အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲ
Vol. 81 Ch. 1051
“သူက တကယ့် ဖန်ဆင်းရှင်အစစ်ပဲ”
ကြာသပတေးဂြိုဟ်အရှင်သခင်မှာ လော့ရှောင်၏ ဖမ်းချုပ်ခြင်းခံလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ဤဖန်ဆင်းရှင်သည် သူ ယခင်က ရင်ဆိုင်ခဲ့ဖူးသော ဖန်ဆင်းရှင်များထက် များစွာသန်မာအားကောင်း၏။ အရည်အချင်းရှိသော ဖန်ဆင်းရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။
သို့သော် ဖန်ဆင်းရှင်များနှင့် ရင်ဆိုင်ရန် ရှေးဟောင်းနတ်ဘုရားတို့တွင် လှည့်ကွက်များ ရှိချေသည်။
ဖန်ဆင်းရှင်များသည် တာအို သို့မဟုတ် ကောင်းကင်နတ်သိုင်းများကို မကျင့်ကြံကြပေ။ အသိစိတ်အလျဉ်ကိုသာ ကျင့်ကြံ၍ ရုပ်ခန္ဓာများအား ပြုပြင်မွမ်းမံကြခြင်း ဖြစ်၏။ သူတို့အနေဖြင့် အရာ၀တ္ထုများကို မြင်ယောင်ဖန်ဆင်းနိုင်သော်လည်း မူလဝိညာဉ် မရှိသောကြောင့် ဝိညာဉ်အားနည်းကြသည်။ ဖန်ဆင်းရှင်တို့မှာ သန်မာသော်လည်း တစ်ချိန်တည်းမှာပင် အားနည်းကြ၏။
ကြာသပတေးဂြိုဟ်အရှင်သခင်သည် ရှင်သန်ခြင်းနှင့် စတေးခြင်းတာအိုကို ထိန်းချုပ်၏။ လော့ရှောင် သူ့ကို ချုပ်လိုက်သည့်အခါ လော့ရှောင်၏ လက်ဝါးက ပြန့်ကားလာသည်။ တခဏအတွင်း ၎င်းသည် မူလအရွယ်အစားထက် လေး၊ ငါးဆ ကြီးမားလာသဖြင့် လော့ရှောင်၏ ရုပ်ခန္ဓာ ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်သွား၏။
ကြွက်သားများက သူ့အရိုးများကို ဖိချေလိုက်သဖြင့် ထိုလက်ဖဝါးမှာ ကျိုးကျလာသည်။
ထိုမျှသာမက သူ၏လက်မောင်းသည်လည်း ပြန့်ကားလာ၏။ ပြန့်ကားမှုက သူ့လက်မောင်းတလျှောက် လှိုင်းလုံးသဖွယ် ပျံ့နှံ့သွားပြီး သူ၏ရုပ်ခန္ဓာကိုလည်း ကြီးထွားလာစေသည်။
လော့ရှောင်၏ ရုပ်ခန္ဓာမှာ ကြီးမားနေပြီဖြစ်သော်လည်း ကြာသပတေးဂြိုဟ်အရှင်သခင်က အသက်တာအိုကို အသုံးပြု၍ သူ၏ရုပ်ခန္ဓာအား ပိုမိုကြီးထွားလာအောင် လုပ်ကာ သူ့အလိုလို ပြိုပျက်သွားစေသည်။
