အခန်း (၁၂၃၉)
Vol. 89 Ch. 1239
‘ဒီလိုမျိုး မူပိုင်ခွင့်တင်ဖို့ ရှားပါးတဲ့အခွင့်အရေးကို ဖြုန်းတီးလိုက်တာလား’
‘ဝင်္ကပါကို အသက်သွင်းဖို့ ကုန်ကျစရိတ်များတယ်လေ’
‘ပြီးတော့ ဒီအတိုင်း လက်လျော့လိုက်တဲ့အတွက် သူတော်စင်အဆင့် ပန်းပဲပညာရှင်က စိတ်ကွက်သွားလိမ့်မယ်’
“သူက သူတော်စင်အဆင့်ဆိုရင်ရော ဘာဖြစ်လဲ”
ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်ပြီး ပြောသည်။
“သူက ငါတို့ ဘုရားမြို့ရဲ့ ပန်းပဲပညာရှင်တွေကို မလေးမစား မလုပ်သင့်ဘူး”
ဟန်မူယဲ့၏ မျက်လုံးထဲတွင် ဂုဏ်သိက္ခာကို မြင်ရသည်။
ထို့ကြောင့် လူများက သူ၏မျက်လုံးကို တိုက်ရိုက်မကြည့်နိုင်ပေ။
“သူက သူတော်စင်အဆင့် ဆိုရင်တောင် ငါတို့ကို အထင်မသေးသင့်ဘူး”
“သူက ကျင့်ကြံခြင်းလမ်းစဉ်မှာ ငါတို့ထက် အချိန်ပိုကြာပြီး ရှိနေတာပဲ ကွာသွားတယ်။ အဲဒါထက် မပိုဘူး”
ဟန်မူယဲ့၏စကားသည် အလုပ်ရုံထဲတွင် ပဲ့တင်ထပ်သွားသည်။
အလုပ်ရုံက တိတ်ဆိတ်နေသည်။
မည်သူမှ စကားမပြာကြပေ။
ဟန်မူယဲ့၏စကားက မှန်ကန်သည်။
သို့သော် သူတော်စင်အဆင့် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရသောအခါတွင် သူတို့က မနေနိုင်ဘဲ ခေါင်းငုံ့ထားရသည်။
အဆင့်ရှစ်၊ အဆင့်ကိုး ဆိုလျှင်ပင် ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးက ခေါင်းမော့မကြည့်နိုင်ပေ။
“ဒါက သူတော်စင်အဆင့်ကို ရိုသေနေတာ မဟုတ်ပါဘူး။ ပန်းပဲပညာအမွေအနှစ်နဲ့ နည်းစနစ်ကို ရိုသေတာပါ”
ချန်မြောင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။
“ဒါပေမဲ့ အချိန်ကြာလာတဲ့အခါမှာ အဲဒီလေးစားမှုက ခါးသီးလာရုံတင်ပါပဲ”
သူတော်စင်အဆင့် ပန်းပဲပညာရှင်သည် ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးကို အထင်သေးနေကြောင်း လူတိုင်းသိကြသည်။ သို့သော် မတတ်နိုင်ပေ။
သူက သူတော်စင်အဆင့် ဖြစ်သည်။ ဘုရားမြို့တွင် အသန်မာဆုံးလူက အဆင့်ခုနစ်သာ ဖြစ်သည်။
သူတို့ကြားထဲတွင်ရှိသော ကွာဟချက်က ကြီးမားလွန်းသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လက်မြှောက်သည်။ ချီစွမ်းအင်အလင်းသည် သူ့လက်ချောင်းထိပ်တွင် စုစည်းနေသည်။
ဝင်္ကပါသည် အသက်ဝင်လာပြီး အလုပ်ရုံတစ်ခုလုံးကို ချိပ်ပိတ်လိုက်ပြန်သည်။
“မင်းက ဘာဖြစ်ချင်နေတာလဲ”
ပြန်လည်ပေါ်ထွက်လာသော သူတော်စင်အဆင့် ပန်းပဲပညာရှင်၏မျက်နှာက ဆိုးဝါးနေသည်။
“မူပိုင်ခွင့်အတွက် လျှောက်ထားချင်ပါတယ်”
ဟန်မူယဲ့က ကျယ်လောင်စွာပြောသည်။
သူတော်စင်အဆင့် ပန်းပဲပညာရှင်က ဒေါသထွက်နေပြီး ဟိန်းဟောက်လိုက်သည်။
“ကောင်းပြီ။ ဒါက မင်းရဲ့ ဒုတိယအခွင့်အရေးပဲ။ နောက်ဆုံးအခွင့်အရေး ....”
