စကားဖြင့် ထိုးနှက်ခြင်း
Vol. 009 Ch. 866
မီးတောက် တောင်ကလန်မှ လူတိုင်းက ရန်ယွီ သေဆုံးသွားသည်ကို မြင်ကြသည်။ အားလုံး၏ မျက်နှာများ ပြာနှမ်း သွားကြသည်။ သူတို့၏ ကလန် ခေါင်းဆောင်က ပြည်နယ်ကိုးခု ရှီအဆင့်၌ ပါဝင်ခြင်း မရှိသော်လည်း မည်သို့ဆိုစေ အလွန် အားကောင်းသော စွမ်းရည်ကို ပိုင်ဆိုင် ထားပေသည်။
ကျောက်ပြည်ထောင် လက်အောက်တွင် ရှိသော အင်အားစုများ ထဲတွင် ဝူလျန်ပြီးပါက သူတို့၏ ကလန်ခေါင်းဆောင်မှာ အင်အား အကြီးဆုံး ဖြစ်သည်။
သို့သော်လည်း ယခု သူကား တိုက်ပွဲ၌ အသတ်ခံရသည်။
ယူစီရှိရာ အရပ်သို့ ရှီတန်ခိုးရှင် အချို့က ပြေးသွားကြသည်။ သူတို့ကား မီးတောက် တောင်ကလန်၏ အကြီးအကဲအချို့ ဖြစ်ကြကာ အလွန် အားကောင်းကြသည်။
ယူစီ၏အသက်ရှူသံက နှေးကွေးလေးလံနေပြီ ဖြစ်သော်လည်း တစ်ဖက်လူများအား အေးစက်စွာ ကြည့်သည်။ ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များက ကျဆင်းလာကာ အရာအားလုံးကို တိုက်ခိုက်သည်။ ပြင်းထန်စွာ ဒဏ်ရာ ရထားလျက်ပင် သူကား ကောင်းကောင်း တိုက်ခိုက် နိုင်သေးပေသည်။
နေမင်း မီးတောက်များ ဖြစ်ပေါ်လာကာ သူ့ထံကို တိုးဝင် လာသူများအား တိုက်ခိုက်သည်။ ထိုလူများ၏တန်ခိုး အဆင့်များမှာ သူ့ထက်နိမ့်ရာ ယူစီက အလွယ်တကူ သတ်ဖြတ် နိုင်ပေသည်။
သို့သော်လည်း သူ၏ တိုက်ခိုက်မှုများအား ကာကွယ်နိုင်သော ကွန်းရှီတန်ခိုးရှင် နှစ်ပါး ပါဝင်ကာ တစ်ယောက်က ငရဲမီးတောက်လှံရှည် ရှိရာသို့ ပြေးသွားနေသည်။
ယူစီ၏မျက်လုံးက ထိုနေရာကို ရောက်သွားသည်။ မျက်လုံးမှ မီးလျှံများ လောင်ကျွမ်းလာကာ ထိုတန်ခိုးရှင် ဦးတည်သွားရာ နေရာသို့ မီးတောက် အသိနယ်တစ်ခု တိုက်ရိုက် ကျဆင်းလာသည်။
“လောင်ကျွမ်းစမ်း...”
