ဓာတ်ကြီးငါးပါး၏ ကျဆုံးခန်း
Vol. 81 Ch. 1050
အခြားတစ်ဖက်တွင် ချင်မူ၏ဓားရောင်သည် စနေဂြိုဟ်အရှင်သခင်နှင့် ထိတွေ့သွား၏။ စနေဂြိုဟ်အရှင်သခင်က လျင်မြန်သွက်လက်စွာ တုံ့ပြန်၍ သူ၏မှန်ဖြင့် ချင်မူ့ဓားရောင်အား ရင်ဆိုင်သည်။ ကျန်လက်တစ်ဖက်ရှိ အလံဖြူကိုလည်း မြှောက်ပြီး ကောင်းကင်နတ်မြစ်အပေါ် စိုက်ထည့်လိုက်၏။
ဗွမ်း..
ရေပြင်မှာ ရုတ်ခြည်း ကွဲထွက်သွားပြီး ထိုအလံသည် ကောင်းကင်၏တစ်ဝက်အား လွှမ်းခြုံသွားသော အလံကြီးတစ်ရွက် ဖြစ်လာတော့သည်။ ချင်မူ့ဓားရောင်က ဝှစ်ခနဲ မှန်ကို ဖြတ်ကာ ပျောက်ကွယ်သွားသည်။ နောက်တခဏတွင် အလံကို ထိုးဖောက်လျက် ထွက်သွား၏။
တစ်ချိန်တည်းမှာပင် တတိယမျက်လုံးရှိသော ဧရာမဖန်ဆင်းရှင်ကြီးများ မရေမတွက်နိုင်အောင် ထွက်ပေါ်လကြသည်။ သူတို့၏ တတိယမျက်လုံးတို့က မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးများ ဖြစ်ကြ၏။ သူတို့ရုပ်ခန္ဓာများကား ကြံ့ခိုင်သန်မာသည့်အတွက် ချင်မူ့ဓားရောင်ကို ဖမ်းကာ ချင်မူ့ဆီ ပြန်လည်ပစ်လွှတ်လိုက်လေသည်။
စနေဂြိုဟ်အရှင်သခင်သည် ဓာတ်ကြီးငါးပါးအရှင်သခင်များအနက် ခေါင်းဆောင်ဖြစ်သည့်အလျောက် အင်အားကြီးမား၏။ ချင်မူ့ဓားတွင် မျိုးဆက်သစ် ဓားကွက်များနှင့် ဓားတာအိုတို့ ကိန်းဝပ်နေသည့်အပြင် အခြေခံဓားကွက် ၁၉ ချက်ဖြင့် ဓားကွက်များအား ဖန်တီးထားဖြစ်၏။ နှစ်ဆယ်ချက်မြောက် ဓားကွက်ကမူ ထိုဓားကွက်အားလုံးကို ပေါင်းစည်းထားသောကြောင့် သူ၏စွမ်းအင်က ဓားသွားအတွင်း ဝင်ရောက်၍ ဓားတာအိုကို ဖွဲ့တည်ပေးနိုင်ချေသည်။
သို့တိုင်အောင် စနေဂြိုဟ်အရှင်သခင်၏ အဖြူရောင်အလံမှာ ဆင့်ခေါ်မှန်နှင့် ချိတ်ဆက်နေသည်။ ဆင့်ခေါ်မှန်အတွင်း၌ ပုန်းကွယ်နေသော ဖန်ဆင်းရှင်အလောင်းများစွာ ပါရှိ၏။ ထိုဖန်ဆင်းရှင်အလောင်းတို့၏ မူလဝိညာဉ်များမှ အတိုင်းထက်အလွန် သန်မာအောင် တည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် စနေဂြိုဟ်အရှင်သခင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့သည် ချင်မူ့ဓားရောင်အား ဖမ်းကာ သူ့ဆီ ပြန်ပို့လွှတ်နိုင်ကြလေသည်။
ချင်မူ့ ဓားကွက်ကို သုံး၍ ချင်မူ့အား ပြန်လည် တိုက်ခိုက်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်များအနက် အင်အားအကြီးဆုံး ပီသပေသည်။
ယခုတွင် စနေဂြိုဟ်အရှင်သခင်၏ မွေးရပ်ဌာနေ စနေဂြိုဟ်က ဆင်းသက်လာနေပြီဖြစ်သည်။ သူ၏မှော်စွမ်းအင်က သူ၏မဟာတာအိုနှင့်အတူ တိုးပွားလာသဖြင့် သူ၏ခွန်အားသည် သိသိသာသာ တိုးတက်လာ၏။ ထို့ကြောင့် မှန်နှင့် အလံအပြင် မာယာပရိယာယ်များပါ အသုံးပြုသည့်အခအါ စနေဂြိုဟ်အရှင်သခင်အား အရေးသာစေသည်။
