လင်းရွှမ်
Vol. 009 Ch. 868
ပြည်နယ်ကိုးခု ကျောင်းတော်မှ တပည့် အများအပြားမှာ ရီဖူရှင်းအပေါ် အလွန်သဘောမကျ ဖြစ်နေပြီး စုချီဟန်ကိုပင် လှမ်းကြည့်ကြသည်။
ရီဖူရှင်းက ကျောင်းတော်ကို ရောက်လာပြီး တော်ဝင်လမ်း သားတော်တစ်ပါးကို အနိုင်ယူခဲ့ကာ ဆေးဥယျာဉ်၌ ဆေးစမ်းသပ်မှုကို ခံယူခဲ့သည်။ သူက ဘေးအန္တရာယ်အား ကျော်ဖြတ်နိုင်ခဲ့ရုံမျှ သာမက နတ်မိမယ်ဒီးနှင့်လည်း လွန်စွာ ရင်းနှီး ကျွမ်းဝင်ခဲ့သည်။ ရှန့်ထိုကျန့်ကလည်း သူ့အား လွန်စွာ သဘောကျသည်ဟု လူအများက ပြောဆိုကြသည်။
ပြည်နယ်ကိုးခု ကျောင်းတော်အတွင်းရှိ မရေမတွက်နိုင်သော တပည့်များမှာ ရှန့်ထိုကျန့်၏ တပည့် ဖြစ်လိုကြသည်။ သို့သော်လည်း သူတို့အတွက်ကား ရှန့်ထိုကျန့်နှင့်ပင် တွေ့ခွင့်မရနိုင်ပေ။ ရှန့်ထိုကျန့်ကလည်း မည်သူ့ကိုမှ တပည့်အဖြစ် လက်မခံခဲ့ပေ။
ရီဖူရှင်းက မည်မျှပင် ထူးချွန် ထက်မြက်သည် ဆိုသော်လည်း သူကား ပြင်ပသူစိမ်း တစ်ယောက် ဖြစ်နေဆဲပင်။
သို့သော်လည်း ရီဖူရှင်းကိုယ်တိုင်က သူ့အပေါ် လူအများ မည်သို့မြင်သည်ကို ဂရုမစိုက်ပေ။ လိပ်ပြာလေးကား သူ၏ မိတ်ဆွေကောင်း တစ်ယောက်သာ ဖြစ်သည်။ သည်အတွက် လူအများက မည်သို့မြင်သည်ကို အလေးမထားပေ။
သူက ဟောင်စီနှင့် တခြားလူများကို ကြည့်ကာ ပြောသည်... “ကောင်းကောင်း လုပ်ခဲ့တယ်...”
ကြားဖြတ် တားဆီးခြင်းကား အောင်မြင်ခဲ့သည်။ အကယ်၍ ကြားဖြတ် တိုက်ခိုက်ခြင်းသာ မအောင်မြင်ခဲ့ပါလျှင် သူတို့က အင်အားစု နှစ်ခုပေါင်းကို ရင်ဆိုင်ရမည်ဖြစ်ရာ လွယ်ကူမည့်တိုက်ပွဲ မဟုတ်ပေ။
သူက တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့သည်။ ယူစီ၊ ဟောင်စီနှင့် တခြားလူများ အားလုံးက အနိုင်ရရန်အတွက် အသက်ကိုရင်း၍ တိုက်ခိုက်ခဲ့ရသည်။
“ကျုပ်တို့ စစ်ဆင်ရေး အောင်မြင်ခဲ့တာကိုပဲ ဝမ်းမြောက်တယ်...” ဟောင်စီက ပြုံးလျက် ပြောသည်။ သူက ဒဏ်ရာ အနည်းငယ် ရသော်လည်း သိပ်ပြင်းထန်ခြင်း မရှိဘဲ ဆက်လက် တိုက်ခိုက်နိုင်သေးရာ ဆေးဥယျာဉ်သို့ လိုက်ပါသွားခြင်း မရှိပေ။
ရီဖူရှင်းက ဟောင်စီအား ကြည့်ကာ သူနှင့် ယူစီတို့အကြား စကားများကို ပြန်သတိရမိသည်။ သူက ယူစီနှင့် ဟောင်စီတို့ တွေ့မြင်လိုသော ခေတ်သစ်တစ်ခုအား ထူထောင်ရန် စိတ်ဆန္ဒများ ပိုမိုပြင်းပြ လာခဲ့သည်။
ရီဖူရှင်းက ဘေးမှ လှပသော မိန်းကလေးအား ကြည့်ကာ မျက်လုံးများ နူးညံ့ သိမ်မွေ့သွားပြီးမှ မြန်ဆန်စွာပင် တင်းမာသွားကာ ဒေါသတကြီး ပြောသည်... “မင်းကို ဘယ်သူ လာခိုင်းတာလဲ...”
