ဘိုးဘေးကြယ်ကို ဆင့်ခေါ်ခြင်း
Vol. 81 Ch. 1049
ချင်မူ့အနောက်တွင် ယန်အာသည် အစိမ်းရောင်စာကလေးအသွင်ဖြင့် စိတ်လှုပ်ရှားစွာ ဟိုခုန်၊ သည်ခုန်နေသည်။ တစ်ချက်တစ်ချက် ရထားလှည်းပေါ် ရောက်သွားတတ်ပြီး တစ်ချက်တစ်ချက် ချင်မူ့ပခုံး သို့မဟုတ် ခေါင်းပေါ် ရောက်လာတတ်သည်။ ထို့နောက် ခန္ဓာကိုယ်ကို လှည့်၍ တောင်ပံလေးတဖျတ်ဖျတ် ခတ်လျက် နဂါးချီလင်၏ ခေါင်းပေါ်တွင် နားကာ စိတ်လှုပ်ရှားစွာ ထိုးဆိတ်နေတော့သည်။
“ဘာတွေ စိတ်လှုပ်ရှားနေတာလဲ မမကြီးယန်အာ”
ချင်မူက ခေါင်းတခါခါဖြင့် လက်ဝါးဖြန့်လိုက်သည်။ ကောင်းကင်နတ်မြစ်အပေါ်ရှိ ထောင်ပေါင်းများစွာသော ဓားစက်လုံးများသည် အစီအစဉ်တကျ ထိတိုက်သွားကြရင်း မကြာခင် ဓားစက်လုံးတစ်လုံးတည်း အဖြစ် စုစည်းကာ သူ့လက်ဝါးအပေါ် ဆင်းသက်လာသည်။
ချင်မူကား ဓားစက်လုံးမှ ထုတ်လွှတ်လိုက်သည့် ဓားရောင်များကိုသာ အားပြုရင်း ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တို့၏ လက်အောက်ရှိ နတ်ဘုရားမိစ္ဆာများကို ရှင်းပစ်လိုက်လေသည်။ ၎င်းမှာ ရိုးရိုးသာမန် ဓားကွက်ဟုသာ ထင်ရသော်လည်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားသိုင်းသမားတစ်ယောက်အနေဖြင့် ထိုဓားကွက်အား ထုတ်ဖော်ရန် စစ်တပ်ကြီးတစ်တပ်လုံးအား လိုအပ်ပေလိမ့်မည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်၏ စစ်သည်တော်များတွင် ဓားစက်လုံး သို့မဟုတ် ဓားအိတ်များ ရှိသည်ဆိုကြပါစို့။ ထိုဓားစက်လုံး၊ ဓားအိတ်တို့ကို အသက်သွင်းလိုက်သည်နှင့် ဓားပေါင်းထောင်ချီသည် ရန်သူများဆီ ပြေးဝင်၍ ခုတ်ပိုင်းသတ်ဖြတ်ပစ်လိမ့်မည်။ ထို့အပြင် ဝင်္ကပါများ ဖွဲ့တည်လျက် ပုံစံအမျိုးမျိုးဖြင့် စုဝေးခွဲထွက်ရင်း ဓားကွက်အမျိုးမျိုးလည်း ထုတ်ဖော်နိုင်ကြသည်။
ချင်မူက ဓားစက်လုံးဖြင့် ဓားကွက်များကို ထုတ်ဖော်နေပြီး ဓားကွက်တစ်ကွက်နှင့် တစ်ကွက်တွင် ပါဝင်သော ဓားစွမ်းအင်ချင်း မတူညီပေ။ သူသည် ဓားသိုင်းကျင့်ထားသော စစ်တပ်တစ်တပ်ပင် ဖြစ်ချေ၏။
သူ၏ ဓားတာအိုပေါက်မြောက်မှုကား ရွာသူကြီး နှင့် ယခင်ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့ကို အမှီလိုက်နိုင်ရုံမက ကျော်ပင် ကျော်တက်နိုင်သည်။ ခိုင်ဧကရာဇ်နှင့် ယှဉ်လျှင် ဒုတိယအဆင့် ရှိချေသည်။
နတ်ဘုရား၊ မိစ္ဆာများမှာ သူ၏ဓားကွက်များကို မြင်လည်းမမြင်ဖူး၊ ကြားလည်း မကြားဖူးသဖြင့် မရှုမလှ သေဆုံးကုန်ကြ၏။
“တီကောင်တွေပဲ” ယန်အာက ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်များကို စိုက်ကြည့်လျက် နဂါးချီလင်၏ ဦးခေါင်းအား စိတ်လှုပ်တရှား ထိုးဆိတ်နေချေသည်။