နောက်တခဏ၌ ချင်မူ၏တတိယမျက်လုံး ပွင့်လာပြီး သူ၏အသိစိတ်အလျဉ် ထွက်ပေါ်လာ၏။ သူ၏ကြောက်မက်ဖွယ်ရာ အသိစိတ်အလျဉ်က ချက်ချင်းဆိုသလို ဖန်ဆင်းရှင်အလောင်းများကို သိမ်းကျုံးခြုံလွှမ်းသွားသည်။
စနေဂြိုဟ်အရှင်သခင်သည် ဝိညာဉ်ချုပ်သိုင်းကွက်ကြောင့် မရေမတွက်နိုင်သော ဖန်ဆင်းရှင်အလောင်းများအပေါ် ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်၏။ သေခြင်းမဟာတာအိုကို အုပ်စိုးသော ရှေးဟောင်းနတ်ဘုရားတစ်ဦးလည်း ဖြစ်သည့်အတွက် ထိုအခါတုန်းက ဖန်ဆင်းရှင်များအား သတ်ဖြတ်ခဲ့သည့်အချိန်တွင် သူတို့၏ဝိညာဉ်များကို ထိန်းချုပ်ငှားယူပြီး ရုပ်ခန္ဓာအလောင်းတို့အား စေစားနိုင်ခဲ့လေသည်။
ဤဖန်ဆင်းရှင်တို့မှာ အာဏာပိုင်မိသားစုဝင်များ ဖြစ်ပါသော်လည်း အားလုံးနီးပါး သူ့လက်ချက်ဖြင့် သေဆုံးခဲ့ကြရ၏။
စနေဂြိုဟ်အရှင်သခင်က သူတို့ကို သုတ်သင်ရန် သေခြင်းမဟာတာအိုကို ထိန်းချုပ်ခဲ့ချေရာ ယင်းဖြစ်ရပ်သည် ကမ္ဘာဦးခေတ်ကို တုန်လှုပ်သွားစေခဲ့ဖူး၏။
ယခုတွင် ချင်မူက ထုတ်လွှတ်ထားသော အသိစိတ်အလျဉ်နှင့်အတူ ဖန်ဆင်းရှင်တို့၏ ရုပ်အလောင်းတို့အပေါ် ချက်ချင်းဆိုသလို ထိန်းချုပ်နိုင်သွားသည်။ သူက စနေဂြိုဟ်အရှင်သခင်၏ ဝိညာဉ်ချုပ်သိုင်းကွက်ကို ချိုးဖျက်ရန် မဟာဧကရာဇ်၏ ခန္ဓာကိုယ်အငှားကျင့်စဉ်ကို အသုံးချနေသည်။
ကောင်းကင်နတ်ရတနာများနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်၏ ပေါင်းစည်းထားမှုနှင့် မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်တို့က ချင်မူ့အား စနေဂြိုဟ်အရှင်သခင်၏ လှည့်ကွက်ပရိယာယ်ဟူသမျှကို ကျော်လွှားနိုင်စေသည်။ သူ၏ ဝိညာဉ်ချုပ်သိုင်းကွက်ကိုလည်း လွှမ်းမိုးထားနိုင်၏။
စနေဂြိုဟ်အရှင်သခင်မှာ အကဲခတ်မှားသွားမှန်း သိလိုက်သည်နှင့် ထိတ်လန့်လာသည်။ ထိုအခိုက်အတန့်တွင် သူ၏အလံဖြူနှင့် ဆင့်ခေါ်မှန်တို့မှာ ဓားရောင်အသုံးပြုနေသော ဖန်ဆင်းရှင်တို့ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကုန်ချေပြီ။
ဖန်ဆင်းရှင်အလောင်းများက သူ့ဆီသို့ အတန်းလိုက် ပြေးလာကြသည်။ အတန်းက ၃၃ တန်း ရှိပြီး ဓားဝင်္ကပါတစ်ခုအသွင်သဏ္ဍာန် ပေါ်လွင်နေ၏။
စနေဂြိုဟ်အရှင်သခင်က နောက်ဆုတ်မည့်အစား မာန်သွင်းဟိန်းဟောက်ရင်း ဖန်ဆင်းရှင်များထံ ပြေးဝင်သွားသည်။
ထိုဖန်ဆင်းရှင်များသည် သူ့အပိုင် အလောင်းဝိညာဉ်များ မဟုတ်ပါလော။ ထို့ကြောင့် သူ မကြောက်ပေ။
သို့သော် ဓားရောင်က မြင့်တက်လာသည်။
ဓားကိုင်၍ ဓားဝင်္ကပါ ခင်းကျင်းထားသူများက ဖန်ဆင်းရှင်များ ဖြစ်ကြသော်လည်း သူတို့ကို ထိန်းချုပ်နေသူမှာ ချင်မူပင် ဖြစ်သည်။ ချင်မူသည် ဖန်ဆင်းရှင်များကို အသုံးချ၍ စနေဂြိုဟ်အရှင်သခင်အား တိုက်ခိုက်နေချေသည်။