ယူစီက အေးစက်စွာ ပြောသည်တွင် ထိုတန်ခိုးရှင်ကား ရုတ်တရက် မီးတောက်များ အကြားသို့ ကျဆင်း သွားသည်။ မီးတောက်မီးလျှံများ အဆက်မပြတ် ပေါက်ကွဲ လောင်ကျွမ်းကြပြီး ထိုတန်ခိုးရှင်က ဖောက်ထွက်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် မီးလျှံများ အကြား ပျော်ဝင် ပျောက်ကွယ် သွားတော့သည်။
ယူစီနှင့် နီးကပ်နေသော နောက်တစ်ယောက်ကလည်း လက်ဝါးဖြင့် လှမ်းရိုက်သည်။ ယူစီက ထိုလူအား ကြည့်လိုက်သည်တွင် ရုတ်တရက် တစ်ဖက်လူ၏ လက်ဝါးက စတင် အရည်ပျော်လာပြီး မီးလျှံများ စတင် လောင်ကျွမ်းသည်။
အသည်းခိုက်အောင် နာကျင်စွာ အော်ဟစ်သံတစ်ချက် ကြားလိုက် ကြရသည်။
ယူစီက ရန်သူများအား ဆက်လက် သတ်ဖြတ်သော်လည်း ပါးစပ်မှလည်း သွေးများ အဆက်မပြတ် စီးကျလာနေ၏။ သူက အတွင်းကလီစာ ပြင်းထန်စွာ ထိခိုက်ထားရုံမျှမက စိတ်ဝိညာဉ် အားပြတ်မှုကိုလည်း ခံစားနေရသည်။
ပင်ပန်းနေသော ခန္ဓာကိုယ်အား သယ်ဆောင်ကာ ယူစီက အဆိပ်မီးတောက် လှံရှည်အား သွားကောက် လိုက်သည်။
“မြို့စား...” ထိုအချိန်တွင် ရန်ကျွမ်၊ မီးတောက် အင်ပါယာ နန်းတော် ခေါင်းဆောင်တို့ သူ့ဘေးကို ရောက်လာ ကြသည်။
“ငါ့ကို အာရုံမစိုက်နဲ့ ... ဆက်တိုက်ကြ...” ယူစီက အမိန့်ပေးသည်။ သူက တိုက်ပွဲကို တစ်ချက်ကြည့်ကာ ပြင်းထန်စွာ ဒဏ်ရာ ရထားလျက်ပင် တိုက်ပွဲထဲကို ဝင်ရောက် သွားသည်။ တော်ဝင်စစ်ပွဲကို အနိုင်ရရန် သူကား ရှိရှိသမျှသော စွမ်းအင်များအား ပုံအောထားသည်။
ယူစီက တိုးဝင်လာသည်တွင် သူဖြတ်သွားရာ လမ်းတစ်လျှောက် ရန်သူများမှာ အဆက်မပြတ် ကျဆုံးကြသည်။ သူက စစ်မြေပြင်၏ အလယ်တစ်နေရာသို့ ရောက်လာကာ လူအချို့ဘေး၌ ရပ်သည်။ ထိုလူများမှာ ဟောင်မိသားစုမှ လူများ ဖြစ်ကြသည်။ ဟောင်စီကား သည်နေရာတွင် ပိတ်မိနေကာ ဒဏ်ရာများလည်း ရထားသည်။
သူတို့နှင့် မျက်နှာချင်းဆိုင်မှကား နဂါးတစ်ကောင် ရစ်ပတ်ထားသော တန်ခိုးရှင် တစ်ယောက်ဖြစ်သည်။
တစ်ဖက်လူကား ကျောက်ပြည်ထောင် စစ်တပ်၏ စစ်ခေါင်းဆောင် လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော နဂါးနက်စစ်သူရဲ ဖြစ်သည်။ သူ၏စွမ်းရည်ကလည်း ရန်ယွီနီးပါး ရှိပေသည်။
“ဒီလောက် ဒဏ်ရာရနေတာ ဘာလာလုပ်တာလဲ...” ဟောင်စီက ယူစီကို ကြည့်သည်။
“ဒါက ဘာမှ မဟုတ်ဘူး ... ငါမသေသေးဘူး...” ယူစီက ပြောသည်။
ဟောင်စီက ပြုံးလျက် ပြောသည်... “အဘိုးကြီး ... ဘာလို့လဲ...”
ယူစီမှာ ပြင်းထန်စွာ ဒဏ်ရာ ရထားသည်ကို သူသိသည်။
“ဘာလို့လဲ...” ယူစီက ရေရွက်သည်... “ဘယ်သူသိမလဲ... ငါက မြေရိုင်းပြည်နယ် အတွက်လို့ ပြောရင်တော့ ဒါက လိမ်ရာကျလိမ့်မယ် ... ဒါပေမဲ့ ငါ့သမက်က သူ့ညီကို ဒီလောက် ကူညီချင်နေမှတော့ ငါက ထိုင်နေလို့ ဘယ်ရတော့မလဲ...”
“မင်းကရော ... ငါ့စာကြောင့်လား...” ယူစီက မေးသည်။
“အသုံးမဝင်တာ...” ဟောင်စီက ပြေသည်... “ငါ့ဘိုးဘေးတွေက ရန်ဟောင်မျိုးနွယ်ပဲ... ငါက အဲဒါကို သိပ်မယုံတော့ပေမဲ့ အဲဒီလို မြင်ကွင်းကို တစ်ခါလောက် မြင်ချင်သေးတယ်... ငါက ကျောက်ပြည်ထောင်ရဲ့ လက်အောက်မှာ စစ်ဘေး ဒုက္ခသည်လို ဘယ်လို နေနိုင်ပါ့မလဲ...”
