← Chapters

အခန်း (၁၂၃၇)

Vol. 89 Ch. 1237

အခန်း (၁၂၃၇)

Vol. 89 Ch. 1237

တားမြစ်ပညာရပ်အား အသုံးပြုသူ ....

အဖိုးတန်ရတနာကို သယ်ဆောင်ထားသူ ....

သူက ဟန်မူယဲ့အတွက် အဆုံးမရှိသောပြဿနာများကို ယူလာနိုင်သည်။

“ခင်ဗျားက ဘာဖြစ်လို့ ကျွန်တော့်ကို ရွေးခဲ့တာလဲ”

ဟန်မူယဲ့က ချန်မြောင်ကိုကြည့်လိုက်ပြီး ပြောသည်။

ချန်မြောင်က ပုန်းနေသင့်သည်။ မည်သည့်နေရာတွင်ဖြစ်စေ သူ၏ အထောက်အထားကို မဖော်ပြသင့်ပေ။

“တင်းအာကြောင့်ပါ”

“တင်းအာရဲ့ခန္ဓာကိုယ်က ထူးခြားတဲ့မသိစိတ်ကို ပိုင်ဆိုင်တယ်”

ချန်မြောင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“မင်းက သူမကို ကူညီနိုင်တယ်လို့ ခံစားရတယ်”

ချန်တင်းအာ၏ဝိညာဉ်သည် ထူးခြားသော ရုပ်သေးရုပ်နှင့် ပေါင်းစပ်သွားခဲ့သည်။ သူမ၏ ဝိညာဉ်စွမ်းအားက ဖြည်းဖြည်းချင်း လျော့နည်းလာသည်။

ချန်မြောင်၏တွက်ချက်မှုအရ ထိုဖြစ်ရပ်ကို မရပ်တန့်နိုင်ပေ။ ချန်တင်အားက နှစ်တစ်ရာခန့်သာ ရှင်သန်နိုင်လိမ့်မည်။

သူက ချန်တင်းအာ၏ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် မြို့ပေါင်းစုံတွင် လျှောက်သွားပြီး နည်းလမ်းရှာခဲ့သည်။

ဤတစ်ကြိမ်တွင် ချန်တင်းအာ၏ မသိစိတ်အရ ဘုရားမြို့သို့ ရောက်လာခဲ့သည်။

“အဲဒီလို ရုပ်သေးရုပ်မျိုး ရှိနေတာလား”

ခေးအော့က အံ့အားသင့်စွာ ပြောသည်။

သူတင်မကပဲ ရွှေ‌ရောင်ငှက်နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့ကလည်း သိချင်နေကြသည်။

“ကောင်းပါပြီ။ ဆရာချန်က ဘုရားမြို့မှာ နေနိုင်ပါတယ်”

“ဒါပေမဲ့ မူပိုင်ခွင့်တွေကို ဘယ်လိုယူရတာလဲ သိချင်မိတယ်”

ဟန်မူယဲ့၏စကားကြောင့် ချန်မြောင်က ကြောင်အသွားပြီး ကျယ်လောင်စွာ ရယ်သည်။

“‌ခေါင်းဆောင်ဟန်၊ မူပိုင်ခွင့်ပန်းပဲဆရာ ဖြစ်ရတာ အရမ်းကောင်းတယ်လို့ ထင်နေတာမဟုတ်လား”

....

သုံးရက်အကြာတွင် ကျန်းမိသားစု၏ ကျန်းချောင်ယုက ဟယ်ရန်စွန်းနှင့် လောင်းကြေးတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည်။

ထိုတိုက်ပွဲသည် စိတ်လှုပ်ရှားစရာမရှိပေ။

ဘုရားမြို့၏ အဆင့်လေးကျွမ်းကျင်သူများကြားတွင် အဆင့်လေးချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်ဖြစ်နေသော ဟယ်ရန်စွန်းကို မည်သူမှ မယှဉ်နိုင်ကြပေ။

ဟယ်ရန်စွန်းက မူလဒင်္ဂါးတစ်သိန်းကို အနိုင်ရခဲ့သည်။ ဟယ်ရန်စွန်းဘက်မှ လောင်းကြေးထပ်ထားသော လူများကလည်း အကျိုးအမြတ်ရခဲ့သည်။

သိပ်တော့မများပေ။

ဟယ်ရန်စွန်း၏ပြိုင်ဘက်ကို မည်သူက တုံးအပြီး လောင်းကြေးထပ်မည်နည်း။

“သခင်လေးဟယ်၊ ငါက ဟယ်မိသားစုအတွက် အလုပ်လုပ်ပေးချင်တယ်။ လစာဘယ်လောက်ပေးလဲ”