ဓား၀င်္ကပါသည် ချက်ချင်းဆိုလို ရုပ်လုံးပေါ်လာ၏။ ပေါ်လွင်လာသော အသွင်သဏ္ဍာန်ကား ကောင်းကင်ဘုံ ၃၃ ဘုံ ဖြစ်သည်။
စနေဂြိုဟ်မင်း၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် နာကျင်သွားသည်။ ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံသည် သူ့ခန္ဓာကိုယ်ကို အပိုင်း ၃၄ ပိုင်း ဖြတ်တောက်ပစ်ခဲ့၏။ ဓားစွမ်းအား ထုတ်လွှတ်ခံလိုက်ရသဖြင့် ဓားကွက်က ကောင်းကင်ဘုံ ၃၃ ဘုံ၏ နေ၊ လ၊ တောင်တန်းများ၊ မြစ်ချောင်းများ၊ ပန်းများနှင့် သတ္တဝါများအား ဖွဲ့တည်လိုက်ချေပြီ။
ထိုမျှအနုစိတ်လှသော မျိုးဆက်သစ်၏ ဓားသိုင်းကွက်အောက်တွင် သူ၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာမှာ မပျက်စီးဘဲ နေပါမည်လော။
စနေဂြိုဟ်အရှင်သခင်သည် သေခြင်းကို ထိန်းချုပ်သော်လည်း ဤအချိန်တွင် သေခြင်းက သူ့အနား ချဉ်းကပ်လာနေသလို ခံစားလိုက်ရ၏။
ချင်မူကား ခိုင်ဧကရာဇ်၏ ဓားကွက်ဖြင့် အသန်မာဆုံး စနေဂြိုဟ်အရှင်သခင်အား သတ်ဖြတ်နိုင်ခဲ့လေသည်။ ထို့နောက် သူ အနောက်သို့ ချာခနဲ လှည့်လိုက်သော်လည်း နောက်ကျသွားသည်။
သူ စနေဂြိုဟ်အရှင်သခင်ကို သတ်နေသည့်အချိန်မှာပဲ သောကြာဂြိုဟ်အရှင်သခင်က သူ့အား တိုက်ခိုက်သည်။
သောကြာဂြိုဟ်အရှင်သခင်က နဂါးနှစ်ကောင်ကို စီးနှင်လျက် သူ့ထံ ပြေးဝင်လာသည်။ ဧရာမနဂါးကြီးတစ်ကောင်၏ လက်သည်းစွယ်များက ချင်မူ့ခန္ဓာကိုယ်ကို ချုပ်၍ အားဖြင့် ဖိညှပ်လိုက်သည်။
ချင်မူမှာ ကောင်းကင်နတ်မြစ်၏ ရေပြင်ထက်သို့ ဖိချခံလိုက်ရပြီးနောက် လျှောတိုက်လွင့်ထွက်သွားသည်။ သောကြာဂြိုဟ်အရှင်သခင်က သူ၏ရွှေနဂါးများအပေါ် နင်းလျက် သူ့ဆီ အလျင်အမြန် ပျံချလာကာ ထပ်ဖိလိုက်သည်။ ထို့နောက် ကြေးပုဆိန်ကို မြှောက်၍ ချင်မူ့အား လူရုပ်သူရုပ် မပေါ်တော့အောင် အပိုင်းပိုင်း ခုတ်ထစ်တော့သည်။
ရွှေရောင်နဂါးတစ်ကောင်က လက်သည်းစွယ်များကို မြှောက်၍ ချင်မူ၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်အား လွှင့်ပစ်လိုက်သည်။ ထို့နောက် ရွှေရောင်နဂါးနှစ်ကောင်သည် ရွှေရောင်စက်လုံးနှစ်လုံးကို ထွေးထုတ်လိုက်ပြီး စက်လုံးများမှ ရွှေစွမ်းအင်အလင်းတန်းများက ချင်မူ့ခန္ဓာကိုယ်အား ထိုးဖောက်သွား၏။
သောကြာဂြိုဟ်အရှင်သခင်ကလည်း ကြေးပုဆိန်ကို လက်နှစ်ဖက်လုံးဖြင့် မြှောက်လျက် မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးများမှ အဖြူရောင်အလင်းတန်းများ ထွက်လာပြီး ချင်မူ့ဆီ ပြေးဝင်လာတော့သည်။
ထိုအခိုက်အတန့်တွင် ဧရာမလက်ကြီးတစ်ဖက်က သူ၏ကျားခေါင်းကို ဆုပ်ကိုင်ပြီး အနောက်သို့ ဆွဲလိုက်သည်။