ထိုသို့ ပြောပြီးသည်နှင့် ဟောင်စီက တစ်ဖက် ရန်သူထံကို ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်သည်။
ထိုအခိုက်တွင် သူကား တကယ့်ရန်ဟောင် နတ်ဘုရား တိုက်ခိုက်နေသည့် အလား ထင်မှတ်ရသည်။
တခြားသော စစ်မြေပြင်၌လည်း ဓားသခင်၊ ကျူးကော့ချန်းဖန်၊ ယွန်ရှင်းနှင့် ကျန်ကျောင်းတို့ မှာလည်း ပြင်းထန်စွာ တိုက်ခိုက် နေကြသည်။
နောက်ဆုံးတစ်ကြိမ် တော်ဝင်ကျဲ နန်းတော်တိုက်ပွဲ၌ သူတို့မှာ အလေးနိမ့်နေခဲ့ကာ ထောင်ကျန်း၏ နတ်ဘုရားပြစ်ဒဏ်ကို အမှီပြု၍ တောင့်ခံ နိုင်ခဲ့ကြသည်။
***
ပြည်နယ်ကိုးခု မြို့တော်တွင် ရီဖူရှင်းကား စင်မြင့်ထက်ကို ကြည့်ခြင်း မပြုဘဲ မျက်လုံးကို မှိတ်ထားသည်။
သူ၏စိတ်ထဲတွင် စစ်မြေပြင်၌ ဖြစ်ပျက်နေသည်များ အားလုံးကို မြင်နေရသည်။
ယူစီကား အလွန် ဒဏ်ရာ ပြင်းထန်စွာ ရထားလျက်ပင် အလွန် အားကောင်းသော တန်ခိုးရှင် တစ်ပါးအား သတ်ဖြတ် နိုင်ခဲ့သည်ကို မြင်သည်။ ထို့နောက် ဟောင်စီနှင့် ယူစီတို့၏ စကားများကို ကြားသည်။
သည်တစ်ခေါက်က သူ တစ်ယောက်တည်းသာ မဟုတ်ပေ၊ အားလုံးက သူနှင့်အတူ ကမ္ပည်းမော်ကွန်း ရေးထိုး ကြရပေမည်။
သူနှင့်အတူ တိုက်ခိုက်သူများအား စိတ်မပျက်စေရဘဲ မြေရိုင်းပြည်နယ် တစ်ခုတည်းနှင့်သာ သက်ဆိုင်သော ခေတ်တစ်ခုအား ဆောင်ယူ လာနိုင်စေရန် ကြိုးစားမည်ဟု ရီဖူရှင်းက သန္နိဋ္ဌာန် ချထားသည်။
“ဆရာ ဦးလေး...”
ထိုစဉ်မှာပင် သူ၏စိတ်က တင်းကျပ်သွားသည်။ ဆရာဦးလေး ကျင့်ကန်းမှာ ပြင်းထန်သော ရိုက်ချက်တစ်ခု ခံလိုက်ရပြီး သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တော်မှာ သွေးခြင်းခြင်း နီရဲလျက် အရိုးများ ကျိုးအက် သွားသည်ကို မြင်လိုက် ရသည်။ သို့တိုင်အောင် သူကား မားမား မတ်မတ် ရပ်ကာ တိုက်ခိုက်နေဆဲ ဖြစ်သည်။
ကျူးကော့ ချန်းဖန်မှာလည်း ယွန်ရှင်းနှင့် တခြား မှော်ပညာရှင်များကို ကာကွယ်ရင်းဖြင့် ဒဏ်ရာများ အနည်းနှင့်အများ ရနေပြီ ဖြစ်သည်။
သို့သော်လည်း တော်ဝင်ကျဲနန်းတော် စစ်တပ်မှာ တစ်ဖက် ရန်သူများ အပေါ်၌ တဖြည်းဖြည်း အသာစီးများ ရလာပြီ ဖြစ်သည်။ ရန်သူများ၏ ဝင်္ကပါမှာလည်း တဖြည်းဖြည်း ပျက်စီး ယိုယွင်း လာနေ၏။ ကျန်ကျောင်း ဦးဆောင်သော ဓားဝင်္ကပါအား တားဆီးနိုင်သူ မရှိရာ သူတို့ကား အမှန်ပင် စစ်မြေပြင်၏လူသတ်စက် ဖြစ်နေသည်။
ရီဖူရှင်းက မျက်လုံးများ မှိတ်ထားသည်ကို လူအများအပြားက သတိထား မိကြပေသည်။ ပြည်နယ်ကိုးခု ကျောင်းတော်မှ လူအများအပြား ကလည်း သဘောမကျ ဖြစ်ကြရသည်။ သူကား ကျောင်းတော်၏ ကျောင်းသားသစ် ရွေးပွဲတွင် အထူးနေရာ၌ ထိုင်နေပြီး မျက်လုံးကို မှိတ်ထားသည်။
သူက အကဲဖြတ်ပွဲတွင် ပါဝင်သော ပါရမီရှင်များအား အထင်သေး နေသည်လား။
