အခန်း (၁၂၄၀)
Vol. 89 Ch. 1240
“မူပိုင်ခွင့်တွေ အများကြီးရှိနေတယ်လို့ မထင်လိုက်နဲ့။ အများစုက တန်ဖိုးမရှိတော့ဘူး”
“ပြီးတော့ မူပိုင်ခွင့်အများအပြားကို ဆယ်ချီ၊ ရာချီနေတဲ့ ပန်းပဲပညာရှင်ကြီးတွေက ပူးပေါင်းပြီး ဖန်တီးထားခဲ့တာပဲ”
ထန်ယွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောသည်။
“ငါက ထုံးစံအတိုင်း မင်းရဲ့ အဏုကြည့်မျက်လုံးကို အစည်းအရုံးမှာ တင်ပေးမယ်”
“မင်းရဲ့ အဏုကြည့်မျက်လုံးက မူလဒင်္ဂါးသန်းတစ်ရာ ရနိုင်ရင် မူပိုင်ခွင့်ပန်းပဲပညာရှင် ဖြစ်လာလိမ့်မယ်”
“အဲဒီအချိန်အတွင်းမှာ ဘုရားမြို့ရဲ့ မူပိုင်ခွင့်စစ်ဆေးမှုကို ဆိုင်းငံ့ထားရလိမ့်မယ်”
သူက ဘေးတွင်ရှိနေသော ယုချန်တောက်နှင့် တခြားပန်းပဲပညာရှင်များကို လှည့်ကြည့်သည်။
“မူပိုင်ခွင့်တင်ဖို့ အခွင့်အရေးကို ဖြုန်းတီးလိုက်တဲ့ မင်းတို့ရဲ့ခေါင်းဆောင်ကိုပဲ အပြစ်တင်လိုက်ပါ”
သူ့စကားကြောင့် လူတိုင်းက ခေါင်းငုံ့ထားလိုက်ကြသည်။
သူက လူတိုင်းကို ဟန်မူယဲ့နှင့် ရန်တိုက်ပေးနေသည်။
သူတို့၏မျက်နှာထားကို မြင်ရသောအခါတွင် ထန်ယွမ်က နှာမှုတ်ပြီး လက်မြှောက်လိုက်သည်။ အလင်းလွှာတစ်ခု စုစည်းလာသည်။
“မင်းလုပ်ထားတဲ့ ပစ္စည်းရဲ့ အသုံးပြုပုံနဲ့ လက္ခဏာရပ်တွေကို ဖော်ပြလိုက်ပါ။ စိတ်ဝင်စားတဲ့လူရှိရင် မူပိုင်ခွင့်ကို အသုံးပြုဖို့ ဒါမှမဟုတ် ရောင်ဝယ်ဖို့ ဈေးပေးကြလိမ့်မယ်”
ထိုအရာသည် မူပိုင်ခွင့်လျှောက်ထားခြင်း၏ စည်းကမ်းဖြစ်သည်။
ထန်ယွမ်က ဟန်မူယဲ့ကို မကျေနပ်လျှင်ပင် လုပ်ငန်းစဉ်ကို အပြည့်အဝ ဆောင်ရွက်ပေးရမည်။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော အလင်းရောင်သည် လျှို့ဝှက်စာလုံးများအဖြစ် ပြောင်းလဲသွားပြီး ထန်ယွမ်၏ အလင်းလွှာထဲသို့ ဝင်ရောက်သည်။
အလင်းလွှာသည် သန်းချီသောအမျှင်တန်းများအဖြစ် ပြောင်းလဲပြီး ပြန့်ကျဲသွားသည်။
ထန်ယွမ်က ပျောက်ကွယ်သွားသော အလင်းတန်းများကို ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“ငါက လုပ်သင့်တာကို လုပ်ပြီးပြီ။ ဆယ့်ငါးမိနစ်အတွင်း ဘယ်သူမှ ဈေးမပေးဘူးဆိုရင် မူပိုင်ခွင့်အတွက် ရပ်နားလိုက်မယ်”
အလုပ်ရုံက တိတ်ဆိတ်နေသည်။
....
အဆင့်ကိုးကျွမ်းကျင်သူများ ရှိနေသော မိုင်တစ်ရာကျယ်ဝန်းသည့် ပိုင်ယွဲ့မြို့တွင် သောင်းချီသော လူများ နေထိုင်သည်။
“ဒေါင် ....”
