်။ သူက ရုတ်တရက် နားလည်သွားသည်။
အနာဂတ်တွင် ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံသူများအားလုံးက ဤနေရာကို အမှတ်ရနေလိမ့်မည်။
ဟန်မူယဲ့၏စကားကြောင့် ယုချန်တောက်၏မျက်နှာထားက ပြေလျော့သွားသည်။ ခေါင်းဆောင်က ထိုသို့ ပြောလိုက်သောကြောင့် ဘုရားမြို့၏ ပန်းပဲပညာရှင်များက ဆုံးရှုံးမှုကို ခံစားရတော့မည်မဟုတ်ပေ။
အဆင့်ခုနစ်ပန်းပဲပညာရှင်ဖြစ်သော ခေါင်းဆောင်ဟန်က သင်ပြပေးလိုက်လျှင် ဘုရားမြို့၏ ပန်းပဲပညာရှင်များက တိုးတက်လာလိမ့်မည်။
လူတိုင်းက ထိုသို့ ဖြစ်စေချင်သည်။
“သခင်လေး၊ အိမ်တော်အပြင်ဘက်မှာ တခြားမြို့ကနေ ရောက်လာတယ်လို့ ပြောနေတဲ့ ပန်းပဲပညာရှင်တစ်ယောက်က ခေါင်းဆောင်ဟန်နဲ့ တွေ့ချင်နေပါတယ်”
ဟယ်မိသားစုဝင်တစ်ယောက်က ချဉ်းကပ်လာပြီး ဟယ်ရန်စွန်းနှင့် တခြားလူများကို ဦးညွတ်သည်။
‘တခြားမြို့ရဲ့ ပန်းပဲပညာရှင်လား’
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။ ထိုပန်းပဲပညာရှင်က ဆန္ဒအလျောက် ရောက်လာခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် နောက်ကွယ်တွင်ရှိသော တစ်ယောက်ယောက်က စီစဉ်ထားခြင်းလည်း ဖြစ်နိုင်သည်။
“ခေါင်းဆောင်၊ အဲဒီပန်းပဲပညာရှင်ကို အစည်းအရုံးမှာ သတင်းပို့ဖို့ ပြောလို့ရပါတယ်”
ယုချန်တောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“အစည်းအရုံးခေါင်းဆောင်က လူတိုင်းတွေ့နိုင်တဲ့လူမျိုး မဟုတ်ပါဘူး”
ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးတွင် အဆင့်ခုနစ်ခေါင်းဆောင်ကို ဖယ်ထားလိုက်လျှင်ပင် အဆင့်ခြောက်နှင့် အဆင့်ငါး ပန်းပဲပညာရှင်များ၏ အဆင့်အတန်းက အလွန်မြင့်မားသည်။
သူတို့က သာမန်ပန်းပဲပညာရှင်များနှင့် ဆုံတွေ့မည်မဟုတ်ပေ။
“သူက ငါ့ကိုတွေ့ဖို့ ရောက်လာတယ်ဆိုမှတော့ တွေ့ပေးသင့်တာပေါ့”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။
“အဲဒီပန်းပဲပညာရှင်ကို ဖိတ်ခေါ်ခဲ့ပါ”
ဟယ်မိသားစု၏ တပည့်က ပြန်ထွက်သွားပြီး ပန်းပဲပညာရှင်ကို ဖိတ်ခေါ်လိုက်သည်။
ခဏအကြာတွင် အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ကို ဦးဆောင်ပြီး ရောက်လာသည်။
သူတို့က မေပယ်တောအုပ်မြို့၏ ကျုံးနံဘေးတွင် ဟန်မူယဲ့နှင့် ပန်းပဲပညာရှင်နှစ်ယောက်၏ ယှဉ်ပြိုင်မှုကို စောင့်ကြည့်ပြီး ဘုရားမြို့သို့လာရန် ဆုံးဖြတ်ခဲ့သော မြေးအဘိုးနှစ်ယောက် ဖြစ်သည်။
မိန်းကလေးက ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် မျက်လုံးများ တောက်ပသွားသည်။
“မေပယ်တောအုပ်မြို့ရဲ့ အပြင်ဘက်မှာ အဘိုးတို့နှစ်ယောက်ကို မြင်မိသလိုပဲ”
ဟန်မူယဲ့က သူတို့ကို ကြည့်လိုက်ပြီး ပြောသည်။
သူ၏ ကျင့်ကြံဆင့်နှင့် စွမ်းအားအရ အကြည့်တစ်ချက်ဖြင့် အရာအားလုံးကို မှတ်မိနိုင်သည်။
“ငါတို့က ဘုရားမြို့ကို ရောက်လာတဲ့အချိန်မှာ ဆရာဟန်က အစည်းအရုံးခေါင်းဆောင် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
လူအိုကြီးက ရယ်လိုက်ပြီး ပြောသည်။
“ငါကလည်း ပန်းပဲပညာရှင်ပါပဲ။ မင်းလက်အောက်မှာ အလုပ်လုပ်ချင်တယ်”
လူအိုကြီးက ပြုံးနေပြီး ဟယ်ရန်စွန်းကို ကြည့်သည်။
“မင်းကလည်း ထူးခြားတာပဲ”
“အဲဒီလူအိုကြီးရဲ့ ကျင့်ကြံဆင့်က မဆိုးဘူးပဲ။ မူလစကြဝဠာရဲ့ ကျင့်ကြံခြင်းနည်းလမ်းအတိုင်းဆိုရင် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ”
“ကြယ်စင်စုစကြဝဠာမှာဆိုရင်တော့ အဆင့်ကိုး၊ သူတော်စင်တစ်ဝက်အဆင့် ကျွမ်းကျင်သူပဲ”
ခေးအော့နှင့် ရွှေရောင်ငှက်၏အသံကို ဟန်မူယဲ့က ကြားလိုက်ရသည်။
သူတော်စင်တစ်ဝက်အဆင့် ကျွမ်းကျင်သူသည် မိုင်တစ်သန်းပတ်ဝန်းကျင်တွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
မိုင်တစ်သန်းအကွာတွင်ရှိသော နေကြတ်မြို့မှလွဲ၍ အဆင့်ကိုးသည် နေရာတိုင်းတွင် လွှမ်းမိုးနိုင်သည်။
“သူ့ရဲ့ ပန်းပဲနည်းစနစ်ကလည်း မဆိုးဘူး။ သူ့ခန္ဓာကိုယ်မှာရှိနေတဲ့ မဟာတာအိုအလင်းကိုကြည့်လိုက်ရင် အဆင့်ရှစ်ကို ရောက်နေတဲ့အကြောင်း သိနိုင်လိမ့်မယ်”
ဓာတ်စင်ငါးပါးမီးပြင်းဖိုကလည်း တီးတိုးပြောသည်။
အဆင့်ရှစ်ပန်းပဲပညာရှင်နှင့် အဆင့်ကိုးကျွမ်းကျင်သူသည် ဘုရားမြို့တွင် အသက်မွေးဝမ်းကြောင်းပြုရန် ရောက်လာခဲ့သည်။
သို့သော် ထိုလူမျိုးက အဆင့်မြင့်သော တခြားမြို့များကို ထိန်းချုပ်နိုင်သည်။