အခန်း (၁၂၄၄)
Vol. 89 Ch. 1244
‘ရောင်းဈေးက မူလဒင်္ဂါး ဆယ်ပြားမဟုတ်ဘူးလား’
‘အဲဒါဆိုရင် ရှစ်ပြား၊ ကိုးပြားလောက်တော့ ရှိမှာမဟုတ်လား’
ဟန်မူယဲ့က အဏုကြည့်မျက်လုံးကို ကိုင်ထားပြီး ကွေ့ပတ်မနေတော့ဘဲ တိုက်ရိုက်ပြောသည်။
“အဏုကြည့်မျက်လုံးတစ်ခုကို မူလဒင်္ဂါး သုံးထောင်ပဲ”
‘သုံး .... သုံးထောင်တဲ့လား’
အလုပ်ရုံတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
ထန်ယွမ်နှင့် အဆင့်ကိုးပန်းပဲပညာရှင် လေးယောက်၏ ပုံရိပ်များက ဟန်ချက်ပျက်ပြီး ပျောက်ကွယ်သွားသည်။
‘ဘာဖြစ်နေတာလဲ’
‘မူလဒင်္ဂါး သုံးထောင်တဲ့လား’
‘အဏုကြည့်မျက်လုံးအတွက်လေ’
‘နောက်နေတာမဟုတ်လား’
“သူတို့က ဒီလိုဖြစ်သွားမယ်ဆိုတာ ငါသိနေတယ်”
ဟန်မူယဲ့က ရွှေရောင်ငှက်၏အသံကို ကြားလိုက်ရသည်။
“သူတို့က ရှားပါးမှုတန်ဖိုးကို နားမလည်တဲ့ တောသားတွေပဲ”
ခေးအော့ကလည်း ဝင်ပြောသည်။
“ဒါပေမဲ့ ဒီဈေးနှုန်းက အရမ်းကို ရက်စက်လွန်းတယ်။ မင်းတို့လည်း လန့်သွားတာကို ငါမြင်လိုက်ရတယ်”
ဓာတ်စင်ငါးပါးမီးပြင်းဖိုက ဖော်ကောင်လုပ်သည်။
“မင်းကရော လန့်မသွားဘူးလား”
ရွှေရောင်ငှက်နှင့် ခေးအော့က ပြိုင်တူပြောလိုက်ကြသည်။
ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်ပြီး ဆက်ပြောသည်။
“အဏုကြည့်မျက်လုံးတစ်ခုကို မူလဒင်္ဂါး သုံးထောင်၊ တစ်နှစ်ကို အခုရေ သန်းတစ်ရာ ထုတ်လုပ်ပေးရမယ်”
“ထုတ်ကုန်တွေအားလုံးကို အစည်းအရုံးက ရောင်းချပေးလိမ့်မယ်။ ငါတို့က ဝင်ပါစရာမလိုဘူး”
‘တကယ်ကြီးကို တစ်ခုကို မူလဒင်္ဂါး သုံးထောင်လား’
‘အဲဒါဆိုရင် နှစ်စဉ်အမြတ်က သန်းသုံးသိန်း ဖြစ်နေမှာပေါ့’
အစည်းအရုံး၏ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က ခေါင်းဆောင်ဟန်ကို စောင့်ရှောက်သူဟု အမည်တပ်သွားသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
“အမြတ်ငွေ သန်းသုံးသိန်းမှာ ပစ္စည်းရောင်းပေးတဲ့ အစည်းအရုံးကို သန်းတစ်သိန်း ခွဲပေးမယ်”
“သူတို့က လိုအပ်တဲ့ ကုန်ကြမ်းတွေကို ထောက်ပံ့ပေးလိမ့်မယ်။ သယ်ယူပို့ဆောင်ရေးကိုလည်း တာဝန်ယူလိမ့်မယ်။ အရေးအကြီးဆုံးအနေနဲ့ ပစ္စည်းအတုတွေပေါ်မလာအောင် စောင့်ကြည့်နေလိမ့်မယ်”
“ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကပဲ အဏုကြည့်မျက်လုံးတွေကို ထုတ်လုပ်ခွင့်ရှိတယ်”
ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်ပြီး ပြောသည်။
“အဲဒီ သန်းတစ်သိန်းကို ပေးသင့်တယ်မဟုတ်လား”
ပေးသင့်သည်။
အစည်းအရုံးကသာ ထိုသို့လုပ်နိုင်ရန် စွမ်းအားရှိသည်။
“ကျန်တဲ့ သန်းတစ်သိန်းကို အလုပ်ရုံအတွက် အသုံးပြုမယ်”
“မင်းတို့တွေ ငြင်းစရာမရှိဘူးမဟုတ်လား”
မရှိပေ။
‘ခေါင်းဆောင်ဟန်က စောင့်ရှောက်သူပဲလေ။ သူပြောတဲ့အတိုင်းပေါ့’
မည်သူမှ မပြောကြပေ။
‘သူက သန်းတစ်သိန်းကို ပေါ့ပေါ့ပါးပါး ပြောသွားတယ်။ မူလဒင်္ဂါးတစ်ထောင်တောင်မရှိတဲ့ ငါတို့က ဘာပြောနိုင်မှာလဲ’
‘အဲဒါဆို ကျန်တဲ့ သန်းတစ်သိန်းကရော’
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေသည်။ သူက ကျယ်လောင်စွာပြောသည်။
“ကျန်တဲ့ သန်းတစ်သိန်းက ဖန်တီးနိုင်စွမ်းရှိတဲ့ ပန်းပဲပညာရှင်တွေအတွက်ပဲ”
“အဏုကြည့်မျက်လုံးနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ အထောက်အကူပစ္စည်းတွေကို ဖန်တီးနိုင်ရင် သန်းတစ်သိန်းထဲကနေ ဆုချီးမြှင့်မယ်”
“တစ်နှစ်ကို သန်းတစ်သိန်းနော်”
အလုပ်ရုံထဲမှ ထွက်လာသော ပန်းပဲပညာရှင်များ၏ မျက်နှာထားက ထူးဆန်းနေသည်။
တချို့က မြေတွင်းများထဲသို့ ပြုတ်ကျသွားသည်။
တချို့ကတော့ မြက်ပင်များကို ဆွဲနုတ်နေသည်။
တချို့ကတော့ ရူးသွပ်စွာ ရေရွတ်ပြီး ကခုန်နေသည်။
သူတို့က ဟန်မူယဲ့၏ အဏုကြည့်မျက်လုံးဖန်တီးမှုကို ပထမဆုံး မြင်ခဲ့ရပြီး အကျိုးအမြတ်ကို အရင်ဆုံး ခံစားရသည်။
သူတို့တွင် ကိုယ်ပိုင်မူပိုင်ခွင့် ရှိလာလျှင် သန်းတစ်သိန်းကို ခွဲယူနိုင်သည်။ တစ်သက်လုံး စိတ်ပူရန် မလိုတော့ပေ။
အဏုကြည့်မျက်လုံးကဲ့သို့ ရိုးရှင်းသောပစ္စည်းကို ဖန်တီးနိုင်လျှင် အဆင်ပြေသည်။
တစ်ရက်အကြာတွင် စက်မှုပညာရှင် နှစ်ထောင်ရှိသော ပထမအသုတ်သည် အလုပ်ရုံကို စတင်ခဲ့သည်။
သုံးရက်အကြာတွင် အဏုကြည့်မျက်လုံး သုံးသောင်းကို ဖန်တီးနိုင်ခဲ့သည်။
ငါးရက်အကြာတွင် စက်မှုပညာရှင် တစ်သောင်းနှင့် ပန်းပဲပညာရှင်နှစ်ထောင်သည် အလုပ်ရုံသို့ ရောက်လာခဲ့သည်။
မြို့ထဲတွင်ရှိသော မိသားစုကြီးများက လမ်းပျောက်နေကြသည်။
‘အလုပ်ရုံကို ဖွင့်လိုက်ပြီလား’
‘ဘုရားမြို့မှာရှိတဲ့ လူတိုင်းက အလုပ်ရုံမှာ အလုပ်လုပ်ဖို့ တန်းစီနေကြတယ်။ နောက်ကျရင် ဘုရားမြို့က ဟယ်မိသားစုအပိုင် ဖြစ်သွားတော့မှာလား’
“သူတို့က ဘာလုပ်နေတာလဲ”