သူမ၏ထိုးဆိတ်မှုကြောင့် နဂါးချီလင်၏ ဦးခေါင်းမှ သွေးထွက်လာပြီး မျက်နှာသို့ပင် စီးကျလာသည့်တိုင် နဂါးချီလင်သည် တုတ်တုတ်မလှုပ်ဘဲ တွေးနေ၏။ ‘ငါ ဒါနဲ့ အသားကျနေပါပြီ... ဒါပေမဲ့ ဒီရှေးဟောင်းနတ်ဘုရားတွေက တီကောင်တွေ မဟုတ်ဘူး... ဒါကိုလည်း ရိုးနေပါပြီ'
ယန်အာ၏ အကျင့်စရိုက်လေးမှာ နားလည်ရန် ခက်ချေသည်။
သူမမှာ အတွေ့အကြုံနုနယ်ပြီး ရိုးအသည်။ အစေခံမလေးသဖွယ် ဝေယျာဝစ္စ လိုက်လုပ်ပေးရသည်ကို သဘောကျသလို၊ ထူးထူးဆန်းဆန်း အရာများ စားရသည်ကိုလည်း နှစ်သက်၏။
အဆုံးသတ်မြို့ပျက်မှာတုန်းက ဝတ်ဆံများမှ အသက်ဝင်လာသည့် ရှေးဟောင်းနတ်ဘုရားအားလုံးကို ပန်းပွင့်များဟု ထင်မှတ်ကာ တစ်ယောက်မှ မကျန်အောင် သူမ စားပစ်ခဲ့ဖူးသည်။ ရလဒ်အနေဖြင့် သူမမှာ အတော်လေးကြာသည်အထိ ဝတုတ်ပြဲကွဲနေခဲ့ရာ ချင်မူပင်လျှင် သူမကို လူရှေ့သူရှေ့တွင် ခေါ်ရန် ရှက်ခဲ့ရလေသည်။
သူမအတွက် ထိုနတ်ဘုရားများကို အစာချေပြီး နဂိုအတိုင်း ပြန်ဖြစ်ရန် အချိန်ယူခဲ့ရသည်။ သို့သော် ယခုတွင် ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တို့အား စားစရာဖြင့် မျက်စိကျနေပြန်သဖြင့် နဂါးချီလင်မှာ မဖြုံတော့ပေ။
စနေဂြိုဟ်အရှင်သခင်နှင့် ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်တို့တွင် မြွေခန္ဓာကိုယ် ရှိပြီး အဆုံးသတ်မြို့ပျက်မှ အမျိုးသမီးရှေးဟောင်းနတ်ဘုရားများမှာ လူဦးခေါင်းဖြင့် မြွေများ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် နဂါးစာကလေးဖြစ်သည့် ယန်အာအတွက် သူတို့မှာ တီကောင်များသာ။
ကြာသပတေးဂြိုဟ်အရှင်သခင်သည် ငှက်ဦးခေါင်းကို ပိုင်ဆိုင်ထားပြီး အင်္ဂါဂြိုဟ်အရှင်သခင်မှာ နွားခေါင်းဖြစ်၍ သောကြာဂြိုဟ်အရှင်သခင်ကား ကျားခေါင်းဖြစ်ချရာ ယန်အာအတွက် တီကောင်များ မဟုတ်ကြချေ။ သို့သော် သူတို့သည် နဂါးများအပေါ်တွင် ရပ်နေကြသည်မဟုတ်လော။
သူတို့အောက်ရှိ နဂါးများမှာ နဂါးစာကလေး ယန်အာအတွက် တီကောင်များ ဖြစ်၏။
သူမမှာ အဆုံးသတ်မြို့ပျက်တွင် ရှေးဟောင်းနတ်ဘုရားတို့ကို စားခဲ့ဖူးသောကြောင့် ထိုအရသာကို သတိရနေလေသည်။
‘ဒီတစ်ခေါက် သူ ဘယ်လောက်တောင် ၀လာမလဲ မသိဘူး'
နဂါးချီလင်၏ဦးခေါင်းမှာ ထိုးဆိတ်ခံရလွန်းသဖြင့် တဂွပ်ဂွပ်ပင် မြည်လာသည်။ ‘သူ ဘယ်လောက်၀၀ ငါ သူ့ကို မုန်းမှာမဟုတ်ဘူး'
ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်များက ကောင်းကင်နတ်မြစ်တွင် စီးမျောသွားသည့် အလောင်းများကို မျက်မှောင်ကြုတ်လျက် ကြည့်နေကြသည်။ ထိုအလောင်းတို့သည် ကောင်းကင်ရတနာကျင့်စဉ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်ကို ကျင့်ကြံထားကြသည့် သူတို့၏ လက်ရွေးစင်မျိုးဆက် ၊ အနာဂတ်၏ မျိုးဆက်သစ်များ ဖြစ်ကြ၏။
