အခန်း (၁၂၄၅)
Vol. 89 Ch. 1245
ဟန်မူယဲ့က ဗဟိုချက်ကို ပြန်ထည့်လိုက်သောအခါ ရုပ်သေးရုပ်က ချပ်ဝတ်အဖြစ် ပြောင်းလဲသွားပုံရပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသည်။
ချပ်ဝတ်သည် ရှစ်ပေမြင့်မားပြီး ဟန်မူယဲ့ကို အပြည့်အဝ လွှမ်းခြုံထားသည်။
သူက ခြေလက်များကို သွက်လက်စွာ လှုပ်ရှားကြည့်သည်။
ချန်မြောင်၏မျက်လုံးများက တောက်ပနေပြီး တီးတိုးရေရွတ်သည်။
“ရုပ်သေးရုပ်ရဲ့ တည်ဆောက်ပုံကို ခေါက်သွားအောင်လုပ်လိုက်တာ မထူးဆန်းတော့ပါဘူး။ အဲဒါမှ ချပ်ဝတ်အဖြစ်ပြောင်းရင် ခန္ဓာကိုယ်နဲ့ အကိုက်ဖြစ်နေမှာ”
“အဲဒါဆိုရင် ရုပ်သေးရုပ်က နည်းနည်းလောက် အားနည်းသွားပေမဲ့ ချပ်ဝတ်အဖြစ် ပြောင်းလဲပြီး ထောက်ပံ့ပေးနိုင်လိမ့်မယ်”
သူက ဆက်ပြောသည်။
“နေကြတ်ကျောင်းတော်မှာ ရုပ်သေးရုပ်နဲ့ချပ်ဝတ်ကို ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ နည်းပြတစ်ယောက် ရှိတယ်”
“ငါက သူ့ကို အကြောင်းကြားပေးနိုင်တယ်။ ဒါမှမဟုတ် ရုပ်သေးရုပ်ကို တစ်ခါတည်း ပို့ပေးလိုက်လို့ရတယ်”
ချန်မြောင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ဒီလိုမျိုး ပုံစံပြောင်းလဲမှုက ကြယ်စင်စုစကြဝဠာမှာ သိပ်ပြီး လူကြိုက်မများဘူး။ ပြီးတော့ အစစ်အမှန်ကျွမ်းကျင်သူတွေအတွက် မလိုအပ်ဘူး”
အမှန်ပင်ဖြစ်သည်။ အစစ်အမှန် ကျွမ်းကျင်သူများက ရုပ်သေးရုပ် သို့မဟုတ် ချပ်ဝတ်၏စွမ်းအားကို အဆုံးစွန်အထိ မြှင့်တင်ရန်သာ လိုအပ်သည်။ သူတို့က ဟန်ချက်ညီမှုကို မလိုအပ်ပေ။
သူတို့က နှစ်ခုလုံးကို လိုက်ဖက်ညီအောင် လုပ်နေလျှင် လုံလောက်သော ခွန်အားနှင့် ခုခံနိုင်စွမ်း မရှိတော့ဘဲ သာမန်သာ ဖြစ်သွားလိမ့်မည်။
“ဒီရုပ်သေးရုပ်ကို နေကြတ်ကျောင်းတော်ဆီ ပို့ပေးနိုင်ရင် အကောင်းဆုံးပါပဲ”
ဟန်မူယဲ့က ရုပ်သေးရုပ်ကို သိမ်းလိုက်ပြီး ချန်မြောင်ကို ကြည့်သည်။
“ဖြစ်နိုင်ရင် အဲဒီနည်းပြကို ဖိတ်ခေါ်ပြီး အလုပ်ရုံကို လာကြည့်စေချင်တယ်”
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ကျွန်တော်က ပုံစံပြောင်းနိုင်တဲ့ ရုပ်သေးရုပ်တွေကို အများအပြား ထုတ်လုပ်ဖို့ စီစဉ်ထားတယ်”
“အဆင့်မြင့်ကျွမ်းကျင်သူတွေအတွက် ပေါင်းစပ်ရုပ်သေးရုပ်က မလိုအပ်ပေမဲ့ သူတော်စင်အဆင့်အောက်မှာရှိတဲ့ ကျွမ်းကျင်သူတွေအတွက် အသုံးဝင်တယ်”
ကြယ်စင်စုစကြဝဠာတွင် အဆင့်ကိုးကျွမ်းကျင်သူများ ရှိနေသော်လည်း မူလစကြဝဠာ၏ မရေမတွက်နိုင်သော အင်မော်တယ်သခင်၊ ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများနှင့် မယှဉ်နိုင်ကြပေ။