ပြိုင်ပွဲတွင် ရှုံးနိမ့်သွားသော ကျန်းချောင်ယုက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

ကျန်းချောင်ယုက ကျန်းမိသားစု၏ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သော်လည်း အဓိကမိသားစုမှ မဟုတ်ပေ။

သူက မိသားစုခွဲမှ ဖြစ်သောကြောင့် အဓိကမိသားစု၏ မကောင်းသောအလုပ်များကို လုပ်ပေးရသည်။

ကျန်းချောင်ယု၏စကားကြောင့် ကျန်းမိသားစုဝင်များ၏ မျက်နှာက ဖြူဖျော့သွားသည်။

သို့သော် တခြားလူများက သိချင်နေကြသည်။

‘အဆင့်လေးကျွမ်းကျင်သူက ဟယ်မိသားစုမှာ ဘယ်လိုရာထူးမျိုး ရနိုင်မလဲ’

အကယ်၍ လုပ်ခလစာ နည်းပါးလျှင် ဟယ်မိသားစုသို့ သွားရောက်မည့် ကျွမ်းကျင်သူများ မရှိနိုင်တော့ပေ။

အကယ်၍ လစာမြင့်မားနေလျှင်လည်း ဟယ်မိသားစုက တတ်နိုင်မည်မဟုတ်ပေ။

ကျန်းချောင်ယု၏စကားကို ကြားရသောအခါတွင် ဟယ်ရန်စွန်းက ပြုံးသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ ဟယ်မိသားစု၏ တပည့်တစ်ယောက်က စာလိပ်တစ်ခုကို ထုတ်ယူလာသည်။

ဟယ်ရန်စွန်းက စာလိပ်ကို ဖြန့်လိုက်သည်။ စာလိပ်၏ထိပ်တွင် စာလုံးအကြီးဖြင့် အလုပ်ခေါ်စာဟု ရေးထားသည်။

အောက်တွင် သိပ်သည်းနေသော စာလုံးများ ပါဝင်သည်။

‘အလုပ်ရုံအတွက် စက်မှုပညာရှင် အယောက်ရှစ်ထောင်ကို လိုအပ်နေပါတယ်။ တစ်ရက်ကို မူလဒင်္ဂါးတစ်ပြား ရပါလိမ့်မယ်။ လိင်အမျိုးအစား ခွဲခြားထားခြင်း မရှိပါဘူး။ ငယ်ရွယ်ပြီး သန်မာရပါမယ်’

‘ပုံသွင်းဖို့အတွက် အဆင့်တစ်နဲ့ အဆင့်နှစ် ပန်းပဲပညာရှင် သုံးထောင်ကို လိုအပ်နေပါတယ်။ တစ်ရက်ကို မူလဒင်္ဂါးငါးဆယ် ရပါမယ်’

‘ချပ်ဝတ်ကို စမ်းသပ်ပေးမယ့်လူတွေ လိုအပ်နေပါတယ်။ အနည်းဆုံး အဆင့်သုံးချပ်ဝတ်သခင် ဖြစ်ရပါမယ်။ တစ်ရက်ကို မူလဒင်္ဂါးသုံးထောင် ရပါမယ်’

‘ကုန်သည်အဖွဲ့အတွက် အ‌စောင့်တွေ လိုအပ်နေပါတယ်။ အနည်းဆုံး အဆင့်သုံးချပ်ဝတ်သခင်၊ အဆင့်သုံးရုပ်သေးသခင် ဖြစ်ရပါမယ်။ တစ်ရက်ကို မူလဒင်္ဂါး ၁၈၀ ရပါမယ်’

အလုပ်ရုံက သောင်းချီသောလူများကို သိမ်းသွင်းခဲ့သည်။

အလုပ်ခေါ်စာများသည် ဘုရားမြို့၏ နေရာတိုင်းတွင် ပျံ့နှံ့နေသည်။

သူတို့၏ လုပ်ခလစာသည် တခြားနေရာများထက် အနည်းဆုံး သုံးဆပိုများသည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ အလုပ်ရုံများသည် အလွန်ရက်ရောပြီး တခြားလူများက မငြင်းဆန်နိုင်ကြပေ။

ကျန်းချောင်ယုက ချပ်ဝတ်များကို စမ်းသပ်ရန် အလုပ်ဝင်ခဲ့ပြီး တစ်ရက်လျှင် မူလဒင်္ဂါးလေးရာ ရခဲ့သည်။