ရှေးဟောင်းကမ္ဘာဦးခေတ်တွင် ဤလှည့်ကွက်သည် အမြဲအောင်မြင်ခဲ့၏။ သွေးသံချေးဇုန်တိုက်ပွဲမှာတုန်းက ဖန်ဆင်းရှင်ပေါင်း မရေမတွက်နိုင်အောင် သူ့ဆီ ပြေးဝင်လာကြသော်လည်း သူ့အနား မရောက်နိုင်ခင် ခန္ဓာကိုယ်များ အလိုအလျောက် ပြိုပျက်ကုန်ကာ အသားပြားများအဖြစ် စကြဝဠာထဲပ လွင့်မျောခဲ့ကြရသည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ထိုတိုက်ပွဲမှာ သမိုင်းကြောင်းတွင် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံး ဖြစ်နေသေးချေသည်။
ထိုတိုက်ပွဲ၌ အောင်နိုင်ခဲ့ခြင်းက ရှေးဟောင်းနတ်ဘုရားတို့အား ထိုအချိန်မှစ၍ စကြ၀ဠာတစ်ခုလုံးကိူ အုပ်စိုးစေနိုင်ခဲ့သည်။
နဂါးဟန်ခေတ်နှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာခေတ်အကြား နှစ်များအတွင်း ရှေးဟောင်းနတ်ဘုရားတို့သည် တစ်လောကလုံးကို လွှမ်းမိုးခဲ့ကြ၏။
ယင်းကား သွေးသံချေးဇုန်၏ ရလဒ်ဖြစ်ပေသည်။
လော့ရှောင်သည် ကြာသပတေးဂြိုဟ်အရှင်သခင်၌ လှည့်ကွက်များရှိသည်ကို သိထားသဖြင့် သူ့ကို ချုပ်ပြီးသည်နှင့် အဝေးသို့ တွန်းထုတ်လိုက်သည်။ ကြာသပတေးဂြိုဟ်အရှင်သခင်က သူ့လက်ထဲမှ လွတ်ထွက်သွားလေသည်။ ထိုအချိန်တွင် သူ၏လက်မှာ ကြွက်သားများ မရှိတော့ဘဲ အရိုးများသာ ကျန်ရစ်ခဲ့၏။ ကြွက်သားများ ပြိုပျက်နေမှုက သူ့ပခုံးထိပါ ပျံ့နှံ့နေချေပြီ။
လော့ရှောင်က ပြိုပျက်မှု ပျံ့နှံ့မသွားရန် နတ်ဓားတစ်လက်ကို မြင်ယောင်ဖန်ဆင်း၍ နောက်လက်တစ်ဖက်ကို မြှောက်ကာ ပျက်စီးနေသော သူ့လက်ကိုသူ ပြတ်ပြတ်သားသား ဖြတ်ချလိုက်သည်။
ကြာသပတေးဂြိုဟ်အရှင်သခင်သည် တွန်းထုတ်ခံလိုက်ရပြီးနောက် တောင်ပံတဖျတ်ဖျတ်ခတ်လျက် ဟန်ချက်ထိန်းလိုက်သော်လည်း လော့ရှောင်၏ အသိစိတ်အလျဉ်က ကြယ်တာရာများကို မြင်ယောင်ဖန်ဆင်း၍ သူ့ဆီ ပြေးဝင်သွားစေလိုက်ရာ သူ့အား ကမ္ဘာဦးဘုံဆီ ဆက်လက်ပြုတ်ကျသွားစေတော့သည်။
လော့ရှောင်သည် ခန္ဓာကိုယ် ပြန်ကျုံ့နေစဉ် ဥက္ကာခဲများစွာ ထပ်မံမြင်ယောင်ဖန်ဆင်းလျက် ကြာသပတေးဂြိုဟ်အရှင်သခင်ဆီ ပစ်လွှတ်နေသည်။ ကြာသပတေးဂြိုဟ်အရှင်သခင် ဒေါသတကြီး အံ့အားသင့်နေသည့်အချိန် ရုတ်တရက် ပုလဲနှစ်လုံးက သူ၏နောက်စေ့ကို တိုက်ခိုက်လိုက်သည်။ သူ့အနောက်တွင်ကား နဂါးချီလင် ဖြစ်ချေသည်။