မူလစကြဝဠာတွင် မဟာတာအို၏ စည်းမျဉ်းများကို မထိန်းချုပ်နိုင်သောကြောင့် အင်မော်တယ်သခင်အဆင့်တွင် ရပ်တန့်နေသော ကျွမ်းကျင်သူများ မရေမတွက်နိုင်အောင် ရှိသည်။
ဟန်မူယဲ့က နတ်ဘုရားလောကနှင့် အင်မော်တယ်လောက၏ အတားအဆီးကို ချိုးဖျက်ပေးခဲ့သော်လည်း အင်မော်တယ်သခင်များ အားလုံးကို အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်သွားအောင် လုပ်မပေးနိုင်ပေ။
အဆင့်မတက်နိုင်သောလူများ ရှိနေသေးသည်။
သို့သော် သူတို့က ပေါင်းစပ်ရုပ်သေးရုပ်ကို ပိုင်ဆိုင်ထားလျှင် သာမန် အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများကို ကျော်လွန်သွားလိမ့်မည်။
အင်မော်တယ်ဘုရင်များနှင့်ပင် တိုက်ခိုက်နိုင်လိမ့်မည်။
ထိုအရာသည် ဟန်မူယဲ့၏ ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။
အင်မော်တယ်သခင်နှင့် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများကို အင်မော်တယ်ဘုရင်နှင့် ယှဉ်ပြိုင်နိုင်အောင် လုပ်ပေးချင်သည်။
အင်မော်တယ်ဘုရင်များအတွက် ကမ္ဘာဦးချပ်ဝတ်နှင့် ရုပ်သေးရုပ်များ ရှိနေသည်။
မည်သို့ပင်ဖြစ်စေ ထိုရတနာများသည် ကြယ်စင်စုစကြဝဠာတွင် ဖုန်တက်နေသောကြောင့် ယူသုံးလိုက်လျှင် ပိုကောင်းသည်။
သို့သော် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ရရှိရန် မလွယ်ပေ။
လုံလောက်သော အဆင့်အတန်း မရှိလျှင် ထိုပစ္စည်းများကို ထိတွေ့ရန်ပင် မဖြစ်နိုင်ပေ။
ဤနေရာတွင် ကောင်းကင်တာအို မရှိပေ။ အင်အားစုကြီးများသာ ရှိသည်။
မြို့ကြီးများတွင်ရှိသော ကျောင်းတော်များသည် စိတ်ကူးမယဉ်နိုင်သော နောက်ခံကို ပိုင်ဆိုင်ထားသည်။
လေဟာနယ်ထဲတွင် လွင့်မျောနေသော မြို့များသည် တခြားစကြဝဠာများကို လွှမ်းမိုးခဲ့သော အတိတ်အချိန်နှင့် မယှဉ်နိုင်သော်လည်း ကျွမ်းကျင်သူများကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
အကယ်၍ ဟန်မူယဲ့က ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို အဆင်အခြင်မဲ့စွာ စုဆောင်းခဲ့လျှင် ထိုကျွမ်းကျင်သူများက အာရုံစိုက်မိသွားလိမ့်မည်။
တခြားစကြဝဠာများကို လွှမ်းမိုးခဲ့သော ရှေးခေတ်အချိန်မှ ကျွမ်းကျင်သူများ၏ရှေ့တွင် ဟန်မူယဲ့၏ ခွန်အားက မလုံလောက်ပေ။
သို့သော် သူက စည်းကမ်းအတိုင်း ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို စုဆောင်းခဲ့လျှင် သတိထားခံရမည်မဟုတ်ပေ။
“ကောင်းတယ်”
ချန်မြောင်က အတိတ်ကို သတိရနေသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ဒီရုပ်သေးရုပ်ကို မြင်လိုက်ရင် နည်းပြက ဘယ်လိုဖြစ်သွားမလဲမသိဘူး”