ဟွာဂျီယူက ပြန်၍ ဒေါသတကြီး ကြည့်သော်လည်း ရီဖူရှင်းက သူမ၏လက်အား ဆုပ်ကိုင် လိုက်သောအခါ ဆွံ့အရသည်။ ထို့နောက် ရီဖူရှင်းက ဘေးမှ တခြားလူများကို ကြည့်သည်။ သူ၏ စီနီယာများနှင့်အတူ ရီဝူချင်း၊ ဟောင်ကျူဂီ၊ စုချွဲ၊ ယန်ကျန်းနှင့် တခြားလူများလည်း ပါလာကြသည်။ သူတို့က မိမိတို့သဘောဖြင့် တိုက်ပွဲ၌ ပါဝင် တိုက်ခိုက်ခဲ့ကြသည်မှာ သေချာသည်။
“ထိုင်ကြပါ...”
ပြည်နယ်ကိုးခု ကျောင်းတော်၏ အကဲဖြတ်ပွဲကား ပြီးဆုံးရန် လိုနေသေးပေသည်။
ရီဖူရှင်တို့အဖွဲ့က နေရာကိုယ်စီ ယူကာ ထိုင်လိုက်ကြသည်။
မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်း၏ ဘေးနားတွင် နတ်သမီး တစ်ပါးနှယ် လှပ ချောမောလွန်းသော မိန်းကလေးအား ကြည့်ကြသည်။ ကျောင်းတော်မှ ရီဖူရှင်းကို သဘောမကျသူများမှာ ပိုမို၍ပင် မကျေမနပ် ဖြစ်လာကြသည်။ လူအများအပြား၏ အာရုံစိုက်မှုကို ခံရရာ ဟွာဂျီယူကား အနည်းငယ်ပင် စိုးရိမ်စိတ် ဝင်လာရ၏။
“ဆက်ကြရအောင်...” ရှန့်ထိုလီက ပြောသည်။
ဤတွင် ပြည်နယ်ကိုးခု ကျောင်းတော်၌ လက်ကျန် ယှဉ်ပြိုင်သူများ စင်မြင့်ထက်ကို တက်ကာ တိုက်ခိုက် ယှဉ်ပြိုင်ကြသည်။
ရွေးချယ်ခံရသူများမှာ တန်ခိုးအဆင့် စုံလင်ပြီး လူတစ်ရာခန့် ရှိပေမည်။ ကျောင်းတော်က နှစ်စဉ်နှစ်တိုင်း လူသစ်လက်ခံရာ သူတို့က တန်ခိုးအဆင့် ကန့်သတ်ထားခြင်း မရှိပေ။
တော်ဝင်မြေများကပင် စိတ်ဝင်စားရသော အချိန်အခါ ရှိပေသည်။ စင်မြင့်ပေါ်မှ လူများအားလုံးမှာ အရည်အချင်း ပြည့်မီသည် ဆိုသော်လည်း နောက်တစ်ဆင့်တွင် သူတို့အတွက် အရေးပါသော အခိုက်အတန့်လည်း ဖြစ်သည်။ နောက်ဆုံးလက်ကျန် လူတစ်ရာခန့်မှ အနည်းငယ်သော လူများမှာ ရှန့်ထိုများ၏လက်ရင်း တပည့်အဖြစ် ရွေးချယ် ခံရနိုင်ပေသည်။
ထို့ကြောင့် စင်မြင့်ပေါ်မှ ပါရမီရှင်များ အားလုံးမှာ စိတ်လှုပ်ရှား နေကြသည်။
ရှန့်ထိုတစ်ပါး၏ လက်အောက်တွင် လေ့ကျင့်ခွင့် ရခြင်းမှာ အကြီးမားဆုံးသော ဂုဏ်ယူဖွယ်ရာ ကိစ္စလည်း ဖြစ်သလို အလွန်တရာ ရှားပါးသော အခွင့်အရေးလည်း ဖြစ်၏။ သူတို့က အနာဂတ်တွင် တော်ဝင်လမ်း သားတော် ဖြစ်ရန်လည်း အခွင့်အလမ်း ရှိပေသည်။