ကြာသပတေးဂြိုဟ်အရှင်သခင် ငေးကြောင်နေစဉ် သူ၏ဝိညာဉ်များ ပြိုကွဲသွားသည်။ ယန်အာက သူ့ထံ ပျံသန်းလာပြီး ချင်မူ့ဓားရောင် ကြာသပတေးဂြိုဟ်အရှင်သခင်ဆီ ပြေးဝင်လာသည့်တစ်ချိန်တည်းမှာပင် လက်သည်းများ ထုတ်ကာာ လှမ်းဆုတ်ဖြဲလိုက်သည်။ သူတို့ကား ဓားတစ်ချက်တည်းဖြင့် သူ၏ဝိညာဉ်သုံးခုလုံးကို သတ်ဖြတ်လိုက်တော့၏။
လော့ရှောင်က မြင်ယောင်ဖန်ဆင်းနေခြင်းကို ရပ်တန့်ကာ ဆင်းသက်လာသည်။ သူက လက်ပြတ် သွေးတိတ်အောင် အဝတ်တချို့ ဆွဲဖြဲ၍ စည်းနှောင်လိုက်၏။ ထို့နောက် ချင်မူ့အား ဦးညွှတ်အရိုအသေပေးသည်။ “ကောင်းကင်နတ်အရှင်မူ၊ ကျွန်တော့်သရုပ်မှန်ကို သိသွားကြပြီဆိုတော့ ရှေးဟောင်းနတ်ဘုရားတွေက ကျွန်တော်တို့ ဘယ်သွားလဲသိရအောင် ကျွန်တော့်ကို လာရှာပြီး သတ်ကြလိမ့်မယ်.... ကျွန်တော် သိပ်မနေရလောက်တော့ဘူး... နောင်တော့်ကို ဒီထဲဆွဲထည့်မိတဲ့အတွက် စိတ်မကောင်းပါဘူး... ဒီဘ၀မှာ အကြွေးပြန်မဆပ်နိုင်တော့ဘူးထင်ပါတယ်... နှုတ်ဆက်ခဲ့ပါတယ်ဗျာ”
ချင်မူက ပြုံးသည်။ “ဖန်ဆင်းရှင်လော့ရှောင်၊ ငါတို့က မျိုးနွယ်တူတွေပါ... ဘာလို့အလောတကြီး ထွက်သွားမှာလဲ... နောင်တော်ရဲ့ ဘိုးဘေးနန်းတော်ကို မရှာတော့ဘူးလား... ငါ့အကူအညီမပါရင် မင်း ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး”
လော့ရှောင်မှာ ရင်တဒိန်းဒိန်း ခုန်သွားပြီး ရပ်လိုက်မိသည်။
ချင်မူက ပြုံးသည်။ “မင်းကို ကူညီနိုင်တဲ့ တစ်ဦးတည်းသောသူက ငါပဲ... မင်းရော၊ ငါရောရဲ့ ရန်သူတွေက ရှေးဟောင်းနတ်ဘုရားတွေမဟုတ်လား...ပေါင်းကြံကြရအောင် ဖွဟဲ့ ဖွဟဲ့..... ဘုံရန်သူကို အတူရင်ဆိုင်ကြရအောင် ပြောတာ... ငါတို့ တစ်ယောက်ကိုတစ်ယောက် အကူအညီပေးနိုင်လောက်မယ်ထင်တယ်”
လော့ရှောင်က သူ့ကို ကြောင်တောင်တောင် ကြည့်နေသည်။ ချင်မူ ရထားလှည်းဆီ လျှောက်သွား၍ ကန့်လန့်ကာများ ဖွင့်လိုက်သည်။ လော့ရှောင်မှာ တုံ့ဆိုင်းနေပြီးနောက် အံကြိတ်ကာ လိုက်ဝင်လာသည်။
နဂါးချီလင်က နဂါးထိန်းကျမ်းစာကို သိမ်းဆည်း၍ ကောင်းကင်နဂါးများကို ရထားလှည်း၌ ချည်လိုက်သည်။ ယန်အာသည် ဓာတ်ကြီးငါးပါး ကြယ်တာရာဂြိုဟ်အရှင်သခင်များ၏ ခန္ဓာကိုယ်တို့ကို လိုက်လံသိမ်းဆည်းရင်း တွေးတောနေ၏။ “အကြာကြီး အထားခံလောက်ပါတယ်”