ပေါင်းစပ်ရုပ်သေးရုပ်များသည် ကြယ်စင်စုစကြဝဠာတွင် နာမည်မကြီးသေးပေ။ ဟန်မူယဲ့၏ လုပ်ဆောင်ချက်သည် ဈေးကွက်တစ်ခု ရလာနိုင်သည်။
“ဆရာဟန်၊ ဘုရားမြို့ရဲ့ မိသားစုကြီးတွေက အဆင့်ခုနစ်ပန်းပဲပညာရှင်ကို ဖိတ်ခေါ်ပြီး စိန်ခေါ်စာပို့လိုက်ပါတယ်”
အလုပ်ရုံ၏ အပြင်ဘက်တွင် ဟယ်ရန်စွန်း၏အသံ ပေါ်ထွက်လာသည်။
ဟယ်ရန်စွန်းက စိန်ခေါ်စာနှင့်အတူ အလုပ်ရုံထဲသို့ ရောက်လာသည်။
“အဆင့်ခုနစ်ပန်းပဲပညာရှင်က ငါ့ကို စိန်ခေါ်တာလား”
ဟန်မူယဲ့က ရယ်ချင်နေပုံရသည်။
ဘေးတွင်ရှိသော ချန်မြောင်၏ မျက်နှာထားကလည်း ထူးဆန်းနေသည်။
သူက ဟန်မူယဲ့ ဖန်တီးခဲ့သော ရုပ်သေးရုပ်ကို ယခုလေးတင် လေ့လာခဲ့သည်။
ဟန်မူယဲ့၏ ပန်းပဲပညာစွမ်းရည်သည် အနည်းဆုံး အဆင့်ကိုးတွင် ရှိနေသည်။
‘အဆင့်ခုနစ်ပန်းပဲပညာရှင်က တုံးအနေတာလား’
ဟန်မူယဲ့က စိန်ခေါ်စာကို ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“ငါက စိတ်မဝင်စားဘူးလို့ ပြောလိုက်ပါ”
“သူတို့ရဲ့ တိမ်တိုက်ရွှေတွေကို ဈေးနှစ်ဆပေးပြီး ပြန်ဝယ်မယ်”
သူက အဆင့်ခုနစ်တံဆိပ်ပြားကိုသာ ရထားသော်လည်း သူ၏ ခွန်အားက အဆင့်ခုနစ်တွင် မဟုတ်ပေ။
သူက အဆင့်ကိုးတံဆိပ်ပြားကို မရသေးသောကြောင့် ဖြစ်သည်။
သူ၏ အဆင့်အတန်းနှင့် အဆင့်ခုနစ်ပန်းပဲပညာရှင်ကို ယှဉ်ပြိုင်လိုက်လျှင် ရယ်စရာကောင်းနေလိမ့်မည်။
သူက တိမ်တိုက်ရွှေကို ဝယ်ယူရန်အတွက် မူလဒင်္ဂါးများကိုသာ သုံးလိုက်မည်။
‘ငြင်းလိုက်တာလား’
‘ပန်းပဲပညာရှင်တစ်ယောက်က စိန်ခေါ်ပွဲကို ငြင်းလိုက်တာပေါ့’
ဟယ်ရန်စွန်းက ကြောင်အနေသည်။
‘ဟယ်မိသားစုက ဘာဖြစ်လို့ မွဲသွားခဲ့တာလဲ’
‘လောင်းကြေးတိုက်ပွဲတွေမှာ သူရှုံးသွားလို့လေ’
ကြယ်စင်စုစကြဝဠာတွင် စိန်ခေါ်ပွဲကို ငြင်းပယ်ခြင်းသည် အလွန်ရှက်စရာကောင်းသည်။
“ကောင်းပါပြီ”
ဟယ်ရန်စွန်းက တိတ်ဆိတ်နေပြီး စိန်ခေါ်စာနှင့်အတူ အလုပ်ရုံထဲမှ ထွက်သွားခဲ့သည်။
“ခေါင်းဆောင်က စိန်ခေါ်ပွဲကို ငြင်းလိုက်တာလား”
ယုချန်တောက်က ကြောင်အနေသည်။
မာနဉ်ယွမ်နှင့် တခြားလူများကလည်း စိတ်ပျက်သွားကြသည်။
ဘုရားမြို့၏ ပန်းပဲပညာအစည်းအရုံး ခေါင်းဆောင်တစ်ယောက်အနေဖြင့် စိန်ခေါ်ပွဲကို မငြင်းသင့်ပေ။
“ငါက စိန်ခေါ်စာကို ပြန်ပို့လိုက်မယ်”
ယုချန်တောက်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး စိန်ခေါ်စာကိုယူ၍ ထွက်သွားသည်။
သူက အဆင့်ခြောက်ပန်းပဲပညာရှင်ဖြစ်ပြီး ဘုရားမြို့၏ မဟာအကြီးအကဲသုံးယောက်ထဲတွင် ပါဝင်သည်။