“ဒေါသထွက်စရာပဲ။ ငါတို့က အလုပ်ရုံထဲကိုတောင် မဝင်နိုင်ဘူး။ ဘာလုပ်နေတာလဲ မသိရဘူး”
မိသားစုခေါင်းဆောင်များက စုစည်းနေပြီး အကူအညီမဲ့စွာ ပြောလိုက်ကြသည်။
“သူတို့ ဘာလုပ်နေတာလဲ ငါမသိပေမဲ့ သူတို့က တိမ်တိုက်ရွှေကို လိုအပ်နေတယ်”
ကျန်းမိသားစုခေါင်းဆောင် ကျန်းရွှမ်က ယုံကြည်ချက်ရှိသော အပြုံးနှင့်အတူ လူတိုင်းကို ကြည့်သည်။
“အားလုံးပဲ ငါ့ကို တိမ်တိုက်ရွှေတွေ ပေးကြပါ”
“ဒီတစ်ကြိမ်မှာ ငါက ခေါင်းဆောင်ဟန်ကို ဖြုတ်ချပစ်မယ်”
သူက လက်မြှောက်သည် ရွှေရောင်စာလိပ်သည် သူ့လက်ထဲတွင် ပေါ်လာသည်။
“ငါက ယုယန်မြို့ရဲ့ အဆင့်ခုနစ်ပန်းပဲပညာရှင်ကို ဖိတ်ခေါ်ပြီးပြီ။ သူက သုံးရက်အတွင်း ဘုရားမြို့ကို ရောက်လာလိမ့်မယ်”
“သူနဲ့အတူ အဆင့်ခုနစ် ချပ်ဝတ်သခင်လည်း ပါလာမယ်”
ကျန်းရွှမ်က မိသားစုခေါင်းဆောင်များကို ကြည့်လိုက်ပြီး ထိုင်ခုံတွင် ကျောမှီလျက် ပေါ့ပါးစွာပြောသည်။
“တိမ်တိုက်ရွှေအားလုံးကို လောင်းကြေးထပ်ပြီး ခေါင်းဆောင်ဟန်ကို စိန်ခေါ်ကြမယ်။ သူက တိမ်တိုက်ရွှေတွေကို လိုချင်ရင် သဘောတူရမှာပဲ”
ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ အလုပ်ရုံတွင်ဖြစ်သည်။
ဟယ်ရန်စွန်း၏မျက်နှာထားက မည်းမှောင်နေသည်။
သူ့ရှေ့တွင် ဘုရားမြို့၏ မိသားစုကြီးများမှ ခေါင်းဆောင်ဟန်ဆီသို့ ပို့လိုက်သော စိန်ခေါ်စာ ရှိနေသည်။
သူတို့က အလုပ်ရုံတွင် လိုအပ်နေသော တိမ်တိုက်ရွှေများကို လောင်းကြေးအဖြစ် ထည့်ထားသည်။
သူတို့၏ တိမ်တိုက်ရွှေ ပေါင်တစ်သိန်းကို တခြားဝိညာဉ်သတ္တုများဖြင့် ရောလိုက်လျှင် အဏုကြည့်မျက်လုံး တစ်သန်းခန့်ကို ရနိုင်မည်။
ဘုရားမြို့၏ မိသားစုကြီးများသည် အရင်းအမြစ်အများစုကို ထိန်းချုပ်ထားသည်။
သူတို့က ကျူကျင်းကုန်သွယ်ရေးအဖွဲ့ လိုအပ်သော ဝိညာဉ်သတ္တုများကို လျင်မြန်စွာ ရှာတွေ့ပြီး ထိန်းချုပ်ထားလိုက်သည်။
ပန်းပဲပညာရှင်အစည်းအရုံးက လိုအပ်သော ဝိညာဉ်သတ္တုများကို ပေးပို့မည်ဖြစ်သော်လည်း အချိန်တချို့ ကြာလိမ့်မည်။
မေပယ်တောအုပ်မြို့၏ ကျန်းမိသားစုနှင့် စွန်းမိသားစုကလည်း ဝိညာဉ်သတ္တုများကို ပေးပို့လိမ့်မည်။
သို့သော် အချိန်ယူရမည်။
“သူတို့က သေချင်နေတာပဲ”
မဟာအကြီးအကဲသုံးယောက်ထဲတွင် ပါဝင်သော ဝူဟွားက အေးစက်စွာ နှာမှုတ်လိုက်သည်။
“သူတို့က ခေါင်းဆောင်ဟန်ကိုတောင် စိန်ခေါ်ရဲတယ်ပေါ့လေ”