ရုတ်တရက် ကောင်းကင်ထက်မှ ပြင်းပြင်းထန်ထန် ထစ်ချုန်းသံတစ်ချက် ကြားလိုက်ရသည်။ နဂါးချီလင်နှင့် ယန်အာတို့ မော့ကြည့်လိုက်ရာ သေကြာဂြိုဟ၊ ဗုဒ္ဓဟူးဂြိုဟ်၊ စနေကြယ်နှင့် အခြားနတ်ဘုရားဂြိုဟ်များသည် ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်များ၏ ဆင့်ခေါ်ခြင်း မရှိတော့သည့်အတွက် ကမ္ဘာဦးဘုံအတားအဆီးနံရံ၏ ထက်၀က် ပိုင်းဖြတ်ခြင်းခံလိုက်ရလေသည်။
၎င်းတို့အပေါ်ရှိ ဓာတ်ကြီးငါးပါးနတ်ဘုရားတို့မှာ ဘေးကင်းရာသို့ စွန့်ခွာသွားကြသော်လည်း အတော်များများမှာ အတားအဆီးနံရံ ပိုင်းဖြတ်ခြင်းခံလိုက်ရ၏။ ပိုင်းဖြတ်ခံလိုက်ရသော ဂြိုဟ်ငါးလုံးမှာ ကောင်းကင်အလယ်တွင် ရပ်တန့်နေတော့သည်။
နဂါးချီလင်က ၎င်းတို့၏ ဦးတည်ရာလမ်းကြောင်းကို တွက်ချက်၍ ရထားလှည်းပေါ်သို့ “ရိက္ခာ” များ တင်နေသော ယန်အာ့ဆီ လှမ်းပြော၏။ “လာမယ့်နှစ်ငါးထောင်အတွင်း အဲ့ဒီကြယ်တွေ တစ်စင်းပြီးတစ်စင်း ကမ္ဘာဦးဘုံထဲ ပြုတ်ကျလာလိမ့်မယ်... အခုလမ်းကြောင်းက အတော်လေး စိုးရိမ်ရတယ်”
ယန်အာသည် အဖက်ပင် မလုပ်ပေ။ သူမမှာ အစိမ်းရောင်စာကလေး၀တုတ်ဖြစ်နေပြီး နဂါးချီလင်ဘေးသို့ ခက်ခက်ခဲခဲ ပျံသန်းလာ၍ ပြောသည်။ “အဲ့အချိန် ငါတို့ ထွက်သွားပြီနေပြီ... ငါအမေကို မြန်မြန်သွားရှာကြစို့”
နဂါးချီလင်က တုံ့ဆိုင်းနေပြီးနောက် ခပ်တိုးတိုး ပြော၏။ “ကျွန်တော်တို့ ဒီတစ်ခါ ပြဿနာအကြီးကြီး ရှာလိုက်တာဗျ... ဒီမှာ ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်တွေကို သတ်ခဲ့တာကို ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေနဲ့ မြေအောက်ဘုံအရှင်သခင်တို့ မသိအောင် လျှို့ဝှက်ထားလို့မရဘူး... ကောင်းကင်နတ်ဘုံနဲ့ တခြားရှေးဟောင်းနတ်ဘုရားတွေ မကြာခင် သိသွားကြလိမ့်မယ်... ကျွန်တော်တို့ ကောင်းကင်နတ်ဘုံဆီ သွားလို့မရလောက်တော့ဘူး”
ယန်အာမှာ ကြောင်အစွာဖြင့် ချင်မူ့ကို ကြည့်လိုက်သည်။
ချင်မူ့အသံ ထွက်လာသည်။
“မမကြီးယန်အာ၊ ကျွန်တော်တို့ ဘိုးဘေးနန်းတော်ကို အရင်ရှာရမယ်... မမကြီးအမေနဲ့ တွေ့ဖို့ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ”
ယန်အာမှာ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
နဂါးချီလင်က မေး၏။ “ဂိုဏ်းသခင်၊ ဘိုးဘေးနန်းတော်က ဘယ်မှာလဲ”