မိသားစုကြီးများကပင် သူ့ကို မျက်နှာသာပေးရသည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သက်ပြင်းချသည်။
ယုချန်တောက်က အလုပ်ရုံ၏အပြင်ဘက်သို့ ရောက်လာပြီး ခြေလေးဖက်ရုပ်သေးရုပ်ကို ဆင့်ခေါ်သည်။
ထို့နောက် ထိုရုပ်သေးရုပ်ကိုစီးပြီး ဘုရားမြို့သို့ သွားခဲ့သည်။
ရုပ်သေးရုပ်က အလွန်လျင်မြန်ပြီး ဆယ့်ငါးမိနစ်အတွင်း ဘုရားမြို့သို့ ရောက်လာခဲ့သည်။
သူက ပိုင်မိသားစုအိမ်တော်သို့ ဦးတည်လိုက်သည်။
“ဒါက ယုချန်တောက်မဟုတ်လား”
ကျန်းမိသားစုအိမ်တော်ရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ရပ်နေသည်။
“အကြီးအကဲယုက အခုတော့ တောက်တိုမယ်ရလုပ်ပေးနေရတဲ့ လူတစ်ယောက် ဖြစ်သွားပြီလား”
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ယုချန်တောက်ကို ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောသည်။
“ခေါင်းဆောင်ဟန်က အစည်းအရုံးရဲ့ မဟာအကြီးအကဲတစ်ယောက်ဖြစ်တဲ့ မင်းကို အညံ့ခံလာအောင် ဘယ်လိုအကျိုးအမြတ်တွေက ပေးလိုက်တာလဲ”
အကျိုးအမြတ် ....
‘မင်းစိတ်မကူးနိုင်တဲ့ အကျိုးအမြတ်တွေပေါ့’
ယုချန်တောက်က အေးစက်နေသော မျက်နှာထားဖြင့် စိန်ခေါ်စာကို ထုတ်ယူသည်။ ထိုစာကို မြင်ရသောအခါတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ပြုံးသည်။
“ခေါင်းဆောင်ဟန်က စိန်ခေါ်ပွဲကို လက်ခံလိုက်တဲ့ပုံပဲ”
သူ့စကားကို ကြားရသောအခါတွင် ယုချန်တောက်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ခေါင်းဆောင်က အရမ်းအလုပ်ရှုပ်နေတယ်။ စိန်ခေါ်ပွဲကို လက်ခံဖို့ အချိန်မရှိဘူး”
‘အချိန်မရှိဘူးတဲ့လား’
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ကြောင်အသွားသည်။
ယုချန်တောက်က စိန်ခေါ်စာကို ပစ်ပေးလိုက်ပြီး လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
“မင်းတို့က ဘယ်သူ့ကို စိန်ခေါ်နေတာလဲ မသိဘူးပဲ”
“မင်းတို့ငှားထားတဲ့ အဆင့်ခုနစ်ပန်းပဲပညာရှင်က ခေါင်းဆောင်ဟန်ကို စိန်ခေါ်ဖို့ အဆင့်မမီဘူး”
“အစည်းအရုံးရဲ့ စည်းကမ်းတွေအရဆိုရင် ခေါင်းဆောင်တစ်ယောက်ကို စိန်မခေါ်ခင် လက်အောက်ငယ်သားတစ်ယောက်ကို စိန်ခေါ်ရတယ်။ ငါက ဒီစိန်ခေါ်ပွဲကို လက်ခံမယ်”
ထို့နောက် သူက ရုပ်သေးရုပ်သားရဲကို စီးနင်းပြီး လှည့်ထွက်သွားသည်။
ကျန်းမိသားစုအိမ်တော်၏ ရှေ့တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက အံကြိတ်လိုက်ပြီး အော်ပြောသည်။
“ယုချန်တောက်၊ မင်းက ဘုရားမြို့မှာ ဂုဏ်သိက္ခာကြီးမားတယ်။ အဲဒါကို လွယ်လွယ်ကူကူ စွန့်ပစ်လိုက်တော့မှာလား”