သူက အဆင့်လေးကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး အလုပ်မရှိလျှင်ပင် မူလဒင်္ဂါးလေးရာ ရလိမ့်မည်။

ထို့ကြောင့် ပြိုင်ပွဲတွင် သူဆုံးရှုံးသွားသော မူလဒင်္ဂါးများကို တစ်နှစ်အတွင်း ပြန်ရနိုင်သည်။

ဟယ်မိသားစု၏ အလုပ်ရုံသည် မူလဒင်္ဂါးများကို ဝေမျှပေးနေခြင်း ဖြစ်သည်။

လူတိုင်းက ဟယ်မိသားစုအတွက် အလုပ်လုပ်ပေးချင်ကြသည်။

အဆင့်နိမ့်ပန်းပဲပညာရှင်များသည် ဟယ်မိသားစု၏ အလုပ်ရုံတွင် သုံးရက်အလုပ်လုပ်ပြီး အပြင်ဘက်၏ တစ်လစာလုပ်အားခကို ရနိုင်သည်။

ထို့ကြောင့် ဟယ်မိသားစုက သုံးရက်အတွင်း လူအများစုကို ခေါ်ယူနိုင်ခဲ့သည်။

ပထမဆုံး အရေအတွက်ပြည့်သွားသော လူများက လွတ်လပ်သော စက်မှုပညာရှင်များ ဖြစ်ကြသည်။

သို့သော် တခြားနေရာများအတွက် စောင့်ကြည့်နေဆဲဖြစ်သော မိသားစုကြီးများ၏ လူများမှလွဲ၍ လူမလုံလောက်တော့ပေ။

ဘုရားမြို့သည် အလုပ်ရုံအတွက် ပါရမီရှင်များကို အပြည့်အဝ ထောက်ပံ့မပေးနိုင်ပေ။

“ဟမ့်၊ နေ့စဉ်ကုန်ကျစရိတ်တွေက တွက်ချက်ဖို့တောင် ဖြစ်နိုင်မှာမဟုတ်ဘူး”

“ဟယ်မိသားစုက ဘယ်လိုဆက်သွားမလဲ ငါကြည့်ချင်သေးတယ်”

ဘုရားမြို့၏ မိသားစုကြီးတစ်ခုတွင် မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။

သူ့စကားကို ကြားရသောအခါ ပတ်ဝန်းကျင်တွင်ရှိသော လူများက ပြုံးလိုက်ကြသည်။

“ခေါင်းဆောင်ပိုင်ပြောတာ မှန်တယ်။ ဟယ်မိသားစုက ဆယ်ဆလောက်ပိုပြီး ကြွယ်ဝနေရင်တောင် တစ်လအထိ တောင့်ခံနိုင်မှာမဟုတ်ဘူး”

အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က နက်ရှိုင်းသောအသံဖြင့် ပြောသည်။

လူတိုင်းက စောင့်ကြည့်နေကြသည်။ ဟယ်မိသားစုနှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က မည်သို့ ဆက်လုပ်မည်နည်း။

အစည်းအရုံး၏ မဟာအကြီးအကဲသုံးယောက်ပင် သိချင်နေကြသည်။

တစ်ချိန်တည်းမှာပင် သူတို့က စိုးရိမ်နေသည်။

‌ခေါင်းဆောင်ဟန်သည် ဘုရားမြို့၏ ကူးသန်းရောင်းဝယ်ရေးစည်းကမ်းများကို ပြောင်းလဲပစ်ခဲ့သည်။

ယခုအချိန်တွင် ပန်းပဲပညာရှင်များသည် ယဲ့ယဲ့သာကျန်တော့သည်။

အကယ်၍ အလုပ်ရုံက ရန်ပုံငွေပြတ်တောက်သွားလျှင် ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ ဂုဏ်သတင်းက ပျက်စီးသွားလိမ့်မည်။

အစည်းအရုံး‌ခေါင်းဆောင်က တာဝန်ယူပေးရလိမ့်မည်။

တာဝန်သည် အခွင့်အာဏာနှင့်အတူ ပါလာသည်။

“မေပယ်တောအုပ်မြို့ရဲ့ ကျွမ်းကျင်သူတွေ ရောက်လာကြတယ်”

ခန်းဆောင်၏ တံခါးဝတွင် လူတစ်ယောက်က သတင်းပေးလိုက်သည်။

‘မေပယ်တောအုပ်မြို့ရဲ့ ကျွမ်းကျင်သူတွေလား’