“အဲ့ဒါက ကောင်းကင်နတ်ဘုံ ဘယ်လောက်မြင့်သလဲအပေါ် မူတည်တယ်”
ချင်မူက ပြော၏။ “ဘိုးဘေးနန်းတော် ဘယ်မှာလဲသိရဖို့ နဂါးဟန်ကောင်းကင်နတ်ဘုံ ဘယ်လောက်မြင့်လဲ သိဖို့လိုတယ်... မဟာကြယ်မြေပုံထဲက ယိုတု၊ ရွှမ်တု၊ ၀င်ရိုစွန်းလေးခု၊ ကမ္ဘာဦးဘုံနဲ့ အဆုံးသတ်မြို့ပျက် ဘယ်နေရာမှာရှိလဲ ငါသိပြီးပြီ... နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ မူလအမြင့်ကိုပဲ မသိသေးတာ... ဒါပေမဲ့ အခု ငါတို့ ဒီကိုရောက်ပြီဆိုတော့ တည်နေရာအတိအကျ တိုင်းတာဖို့ မခက်ခဲဘူး”
သူက ရထားလှည်းပြတင်းပေါက်ကို ဖွင့်၍ ကောင်းကင်နတ်မြစ်တလျှောက်ရှိ ကောင်းကင်နတ်ဘုံကို ကြည့်လိုက်သည်။ သူ့အကြည့်က မှေးမှိန်နေ၏။ “အခု သူတို့သေသွားတာကို ကောင်းကင်နတ်ဘုံ သိသွားပြီဆိုတော့ ငါတို့ကို ဖမ်းဖို့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားတွေ အများကြီးလွှတ်လိုက်လိမ့်မယ်.... ဒီထက် နီးနီးသွားကြစို့.... ဒါပေမဲ့ ငါတို့ ဒီကိုရောက်နေပြီဆိုတော့ နေရာအတိအကျကို တိုင်းတာဖို့ ခက်ခဲမှာမဟုတ်ဘူး”
နဂါးချီလင်မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရထားလှည်းအား ကောင်းကင်နတ်ဘုံဆီ မောင်းနှင်သွားသည်။ ‘ငါတို့ အချိန်မီ ထွက်မပြေးနိုင်ရင်ရော.... ရှေးဟောင်းနတ်ဘုရားတစ်ပါးကို သတ်တာက ဒီခေတ်မှာ တော်တော်လေး ဂယက်ရိုက်စေမှာပဲ”
ထင်ထားသည့်အတိုင်း ကမ္ဘာဦးဘုံ ကောင်းကင်နတ်မြစ်အထက်ရှိတိုက်ပွဲမှာ အတော်လေး ၀ရုန်းသုန်းကား ဖြစ်သွားစေခဲ့သည်။ ကမ္ဘာဦးသစ်ပင်ထက်ရှိ အမိကမ္ဘာမြေနှင့် ရွှမ်တုမှ ကောင်းကင်နယ်စားမင်းတို့သည်လည်း တိုက်ပွဲကို ကြည့်ရှုခဲ့ကြ၏။
ယိုတုမှ မြေအောက်ဘုံအရှင်သခင်ကလည်း ကြည့်ရှုနေခဲ့သည်။
သို့သော် သူတို့အားလုံးသည် ၀င်မပါရန် အချင်းချင်း နားလည်ထားသဖြင့် တိတ်တဆိတ်သာ ကြည့်ရှုခဲ့ကြလေသည်။
ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်များမှာ ကမ္ဘာဦးဘုံ၊ ရွှမ်တုနှင့် ယိုတုတို့မှ သူတို့အား စောင့်ကြည့်ရန် စေလွှတ်ခဲ့သည့် ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အသတ်ခံရခြင်းမှာ ကောင်းမွန်သဖြင့် ထိုင်ကြည့်နေရန်သာ ရွေးချယ်ခဲ့ကြ၏။