“ဒေါင် ....”
ပန်းပဲပညာရှင်အစည်းအရုံးတွင် ခေါင်းလောင်းသံပေါ်ထွက်လာသည်။
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က လက်ကို ဆန့်ထုတ်လိုက်သည်။ ရွှေအလင်းတစ်ခုသည် သူ့လက်ထဲသို့ ရောက်လာသည်။
“အဏုကြည့်မျက်လုံးတဲ့လား”
“အသေးစိတ်ကျတဲ့အပိုင်းတွေကို ကြည့်နိုင်တာလား”
လူအိုကြီးက ခေါင်းခါလိုက်ပြီး လက်ထဲတွင်ရှိသော အလင်းတန်းကို ဖျက်ဆီးပစ်လိုက်သည်။
“ဒီလိုပစ္စည်းမျိုးနဲ့ မူပိုင်ခွင့်ကို လျှောက်ထားရဲတာလား”
“အဆင့်ခြောက်ပန်းပဲပညာရှင်တိုင်းက နတ်အာရုံနဲ့ ပြောင်းလဲမှုတွေကို အာရုံခံနိုင်တယ်လေ”
“ပြီးတော့ ရုပ်သေးရုပ်နဲ့ ချပ်ဝတ်ကို ဖန်တီးဖို့ အရမ်းတိကျနေစရာမလိုဘူး။ တစ်ရာပုံတစ်ပုံလောက် တိကျတယ်ဆိုရင်ပဲ လုံလောက်ပြီ”
လူအိုကြီးက လှည့်ထွက်သွားသည်။
ဘုရားမြို့၏ ဝင်္ကပါတွင် ထောင်ချီနေသော အလင်းတန်းအမျှင်များက ပျောက်ကွယ်သွားသည်။
သူတို့က ဟန်မူယဲ့၏ မူပိုင်ခွင့်ကို ဈေးပေးရန် စိတ်မဝင်စားကြပေ။
အလင်းတန်းအမျှင်များက ဖြည်းဖြည်းချင်း လျော့နည်းလာပြီး ပတ်ဝန်းကျင်က မှောင်မိုက်လာသည်ဟု ထင်ရသည်။
“ဟားဟား၊ မင်းမြင်ပြီလား”
ထန်ယွမ်က တက်ကြွစွာ ပြောသည်။
“စောင့်နေစရာမလိုဘူး။ အချက်အလက်တွေကို မြို့ကြီးတွေအထိ ပို့ပြီးပြီ”
“မြို့ကြီးရဲ့ အလုပ်ရုံနဲ့ ကျောင်းတော်တွေက မြို့ငယ်တွေရဲ့ မူပိုင်ခွင့်ကို ဂရုမစိုက်ကြဘူး”
ထန်ယွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဂရုမစိုက်စွာ ပြောသည်။
“လက်လျော့လိုက်ဖို့ အကြံပေးချင်တယ်”
“မင်းက အဆင့်ခုနစ်ပဲ ရှိသေးတာတောင် မူပိုင်ခွင့်ပန်းပဲပညာရှင် ဖြစ်လာဖို့ မျှော်လင့်နေတယ်”
ပတ်ဝန်းကျင်တွင်ရှိသော ပန်းပဲပညာရှင်များ၏ အကြည့်က မှိန်ဖျော့သွားသည်။
နှမြောစရာပင်ဖြစ်သည်။ သူတို့၏ခေါင်းဆောင်ကို အလွန်အားကောင်းသည်ဟု ထင်ထားသော်လည်း အနည်းငယ် မောက်မာနေရုံသာ ဖြစ်သည်။
ဟန်မူယဲ့က တည်ငြိမ်နေသော မျက်နှာထားဖြင့် ကျန်ရှိနေသော အလင်းတန်းအမျှင်များကို ကြည့်သည်။
သူ၏ ရည်ရွယ်ချက်သည် ပတ်ဝန်းကျင်တွင်ရှိသော မြို့များ မဟုတ်ပေ။
သူ၏ မူပိုင်ခွင့်ကို မြို့ငယ်များက လက်ခံမည်မဟုတ်ပေ။
သူက မြို့ကြီးများအတွက် ရည်ရွယ်ထားသည်။
ထန်းဟွာမြို့ ....