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ပျော်ရွှင်သွားကြသည်။

ချက်ချင်းဆိုသလိုပင် တိကျသောသတင်းများ ဆက်ရောက်လာသည်။

မေပယ်တောအုပ်မြို့၏ အဆင့်ငါးပန်းပဲပညာရှင် ရယ်ရွှမ်နှင့် အဆင့်ခြောက်ပန်းပဲပညာရှင် စုကျီတို့က ခေါင်းဆောင်ဟန်ဆီသို့ ရောက်လာကြသည်။

“အဆင့်ငါး .... အဆင့်ခြောက်”

မိသားစုကြီးများက စိတ်လှုပ်ရှားနေကြသည်။

“မေပယ်တောအုပ်မြို့ရဲ့ ပန်းပဲပညာစံနှုန်းတွေက ဘုရားမြို့ထက် ပိုပြီးတင်းကျပ်တယ်။ သူတို့ရဲ့ အဆင့်ခြောက်ပန်းပဲပညာရှင်က ဘုရားမြို့ရဲ့ အဆင့်ခုနစ် ပန်းပဲပညာရှင်ကို အနိုင်ရလောက်တယ်”

“ဆရာစုက ခေါင်းဆောင်ဟန်ကို ဖိနှိပ်နိုင်လိမ့်မယ်”

ခေါင်းဆောင်ဟန် ရှုံးနိမ့်သွားလျှင် ဟယ်မိသားစု၏ အလုပ်ရုံက ဇာတ်သိမ်းသွားလိမ့်မည်။

လူတိုင်းက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး ခြံဝိုင်းထဲမှ ထွက်သွားကြသည်။

သို့သော် သူတို့က ဂိတ်တံခါးသို့ ရောက်သောအခါ တခြားသတင်းများ ထပ်ရောက်လာသည်။

“မေပယ်တောအုပ်မြို့ရဲ့ ဆရာရယ်နဲ့ ဆရာစုက ဘုရားမြို့ရဲ့ ပန်းပဲပညာရှင်အစည်းအရုံးနဲ့ ဟယ်မိသားစုအလုပ်ရုံကို ဝင်ရောက်သွားပါတယ်”

“အလုပ်ရုံမှာ သူတို့က လစာမလိုဘဲ ခေါင်းဆောင်ဟန်ရဲ့နောက်လိုက် လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်”

တံခါးဝသို့ရောက်‌နေသော မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများက ကသိကအောက် ဖြစ်သွားကြသည်။

“ခေါင်းဆောင်ပိုင်၊ အိမ်မှာ ကိစ္စတချို့ရှိသေးလို့ အရင်သွားနှင့်ပါမယ်”

“ဆရာထောင်၊ နောက်ရက်ကျမှ အတူတူသောက်ကြတာပေါ့”

“လူအိုကြီးရှု၊ အမျိုးသမီးတစ်ယောက်ကို ရှာနေတာမဟုတ်လား။ မနက်ဖြန်ကျ ငါမိတ်ဆက်ပေးမယ်”

သူတို့က ဆူညံစွာ လျှောက်ပြောပြီး လူစုခွဲလိုက်ကြသည်။

သို့သော် သူတို့ အဝေးမရောက်ခင် လူတစ်ယောက်က ပြေးလာပြီး သတင်းပို့လိုက်သည်။

“ခေါင်းဆောင်၊ မေပယ်တောအုပ်မြို့ရဲ့ အဆင့်ခြောက်ရုပ်သေးသခင် ကျန်းရှန်က ဘုရားမြို့ကို ရောက်လာပါတယ်”

အဆင့်ခြောက်ကျွမ်းကျင်သူ ....

ထိုကျွမ်းကျင်သူမျိုးက ဘုရားမြို့ကို လွှမ်းမိုးထားနိုင်သည်။

“ကျန်းမိသားစုရဲ့ ကျွမ်းကျင်သူက ဟယ်မိသားစုရဲ့ အလုပ်ရုံကို သွားနေပါတယ်”

ထိုသတင်းကြောင့် လူစုခွဲထားသော လူများက ရပ်တန့်လိုက်ကြသည်။

‘ဒီတစ်ကြိမ်မှာတော့ ဟယ်မိသားစုက မလွတ်မြောက်နိုင်တော့ဘူးမဟုတ်လား’

လူတိုင်းက မြို့ပြင်သို့ လှမ်းကြည့်လိုက်ကြသည်။

‘ခဏနေရင် တောက်ပနေတဲ့ တိုက်ပွဲကို မြင်ရတော့မှာမဟုတ်လား’

သူတို့ထင်ထားသည့်အတိုင်း ခဏအကြာတွင် ကျယ်လောင်သော ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။