သူ့စကားမဆုံးခင် ဟန်မူယဲ့က လက်မြှောက်ပြီး ဝင်္ကပါကို ရုတ်သိမ်းလိုက်ပြန်သည်။
ဒုတိယအကြိမ် ကြိုးစားမှုက အဆုံးသတ်သွားသည်။
လူတိုင်းက ဆွံ့အနေသည်။
အစည်းအရုံးခေါင်းဆောင်က သူတော်စင်အဆင့် ပန်းပဲပညာရှင်နှင့် ဆက်ကစားနေလျှင် မည်သို့ ဖြစ်သွားမည်နည်း။ သူတို့ မသိပေ။
သို့သော် သူတို့က သူတော်စင်အဆင့် ပန်းပဲပညာရှင်၏ ကြောင်အနေသောမျက်နှာထားကို မြင်လိုက်ရသောကြောင့် ကျေနပ်သွားသည်။
‘သူက သူတော်စင်အဆင့်ဆိုရင်ရော ဘာဖြစ်လဲ’
‘မူပိုင်ခွင့်ကို မြို့တိုင်းက သုံးကြိမ်လျှောက်ထားခွင့်ရှိတယ်။ သူတော်စင်အဆင့်ဆိုရင်တောင် မငြင်းနိုင်ဘူး’
ဝင်္ကပါ၏အလင်း ထပ်မံပေါ်ထွက်လာသောအခါ လူတိုင်းက ဒေါသထွက်နေသော သူတော်စင်အဆင့် ပန်းပဲပညာရှင်ကို မြင်လိုက်ရသည်။ သူတို့ကလည်း ယခင်ကဲ့သို့ မကြောက်ရွံ့တော့ပေ။
‘ဒီတော့ သူတော်စင်အဆင့်တွေတောင် ဒေါသထွက်နိုင်တယ်ပေါ့ ....’
“ဘုရားမြို့ရဲ့ ပန်းပဲပညာရှင်အစည်းအရုံးခေါင်းဆောင် ဟန်မူယဲ့ကို မှတ်ထားလိုက်မယ်”
ဟန်မူယဲ့ကို မြင်ရသောအခါတွင် သူတော်စင်အဆင့် ပန်းပဲပညာရှင်၏ မျက်နှာထားက ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။
“ငါက ကျူးကွမ်မြို့ရဲ့ အကြီးအကဲထန်ယွမ်ပဲ။ မင်းလည်း ငါ့ကို မှတ်မိနေမယ်လို့ မျှော်လင့်တယ်”
“ဒီနေ့မှာ မင်းက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ အနာဂတ်မှာ မင်းကို ခံစားရအောင် လုပ်ပစ်မယ်”
“ငါပြောပြီးပြီး။ ဝင်္ကပါကို ရုတ်သိမ်းလို့ရပြီ”
ဟန်မူယဲ့က ရုတ်တရက် အဆက်အသွယ်ဖြတ်လိုက်မည်ကို စိုးရိမ်သောကြောင့် အကြီးအကဲထန်ယွမ်က လျင်မြန်စွာ ပြောနေလိုက်သည်။
“ဝင်္ကပါကို ရုတ်သိမ်းရမှာလား”
ဟန်မူယဲ့က အဝတ်အစားများကို ဆွဲဆန့်ပြီး ကျယ်လောင်စွာပြောသည်။
“ကျွန်တော်က မူပိုင်ခွင့်အတွက် လျှောက်ထားမှာပါ။ ဒါက အစပဲရှိပါသေးတယ်”
‘သူက တကယ်ပဲ မူပိုင်ခွင့်အတွက် လျှောက်ထားချင်တာလား’
ထန်ယွမ်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး စကားမပြောပေ။ သူက လက်မြှောက်လိုက်သည်။
အဆင့်ကိုးပန်းပဲပညာရှင်လေးယောက်၏ ပုံရိပ်များ ဆင်းသက်လာသည်။
သူတို့က ဟန်မူယဲ့ကို စောင့်ကြည့်နေကြသည်။