သောကြာဂြိုဟ်အရှင်သခင်မှာ ရုတ်တရက်ကြီး ခေါင်းမှ ဆွဲမြှောက်ခံလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူ မော့ကြည့်လိုက်သည့်အခါ ချီလင်တစ်ကောင်၏ မျက်နှာကို မြင်လိုက်ရ၏။
နဂါးချီလင်က လက်နှစ်ဖက်လုံးဖြင့် သူ့ကျားပါးစပ်ကို ကိုင်ထားသည်။ ထို့နောက် ဘေးနှစ်ဖက်သို့ ဆွဲဖြဲ၍ ချီလင်ပုတီးစေ့နှင့် နဂါးပုတီးစေ့များအား သောကြာဂြိုဟ်အရှင်သခင်၏ ပါးစပ်ထဲ ထွေးချလိုက်သည်။
ထို့နောက် သောကြာဂြိုဟ်အရှင်သခင်၏ ပါးစပ်ကို အားသုံး၍ ပိတ်လိုက်သည်။
ထိုပုလဲနှစ်လုံးမှာ နဂါးချီလင်၏ သန့်စင်မွမ်းမံခြင်းများအား အကြိမ်များစွာ ခံစားထားရသည့်အပြင် ချင်မူသည် သူ့ကို ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်မျိုးစုံ သင်ပေးခဲ့၏၊ သူက ချင်မူ ဖွင့်လှစ်နိုင်ခဲ့သော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းမှန်သမျှအား ပထမဆုံး သင်ယူခဲ့ရသူလည်း ဖြစ်သည်။ အန္တရဝဖန်ဆင်းကျမ်းစာ၊ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်၊ ရှေးဟောင်းနဂါးကျင့်စဉ်၊ သိုင်းပညာကျင့်စဉ်၊ အမှောင်မိုကျားသုတ္တန်နှင့် ကျန်ကျင့်စဉ်များကိုလည်း သူ့ဆီမှ သင်ယူခဲ့ရသည်။
နဂါးချီလင်၏ ပုလဲနှစ်လုံးသည် နတ်လက်နက်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။ ကျောက်စိမ်းမြို့တော်အဆင့် ကောင်းကင်နဂါးခြောက်ကောင်၏ စွမ်းအားကိုလည်း ငှားယူထားသည့်အတွက် သူ၏သိုင်းအဆင့်က နတ်ကောင်းကင်ခန်းမအဆင့် ရောက်သည့်တိုင်အောင် ခမ်းနားနေတော့သည်။ ပုလဲလုံးများအတွင်းမှ စွမ်းအင်သည် သောကြာဂြိုဟ်အရှင်သခင်၏ ခံတွင်းထဲ၌ ပေါက်ကွဲသွားသဖြင့် သောကြာဂြိုဟ်အရှင်သခင်၏ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ သူ့မျက်လုံးများက မျက်လုံးအိမ်ထဲမှ ကျွတ်ထွက်လာပြီး သူ၏လည်ပင်းနှင့် အတွင်းကလီစာများလည်း စုတ်ပြတ်သပ်ကုန်သည်။
သို့သော် သူကား မသေသေးပေ။ သူ့အောက်ရှိ ရွှေနဂါးနှစ်ကောင်သည် နဂါးချီလင်၏ လက်ဝါးအပေါ် ဆင်းသက်၍ လည်ပင်းအား လိမ်ချိုးရန် ကြိုးစားနေကြ၏။ သူတို့က ရွှေစွမ်းအင်ဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်ပြီး နဂါးချီလင်အား ခေါင်းဖြတ်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။
နဂါးချီလင်၏ ပခုံးအပေါ်ရှိ ကောင်းကင်နဂါးနှစ်ကောင်က ချက်ချင်း ပါးစပ်ဖွင့်ကာ ရွှေနဂါးများကို ကိုက်သည်။ ရလဒ်အနေဖြင့် ရွှေနဂါးများ၏ခန္ဓာကိုယ်မှ သွေးတို့ ယိုစီးကျလာ၏။
သောကြာဂြိုဟ်အရှင်သခင်က နဂါးချီလင် သူ့ကို သတ်ရန် ကြိုးစားသည့်အချိန်တွင် ချုပ်နှောင်ခံထားရသည့်ကြားမှ လွတ်အောင် ကြိုးစားသည်။ သို့သော် မျက်လုံးများ မရှိတော့သည့်အတွက် ခက်ခဲနေသည်။