ရှေးဟောင်းနတ်ဘုရားအများစုသည် သူတို့၏ မျိုးဆက်များကို အာရုံစိုက်လေ့မရှိကြသော်လည်း ချင်မူ သူတို့စစ်တပ်၏ ထက်ဝက်နီးပါးအား သတ်ဖြတ်လိုက်သည့်အခါ မည်သူက သည်းခံနိုင်တော့မည်နည်း။
လွန်ခဲ့သည့် နှစ်တစ်ထောင်တုန်းက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် ပြဿနာရှာပြီးတည်းက ချင်မူကား ပို၍ပင် အင်အားအာဏာ ရှိလာပုံပေါ်ခဲ့သည်။ ကြယ်တာရာအရှင်သခင်ငါးပါးမှာ တွေးရင်း ကြောက်လာတော့သည်။
“ဓာတ်ကြီးငါးပါးအရှင်သခင်တို့၊ ခင်ဗျားတို့က ကျွန်တော့်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး... အညံ့ခံလိုက်တာ ကောင်းလိမ့်မယ်”
ချင်မူက ကောင်းကောင်းမွန်မွန် ပြောသည်။ “ကျွန်တော် မြောက်နတ်မင်းရွှမ်းဝူဆီကနေ ရှေ့ဖြစ်ဟောပညာ သင်ထားတယ်... ခင်ဗျားတို့အားလုံး အနာဂတ်မှာ သေရမယ့် ကပ်ဘေးနဲ့ ကြုံတွေ့ကြမှာဆိုတော့ ဘိုးဘေးနယ်မြေဆီ ပြန်ပြီး သိုင်းကျင့်ကြတာ ပိုကောင်းပါလိမ့်မယ်... ကောင်းကင်နတ်ဧကရာဇ်နဲ့ကတော့ အထင်လွဲရုံလေးတင်ပါ... ကျွန်တော်ကိုယ်တိုင် သူ့ကို ရှင်းပြလိုက်ပါ့မယ်... ဒါကြောင့် ခင်ဗျားတို့ ၀င်ပါစရာမလိုပါဘူး”
စနေဂြိုဟ်အရှင်သခင်က အခြားသူများကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
အင်္ဂါဂြိုဟ်အရှင်သခင်သည် ခပ်တိုးတိုး ပြော၏။ “သူက တကယ်ကို အင်အားကြီးတော့ ငါတို့ကို မကြောက်ဘူး... သူနဲ့ တိုက်ခိုက်ဖို့ ငါ အဆင်သင့်မဖြစ်သေးဘူး”
ကြာသပတေးဂြိုဟ်အရှင်သခင်က ခေါင်းညိတ်လျက် ထောက်ခံသည်။ “သူ ငါတို့စွမ်းအားကို ဘာသုံးပြီး ရှောင်လိုက်တာလဲ မသိဘူး.. သူ့ရဲ့ကောင်းကင်နဂါးခြောက်ကောင်ကလည်း အစွမ်းထက်တယ်... ဆက်တိုက်ရင် ငါတို့ပါ ဒဏ်ရာရလိမ့်မယ်... ပြန်ဆုတ်ပြီးတော့ ငါတို့မျိုးဆက်တွေကို သတ်တဲ့ ပြစ်မှုတဲ့အတွက် ကောင်းကင်ဧကရာဇ်ဆီ တိုင်တန်းသင့်တယ်... အဲဒါဆို သူ ဒီအတွက် တာ၀န်ယူရလိမ့်မယ်”
ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်က နှုတ်ခမ်းသပ်၍ ရယ်လိုက်သည်။ “သူ ကောင်းကင်နတ်ဘုံကို ရောက်တာနဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ထက်မှာ ကွပ်မျက်ခံရမှာ... ငါတို့က ဘေးကနေ ကြည့်နေရုံပဲ.. ဒီနေရာမှာ သူသေကိုယ်သေ တိုက်ခိုက်နေစရာမလိုဘူး”
ကျန်သည့် ကြယ်တာရာအရှင်သခင်များကလည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။
စနေဂြိုဟ်အရှင်သခင်သည် ဓာတ်ကြီးငါးပါးအရှင်သခင်များအနက် ခေါင်းဆောင်ဖြစ်၍ စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် သောကြာဂြိုဟ်အရှင်သခင်မှာ တစ်စုံတစ်ခုကို အနံ့ရသွား၏။ သူက ဇဝေဇဝါဖြင့် ပြောသည်။ “ဖန်ဆင်းရှင်တွေရဲ့ အနံ့လို ထူးဆန်းတဲ့အနံ့တစ်ခု ရနေသလိုပဲ...”