တိုက်ပွဲမှာ အလျင်အမြန် ပြီးဆုံးသွားခဲ့သဖြင့် ကောင်းကင်နတ်ဘုံသည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။ သူတို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခြင်းက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ အချိန်ကိုက် ၀င်ရောက်စွက်ဖက်ရမည့် တာဝန်ကို တားဆီးနိုင်ခဲ့သည်။
သို့သော် ဤတိုက်ပွဲတွင် ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေနှင့် မြေအောက်ဘုံအရှင်သခင်တို့ကို နက်နက်နဲနဲ တွေးစေခဲ့သည့် အဓိပ္ပာယ်တစ်ခု ရှိသည်။
နဂါးသွဲ့ရေကန်၌ ရုန်းရင်းဆန်ခတ်ဖြစ်သွားစေခဲ့သော ကောင်းကင်နတ်အရှင်မူကား နှစ်ပေါင်းတစ်ထောင်အကြာတွင် ပြန်ပေါ်လာခဲ့ပြီး ရှေးဟောင်းနတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သည့်စွမ်းအား ပိုင်ဆိုင်ထားချေပြီ။
“သာမန်လူတွေ နတ်ဘုရားတွေရဲ့ စွမ်းအားကို ပိုင်ဆိုင်လာတဲ့အခါမှာ လူယဉ်ကျေးမှုတွေ ပေါ်ထွန်းလာခဲ့တယ်”
ရွှမ်တုထဲတွင် ကောင်းကင်နယ်စားမင်း၏ မျက်ခုံးများသည် နှင်းကဲ့သို့ ဖြူဆွတ်လင်းထိန်နေပြီး သူက တောက်ပသော နေမင်းများကို တီးခတ်လိုက်၏။ သူ့အသံက ဟိန်းထွက်လာကာ ရွှမ်တုတွင် ပဲ့တင်ထပ်သွားသည်။
“အစတုန်းက လူသားတွေဟာ နတ်ဘုရားတွေရဲ့ ဘာသာစကားကို လေ့လာပြီး တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်သွယ်နိုင်ခဲ့တယ်.. အဲ့ဒီနောက်မှာတော့ လက်နက်တွေ ဘယ်လိုဖန်တီးသုံးစွဲရမလဲ သိလာခဲ့ကြတယ်”
“နောက်ပိုင်းမှာတော့ သင်္ကေတတွေ၊ ကောင်းကင်နတ်သိုင်းတွေကို ကျွမ်းကျင်ခဲ့ကြတယ်”
“အခု မဟာတာအိုကိုတောင် ကျွမ်းကျင်စပြုလာပြီ”
ကောင်းကင်နယ်စားမင်း၏ ခံစားချက်ကင်းမဲ့နေသည့် မျက်နှာမှာ ပြောင်းလဲစပြုလာသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်၊ ဒါက လူ့ယဉ်ကျေးမှုပဲ.... ရှေးဟောင်းနတ်ဘုရားတွေကို အစားထိုးမယ့် တော်လှန်ရေးက စတင်ခဲ့ပြီ... ရှေးဟောင်းနတ်ဘုရားတွေနဲ့ ရှေးဟောင်းနတ်ဘုရားခေတ်ရဲ့ ကျဆုံးခန်းကို ငါ မြင်နေရတယ်”
ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကောင်းကင်နယ်စားမင်း၏ ကျယ်ပြောလှသော မျက်နှာရှေ့တွင် ပျံဝဲနေ၏။ သူက။ ဦးညွှတ်အရိုအသေပေး၍ ပြောသည်။ “အဖေ လူသားတွေက လူ့ယဉ်ကျေးမှုကို တည်ထောင်ပြီး ရှေးဟောင်းနတ်ဘုရားတွေကို သတ်ပစ်ဖို့ ကြိုးစားနေတာဆိုရင် ကျွန်တော်တို့ ဘာလို့ သူတို့ကို သတ်မပစ်ရတာလဲ... ကျွန်တော် အခုပဲသွားပြီး သတ်ပစ်လို့ရတယ်”
ကောင်းကင်နယ်စားမင်းက ပြောသည်။ “မင်းမှားနေပြီ ရှေးဟောင်းနတ်ဘုရားဘုရင်... မဟာတာအိုကနေ မွေးဖွားလာတဲ့ ရွှမ်တုရဲ့ အရှင်သခင်တစ်ယောက်အနေနဲ့ ကိစ္စတွေအပေါ် ဒေါသထွက်၊ အံ့ဩနေလို့မရဘူး... ငါ့စိတ်ရှိတိုင်း ဆုံးဖြတ်လို့မရဘူး... ကောင်းကင်နယ်စားမင်းအနေနဲ့ ကူညီလို့ရော ၀င်စွက်ဖက်လို့ရောမရဘူး... အဲ့ဒီအစား ကောင်းကင်တာအိုရဲ့ နည်းလမ်းအတိုင်း အပြောင်းအလဲကို လေ့လာနေရမယ်”
ရှေးဟောင်းနတ်ဘုရားဘုရင်က စောဒက်တက်သည်။ “သူတို့ မဟာတာအိုရဲ့ လှည့်ပတ်မှုတွေကို ပြောင်းလဲလိုက်လို့ ကောင်းကင်တာအို အားနည်းသွားတဲ့ အချိန်ကျမှ တိုက်ခိုက်မှာလား အဖေ””
ကောင်းကင်နယ်စားမင်းက ပြောသည်။ “သူတို့ ပြောင်းလဲလိုက်ရင်တောင် မဟာတာအိုကနေ မွေးဖွားလာတဲ့ နတ်ဘုရားတစ်ပါးအနေနဲ့ ငါ ၀င်စွက်ဖက်လို့ မရဘူး... ဘာစိတ်ခံစားချက်မှ မပါဘဲ လောကကိူ စောင့်ကြည့်ပြီးတော့ လူ့ယဉ်ကျေးမှုတွေ တိုးတက်လာအောင် အချိန်ပေးရမယ်... ဒါက ငြိမ်းချမ်းစွာ ပျော်ရွင်မှုပဲ”
“ခေါင်းမာလွန်းနေတာ မဟုတ်ဘူးလား အဖေ”
ရှေးဟောင်းနတ်ဘုရားဘုရင်က ချာခနဲ လှည့်လိုက်ရာ သူ၏၀တ်ရုံသည် လေထဲတွင် လွင့်ခါသွား၍ ကောင်းကင်နယ်စားမင်း၏ မျက်နှာတစ်၀က်အား ဖုံးအုပ်သွားသည်။ သူက ဆက်ပြော၏။ “ရှေးဟောင်းနတ်ဘုရားတွေက နတ်ဘုရားတွေရဲ့ ခမ်းနားမှုကို ဘေးဖယ်ထားပြီးတော့ သေမျိုးတွေကို ကျော်တက်ခွင့်ပေးခဲ့တယ်.... အဖေ သည်းခံနိုင်ပေမယ့် ကျွန်တော်ကတော့ မသည်းခံနိုင်ဘူး... ကျွန်တော်အခုပဲ သွားတော့မယ်” သူက မကျေမနပ်ပြောပြီးနောက် မရေမတွက်နိုင်သော နတ်ဘုရားများက ကောင်းကင်နယ်စားမင်း၏ ဧရာမခန္ဓာကိုယ်ကြီးထဲမှ နိုးထလာကြပြီး ရှေးဟောင်းနတ်ဘုရားဘုရင်နှင့်အတူ လိုက်ပါသွားကြသည်။
ကောင်းကင်နယ်စားမင်းက သူတို့၏လုပ်ရပ်များကို ၀င်ရောက်မစွက်ဖက်ချေ။
ယိုတု...