ထိုစကားကြောင့် ယုချန်တောက်က ရပ်တန့်သွားသည်။
“အမြင်ကျဉ်းတာပဲ”
ယုချန်တောက်က ရေရွတ်လိုက်ပြီး ထွက်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီး၏ မျက်နှာထားက လေးနက်နေသည်။ သူ့မျက်လုံးထဲတွင် ဒေါသစိတ်များ ဖြတ်ပြေးသွားသည်။
ယုချန်တောက်က အလုပ်ရုံသို့ ပြန်ရောက်လာပြီး အဆင့်ခုနစ် ပန်းပဲပညာရှင်နှင့် ယှဉ်ပြိုင်ရန် လက်ခံခဲ့ကြောင့် ပြောမပြပေ။
ဟန်မူယဲ့ကတော့ အလုပ်ရုံထဲတွင် ပေါင်းစပ်ရုပ်သေးရုပ်ကို လေ့လာပြီး အလုပ်များနေသည်။
သုံးရက်အကြာတွင် ဝူဟွား၊ မာနဉ်ယွမ်တို့နှင့်အတူ ယုချန်တောက်က ဘုရားမြို့သို့ တိတ်ဆိတ်စွာ ရောက်လာခဲ့သည်။
အဆင့်ခြောက်နှင့် အဆင့်ခုနစ်သည် ကွာခြားချက်ကြီးမားသည်။
ထို့အပြင် တစ်ဖက်လူက ကျောင်းတော်၏နောက်ခံကို ပိုင်ဆိုင်ထားသည်။
ယုချန်တောက်က အနိုင်ရရန် ယုံကြည်ချက်မရှိပေ။
သို့သော် သူက ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ ဂုဏ်သိက္ခာကို ကာကွယ်ရမည်။
“ငါရှုံးသွားရင်တောင် အဆင်ပြေပါတယ်”
ယုချန်တောက်က ဘေးတွင်ရှိသော လူနှစ်ယောက်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ဝူဟွားနှင့် မာနဉ်ယွမ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
သူတို့က ဘုရားမြို့၏ မဟာအကြီးအကဲအဖြစ် နှစ်ပေါင်းများစွာကြာအောင် နေထိုင်လာသောကြောင့် ကြွယ်ဝမှုကို စုဆောင်းထားနိုင်သည်။
သို့သော် အလုပ်ရုံ၏ အကျိုးအမြတ်နှင့် ယှဉ်လိုက်လျှင် သူတို့၏ ကြွယ်ဝမှုက အရေးမပါတော့ပေ။
‘ပိုင်ဆိုင်မှုတွေ ရှုံးနိမ့်သွားရင်လည်း ဘာဖြစ်လဲ’
‘ကိစ္စမရှိဘူး’
“ညီအစ်ကိုယု၊ စိတ်ချပါ။ မင်းရှုံးသွားရင် ငါက ဆက်ပြီး စိန်ခေါ်မယ်”
ဝူဟွားက ကျယ်လောင်စွာ ပြောသည်။
“သိမ်းထားတာတွေ ထုတ်ပေးလိုက်ရုံပဲမဟုတ်လား”
တစ်ဖက်တွင် မာနဉ်ယွမ်ကလည်း လေးနက်စွာ ပြောသည်။
“ပြီးရင် ငါပဲ”
သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်သည်။
သူတို့က ကြွယ်ဝမှုများကို ဆုံးရှုံးသွားလျှင်ပင် ခေါင်းဆောင်ဟန် ရှိနေသ၍ အနာဂတ်တွင် ပိုမိုချမ်းသာလာလိမ့်မည်။
သူတို့က မြို့ထဲတွင်ရှိသော ပန်းပဲပညာရှင်အစည်းအရုံး၏ စင်မြင့်သို့ ရောက်လာသောအခါ မိသားစု၏ ခေါင်းဆောင်များနှင့် ပန်းပဲပညာရှင်များက စောင့်ဆိုင်းနေကြသည်။
“မင်းက စိန်ခေါ်ပွဲကို လက်ခံလိုက်တဲ့လူလား”
စင်မြင့်ပေါ်တွင် အသက်သုံးဆယ်ခန့်ရှိသော လူငယ်တစ်ယောက်က ယုချန်တောက်ကို ကြည့်လိုက်သည်။
လူငယ်၏ရင်ဘတ်တွင် အဆင့်ခုနစ် ပန်းပဲပညာရှင်၏ တံဆိပ်ပြား ရှိနေသည်။