လေဟာနယ်ထဲတွင် တည်ရှိသော မြို့ကြီးတစ်မြို့ ဖြစ်သည်။
အဆင့်တူ တခြားမြို့ကြီးများကဲ့သို့ ထန်းဟွာမြို့သည် နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် တည်ဆောက်ထားပြီး သန်းထောင်ချီသော လူဦးရေကို ပိုင်ဆိုင်သည်။
မြို့ထဲတွင် သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင် ရှိနေကြသည်။
ထန်းဟွာကျောင်းတော်သည် ရုပ်သေးသခင်၊ ချပ်ဝတ်သခင်နှင့် ပန်းပဲပညာရှင်များကို မွေးထုတ်ပေးခဲ့သည်။ သန်းချီသော တပည့်များကို သင်ကြားပေးသည်။
ထန်းဟွာကုန်သွယ်ရေးအဖွဲ့သည် ထန်းဟွာမြို့၏ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစု ဖြစ်သည်။
ထန်းဟွာကုန်သွယ်ရေးအဖွဲ့သည် ရာချီသော အလုပ်ရုံများကို ပိုင်ဆိုင်ပြီး ထန်းဟွာမြို့နှင့် ပတ်ဝန်းကျင်တွင်ရှိသော မြို့များတွင် အဖွဲ့ခွဲ့များ တည်ဆောက်ထားနိုင်သည်။
ထိုအချိန်တွင် ထန်းဟွာမြို့၏ အလုပ်ရုံများကို စီမံပေးရသော ခန်းဆောင်တွင် ခေါင်းလောင်းသံ ပေါ်ထွက်လာသည်။
“အစည်းအရုံးရဲ့ မူပိုင်ခွင့်ပဲ”
သပ်ရပ်သော အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ရှေ့တွင်ပေါ်လာသော အလင်းတန်းကို ဖမ်းယူသည်။
“အဏုကြည့်မျက်လုံးလား”
“အသေးစိတ်ကျတဲ့ အပြောင်းအလဲတွေကို အာရုံခံနိုင်တာလား”
“သိပ်ပြီး မထူးခြားပါဘူး”
သက်လတ်ပိုင်းအရွယ်လူက ရေရွတ်လိုက်သည်။ သို့သော် မြို့ငယ်များ၏ ပန်းပဲပညာရှင်နှင့် မတူဘဲ အလင်းတန်းကို တိုက်ရိုက် မဖျက်ဆီးခဲ့ပေ။
သူက နောက်တွင်ရှိသော ဒါဇင်ချီနေသည့် ပန်းပဲပညာရှင်များကို ကြည့်သည်။
သူတို့အားလုံးသည် အနည်းဆုံး အဆင့်ရှစ်တွင် ရှိနေကြသည်။
သူကတော့ သူတော်စင်တစ်ဝက်အဆင့်တွင် ဖြစ်သည်။
“အားလုံးပဲ တွေးကြည့်လိုက်ပါအုံး။ အဏုကြည့်မျက်လုံးရဲ့ အသုံးပြုပုံက ဘာဖြစ်မလဲ”
သူ့လက်ထဲတွင်ရှိသော အလင်းတန်းက ဒါဇင်ချီသော အလင်းတန်းများအဖြစ် ခွဲထွက်သွားသည်။
ပန်းပဲပညာရှင်တိုင်းက အလင်းတန်းကို ဖမ်းယူသည်။ တချို့က ခပ်ဟဟရယ်ပြီး တချို့က မျက်မှောင်ကြုတ်သည်။
“ကစားစရာတစ်ခုလိုပဲ။ ဒီအဏုကြည့်မျက်လုံးက အဆင့်ခြောက်ပန်းပဲပညာရှင်ရဲ့ နတ်အာရုံနဲ့ မယှဉ်နိုင်ဘူး”
အသက်ငါးဆယ်အရွယ် လူတစ်ယောက်က ခေါင်းခါသည်။
“ပန်းပဲပညာရှင်အစည်းအရုံးမှာ ခေါင်းမာတဲ့လူတွေနဲ့ပဲ ပြည့်နေတယ်။ ဒီလို အသုံးမဝင်တဲ့ပစ္စည်းမျိုးကို ထုတ်ယူပြီး မူပိုင်ခွင့်တင်ရဲတာ ဘယ်သူများလဲ။ မိသားစုကြီးတချို့က နာမည်ကောင်းရအောင် ကြိုးစားနေတာလား”