“နောက်တစ်ဆင့်မှာ ဘယ်သူ အခွင့်အရေး ရှိမယ်လို့ မင်းထင်လဲ...” တော်ဝင်မြေများ အကြား ဆွေးနွေး ပြောဆိုမှုများ ရှိပေသည်။
“လင်းရွှမ် ဖြစ်မယ်...”
“လင်းရွှမ်ဆိုတာ ပြောနေစရာတောင် မလိုဘူး ... တော်ဝင်မြေတွေထဲ မှာတောင် သူ့လိုလူ လက်ချိုးရေလို့ ရလိမ့်မယ်...” လူအများအပြားက ခေါင်းညိတ် ကြသည်။ လင်းရွှမ်ကား သည်နှစ် ကျောင်းတော်၏ ကျောင်းသားသစ်များ ထဲတွင် အတော်ဆုံး အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။
“လင်းရွှမ်က မကြာခင် တော်ဝင်လမ်း သားတော်တောင် ဖြစ်နိုင်တယ်...”
“ကြေညာချက် ထုတ်တော့မယ်...” လူအများအပြားက ကျောင်းတော်ဘက်ကို ကြည့်ကြသည်။ အကြီးအကဲ တစ်ယောက်က လူအုပ်ကို တစ်ချက် ကြည့်လိုက်ပြီးမှ ပြောသည်... “ဒီနှစ် ကျောင်းသားသစ် လင်းရွှမ်ကို တော်ဝင်လမ်း သားတော် ဘွဲ့နှင်းအပ်ပြီးတော့ ကျောင်းအုပ်ရဲ့ လက်အောက်မှာ လေ့ကျင့်ခွင့် ပေးလိုက်တယ်...”
ကြေညာသံကို ကြားသည်တွင် အားလုံးက အံ့အားသင့် ကြရသည်။ လင်းရွှမ် ထုတ်ဖော်ခဲ့သည့် အရည်အချင်းက အမှန်ပင် ကောင်းမွန်သည် ဆိုသော်လည်း သည်နေရာတွင်ပင် ရှန့်ထိုလီက သူ့အား တော်ဝင်လမ်း သားတော်အဖြစ် အပ်နှင်းမည်ဟု မထင်ထားခဲ့ကြပေ။
လင်းရွှမ်ကား ပြည်နယ်ကိုးခု ကျောင်းတော် သမိုင်းတွင် ကျောင်းတော်မှ လက်ခံသည်နှင့် တော်ဝင်လမ်း သားတော်အဖြစ် အပ်နှင်းခံရသော တစ်ဦးတည်းသောသူ ဖြစ်သည်။
မရေမတွက်နိုင်သော လူများက လင်းရွှမ်ကို ကြည့်ကြသည်။ မကြာမီ ပြည်နယ်ကိုးခု၌ နာမည်ကျော်တန်ခိုးရှင် တစ်ယောက် ဖြစ်ပေါ်လာတော့မည်ကို သူတို့ သိကြသည်။
လင်းရွှမ်က ရင်ကော့လျက် ရပ်နေကာ စင်မြင့်ထက်၌ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ့အား ရှန့်ထိုကိုယ်တိုင်က တပည့်အဖြစ် ရွေးမည်ကို သိသော်လည်း တော်ဝင်လမ်း သားတော်အဖြစ် အပ်နှင်းခြင်းက အံ့အားသင့် စေခဲ့သည်။
သူက ရှန့်ထိုလီအား ဦးညွှတ်ကာ ပြောသည်... “ဆရာကို နှုတ်ဆက်ပါတယ်...”