ထိုအခိုက်တွင် လူအုပ်ကြားမှ လူတစ်ယောက်က အတင်း ထိုးထွက်လာပြီး ကျောက်ပြည်ထောင် ဘုရင်ထံသို့ ရောက်လာကာ လျှို့ဝှက် သတင်းစကားကို ပါးသည်။
ကျောက်ပြည်ထောင် ဘုရင်က သတင်းပေး၏ စကားကို ကြားသည်တွင် ရီဖူရှင်းအား ထက်ရှစွာ ကြည့်သည်။
သူ ခန့်မှန်းထားသလိုပင် ကျေးရွာ ခေါင်းဆောင်က ကျောက်ပြည်ထောင်ကို သွားရောက် တိုက်ခိုက်ကာ ကျောက်ရန်ဝမ် ထွက်လာမရအောင် တားဆီးသည်။ တစ်ဖက်တွင် တော်ဝင်ကျဲနန်းတော် စစ်တပ်မှာလည်း ပြည်နယ်ကိုးခု မြို့တော်သို့ ချီတက်လာပြီ ဖြစ်သည်။ သတင်းအရ သူတို့က မကြာမီ နွေဦးပြည်နယ် အတွင်းသို့ ဝင်ရောက်တော့မည် ဖြစ်သည်။
နှစ်ဖက်စစ်တပ်က ရင်ဆိုင် တိုက်ခိုက်နေပြီ ဖြစ်သည် ကိုကား ကျောက်ပြည်ထောင် ဘုရင်မင်းကြီး မသိသေးပေ။ သို့သော်လည်း ကျောက်ပြည်ထောင်၌ ရှိသော ကျောက်ရန်ဝမ်ကား နန်းတော်တွင်ရှိသော ကျောက်စိမ်းဝိညာဉ်မှ အမှတ်အသားများ ပြိုကွဲခြင်းတွင် ကျောက်ပြည်ထောင် စစ်တပ်မှာ ကြားဖြတ် တိုက်ခိုက်ခံရပြီ ဖြစ်ကြောင်း သူသိသည်။
ဘေးနားတွင် မည်သူမှ မရှိသည့်အလား ရီဖူရှင်းကား မျက်လုံးကို မှိတ်ထားဆဲဖြစ်သည်။ နောက်ဆုံးတွင် သူတို့က တိုက်ပွဲကို အနိုင်ရခဲ့သည်ကို ရီဖူရှင်း မြင်သည်။ ကျောက်ပြည်ထောင်က သူတို့၏စစ်တပ်ကို ဆုတ်ခွာရန် ကြိုးစားကာ ကျန်ကျောင်းတို့က ပြေးလွှား ဆုတ်ခွာ နေကြသော တန်ခိုးရှင်များအား လိုက်လံ သတ်ဖြတ်ကြသည်။ သို့သော်လည်း များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များက လွတ်မြောက် သွားကြသည်။
သို့သော်လည်း ရီဖူရှင်းက ပျော်ရွှင်ခြင်းကို မခံစားရပေ။ တော်ဝင်ကျဲ နန်းတော်မှလည်း အသက်များစွာကို ရင်းနှီး ခဲ့ရပေသည်။
ထိုအချိန်တွင် စင်မြင့်၌ နောက်ထပ် တိုက်ပွဲတစ်ခု ပြီးသွားသည်။ ပြည်နယ်ကိုးခု ကျောင်းတော်က အလွန် ထက်မြက်သော ပါရမီရှင် တစ်ယောက်အား ရွေးချယ် နိုင်ခဲ့၏။
“နန်းတော်သခင်ရီ...” ထိုအချိန်တွင် ရီဖူရှင်း၏ အတွေးများကို အသံတစ်သံက လာရောက် ဖြတ်တောက်သည်။
ရီဖူရှင်းက ထိုအသံကို ကြားသည့်တိုင် မျက်လုံးအား အတန်ကြာမှ ဖွင့်သည်။ သူက အသံလာရာ ဘက်အား ကြည့်လိုက်သည်။
ကျောင်းတော်အုပ်စုနှင့် သိပ်မဝေးသော နေရာ၌ ရိကလန်မှ လူများ ထိုင်နေကြသည်။ ထိုအထဲတွင် လူငယ် တစ်ယောက်က ရီဖူရှင်းအား ကြည့်နေသည်။ လူအများအပြားက ထိုလူငယ်အား သိကြပေသည်။ သူကား နွေဦးပြည်နယ် လူငယ်များအကြား နာမည် ကျော်ကြားပေသည်။ သူ၏နာမည်မှာ ရိချန်း ဖြစ်သည်။
“ဘာလဲ...” ရီဖူရှင်းက မေးသည်။
“ပြည်နယ်ကိုးခု ကျောင်းတော်က တပည့်သစ်တွေ လက်ခံနေတယ်… ဒါပေမဲ့ နန်းတော်သခင်ရီက ပွဲကို စိတ်မဝင်စားဘဲ မျက်လုံးကို တစ်ချိန်လုံး မှိတ်ထားတယ်... နန်းတော်သခင်ရီက ကျောင်းသားသစ်တွေဟာ အရည်အချင်းမမီလို့ စိတ်မဝင်စားတဲ့ သဘောများလား...”