နောက်တွင်ထိုင်နေသော လူငယ်တစ်ယောက်က တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
မူလဒင်္ဂါးသန်းတစ်ရာကို မိသားစုကြီးတချို့က အသုံးပြုနိုင်ကြသည်။
‘မူပိုင်ခွင့်ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာဖို့ ဒီလိုမျိုး အသုံးမဝင်တဲ့ပစ္စည်းကို ဖန်တီးပြီး မူလဒင်္ဂါးသန်းတစ်ရာနဲ့ ပြန်ဝယ်ရင် ထိုက်တန်မှုမရှိဘူးလေ’
ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ခေါင်းခါလိုက်ကြသည်။
“ခေါင်းဆောင်ကျူး၊ အဏုကြည့်မျက်လုံးက အဆင့်ခြောက်အောက်မှာရှိတဲ့ ပန်းပဲပညာရှင်တွေအတွက် အသုံးဝင်နိုင်လား”
မီးခိုးရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ပြောလိုက်သည်။
သူတော်စင်တစ်ဝက်အဆင့် ပန်းပဲပညာရှင်က မျက်ခုံးပင့်လိုက်ပြီး ခေါင်းညိတ်သည်။
“သုံးလို့ရတယ်။ ဒါပေမဲ့ အရမ်းတိကျတဲ့ပစ္စည်းတွေအတွက် မလိုအပ် ....”
သူက ရပ်တန့်လိုက်သည်။
ခန်းဆောင်က တိတ်ဆိတ်သွားသည်။
“တိကျမှုမြင့်မားတဲ့ လုပ်ငန်းစဉ်တွေက အဆင့်မြင့်ပန်းပဲပညာရှင်တွေကို ချုပ်နှောင်ထားတယ်လို့ ကျောင်းအုပ်က ပြောဖူးတယ်”
မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က လေးနက်သောမျက်နှာထားဖြင့် မတ်တပ်ရပ်လိုက်သည်။
“တကယ်လို့ ဒီအဏုကြည့်မျက်လုံးက အဆင့်မြင့်ပန်းပဲပညာရှင်တွေကို အလုပ်ရုံထဲကနေ ဆွဲထုတ်နိုင်တယ်ဆိုရင် တခြားနေရာတွေမှာ ပိုပြီး တိုးတက်လာလိမ့်မယ်”
မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က လေးနက်သောမျက်နှာထားဖြင့် မတ်တပ်ရပ်သည်။
“ကျောင်းအုပ်ကို ဆက်သွယ်လိုက်မယ်”
ခေါင်းဆောင်ကျူးက ချက်ချင်းပြောလိုက်သည်။
“ခေါင်းဆောင်ကျူး၊ အရင်ဆုံး ဈေးပေးလိုက်တာ ပိုကောင်းမယ်”
တစ်ဖက်တွင်ရှိသော လူတစ်ယောက်က ညင်သာစွာ ပြောသည်။
ဈေးပေးမည်။
ခေါင်းဆောင်ကျူးက လက်ဝါးကို အလင်းလွှာတွင် တင်လိုက်ပြီး တီးတိုးပြောသည်။
“ငါ့ရဲ့ ဈေးပေးနိုင်တဲ့ ကန့်သတ်ချက်က မူလဒင်္ဂါး သန်း ၁၈၀ပဲ။ တတ်နိုင်သမျှ အကုန်ဈေးပေးလိုက်မယ်။ တခြားလူတွေက အဏုကြည့်မျက်လုံးရဲ့တန်ဖိုးကို နားမလည်နိုင်သေးဘူးလို့ မျှော်လင့်တာပဲ”
ထိုအချိန်တွင် သူ့မျက်နှာထားက မည်းမှောင်သွားသည်။
“ခေါင်းဆောင်ကျူး၊ ဘာဖြစ်တာလဲ”
မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က လျင်မြန်စွာ မေးသည်။