ခေါင်းဆောင်ဟန်က နတ်ဘုရားအဆင့် ပန်းပဲပညာရှင်နှင့် ဆွေးနွေးခဲ့သောကြောင့် ဝူဟွားက ခေါင်းဆောင်ဟန်ကို လောက၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူဟု သတ်မှတ်ထားသည်။
ခေါင်းဆောင်ဟန်က ယခုအချိန်တွင် အဆင့်ခုနစ်သာ ဖြစ်သော်လည်း အနာဂတ်တွင် သူတော်စင်အဆင့်၊ နတ်ဘုရားအဆင့်သို့ ရောက်သွားမည်ဟု သူယုံကြည်သည်။
“ငါစုံစမ်းပြီးပြီ”
မာနဉ်ယွမ်က လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
“စိန်ခေါ်မယ့်လူက ကျောင်းတော်ရဲ့နောက်ခံကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်”
ထိုစကားကြောင့် လူတိုင်း၏မျက်နှာထားက လေးနက်လာသည်။
ယခုအချိန်တွင် သူတို့ဘက်၌ ဘုရားမြို့၏ မဟာအကြီးအကဲသုံးယောက်အပြင် မေပယ်တောအုပ်မြို့မှ ရယ်ရွှမ်နှင့် စုကျီလည်း ရှိနေသည်။
သူတို့ထဲတွင် အဆင့်ခြောက်ပန်းပဲပညာရှင် လေးယောက်ရှိသည်။ ဘုရားမြို့မှ ပန်းပဲပညာရှင်အစည်းအရုံး၏ အားအကောင်ဆုံးအချိန်ဟုပင် ပြောနိုင်သည်။ သို့သော် သူတို့က အဆင့်ခုနစ်သို့ မရောက်ကြသေးပေ။
ထို့အပြင် စိန်ခေါ်မည့်လူက နောက်ခံကောင်းသည်။
ကျောင်းတော်သို့ မရောက်ဖူးလျှင် ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ကို သိနိုင်မည်မဟုတ်ပေ။
သာမန်ကျင့်ကြံသူများက ကျောင်းတော်၏ ကျင့်ကြံသူများကို မယှဉ်နိုင်ကြပေ။
“ရက်နည်းနည်းလောက် အချိန်ဆွဲထားလို့ရမလား။ သူတော်စင်အဆင့် ဆရာထန်ယွမ်နဲ့ အဆင့်ကိုးပန်းပဲပညာရှင် လေးယောက်က ဒီကို လာနေကြပြီ။ သူတို့ ရောက်လာဖို့ သိပ်ကြာမှာမဟုတ်ဘူး”
ယုချန်တောက်က ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ထန်ယွမ်ဖြစ်စေ၊ အဆင့်ကိုးပန်းပဲပညာရှင်များ ဖြစ်စေ တစ်ယောက်ယောက် ရောက်လာခဲ့လျှင် ဘုရားမြို့သည် ပတ်ဝန်းကျင်တွင် ပြိုင်ဘက်ကင်းသွားလိမ့်မည်။
“ဒါက မဖြစ်နိုင်ဘူး။ ပထမဆုံးအချက်အနေနဲ့ ကျွန်တော်တို့က တိမ်တိုက်ရွှေကို လိုအပ်နေတယ်။ စောင့်နေလို့မရဘူး။ ပြီးတော့ ဆရာထန်ယွမ်တို့ ရောက်လာဖို့ ခုနစ်ရက်၊ ရှစ်ရက်လောက် လိုသေးတယ်”
ဟယ်ရန်စွန်းက ခေါင်းငုံ့ပြီး စားပွဲပေါ်တွင်ရှိသော စိန်ခေါ်စာကို ကြည့်သည်။
သုံးရက်ကြာလျှင် စိန်ခေါ်ပွဲကို ပြုလုပ်လိမ့်မည်။
သူတို့က ကျွမ်းကျင်သူများ ရောက်လာအောင် မစောင့်နိုင်ပေ။
“အကြီးအကဲချန်မြောင်က ဘယ်အဆင့်မှာလဲမသိဘူး။ သူဝင်ပါလာရင် ....”