သူက စူးရှလှသော ကျားအနံ့ခံအာရုံဖြင့် ထပ်မံအနံ့ခံလိုက်ပြန်သည်။ သူ၏နားရွက်များ ထောင်လာပြီး သူ့လက်ထဲရှိ ကြေးပုဆိန်က တုန်ခါလာသည်။ ရုတ်တရက် သူက ရထားလှည်းဆီသို့ ကြည့်၍ အော်လိုက်သည်။ “အဲ့မှာ.. ဖန်ဆင်းရှင်တစ်ယောက် အဲ့ထဲမှာ ပုန်းနေတယ်”
ကျန်ရှေးဟောင်းနတ်ဘုရားလေးပါးထံမှ ခက်ထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး ချင်မူ့နောက်ရှိ ရထားလှည်းဆီသို့ လှမ်းကြည့်ကြသည်။
ရထားလှည်းထဲရှိ လော့ရှောင်မှာ ဖြူဖတ်ဖြူရော်ဖြင့် ထရပ်ပြီး နှုတ်ခမ်းတွန့်ချိုး၍ ပြုံးလိုက်ကာ ခပ်တိုးတိုး ရေရွတ်နေသည်။ “ငါ မဟာလေဟာနယ်ကနေ ထွက်လာတုန်းက သေရမယ်ဆိုတာ သိခဲ့ပြီသားပဲလေ... ဘိုးဘေးနန်းတော်ကို မတွေ့ရဘဲ သေရမယ်လို့တော့ ထင်မထားခဲ့ဘူး... ဒီမှာသေရင် ဘိုးဘေးတွေနဲ့ ပြန်တွေ့ရလောက်မလား”
ချင်မူက သက်ပြင်းချသည်။ သူ့လက်ထဲရှိ ဓားစက်လုံးသည် ပြန်လည်မြင့်တက်လာ၏။ ဤအခြေအနေမှာ ရယ်စရာကောင်းနေသလို၊ မျှော်လင့်ချက်လည်း မဲ့သွားချေပြီ။ ‘သူတို့ ငါ့ကြောင့် သေသွားတာလား’
ဓာတ်ကြီးငါးပါး ကြယ်တာအရှင်သခင်များက တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။ “ဘိုးဘေးကြယ်ကို ဆင့်ခေါ်ကြ”
စနေဂြိုဟ်အရှင်သခင်၏ မြွေခန္ဓာကိုယ်သည် မိုင်ပေါင်းများစွာ ရှည်လျားသည့် ဧရာမမြွေကြီးအဖြစ် ပြောင်းလဲသွားပြီး ရစ်ခွေလိုက်သည်။ သူ ကောင်းကင်နတ်မြစ်အထက်၌ ရစ်ခွေနေစဉ် သေခြင်းအငွေ့အသက်တို့က ဟင်းလင်းပြင်တစ်လျှောက် ပျံ့နှံ့လာ၏။
ကြယ်သေတစ်လုံးက ကမ္ဘာဦးဘုံ၏ အတားအဆီးနံရံကို ထိုးဖောက်လိုက်သဖြင့် ကောင်းကင်တစ်ပြင်လုံး တုန်ခါသွားသည်။ ကြယ်သေ၏ မျက်နှာပြင်ကား ကမ္ဘာဦးဘုံ၏ ကောင်းကင်ထဲတွင် မြင်သာလာချေပြီ။
ကြယ်တွင် မှောင်မည်းမှိုင်းညို့နေပြီး အခြားကမ္ဘာမှ ကမ္ဘာဦးဘုံအတွင်းသို့ တိုးဝင်လာနေ၏။ ကမ္ဘာဦးဘုံထဲ တိုးဝင်ရောက်ရှိလာနေသော အစိတ်အပိုင်းမှာ ကြီးမားသထက် ကြီးမားလာနေသည်။ ထိုကြယ်သေက ဓာတ်ကြီးငါးပါး စနေဂြိုဟ်ပင် ဖြစ်သည်။
ဝါညစ်ညစ် ရောင်ခြည်တော်စက်ဝန်းများက ကြယ်အသေးစားလေး ၇၀၊ ၈၀ ခန့်နှင့်အတူ စနေဂြိုဟ်ကို လှည့်ပတ်နေသည်။ အဆိုပအါ ကြယ်အသေးစားတို့သည် အမှန်အားဖြင့် ကြီးမားသော်လည်း စနေကြယ်တာရာနှင့် ယှဉ်ပါက သေးငယ်လွန်းနေ၏။