မီးတောက်တစ်ခုသည် ဟန်မူယဲ့၏လက်ထဲတွင် ပေါ်ထွက်လာသည်။
ဝိညာဉ်သတ္တုများသည် မီးတောက်ထဲသို့ ကျဆင်းသွားကြသည်။
သူ၏ အပြုအမူက ပုံမှန်သာဖြစ်သည်။
ထန်ယွမ်က နှာမှုတ်လိုက်သည်။
အဆင့်ကိုးပန်းပဲပညာရှင် လေးယောက်ကလည်း စိတ်မဝင်စားကြပေ။
ဟန်မူယဲ့၏ရှေ့တွင်ရှိသော ဝိညာဉ်သတ္တုများသည် ရွှေရောင်ကွင်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကြသည်။
သူက မီးတောက်များကို သိမ်းလိုက်ပြီး ရွှေရောင်ကွင်းကို လျင်မြန်စွာ ထုတ်ယူသည်။
“အနုစိတ်ဝိညာဉ်အင်းကွက်လား”
“ထူးခြားတာလည်းမရှိဘူး။ မင်းက မူပိုင်ခွင့်ကို လျှောက်ထားရဲတယ်ပေါ့လေ”
“ဒီကွင်းကို ဘာသုံးလို့ရမှာလဲ”
အဆင့်ကိုးပန်းပဲပညာရှင်များက ခေါင်းခါလိုက်ကြသည်။
ဟန်မူယဲ့၏ ရွှေရောင်ကွင်းသည် သူတို့အတွက် ထူးခြားမှုမရှိပေ။
ထိုပစ္စည်းကို လွယ်ကူစွာ ဖန်တီးနိုင်သည်။
‘အစည်းအရုံးခေါင်းဆောင်တစ်ယောက်ဖြစ်နေတဲ့ ဟန်မူယဲ့က ဒီလိုပစ္စည်းမျိုးကို လုပ်နေတာလား’
ဟန်မူယဲ့က ရွှေရောင်ကွင်းကို ဆက်လက်ပြုပြင်နေသည်။ ခဏအကြာတွင် ပြီးဆုံးသွားခဲ့သည်။
ဝိညာဉ်အင်းကွက်များသည် ရွှေရောင်အင်းကွက်ပေါ်တွင် တလက်လက်တောက်ပနေသည်။
“ပြီးသွားပြီလား”
အကြီးအကဲထန်ယွမ်က ဂရုမစိုက်စွာ မေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ထန်ယွမ်က မတ်တပ်ရပ်လိုက်ပြီး ကြည်လင်သောအသံဖြင့် ပြောသည်။
“ဒီပစ္စည်းက ထူးခြားမှုမရှိဘူး။ တီထွင်နိုင်စွမ်းလည်းမရှိဘူး။ မူပိုင်ခွင့် ကျရှုံးတယ်”
အဆင့်ကိုးလေးယောက်ကလည်း မတ်တပ်ရပ်လိုက်ပြီး ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ရွှေရောင်ကွင်းကို ကြည့်သည်။
“ငါက ....”
“နေပါအုံး”
ဟန်မူယဲ့က ဖြတ်ပြောလိုက်သည်။
“ဒီပစ္စည်းက ဘာလုပ်လို့ရတာလဲ မကြည့်တော့ဘူးလား”
သူက သူတို့ကို ကြည့်လိုက်ပြီး ပြုံးသည်။ ထို့နောက် ရွှေရောင်ကွင်းကို ညာဘက်မျက်လုံး၏ရှေ့တွင် ထားလိုက်သည်။
ရွှေရောင်ကွင်းက သူ့မျက်လုံးနှင့် တစ်လက်မအကွာတွင် တည်ငြိမ်စွာလွင့်မျောနေသည်။ ကွင်းပေါ်တွင်ရှိသော အင်းကွက်များက တောက်ပနေပြီး မျက်လုံးကို ထောက်ပံ့ပေးသည်။
“ဒီပစ္စည်းက ....”