ကောင်းကင်နဂါးများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လျက် သောကြာဂြိုဟ်အရှင်သခင်၏ တိုက်ကွက်ကို ကာကွယ်ပေးနေသဖြင့် နဂါးချီလင်သည် မည်သည်ကိုမှ မကြောက်ချေ။ ကောင်းကင်နဂါးခြောက်ယောက်က သူ့အတွက် လက်ခြောက်ဖက်နှင့် တူပြီး သူ၏ထိန်းချုပ်မှုအောက်တွင် သူတို့ တစ်ခါမှ မသင်ဖူးသော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား ထုတ်လွှတ်နိုင်ကြ၏။ သူတို့၏ဖိနှိပ်နေမှုကြောင့် သောကြာဂြိုဟ်အရှင်သခင်အတွက် ပြန်တွန်းလှန်ရန် မဖြစ်နိုင်တော့ပေ။
အခြားတစ်ဖက်မှ အင်္ဂါဂြိုဟ်အရှင်သခင်နှင့် ကြာသပတေးဂြိုဟ်အရှင်သခင်တို့က ပြေး၀င်လာကြသည်။ အင်္ဂါဂြိုဟ်အရှင်သခင်သည် လက်နှစ်ဖက်လုံးဖြင့် တူများကို ကိုင်ဆွဲထား၏။ နွားခေါင်းနှင့်အတူ သူကား ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလေသည်။ ထိုအချိန်တွင် ငှက်ဦးခေါင်းဖြင့် ကြာသပတေးဂြိုဟ်အရှင်သခင်၏ လက်သည်းစွယ်များက နဂါးစိမ်းနှစ်ကောင်ကို ဖမ်းဆုပ်လိုက်၏။ ၎င်းတို့က လေးနှင့်မြားအဖြစ် တမုဟုတ်ချင်း ပြောင်းလဲသွားကြသည်။
ကြာသပတေးဂြိုဟ်အရှင်သခင်က အစိမ်းရောင်နဂါးမှ ပြောင်းလဲလာသည့် မြားကို ဖမ်း၍ သောကြာဂြိုဟ်အရှင်သခင်၏ ရင်ဘတ်ဆီသို့ ပစ်လွှတ်လိုက်သည်။
နဂါးချီလင်မှာ အံ့အားသင့်သွားသော်လည်း သောကြာဂြိုဟ်အရှင်သခင် အလျင်အမြန် ပြန်လည်သက်သာလာသည်ကို မြင်လိုက်ရ၏။ သူ၏ ဗလာကျင်းနေသော မျက်လုံးအိမ်အတွင်းတွင် မျက်လုံးနှစ်လုံးက လျင်မြန်စွာ ဖွဲ့တည်လာချေပြီ။
‘ကြာသပတေးဂြိုဟ်အရှင်သခင်က ရှင်ခြင်းနဲ့ စတေးခြင်း မဟာတာအိုကို ထိန်းချုပ်တဲ့ ရှေးဟောင်းနတ်ဘုရားပဲ... သူက သောကြာဂြိုဟ်အရှင်သခင်ကို သတ်ဖို့မဟုတ်ဘဲ ပြန်ကုဖို့ မြားနဲ့ပစ်လိုက်တာ'
သောကြာဂြိုဟ်အရှင်သခင်၏ ခွန်အားသည် အပြည့်အ၀ ပြည့်သွားသည့်အပြင် တိုးပွားလာသေး၏။ အင်္ဂါဂြိုဟ်အရှင်သခင်နှင့် ကြာသပတေးဂြိုဟ်အရှင်သခင်တို့ ပြေးဝင်လာသည့်အခါ နဂါးချီလင်မှာ အင်အားမမျှတော့ချေ။
ထိုအခိုက်အတန့်တွင် ၀၀တုတ်တုတ် နဂါးစာကလေးတစ်ကောင် ပျံသန်းလာသည်။ ၎င်း၏ လက်သည်းများက ကြာသပတေးဂြိုဟ်အရှင်သခင်အား ဖမ်းလိုက်ရာ အင်္ဂါဂြိုဟ်အရှင်သခင်မှာ မှောက်ရက်လဲသွားသည်။ ငှက်နှစ်ကောင် လေထုထဲတွင် အချင်းချင်း တိုက်ခိုက်နေကြသဖြင့် ငှက်အော်သံများ ဆူညံလာသည်။
ကြာသပတေးဂြိုဟ်အရှင်သခင်မှာ ယန်အာ ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်အား သတ်ဖြတ်စားသောက်ခဲ့ပုံကို မြင်ရသဖြင့် သူမအပေါ် ကြောက်နေသည်။ ယန်အာသည် ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်ကို စားပြီးနောက် စာကလေးတောင်ပံများဖြင့် လုံးလုံးလေး ဖြစ်လာခဲ့၏။ အလေးချိန်ကြောင့် သူမမှာ ခက်ခက်ခဲခဲ ပျံသန်းနေရရာ ကြာသပတေးဂြိုဟ်အရှင်သခင်မှာ သတ္တိရှိလာတော့သည်။