ကြယ်စင်တာရာများဆီမှ ဖြန့်ကျက်နေသော အလင်းတန်းများတွင် နန်းတော်များ ဖွဲ့တည်နေကြသည်။ မြွေခန္ဓာကိုယ်ဖြင့် နတ်ဘုရားတစ်ပိုင်းများက နန်းတော်များအတွင်း ဖြန့်ကျက်နေရာယူ၍ ဗုံများ တီးခတ်လျက် အားပေးကြွေးကြော်နေကြ၏။ ဗုံသံများက အဝေးမှ လာနေသော်လည်း နားကွဲလုအောင် ဆူညံလှချေသည်။ ကောင်းကင်နတ်မြစ်တွင်ဆိုလျှင် လှိုင်းလုံးများပင် ထကြွလာသည်။
စနေဂြိုဟ်သည် သက်တမ်းအရင့်ဆုံး ကြယ်များအနက်မှ တစ်လုံး ဖြစ်သလို၊ စနေဂြိုဟ်အရှင်သခင်၏ မွေးရာဌာနေ နတ်ဘုရားကြယ်တစ်စင်းလည်း ဖြစ်၏။ သေခြင်းမဟာတာအိုမှ ထုတ်လွှတ်နေသော ရင်သပ်ရှုမောဖွယ် အလင်းတန်းများက ကြယ်တစ်စင်းလုံးအား ဖုံးလွှမ်းထားချေသည်။ စနေဂြိုဟ်အရှင်သခင်၏ ဆင့်ခေါ်မှုနှင့်အတူ ကမ္ဘာဦးဘုံထဲ ၀င်ရောက်လာသည့် စနေဂြိုဟ်၏ အစိတ်အပိုင်းများမှာ များပြားလာတော့သည်။
တစ်ခုခု ဖြစ်သွားသည်ကို ချင်မူ တမုဟုတ်ချင်း ခံစားလိုက်ရသည်။ စနေဂြိုဟ်ပေါ်လာသည့်အချိန်တွင် စနေဂြိုဟ်အရှင်သခင်၏ အရှိန်အဝါလည်း ကြီးထွားလာသည်။
သိသိသာသာပင် ဘိုးဘေးမြေများသည် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသိုင်းအခြေခံကို မြှင့်တင်ပေးနိုင်ကြ၏။
ချင်မူ မော့ကြည့်လိုက်သ်ည့အခါ စနေဂြိုဟ်၏ အလယ်ဗဟိုတွင် ဧရာမယဇ်ပလ္လင်ကြီးတစ်ဆူအား ခပ်ရေးရေး မြင်လိုက်ရ၏။ ထိုနေရာရှိ သေခြင်းမဟာတာအိုအလင်းတန်းများမှာ အသိပ်သည်းဆုံး ဖြစ်နေသည်။
ဤဧရာမယဇ်ပလ္လင်ကြီးနှင့် စနေဂြိုဟ်အရှင်သခင်အကြားရှိ ဆက်သွယ်မှုကြောင့် သွေးယဇ်ပူဇော်ခြင်း မလုပ်ဘဲ စနေဂြိုဟ်အား ကမ္ဘာဦးဘုံထဲသို့ ဆွဲခေါ်နိုင်ခြင်း ဖြစ်ပေသည်။
“ဒီယဇ်ပလ္လင်က ဖန်ဆင်းရှင်တွေရဲ့ ယဇ်ပလ္လင်နဲ့ တူလိုက်တာ” ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားမိသည်။
သူ့နောက်ရှိ ရထားလှည်းထဲတွင် လော့ရှောင်မှာ သွေးဆုပ်ဖြူလျော်စွာဖြင့် သူ့အသံအား ချင်မူ၏နားထဲသို့ ပို့လွှတ်လိုက်၏။ “အာဏာပိုင်မိသားစုတွေက သူတို့ကို အပြတ်သတ် ဖျက်စီးခဲ့တဲ့ ကြောက်စရာဖြစ်တည်မှုကို ဖန်ဆင်းခဲ့ကြတယ်...”