ရှန့်ထိုလီက ခေါင်းညိတ်ကာ ပြောသည်... “ကျုပ်က မင်းကို ခြွင်းချက် အနေနဲ့ တော်ဝင်လမ်း သားတော်ဘွဲ့ အပ်နှင်းတယ်ဆိုပေမဲ့ မင်းက ကျောင်းတော်ကို ရောက်တဲ့အခါ စီနီယာတွေဆီက ကောင်းကောင်း သင်ယူရဦးမယ်...”
“တပည့် ကောင်းကောင်း မှတ်သားထားပါမယ်...” လင်းရွှမ်က ဦးညွှတ်ကာ ပြောသည်။
“ဂုဏ်ပြုပါတယ် ... ရှန့်ထိုလီ...” လူအများအပြားက လက်နှစ်ဖက်ဆုပ်ကာ ပြောကြသည်။ ရှန့်ထိုလီ၏ တပည့်အဖြစ်ကို ရောက်ရန် မည်မျှ ခက်ခဲသနည်း။ ယခု သူက တပည့်တစ်ယောက် လက်ခံနိုင်ခြင်းမှာ အမှန်ပင် ဂုဏ်ယူဖွယ်ရာ ကောင်းပေသည်။
ရှန့်ထိုလီက ပြုံးလျက် ခေါင်းညိတ်သည်... “ဒီနှစ် ပြည်နယ်ကိုးခု ညီလာခံရဲ့ ကျောင်းသားသစ် ရွေးချယ်မှုက ဒီမှာ ပြုံးဆုံးပြီ ... အခုလို တကူးတက လာရောက် ကြည့်ရှုကြတဲ့သူတွေ အကုန်လုံးကို ကျုပ်က ကျေးဇူးတင်ပါတယ်…”
“မင်းတို့အားလုံး စင်ပေါ်က ဆင်းလို့ရပြီ...” ကျောင်းအုပ်က စင်မြင့်ပေါ်မှ တပည့်များကို ပြောသည်။ သို့သော်လည်း လင်းရွှမ်ကား စင်မြင့်ထက်တွင် ထီးထီးတည်း ရပ်နေဆဲ ဖြစ်သည်။
“လင်းရွှမ်.. မင်း ပြောစရာ ရှိသေးလား...” ကျောင်းအုပ်က မေးသည်။
လင်းရွှမ်က ဦးညွှတ်ကာ ပြောသည်... “ပြည်နယ်ကိုးခု ညီလာခံ ကျင်းပတုန်းက ကျွန်တော့် တန်ခိုးအဆင့်က ရှီအဆင့်သို့ မြင့်တက် သွားတဲ့အတွက် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး... အခု ပြည်နယ်ကိုးခု ညီလာခံရဲ့ ပထမဆုရှင်က ဒီကို ရောက်နေတာ မြင်တွေ့ သူ့ဆီက နည်းနည်း သင်ယူချင်ပါတယ်...”
လင်းရွမ်၏ စကားကို ကြားသည်တွင် လူအများအပြားက အံ့အားသင့် သွားကြသည်။ သူကား ယခုမှပင် တော်ဝင်လမ်း သားတော်အဖြစ် အပ်နှင်း ခံရသော်လည်း ယူချင်းကို တိုက်ရိုက် စိန်ခေါ်ခဲ့သည်။
“မင်းက နန်းတော်သခင်ရီကို ကိုယ်တိုင် မေးသင့်တယ်...” ရှန့်ထိုလီက ပြုံးလျက်ပြောသည်။
လင်းရွှမ်က ခေါင်းညိတ်ကာ ရီဖူရှင်းအား ကြည့်သည်... “နန်းတော်သခင်ရီက ကျွန်တော့ကို ခွင့်ပြုပေး နိုင်ပါသလား...”