‘ငါ့ဘိုးဘေးကြယ် ရောက်လာတဲ့အထိ တောင့်ခံထားနိုင်ရင် ဒီငှက်စုတ်ကို သတ်ပစ်လို့ရတယ်’ ကြာသပတေးဂြိုဟ်အရှင်သခင်က စိတ်ပိုင်းဖြတ်လိုက်သည်။
အင်္ဂါဂြိုဟ်အရှင်သခင်သည် နဂါးချီလင်ဘေးသို့ ပျံသန်းသွားကာ သူ၏တူများဖြင့် တိုက်ခိုက်၏။ ထိုတစ်ချိန်တည်းမှာပင် ရှင်းရှင်းလင်းလင်း သေသွားခဲ့သည့် ချင်မူသည် ပြန်မွေးဖွားလာသကဲ့သို့ သူတို့ဆီ ပြေးဝင်လာလေသည်။
ချင်မူ၏ အစဉ်မပြတ်ပြောင်းလဲနေသည့် လက်ဖဝါးကို တွေ့မြင်လိုက်ရသည့်အခါ အင်္ဂါဂြိုဟ်သခင်မှာ ထိတ်လန့်သွားသည်။ မရေမတွက်နိုင်သော ချင်မူ၏ ပုံရိပ်များက တိုက်ကွက်များစွာကို တစ်ပြိုင်နက် ထုတ်လွှတ်နေသည့်အလား ထင်ရချေသည်။
ရုတ်တရက် ၎င်းတို့က ပေါင်းစည်းသွားပြီး သူ၏တူများကို ဖြတ်၍ သူ့ရင်ဘတ်ဆီသို့ ထိုးချလိုက်သည်။
အင်္ဂါဂြိုဟ်အရှင်သခင်မှာ သူ့အရိုးများ ကျိုးကြေသွားသည်ကို ခံစားလိုက်ရပြီးနောက်် လွင့်ထွက်သွား၏။
ချင်မူက လက်နှစ်ဖက်ကို ရှစ်ဖက်အထိ ခွဲထုတ်လျက် အနောက်မှ လိုက်လာသည်။ သင်္ကေတအမှတ်အသားများ အသက်သွင်းခံလိုက်ရပြီး ကောင်းကင်နတ်သိုင်းမျိုးစုံက အင်္ဂါဂြိုဟ်အရှင်သခင်အပေါ် စုပြုံကျရောက်သွားသည်။
အင်္ဂါဂြိုဟ်အရှင်သခင်မှာ ကောင်းကင်ဘုံများ အပေါ်မှ ဖိချနေသကဲ့သို့ တစ်ကိုယ်လုံး လေးလံလာသည်ကို ခံစားလိုက်ရသည်။ မကြာမီ ကောင်းကင်နတ်သိုင်းများက သူ့ဆီ ပြေးဝင်လာသဖြင့် သူ့တစ်ကိုယ်လုံး စုတ်ပြဲပေါက်ထွက်ကုန်သည်။
ချင်မူက လက်ရှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏တတိယမျက်လုံးက အလင်းတန်းများ ထုတ်လွှတ်ကာ အင်္ဂါဂြိုဟ်အရှင်သခင်၏ အပေါ်တွင် ကောင်းကင်တစ်ခု ဖွဲ့တည်လိုက်သည်။
အင်္ဂါဂြိုဟ်အရှင်သခင်မှာ ပြင်းထန်လှသော သံလိုက်ဖိအားကို ခံစားလိုက်ရသော်လည်း သူ၏ခန္ဓာကိုယ်မှာ ကောင်းကင်နတ်မြစ်အပေါ် ကျမသွားပေ။ ထိုအစား ကောင်းကင်ထက်သို့ မြင့်တက်သွား၏။
သူ၏ခြေလက်များ ပြန့်ကားလာပြီး သူ၏ခန္ဓာကိုယ်မှာ ကြီးမားလာသည်။
ထို့နောက် ကောင်းကင်တာအို၏ အသံကို ကြားလိုက်ရသည်။ အသံသည် ကောင်းကင်နယ်စားမင်း၏ မဟာတာအိုမှ တာအိုသံဖြစ်ကာ ထူးဆန်းနက်နဲလေသည်။
သူ့မှာ မော့ကြည့်ချင်သော်လည်း ခေါင်းအား လှည့်မရချေ။
မျက်လုံးများကို ရွေ့လျားကြည့်လိုက်သည့်အခါ အင်္ဂါဂြိုဟ်၏ ရောဂါဘဝမဟာတာအိုဖြင့် သွန်းလုပ်ထားသော သူ၏တူများမှာ ပါးလွှာသော စာရွက်များပမာ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။
သူ၏တာအိုလက်နက်သာ စာရွက်အဖြစ် ပြောင်းလဲသွားခြင်းမဟုတ်၊ သူ၏ခန္ဓာကိုယ်မှာလည်း ပါးလွှာသထက် ပါးလွှာလာသည်။