ရီဖူရှင်းက တစ်ဖက်လူအား ကြည့်သည်... “ပြည်နယ်ကိုးခု ကျောင်းတော်မှာ ကျုပ်က ကျောင်းတော်ရဲ့ ပါရမီရှင်တွေ ဘယ်လောက် အရည်အချင်း ရှိတယ်ဆိုတာ မြင်ပြီးသွားပြီ... အကုန်လုံးက ထူးခြား ထက်မြက်ကြတယ်...”
“နန်းတော်သခင်ရီက ပါရမီ အရမ်းမြင့်တယ် ဆိုတာ အားလုံးက သိကြတယ် ... ဒီနေ့ အကဲဖြတ်ပွဲက လူငယ်တွေဟာလည်း ထက်မြက်ကြတယ်... ဒါပေမဲ့လည်း နန်းတော်သခင်ရီရဲ့ မျက်လုံးထဲ ထိုက်တန်တယ်လို့ တွေးပုံမရဘူး...” ရိချန်းက ခေါင်းငုံ့ကာ တစ်ချက် ရယ်လိုက်သည်။
ရီဖူရှင်းကား တစ်ဖက်လူကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ အပင်မြင့်လေ လေတိုက်လေ ဟူသော စကားကို သူနားလည်သည်။ သည်အချိန်တို ကာလအတွင်း၌ မြေရိုင်း ပြည်နယ်ကား အောင်မြင်လွန်း နေသည်။ လူအများက သူတို့အား အာရုံစိုက် နေကြ၏။
သူနှင့် ယူချင်းတို့၏ နာမည်ကျော်ကြားမှုက တခြား တော်ဝင်မြေမှ လူငယ်များအတွက် လက်ခံရ ခက်ခဲမည်ကိုလည်း သူနားလည်သည်။
ရီဖူရှင်းကား တုံးအသည် မဟုတ်ပေ။ တစ်ဖက်လူက သူ့အား တမင် ရည်ရွယ်ချက် ရှိရှိ ပြောဆိုသည်ကို နားလည်သည်။
“တန်ခိုးကျင့်တာက စိတ်နှလုံးနဲ့ သက်ဆိုင်တယ်... စိတ်နှလုံးက သန့်စင်ရင် ဘာမှ ဖုံးကွယ်စရာ မလိုဘူး... မင်းက ဘယ်သူဖြစ်တယ်... ဘယ်က ဖြစ်တယ်ဆိုတာ ငါ စိတ်မဝင်စားဘူး... ဒါပေမဲ့ ထုံးတမ်းစဉ်လာကို နားမလည်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် တခြားလူတွေထက် ဉာဏ်ကောင်းတယ် ထင်တဲ့သူတွေ ကိုတော့ ငါက အထင်မကြီးဘူး...” ရီဖူရှင်က အေးစက်စွာ ပြောသည်... “မင်းက တခြားလူတွေကို မေးခွန်းထုတ်ချင်ရင် အရင်ဆုံး မင်းရဲ့ အကြီးအကဲတွေဆီမှာ ဘယ်လို ပြုမူရတယ် ဆိုတာ အရင် သင်လိုက်ဦး...”
***