“အခု တော်ဝင်မြေက ပါရမီရှင်တွေ လာရောက် ဆုံတွေ့ကြတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ... မင်းတို့နှစ်ယောက် တိုက်ခိုက်ရင် ကြည့်ကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်...” ရိကလန် အကြီးအကဲ တစ်ယောက်ကလည်း ပြောသည်။
မျက်လုံးပေါင်း များစွာက ရီဖူရှင်းထံကို ရောက်လာသည်။
ရီဖူရှင်းကလည်း သူ့ကို လာကြည့်နေသော မျက်လုံးများကို သိသည်။ အားလုံးက ယူချင်း၏စွမ်းရည်ကို မြင်တွေ့လိုကြ၏။
ရီဖူရှင်းက ပြုံးလျက် ပြောသည်... “ကိုယ့်စွမ်းရည်ကို တခြားစွမ်းတဲ့ လူတွေနဲ့ စမ်းသပ် စစ်ဆေးတာက နောက်ပိုင်း တိုးတက်ဖို့ရာ အထောက်အကူ ဖြစ်တာပဲ... ယူချင်း... မင်းသွားလိုက်...”
အားလုံးက ထိုမျှ မြင်တွေ့နေလိုသည် ဆိုပါကလည်း သူတို့က ဆန္ဒများကို ဖြည့်ဆည်း ပေးရပေမည်။
ရှန့်ထိုလီကလည်း တိုက်ပွဲကို ခွင့်ပြုဟန်ရရာ သူက ရလဒ်ကို ဂရုမစိုက်သည်မှာ ထင်ရှားပေသည်။
ယူချင်းက ခေါင်းညိတ်ကာ ရှေ့ကို တက်သွားပြီး လင်းရွှမ်ကို ကြည့်သည်... “စပါ...”
လင်းရွှမ်ကလည်း ခေါင်းညိတ်ကာ လက်ဝှေ့ယမ်း လိုက်သည်တွင် လေလှိုင်းတစ်ချက် ရိုက်ခတ်သွားပြီး ကောင်းကင်က အရောင်ပြောင်း သွားသည်။ စစ်မှန်သော နဂါးအော်သံကို ကြားရကာ ဖီးနစ်များ ကခုန်ကြသည်။ နဂါးဖြူများ လှည့်ပတ် ပျော်မြူးကြ၏။ လင်းရွှမ်ကား နတ်ဘုရားသားရဲများကို ဆင့်ခေါ်နိုင်စွမ်း ရှိဟန်ရသည်။
လင်းရွှမ်၏ မျက်လုံးကလည်း ကြောက်မက်ဖွယ် အရောင်များ စိမ့်ထွက်လာသည်။ သူက လေထဲကို ခုန်တက်လာကာ ယူချင်းထံသို့ နတ်ငှက် တစ်ကောင်အလား ပျံသန်းလာသည်။ သူ၏လက်များက စစ်မှန်သော နဂါး၏ ခွန်အားများကို ပိုင်ဆိုင်ကာ နဂါးအော်သံနှင့်အတူ လည်သည်း ကုတ်ခြစ်ဟန်ဖြင့် ယူချင်းကို တိုက်ခိုက် ထိုးနှက်သည်။
ယူချင်းက လင်းရွှမ်ကို ကြည့်သည်။ သူ့ခန္ဓာကိုယ်မှလည်း ကြီးမားသော အရှိန်အဝါများ ကွဲထွက်လာခဲ့ကာ တောင်တစ်လုံးအလား ခန့်ထည်စွာ ရပ်နေသည်။ ကြောက်မက်ဖွယ် မိစ္ဆာအငွေ့အသက်များ စတင် ရစ်ပတ်လာသည်တွင် သူကား ကမ္ဘာမြေနှင့် မအပ်စပ်သော နတ်ဆိုးတစ်ပါးအလား ထင်မှတ်ရသည်။
***