“ဒါကို အဏုကြည့်မျက်လုံးလို့ ခေါ်တယ်”
‘အဏုကြည့်မျက်လုံးတဲ့လား’
‘ဒါပဲလား’
အဆင့်ကိုးပန်းပဲပညာရှင်လေးယောက်က နားမလည်နိုင်ဖြစ်နေကြသည်။
ထန်ယွမ်က ရယ်လိုက်ပြီး ဟန်မူယဲ့ကို အထင်သေးစွာကြည့်သည်။
“ဒါက အကျယ်ချဲ့အင်းကွက်ကိုးခုနဲ့ လွင့်မျောအင်းကွက်ကို ပေါင်းစပ်ထားတဲ့ဟာပဲ။ ဒီလိုပစ္စည်းမျိုးကို အဏုကြည့်မျက်လုံးလို့ ခေါ်နေတာလား”
သူက စောင့်ကြည့်နေသော ဘုရားမြို့၏ ပန်းပဲပညာရှင်များကို ကြည့်လိုက်ပြီး မျက်နှာထားအေးစက်သွားသည်။
“မင်းတို့ရဲ့ ခေါင်းဆောင်က ဒီလို အရေးမပါတဲ့ပစ္စည်းမျိုးနဲ့ မူပိုင်ခွင့်လျှောက်ချင်နေတာလား”
“ဒီပစ္စည်းက မူပိုင်ခွင့်တင်လို့ရမယ်လို့ ထင်နေတာလား”
မထင်ပေ။
လူတိုင်း၏မျက်နှာက နီရဲသွားသည်။ သူတို့က သူတော်စင်အဆင့် ပန်းပဲပညာရှင်၏ စူးရှသောအကြည့်နှင့် ရင်မဆိုင်နိုင်ကြပေ။
ဤတစ်ကြိမ်တွင် သူတို့၏ခေါင်းဆောင်က အလွန်အရှက်ရနေသည်။
ထိုကွင်းလေးကို ဤနေရာတွင်ရှိသော လူတိုင်းက လွယ်ကူစွာ ဖန်တီးနိုင်သည်။
ထန်ယွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လှောင်ပြောင်သည်။
“မင်းက လက်မလျော့ချင်ဘူးဆိုတာကို ငါသိတယ်။ အစည်းအရုံးရဲ့ မူပိုင်ခွင့် အချက်အလက်တွေထဲမှာ ဆင်တူတဲ့ပစ္စည်းတွေ ဘယ်လောက်တောင်ရှိနေလဲ ငါပြမယ်”
သူက စကားပြောလိုက်ပြီး အလင်းလွှာကို ဆင့်ခေါ်သည်။
ဟန်မူယဲ့၏ ညာဘက်မျက်လုံးရှေ့တွင်ရှိသော ရွှေရောင်ကွင်းနှင့် ဆင်တူသောပစ္စည်းများ၊ ဆင်တူသောအင်းကွက်များ လျင်မြန်စွာ ပေါ်လာကြသည်။
“ကြည့်လိုက်။ ပစ္စည်းသုံးဆယ်ကျော်မှာ တူညီတဲ့အင်းကွက်တွေကို သုံးထားတယ်။ ကျစ်ကျစ်၊ ငါက ပထမဆုံးအနေနဲ့ ဒီလိုမျိုး ဆင်တူတာများတဲ့ပစ္စည်းကို မြင်ဖူးတာပဲ”
“ဟားဟား၊ ပုံစံတူတဲ့ ပစ္စည်း ၅၈ခုလည်း ရှိနေတယ်။ မင်းက ဒီလိုပစ္စည်းမျိုးနဲ့ မူပိုင်ခွင့်လျှောက်ရဲတယ်လား”
ထန်ယွမ်က လှောင်ပြောင်လိုက်သည်။
ပတ်ဝန်းကျင်တွင်ရှိသော ဘုရားမြို့၏ ပန်းပဲပညာရှင်များက ရှက်သွားကြသည်။
သူတို့၏ ခေါင်းဆောင်က ဆင်တူသော ပစ္စည်းတစ်ခုကို ဖန်တီးပြီး မူပိုင်ခွင့်လျှောက်ထားချင်နေသည်။
ထန်ယွမ်က လက်မြှောက်ပြီး လက်ညှိုးညွှန်သည်။ ရွှေအလင်းသည် အကဲဖြတ်မှုရလဒ်အဖြစ် စာသားများကို ထုတ်ပေးသည်။
“ဝိညာဉ်အင်းကွက်တွေနဲ့ ပစ္စည်းရဲ့ပုံစံက တခြားပစ္စည်းတွေနဲ့ တူညီချက် မြင့်မားတယ်။ ဒါပေမဲ့ တူညီတဲ့အမျိုးအစား၊ စည်းမျဉ်း၊ လုပ်ဆောင်ချက်နဲ့ အထောက်အကူပစ္စည်းမျိုး မရှိသေးဘူး”
သူထင်ထားသည့်အတိုင်း ဆင်တူမှု များပြားသည်။