သူ၏ခန္ဓာကိုယ်မှာ မြင့်တက်နေဆဲ ဖြစ်သည်။ ထိုအမြန်နှုန်းဖြင့်ဆိုလျှင် ကမ္ဘာဦးဘုံအပြင်သို့ ရောက်ရှိနေရမည်ဖြစ်သော်လည်း ငုံ့ကြည့်လိုက်သည့်အခါ ချင်မူ ရပ်နေသည့် ကောင်းကင်နတ်မြစ်ပေါ်တွင်သာ ရှိနေသေး၏။
သူ၏အမြင်မှာ မှုန်ဝါးသထက် မှုန်ဝါးလာသည်။ လေဟာနယ်အထပ်ထပ်က သူ၏မျက်လုံးများကို ဖုံးအုပ်ထားသည့် အလားပင်။
သူ့မှာ အဆုံးမရှိ မြင့်တက်နေသလို ခံစားနေရသည်။ ဤအခိုက်အတန့်တွင် သူသည် အထူမရှိသော စာရွက်တစ်ရွက်ပမာပင်။ သူ့အတွေးများပင်လျှင် အဆုံးမဲ့အောင် ပါးလွှာ၍ နူးညံ့သည်အထိ ဆွဲဆန့်ခံထားရ၏။
နောက်ဆုံးတွင် သူ့မှာ ကောင်းကင်ထက်တွင် ရပ်တန့်သွားပြီး ထာဝရခတ်နှိပ်ခံထားရသကဲ့သို့ ထိုနေရာတွင် တည်ရှိနေတော့သည်။
ချင်မူက လက်ဆန့်တန်း၍ သူ့ကို ဖမ်းဆုပ်လိုက်ရာ ကောင်းကင်မှာ ပြိုကွဲသွား၏။ ထို့နောက် ချင်မူကား ချာခနဲ လှည့်ထွက်သွားလေသည်။
ဤသည်မှာ ချင်မူ၏ လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်းမှ စတုတ္ထကောင်းကင်ဘုံ ဖြစ်ပေသည်။
ချင်မူ လှည့်ထွက်သွားသော အခိုက်အတန့်တွင် လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်း၏ တတိယကောင်းကင်ဘုံက ဖွဲ့တည်သွားပြီဖြစ်သည်။
ဤသိုင်းကွက်ကို အသုံးချလိုက်သည့်အခါ ကောင်းကင်နတ်မြစ်သည် ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ရေစီးကြောင်းများ ရပ်တန့်သွား၏။ ရေစီးကြောင်းတို့သည် ကောင်းကင်နတ်မြစ်မှပင် ခွဲထွက်၍ အသေးစား ကောင်းကင်နတ်မြစ်လေးတစ်စင်းအဖြစ်ပင် ပေါ်ပေါက်လာလေသည်။
ထိုအသေးစား ကောင်းကင်နတ်မြစ်က နဂါးစိမ်း၊ ကျားဖြူ၊ မဟူရာလိပ်နှင့် မီးငှက်တို့ အသီးသီး ထွက်ပေါ်လာသော ၀င်ရိုးစွန်းလေးခုဆီသို့ ဖြာဆင်းသွားသည်။ ထိုနောက် ဧရာမစက်ဝိုင်းကြီးတစ်ခုအသွင် ပေါ်လွင်လာသည်။
ချင်မူ့ခန္ဓာကိုယ်က ကောင်းကင်နတ်မြစ် ဖန်တီးထားသော စက်ဝိုင်းအလည်တွင် ရပ်နေပြီး သူ၏မဟာတာအိုသင်္ကေတများသည် ရှေးဟောင်းနတ်မင်းလေးပါးတည်ရှိသည့် ၀င်ရိုးစွန်းလေးခုအပေါ်၌ ရှိနေ၏။ သူက ကောင်းကင်နတ်မြစ်၏ စွမ်းအားနှင့် နတ်မင်းလေးပါး၏ တာအိုကို အသုံးချကာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သဖွယ် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုစည်းမျဥ်းများကို ထိန်းချုပ်လိုက်သည်။
ကောင်းကင်နတ်မြစ်၏ ၀င်ရိုးစွန်းလေးခုအမြင်။
ချင်မူက ထိုသိုင်းကွက်ကို အသုံးချ၍ အသေအကြေတိုက်ခိုက်နေသော နဂါးချီလင်နှင့် သောကြာဂြိုဟ်အရှင်သခင်တို့အား ကောင်းကင်နတ်သိုင်းအတွင်း ဆွဲသွင်းလိုက်သည်။
တိုက်ပွဲတစ်ခုလုံး ရှင်းလင်းသွားရန် တခဏသာ ကြာလိုက်သည်။