ခေါင်းဆောင်ကျူးက ဆိုးဝါးနေသော မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။
“ယွင်တုမြို့ရဲ့ ယွင်တုကုန်သွယ်ရေးအဖွဲ့က မူလဒင်္ဂါးသန်းသုံးရာ ဈေးပေးထားတယ်”
“သူတို့က ငါတို့နဲ့ ဆင်တူတယ်။ ယွင်တုကျောင်းတော်က အဆင့်မြင့်ပန်းပဲပညာရှင်တွေကို အလုပ်ရုံကနေ လွတ်မြောက်နိုင်ဖို့ နည်းလမ်းရှာနေတာ ကြာပြီ”
ခေါင်းဆောင်ကျူးက သက်ပြင်းချလိုက်ပြီး သူတို့ကို လှည့်ကြည့်သည်။
“ငါက ကျောင်းအုပ်နဲ့ သွားတွေ့လိုက်မယ်။ အဏုကြည့်မျက်လုံးက အလုပ်ရုံတွေရဲ့ တည်ဆောက်ပုံကို ပြောင်းလဲပစ်နိုင်လိမ့်မယ်”
လေဟာနယ်ထဲတွင် မရေမတွက်နိုင်သော မြို့ကြီးများ ရှိကြသည်။
တချို့က မူပိုင်ခွင့်၏ အလင်းတန်းအမျှင်ကို တိုက်ရိုက် ဖျက်ဆီးလိုက်ကြသည်။ တချို့ကတော့ အခွင့်အရေးကို မြင်ခဲ့သည်။
ရာချီသော မြို့ကြီးများတွင် ကျွမ်းကျင်သူများက လှုပ်ရှားလာကြသည်။
ဘုရားမြို့၏ ဟယ်မိသားစုအလုပ်ရုံတွင် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ဟန်မူယဲ့၏ ရှေ့တွင် အလင်းတန်းအမျှင်များ အနည်းငယ်သာ ကျန်တော့သည်။
“အသက်ရှူကြိမ် ဆယ်ခါပဲ ကျန်တော့တယ်။ မြို့ကြီးတွေက မတုံ့ပြန်မှတော့ နောက်တစ်ခါမှ မူပိုင်ခွင့်အတွက် လျှောက်ထားနိုင်မယ်”
ထန်ယွမ်က တည်ငြိမ်နေသော မျက်နှာထားဖြင့် လက်မြှောက်သည်။
အသက်ရှူကြိမ်ကိုးခါ ....
အသက်ရှူကြိမ် သုံးခါ ....
ထန်ယွမ်က ပြုံးလိုက်သည်။
အစစ်အမှန်သည် ထိုသို့ပင်ဖြစ်သည်။
“ဝီ”
ကျယ်လောင်သော အသံနှင့်အတူ အလင်းတန်းသည် တုန်ခါလာသည်။
လူတစ်ယောက်က ဈေးပေးလိုက်သည်။
အလုပ်ရုံထဲတွင်ရှိသော ပန်းပဲပညာရှင်များက လက်သီးဆုပ်ထားကြသည်။
ဈေးနှုန်းက နိမ့်ကျလျှင်ပင် ဘုရားမြို့၏ ဂုဏ်သိက္ခာကို ဖော်ပြသည်။
ထို့အပြင် မြို့ကြီးတစ်မြို့၏ ဈေးနှုန်း ဖြစ်သည်။
‘မြို့ကြီးရဲ့ လေလံဈေးက နိမ့်ကျမှာမဟုတ်ဘူး။ တစ်သိန်းလား။ တစ်သန်းလား’
ထန်ယွမ်၏ မျက်နှာထားက တောင့်တင်းသွားပြီး အလင်းတန်းကို ဆုပ်ကိုင်သည်။ စာလုံးများ ပေါ်ထွက်လာခဲ့သည်။
“လတစ်ထောင်မြို့ရဲ့ လတစ်ထောင်ကုန်သွယ်ရေးအဖွဲ့က အဏုကြည့်မျက်လုံးရဲ့ မူပိုင်ခွင့်ကို အသုံးပြုဖို့အတွက် မူလဒင်္ဂါးသန်းတစ်ရာပေးဖို့ ဆန္ဒရှိတယ်”
မူလဒင်္ဂါးသန်းတစ်ရာ ....
အမှန်တကယ်ပင် မူလဒင်္ဂါးသန်းတစ်ရာ ဖြစ်သည်။
ဘုရားမြို့၏ ပန်းပဲပညာရှင်များက ကြောင်အသွားကြသည်။
ဘုရားမြို၏ မိသားစုကြီးများအားလုံး ပူးပေါင်းလိုက်လျှင်ပင် မူလဒင်္ဂါးသန်းတစ်ရာကို ထုတ်မပေးနိုင်ပေ။