ချင်မူ မတွေးနိုင်ခင် အပြာရောင်ဂြိုဟ်နောက်တစ်လုံးက ကမ္ဘာဦးဘုံ၏ ကောင်းကင်ထဲသို့ ၀င်ရောက်လာသဖြင့် ကောင်းကင်မှာ ကွဲအက်လာပြန်သည်။
ကြောက်မက်ဖွယ် အသတ်အဖြတ်အရှိန်အဝါတစ်ခုသည် ကောင်းကင်အား လွှမ်းခြုံသွား၏။ ဤဂြိုဟ်အပေါ်တွင် မြွေခန္ဓာနှင့် အနီရောင်ဆံပင်များ ရှိသော နတ်ဘုရား၊ မိစ္ဆာများ ပြည့်နှက်နေသည်။ သူတို့က လက်ထဲရှိ ကျောချမ်းဖွယ်ရာ ညှင်းဆဲရေးပစ္စည်းများကို ကိုင်လျက် အော်ဟစ်နေကြလေသည်။
ဤဂြိုဟ်အပေါ်၌လည်း ဧရာမယဇ်ပလ္လင်ကြီး နောက်တစ်ခုကို ချင်မူ တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် မီးတောက်ကြီးလို အင်္ဂါဂြိုဟ်က ကမ္ဘာဦးဘုံထဲ ၀င်ရောက်လာသည်။
ဂြိုဟ်သည် မီးလောင်နေခြင်းမဟုတ်။ ဂြိုဟ်ကို လွှမ်းခြုံထားသော စက်ဆုပ်စရာ ရောဂါအငွေ့အသက်တို့ကြောင့် ထိုသို့ဖြစ်ပေါ်နေခြင်းပင်။
ထိုညစ်ပတ်နေသော လေထုထဲတွင် ဧရာမနတ်ဘုရားကြီးများ၊ မိစ္ဆာကြီးများ ထွက်ပေါ်လာကြသည်။ သူတို့၏ခေါင်းတွင် နွားချိုများ ပေါက်နေကြပြီး တူများ ကိုင်ဆောင်ထားကြ၏။ သူတို့က ရင်ဘတ်ကို တူဖြင့် ထု၍ ဗုံသံသဖွယ် မြည်နေစေသည်။
နောက်ထပ် အသံကျယ်ကြီးတစ်သံ ကြားလိုက်ရပြီး အစိမ်းရောင်ဗုဒ္ဓဟူးဂြိုဟ် ပေါ်လာပြန်သည်။ ၎င်းတွင်လည်း ရောင်ခြည်တော်စက်၀န်းများ ပါရှိပြီး ငှက်ခေါင်းဖြင့် နတ်ဘုရားတစ်ပိုင်းများက အလင်းရောင်များအတွင်း၌ အတောင်ပံများ ဖြန့်လျက် ပျံသန်းနေကြသည်။ သူတို့၏အော်ဟစ်သံများကား နားကွဲလုမတတ် ကျယ်လောင်လှချေသည်။
ရုတ်တရက် ကမ္ဘာဦးဘုံထဲသို့ သောကြာဂြိုဟ် တိုးဝင်လာသဖြင့် ကောင်းကင်မှာ နှင်းတမျှ ဖြူဖွေးသွား၏။ သောကြာဂြိုဟ်အပေါ်မှ ကျားခေါင်းဖြင့် နတ်ဘုရားမိစ္ဆာတို့က ကောင်းကင်နတ်မြစ်ဆီသို့ ခုန်ဆင်းလာကြသည်။ သူတို့သည် ကြေးပုဆိန်များကို ကိုင်ဆွဲရင်း မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြ၏။
ကြယ်တာရာအရှင်သခင်ငါးပါး၏ ဘိုးဘေးမြေတို့ကား တစ်ခုပြီးတစ်ခု ဆင်းသက်လာကြလေပြီ။
ထူးဆန်းစွာဖြင့် ဂြိုဟ်တစ်လုံးစီတိုင်း၏ အလယ်ဗဟိုတွင် ဧရာမယဇ်ပလ္လင်ကြီးများ တည်ရှိနေကြသည်။
ကြယ်တာရာအရှင်သခင်ငါးပါး၏ အရှိန်အဝါများက အရှိန်အဟုန်ပြင်းစွာ အားကောင်းလာသဖြင့် ချင်မူမှာ စိတ်လေးလာသည်။ ဤဂြိုဟ်ငါးလုံး၏ ဆင်းသက်လာမှုက ကြယ်တာရာအရှင်သခင်ငါးပါး၏ ခွန်အားနှင့် စွမ်းအားကို အဆမတန် တိုးပွားသွားစေ၏။ ထိုကြယ်တာရာငါးစင်းလုံးသာ ကမ္ဘာဦးဘုံအတွင်းသို့ အပြည့်အ၀ ၀င်ရောက်လာပါက သူတို့၏စွမ်းအားသည် မည်သို့ဖြစ်သွားလိမ့်မည်နည်း။
လော့ရှောင်က ရထားလှည်းထဲမှ ဆင်းလာကာ ချင်မူ၏အနောက်တွင် ရပ်လိုက်သည်။ ထို့နောက် ကြယ်တာရာများဆီ မော့ကြည့်ကာ ရယ်၏။ “ငါ့ဘိုးဘေးတွေ သူတို့လောဘရဲ့ အပြစ်ကြွေးတွေအတွက် ဟိုးအရင်တည်းက ပေးဆပ်ခဲ့သင့်တာ.... ကောင်းကင်နတ်အရှင်မူ၊ ဒါက ကျွန်တော့်ဘိုးဘေးတွေရဲ့ အပြစ်ကြွေးတွေပါ... နောင်တော်နဲ့ မဆိုင်ပါဘူး... သူတို့ရဲ့အပြစ်ကြွေးတွေကို ကျွန်တော်ဆပ်ခွင့်ပေးပါ..”