စောစောကတုန်းက ခုခံသူ၊ တိုက်ခိုက်သူများမှာ မကြာခဏ ပြောင်းလဲနေသဖြင့် တိုက်ပွဲအခြေအနေကို မှန်းရခက်ခဲ့သည်။
အသက်ပေး၍ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားသော လော့ရှောင်အတွက်ဆိုလျှင် ပိုမှန်၏။ သူ့မှာ တိုက်ပွဲကို စောင့်ကြည့်ရုံသာ တတ်နိုင်သောကြောင့် ဝင်ကူညီပေးရန် အခွင့်ကောင်းရှာမရ ဖြစ်နေခဲ့သည်။
ချင်မူ ကောင်းကင်နတ်မြစ်၏ ၀င်ရိုးစွန်းလေးခုအမြင်ကို သုံးလိုက်သည့်အခါမှသာ သူ့မှာ ဝင်ကူညီပေးရန် အခွင့်အရေးရလိုက်သ်ောလည်း ထိုအချိန်တွင် ချင်မူနှင့် နဂါးချီလင်သည် သောကြာဂြိုဟ်အရှင်သခင်အား ကောင်းကင်နတ်သိုင်းထဲ၌ ပူးပေါင်းသတ်ဖြတ်ပြီးချေပြီ။
ချင်မူမှာ စိတ်ကိုပြန်ထိန်းရင် ညည်းတွားလိုက်သည်။ ထိုအချိန်တွင် ကြာသပတေးဂြိုဟ်အရှင်သခင်က နဂါးစာကလေးအား ကန်ထုတ်လိုက်ကာ ကမ္ဘာဦးဘုံအတွင်းသို့ အများစုဝင်ရောက်နေပြီဖြစ်သော ကြာသပတေးဂြိုဟ်ဆီသို့ ပျံသန်းသွား၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း သေပြီပဲ”
“မင်းက ရှေးဟောင်းနတ်ဘုရားတွေကို သတ်ဖို့ ဖန်ဆင်းရှင်တွေနဲ့ ပေါင်းကြံခဲ့တယ်... ကောင်းကင်နတ်ဧကရာဇ်က မင်းမိသားစုကို သတ်လိမ့်မယ်... မင်းရဲ့ လူသားမျိုးနွယ်လည်း မျိုးသုဉ်းရလိမ့်မယ်”
ယန်အာက သူ့အနောက်မှ ပြေးလိုက်သော်လည်း မောပန်းနေသဖြင့် အရှိန်မတင်နိုင်တော့ပေ။
နဂါးချီလင်ကလည်း လိုက်ဖမ်း၏။ ယန်အာ့ကို မှီသွားသော်လည်း ကြာသပတေးဂြိုဟ်အရှင်သခင်အား လိုက်မမီချေ။
ကြာသပတေးဂြိုဟ်အရှင်သခင်မှာ မြန်သထက်မြန်လာသည်။ သူသာ ကြာသပတေးဂြိုဟ်ဆီ ရောက်သွားပါက သူ၏မွေးရပ်ဌာနေကြောင့် ချင်မူနှင့်အခြားသူများ ပြိုင်တူတိုက်ခိုက်လာမည်ကို ကြောက်စရာမလိုချေ။
ထိုစဉ် ဧရာမခန္ဓာကိုယ်ကြီးတစ်ခုက ယန်အာ့ဘေးမှ ပျံသွားပြီး နဂါးချီလင်ကို ကျော်သွားချေသည်။
နဂါးချီလင်မှာ ဆွံ့အလျက် ငေးကြောင်အံ့ဩနေတော့သည်။ ပျံသန်းသွားသော ထိုန္ဓာကိုယ်မှာ လူတစ်ယောက် မဟုတ်ဘဲ ချင်မူခေါ်လာခဲ့သည့် လော့ရှောင်ဟူသည့် လူငယ်ပင် ဖြစ်သည်။
ထိုလူငယ်သည် ဧရာမခန္ဓာကိုယ်ကြီးဖြင့် ကောင်းကင်ဆီသို့ ပျံတက်နေသည်ကို သူ မြင်နေရ၏။ နောက်ဆုံးတွင် သူကား ကြာသပတေးဂြိုဟ်အရှင်သခင်ထက် များစွာ ကြီးမားသွားချေပြီ။ ဓာတ်ကြီးငါးပါး ကြယ်ငါးစင်းပင်လျှင် သူနှင့်ယှဉ်ပါက မပြောပလောက်တော့ပေ။
ချင်မူ မော့ကြည့်လိုက်သည်။ ကမ္ဘာဦးခေတ်၏ ဘီလူးများ၊ ကမ္ဘာဦးဖန်ဆင်းရှင်များကား နှစ်ပေါင်းများစွာကြာပြီးနောက် ကမ္ဘာဦးဘုံ၏ ကောင်းကင်ထက်တွင် တဖန်ပေါ်လာခဲ့ချေပြီ။
လော့ရှောင်က လက်ဆန့်တန်း၍ ကြာသပတေးဂြိုဟ်ထံ အလောတကြီး သွားနေသော ကြာသပတေးဂြိုဟ်အရှင်သခင်အား ဖမ်းဆုပ်လိုက်လေ၏။