ရယ်ရွှမ်က လူတိုင်းကို ကြည့်လိုက်သည်။
ကျန်လူများက ခေါင်းခါကြသည်။
အဆင့်ခုနစ်က အဆင့်ခုနစ်ကို စိန်ခေါ်နေသည်။ တခြားလူဖြစ်နေလျှင် အသုံးဝင်မည်မဟုတ်ပေ။
“ခေါင်းဆောင်ဟန်ကို သတင်းပို့လိုက်မယ်”
သူတို့က အဖြေမရှာနိုင်သောကြောင့် ဟယ်ရန်စွန်းက စိန်ခေါ်စာကိုယူပြီး ဟန်မူယဲ့ဆီသို့ သွားလိုက်သည်။ ကျန်ရှိနေသော လူများက တင်းမာသော မျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
ဟန်မူယဲ့၏နောက်သို့ လိုက်နေလျှင် စိတ်ကူးမယဉ်နိုင်သော ကြွယ်ဝမှုကို ရလိမ့်မည်။
ဘုရားမြို့က မရေမတွက်နိုင်သော မြို့များထက် သာလွန်နေလိမ့်မည်။
“တကယ်လို့ အလုပ်မဖြစ်ရင် တစ်ယောက်ယောက်ကို လှုပ်ရှားခိုင်းလိုက်မယ်”
ယုချန်တောက်က သတ်ဖြတ်လိုစိတ်များဖြင့် ပြောသည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်သည်။
ဟန်မူယဲ့ နေထိုင်သောနေရာသည် အလုပ်ရုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသည်။ ထိုနေရာသည် ပေရာချီ ကျယ်ဝန်းသည်။
ယခုအချိန်တွင် အဆင့်ရှစ်ရုပ်သေးရုပ်သည် ဟန်မူယဲ့၏ရှေ့တွင် ရှိနေသည်။
အဆင့်ကိုးအတွက် စစ်ဆေးမှုခံယူရာတွင် သူသန့်စင်ခဲ့သော ရုပ်သေးရုပ်ဖြစ်သည်။
သူ့ဘေးတွင် ရွှေရောင်ငှက်၊ ခေးအော့၏ ပုတီးစေ့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖို၏ လူအိုကြီးတို့က တီးတိုးရေရွတ်လျက် လွင့်မျောနေကြသည်။
ဟန်မူယဲ့က သူတို့ကို လျစ်လျူရှုထားပြီး ချန်မြောင်ကို ကြည့်သည်။
ချန်မြောင်က မြို့ကြီးတစ်မြို့မှ ရောက်လာပြီး ကျောင်းတော်တွင်လည်း လေ့ကျင့်ဖူးသည်။ သူ၏ ပန်းပဲနည်းစနစ်သည် ဘုရားမြို့တွင်ရှိသော ယုချန်တောက်တို့နှင့် ကွာခြားသည်။
“အချိုးအစားက ပြီးပြည့်စုံတယ်။ ခုခံနိုင်စွမ်းနဲ့ အမြန်နှုန်းကလည်း အဆင့်တူတွေကြားမှာ ထိပ်တန်းအဆင့်ပဲ”
ချန်မြောင်က ရုပ်သေးရုပ်ကို လေ့လာပြီး တီးတိုးပြောသည်။
“ပြီးတော့ ရုပ်သေးရုပ်ရဲ့ ဗဟိုချက်က အဆင့်ရှစ်ကို အပြည့်အဝ ကျော်လွန်နေတယ်”
ချန်မြောင်၏ အမြင်အာရုံက စူးရှသည်။ သူက ရုပ်သေးရုပ်၏ အစစ်အမှန်သဘာဝကို မြင်နိုင်သည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက လက်မြှောက်ပြီး ရုပ်သေးရုပ်၏ ချပ်ဝတ်ကို ချွတ်သည်။
ရုပ်သေးရုပ်၏ ဗဟိုချက်သည် နှလုံးသားနေရာတွင် မဟုတ်ဘဲ ကျောပြင်တွင် ဖြစ်သည်။
သူက ရုပ်သေးရုပ်၏ နောက်ကျောမှ စွမ်းအင်မြူခိုးလုံးကို ထုတ်ယူပြီး လေးထောင့်သေတ္တာတစ်ခုအဖြစ် ပြောင်းလဲသည်။
မူလကျောက်တုံးများသည် လေးထောင့်သေတ္တာထဲတွင် ရှိနေကြသည်။
“ရုပ်သေးရုပ်နဲ့ ချပ်ဝတ်ကို ပေါင်းစပ်ဖို့ ကြိုးစားနေတာလား”
ချန်မြောင်က ဗဟိုချက်ကို ကြည့်လိုက်ပြီး မေးသည်။
“ဟုတ်တယ်။ အဆင့်မြင့်လေ ရုပ်သေးရုပ်နဲ့ချပ်ဝတ်ကို အသက်သွင်းဖို့ ကွာခြားလေပဲ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဗဟိုချက်ကို ပြန်ထည့်သည်။