သို့သော် အောက်တွင်ရှိသော စာလုံးများကြောင့် ထန်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
“မူပိုင်ခွင့်ထဲမှာ ပါဝင်နိုင်တယ်”
‘ပါဝင်နိုင်တယ်တဲ့လား’
‘ဒီပစ္စည်းကို မူပိုင်ခွင့်တင်နိုင်တာလား’
အဆင့်ကိုးပညာရှင်လေးယောက်၏ မျက်နှာထားက တောင့်တင်းသွားသည်။
ထန်ယွမ်က ကိုယ်အမူအယာကို ထိန်းသိမ်းလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“အစည်းအရုံးက တီထွင်မှုကို အမြဲအားပေးတယ်။ ဒီပစ္စည်းက တန်ဖိုးမရှိဘူးဆိုရင်တောင် မူပိုင်ခွင့်အတွက် လျှောက်ထားနိုင်တုန်းပဲ”
‘ဒါကို လျှောက်ထားနိုင်တယ်လား’
ထိုသို့ဆိုလျှင် မူပိုင်ခွင့်ပန်းပဲပညာရှင်တစ်ယောက်အဖြစ် မြင့်မားသော အကျိုးခံစားခွင့်ကို ရရှိနိုင်သည်။
အလုပ်ရုံထဲတွင်ရှိသော ပန်းပဲပညာရှင်များအားလုံးက စိတ်လှုပ်ရှားနေကြသည်။
စစ်ဆေးမှုကို စောင့်ကြည့်ခဲ့သော အဆင့်ကိုးပန်းပဲပညာရှင် လေးယောက်ကပင် စိတ်လှုပ်ရှားသွားသည်။
“ဟားဟား၊ မင်းက မူပိုင်ခွင့်အတွက် လျှောက်ထားနိုင်တာနဲ့ပဲ မူပိုင်ခွင့်ပန်းပဲဆရာတစ်ယောက် ဖြစ်သွားမှာမဟုတ်ဘူး”
ထန်ယွမ်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပေါ့ပါးစွာပြောသည်။
“မူပိုင်ခွင့်ပန်းပဲဆရာတွေအတွက် ကန့်သတ်ချက်တစ်ခု ရှိတယ်”
“မူလဒင်္ဂါး သန်းတစ်ရာပဲ”
ထန်ယွမ်က လက်တစ်ချောင်းထောင်လိုက်ပြီး ဆက်ပြောသည်။
“ဒီမူပိုင်ခွင့်ကနေ မူလဒင်္ဂါးသန်းတစ်ရာ ရနိုင်မှ မူပိုင်ခွင့်ပန်းပဲပညာရှင် ဖြစ်လာမယ်”
မူလဒင်္ဂါး သန်းတစ်ရာ ....
‘ဘယ်သူက အဲဒီလောက်ချမ်းသာမှာလဲ’
ယုချန်တောက်က ချန်မြောင်ကို အံ့အားသင့်စွာ ကြည့်သည်။
‘အကြီးအကဲချန်က မူပိုင်ခွင့်ပန်းပဲဆရာတစ်ယောက် မဟုတ်လား။ အဲဒါဆိုရင် သူ့ရဲ့ မူပိုင်ခွင့်က အနည်းဆုံး မူလဒင်္ဂါး သန်းတစ်ရာ တန်ဖိုးရှိတာပေါ့’
‘သူက တကယ်ချမ်းသာတာပဲ’
“မူလဒင်္ဂါး သန်းတစ်ရာမှာ ၅%ကို အစည်းအရုံးက ယူတယ်။ ကျန်တာကို ပန်းပဲပညာရှင်က ရတယ်”
“မူပိုင်ခွင့်ရဖို့ လွယ်ကူတယ်ဆိုရင် တစ်လောကလုံးမှာ မူပိုင်ခွင့်ပန်းပဲပညာရှင်တွေနဲ့ ပြည့်နေမှာပေါ့”
“ရှေးခေတ်ကနေ အခုအချိန်အထိ မူပိုင်ခွင့်အတွက် လူသုံးသန်းကျော် ကြိုးစားခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းမှာတော့ လူရှစ်ထောင်ပဲ အောင်မြင်ခဲ့တယ်”
နှစ်တစ်သိန်းတွင် လူရှစ်ထောင်သာ အောင်မြင်ခဲ့သည်။ အကြမ်းဖျင်းဆိုလျှင် မူပိုင်ခွင့်ပန်းပဲပညာရှင်သည် ဆယ်နှစ်တွင် တစ်ကြိမ်သာ ပေါ်ထွက်နိုင်သည်။