‘သောင်းချီနေတဲ့လူတွေက အော်ဟစ်နေကြတာပဲ။ ဖရိုဖရဲဖြစ်နေပြီထင်တယ်’

ချိုနှစ်ချောင်းမြင်းတစ်ကောင်ကို စီးနင်းထားသော ကင်းသမားတစ်ယောက် ရောက်လာသည်။

လူတိုင်းက အပြုံးများနှင့်အတူ စောင့်နေကြသည်။

ကင်းသမားက မြို့ထဲသို့ဝင်လာပြီး အော်ဟစ်လိုက်သည်။

“မေပယ်တောအုပ်မြို့၊ ကျန်းမိသားစုရဲ့ အဆင့်ခြောက်ကျွမ်းကျင်သူ ကျန်းရှန်က ဟယ်မိသားစုကို ကိုယ်တိုင်ရောက်လာပြီး လက်ထပ်ပွဲအတွက် ကမ်းလှမ်းခဲ့တယ်။ သခင်လေးဟယ်က လူတိုင်းကို မူလဒင်္ဂါးနှစ်ပြား လက်ဆောင်ပေးနေတယ်”

သူက လက်ထဲတွင်ရှိသော အိတ်လေးကို ဝှေ့ယမ်းလိုက်သည်။

“ငါလည်း ရခဲ့တယ်”

မေပယ်တောအုပ်မြို့၏ အဆင့်ခြောက်ခွန်အားရှိသော ကျန်းမိသားစုက လက်ထပ်ပွဲဖြင့် ဟယ်မိသားစုနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။

မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများက မူးဝေသွားကြသည်။

‘ဟယ်မိသားစုမှာ ဒီလိုနောက်ခံမျိုး ရှိနေပြီဆိုမှတော့ ငါတို့က ဘာလုပ်နိုင်အုံးမှာလဲ’

‘မဟုတ်သေးဘူး။ အစကတည်းက ဟယ်မိသားစုမှာ ငါတို့မလှန်နိုင်တဲ့ ခေါင်းဆောင်ဟန် ရှိနေတာပဲ’

“ဟမ့်၊ သူတို့က အဆင့်ခြောက်မိသားစုဆိုရင်ရော ဘာဖြစ်လဲ။ အလုပ်ရုံက ကုန်ကျစရိတ်များတယ်။ ဘယ်သူမှ ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး”

“ဟုတ်တယ်။ အလုပ်ရုံ ကျရှုံးသွားရင် လူအိုကြီးကျန်းရွှမ် ဖိတ်ခေါ်ထားတဲ့ ယုယန်မြို့ရဲ့ ပန်းပဲပညာရှင် ရောက်လာပြီး ခေါင်းဆောင်ဟန်ကို မောင်းထုတ်လိမ့်မယ်။ ပန်းပဲပညာရှင်အစည်းအရုံးက ငါတို့လက်ထဲကို ပြန်ရောက်လာလိမ့်မယ်”

သူတို့က အခြေအနေကို ပြောင်းလဲနိုင်တော့မည်မဟုတ်ပေ။

အလုပ်ရုံ၏ ကျရှုံးခန်းကို စောင့်ကြည့်ရုံသာ တတ်နိုင်မည်။

“မေပယ်တောအုပ်မြို့ စွန်းမိသားစုရဲ့ စွန်းပင်က ဘုရားမြို့ကို ရောက်လာပါတယ်”

စွန်းပင်း ....

မေပယ်တောအုပ်မြို့၏ နံပတ်တစ် ကျွမ်းကျင်သူ ....

အဆင့်ခုနစ် ချပ်ဝတ်သခင် ....

မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် ပြိုင်ဘက်ကင်းသည်။

‘အဲဒီလိုလူမျိုးက ဘုရားမြို့ကို ရောက်လာတာလား’

“အကြီးအကဲစွန်းက ဘာဖြစ်လို့ ရောက်လာတာလဲ”

“သူက ဟယ်မိသားစုအတွက် ရောက်လာတာလား”

“တကယ်လို့ ဟယ်မိသားစုကိုဖျက်ဆီးဖို့ ရောက်လာတာဆိုရင်‌တော့ ကံကောင်းတာပဲ ....”

“ကံကောင်းတာတဲ့လား”

လူတိုင်းက လေးနက်‌သောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စောင့်ဆိုင်းနေကြသည်။

ဟယ်မိသားစုနှင့် စွန်းပင်း၏အခြေအနေကို သူတို့က သိချင်ကြသည်။

All Chapters