သူ့စကားမဆုံးခင် ချင်မူ့အရိပ်သည် ကြီးထွားလာပြီး သူ့လက်ထဲရှိ ဓားရောင်က တောက်ပဖြာထွက်သွား၏။ ထိုဓားရောင်က သူ ဓားတစ်ချက်တည်းဖြင့် နတ်ဘုရား၊ မိစ္ဆာများကို သတ်လိုက်သည့်အချိန်တုန်းကထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။ ဓားတစ်ချက်ဖြင့် သွေးပင်လယ်သည် လိမ့်တက်လာကာ ကောင်းကင်ထက်သို့ မြင့်တက်သွားလေ၏။
“ဓာတ်ကြီးငါးပါး ကြယ်တာရာအားလုံး ဆင်းသက်မလာရင် သူတို့ကို သတ်ပစ်ရမယ်... မမကြီးယန်အာ”
ချင်မူက လက်ထဲတွင် ဓားရောင်ဖြင့် အော်ဟစ်ရင်း စနေဂြိုဟ်အရှင်သခင်ဆီ ပြေး၀င်သွားသည်။ “မမကြီး စားချင်တာကို စားပစ်လိုက်... ဖက်တီးနဂါး၊ နဂါးတွေကို လွှတ်ပြီးတော့ နဂါးထိန်းကျမ်းစာကို သုံး”
ယန်အာမှာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး အစိမ်းရောင်စာကလေးသည် ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်ထံ ပျံသန်းသွားတော့သည်။ ၎င်းက တောင်ပံများကို ဖြန့်ကားလိုက်ရင်း မိုင်ပေါင်းများစွာ ရှည်လျားသော နဂါးစာကလေးတစ်ကောင် ဖြစ်လာ၏။ ၎င်း၏ခေါင်းပေါ်တွင် နဂါးစာကလေးမူလဝိညာဉ် ပျံထွက်လာသည်။
လော့ရှောင်အရှေ့ရှိ နဂါးချီလင် လက်ထဲမှ ကြိုးများကို လွှတ်ပေးလိုက်သည့်အခါ ကောင်းကင်နဂါးများမှာ ချက်ချင်း အရှုံးပေးနေကြလေသည်။ ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်များကို အနိုင်ယူနိုင်သည်ဟု ကြုံးဝါးခဲ့သည့် ဉာဏ်မပြေးသော နဂါးပင်လျှင် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးလျက် ပြောနေသည်။ “ငါတို့ သူတို့ကို မနိုင်ဘူး.... သူတို့က ရှေးဟောင်းနတ်ဘုရားတွေလေ.. ပြေးကြစို့”
နဂါးချီလင်က ခန္ဓာကိုယ်ကို လှုပ်ခါ၍ ချီလင်ခေါင်း၊ နဂါးအမြှီးဖြင့် လူသားအသွင် ပြောင်းလိုက်သည်။ သူက နဂါးထိန်ကျမ်းစာကို သုံး၍ သူတို့ကို ကြာပွတ်ဖြင့် ရိုက်ကာ အော်ငေါက်သည်။ “ခင်ဗျားတို့က ကျုပ်ထက် အဆင့်မြင့်တာတောင် ကြောက်နေကြသေးတယ်... ကျုပ်ပေါ် တက်ကြ”
နဂါးများမှာ ပျံသန်းလာကြသည်။ တစ်ကောင်က နဂါးချီလင်၏ ဘယ်လက်တွင် ရစ်ပတ်ကာ တစ်ကောင်က ညာလက်တွင် ရစ်ပတ်လိုက်သည်။ နှစ်ကောင်က သူ၏ခြေထောက်များတွင် ရစ်ပတ်လိုက်ကြပြီး ကျန်သည့်နှစ်ကောင်က သူ့ခန္ဓာကိုယ်အား ရစ်ပတ်ကာ ပခုံးတွင် ခေါင်းတင်ထားကြသည်။
နဂါးထိန်းကျမ်းစာအပြင် ကောင်းကင်နဂါးခြောက်ကောင်၏ မှော်စွမ်းအားကိုပါ ငှားယူလိုက်သည့်အတွက် နဂါးချီလင်၏ မူလဝိညာဉ်သိုင်းအဆင့်မှာ သိသိသာသာ တိုးတက်လာ၏။ တောင်ကောင်းကင်မုခ်၀၊ နဂါးသွဲ့ရေကန်နှင့် နတ်ဘုရားစီရင်ရာစင်မြင့်တို့ကို ကျော်ဖြတ်ကာ ကျောက်စိမ်းမြို့တော်၏ နတ်ကောင်းကင်ခန်းမအဆင့်သို့ တန်းရောက်သွားချေပြီ။ မူလဝိညာဉ်သည် နတ်ကောင်းကင်ခန်းမအထဲထိ ဝင်ရောက်သွားသဖြင့် နဂါးချီလင် ချီးကျူးမိလိုက်သည်။ “နဂါးထိန်းဧကရာဇ်က တကယ်ကို အံဩဖို့ကောင်းတာပဲ”
တစ်ချိန်တည်းမှာပင် ယန်အာက ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်အား ထိပ်တိုက်ရင်ဆိုင်နေချေသည်။ ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်သည် သတ်ဖြတ်ခြင်းနှင့် ဒဏ်ခတ်ခြင်းကို ထိန်းချုပ်၏။ ဤအခိုက်အတန့်တွင် သူက သူ့ဆီ ပြေးဝင်လာသော နဂါးစာကလေး၏ လက်သည်းစွယ်များကို ဖမ်းဆုပ်ကာ နဂါးစာကလေးကို ဆွဲဖြဲရန် လက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူမ၏မူလဝိညာဉ်က လေပေါ်ပျံတက်၍ သူ့အား ချုပ်နှောာင်လိုက်သည်။
ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်မှာ ချက်ချင်း ချုပ်နှောင်ခံလိုက်ရကာ မလှုပ်နိုင်တော့ချေ။
ယန်အာက လက်သည်းများဖြင့် ကုတ်ခဲထားပြီး သူ၏ဦးခေါင်းအား ထိုးဆိတ်သည်။ နောက်ဆုံးတော့ ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်မှာ ခေါင်းပေါက်သွားသဖြင့် မူးဝေလာသည်။ သူ၏မြေဝိညာဉ်၊ ကောင်းကင်ဝိညာဉ်နှင့် နတ်ဘုရားဝိညာဉ်တို့မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလေသည်။
ယန်အာက စိတ်လှုပ်တရှား အော်လျက် ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်၏ ခန္ဓာကိုယ်အား အပေါ်မြှောက်တင်၍ လွှဲယမ်းလိုက်ရင်း ခန္ဓာကိုယ်အား ဆွဲဆန့်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ မြိုချလိုက်၏။
ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်မှာ ကြီးမားပြီး ရှည်လျားလေသည်။ သူ့ခန္ဓာကိုယ် သူမပါးစပ်ထဲ ရောက်လာသည့်အခါ ယန်အာမှာ ထိုခန္ဓာကိုယ်ကြီးအား ဆန့်တန်းသွားအောင် နေရာပြင်လိုက်ရသေးသည်။ သူမအတွက် သူ့အမြီးကို ဝါးမြိုရန် အချိန်အတော် ယူလိုက်ရသည်။
သို့ထိတိုင် ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်မှာ ရှည်လျားလွန်းသဖြင့် သူ့အမြီး၏တစ်စိတ်တစ်ပိုင်းမှာ အပြင်၌ ကျန်သေးလေသည်။ ယန်အာက ထိုအပိုင်းကို ပါးစပ်ထဲသို့ အတင်းအကြပ် သိပ်ထည့်လိုက်၏။ နောက်ဆုံးတော့ အကောင်လိုက် မြိုချပြီးသွားချေပြီ။
သို့သော် သူမ လေတစ်ချက် တက်လိုက်သည့်အချိန် အမြီး ပြန်ထွက်လာပြန်သည်။
“ငါ တစ်ကောင်တည်း စားနိုင်တာပဲ...”
ယန်အာမှာ အခြားဂြိုဟ်အရှင်သခင်များအား စိတ်ပျက်စွာ ကြည့်လိုက်ရင်း ပြောနေသည်။ “ကျွင်းတူးပြီး သူတို့ကို မြေမြှုပ်ထားရင်တော့ အကြာကြီး အထားခံနိုင်တယ်”