မိစ္ဆာနတ်ဆိုးအရှိန်အဝါက ဤကျယ်ပြောလှသော နယ်မြေအရှေ့ပိုင်းကို လွှမ်းခြုံထားသည်။ မြေအောက်ဘုံအရှင်သခင်သည် လောကတစ်ထောင်၏ အမှောင်ဘက်ခြမ်းအား အေးချမ်းစွာ အုပ်ချုပ်နေ၏။ မရေမတွက်နိုင်သော ဘုံအပေါင်း၏ သက်ရှိများကား သူ၏စောင့်ကြည့်မှုအောက်တွင် ဖြစ်လေသည်။
ငယ်ရွယ်သော ကောင်းကင်နတ်အရှင်ရုံသည် သူ့အရှေ့တွက် ပျံဝဲလျက် ကောင်းကင်နတ်မြစ်အထက်က တိုက်ပွဲအား တတိယမျက်လုံးမှတဆင့် ကြည့်ရှုနေ၏။
သူ၏တတိယမျက်လုံးက မျက်တောင်တစ်ချက် ခတ်လိုက်ရာ မြင်ကွင်းပျောက်ကွယ်သွားသည်။
“ရုံ၊ အချိန်ကျပြီ”
သူ၏မျက်လုံးထဲတွင် မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်က လျှောက်လာ၍ ကောင်းကင်နတ်အရှင်ရုံ အား ပြောသည်။ “မင်း ပျော်သင့်တယ်... မင်းလို သေးငယ်နုံချာတဲ့ ဘ၀တွေ လောကကြီးရဲ့ အရှင်သခင်တွေ ဖြစ်လာတော့မှာ... ငါတို့ကံကောင်းခြင်းတွေ ပျောက်ကွယ်သွားနေတာ ငါ ခံစားလို့ရနေတယ်”
ကောင်းကင်နတ်အရှင်ရုံက ဦးညွှတ်အရိုအသေပေးသည်။ “ခင်ဗျား ကျွန်တော်တို့ကို သတ်မှာလား မြေအောက်ဘုံအရှင်သခင်”
မြေအောက်ဘုံအရှင်သခင်က ခေါင်းခါသည်။ “ငါက တာအိုက မွေးဖွားလာတာ ... ငရဲဘုံနဲ့ ပတ်သက်တာ မှန်သမျှ ငါ ထိန်းချုပ်တယ်... တခြားဘာကိုမှ စိတ်မဝင်စားဘူး... ဒါပေမဲ့ ဒီတော်လှန်ရေးက ငါ့ရဲ့ငြိမ်းချမ်းနေတဲ့ နှလုံးသားကို မျှော်လင့်ချက်တချို့ ပြည့်လာစေတယ်... ငါ အဝေးကြီး မြင်နေမိပြီထင်တယ်... ငါရဲ့အတွေးတွေက ရှည်လျားနေပြီ ငါတို့ခေတ်အဆုံးသတ်ကို နှစ်ပေါင်း ၁၀၀၀၀ ဒါမှမဟုတ် တစ်သန်းအတွင်း မြင်နေရတယ်... ကမ္ဘာခေတ်နှောင်းသက်ရှိတွေ မဟာတာအိုရဲ့ ကြီးမြတ်တဲ့စွမ်းအားတွေကို ထိန်းချုပ်နေတာ တွေ့ရမယ်.... ငါ ၀မ်းသာမိတယ်.. ငါလည်း င်းတို့လို ပြောင်းလဲချင်တယ် ရုံ”
သူက ပြုံးလျက် ပြောသည်။ “တစ်နေ့ကျရင် ငါ လောကမှာ သာမန်လူတစ်ယောက်လို လှည့်လည်သွားလာရင်း အဆင့်တက်နိုင်မယ်ထင်တယ်...မြန်မြန်လည်း အင်အားကြီးမားလာမယ်.... ငါ လူသားအဖြစ် ပြန်လည်ရှင်သန်လာတဲ့အခါကျ ယိုတုကို စောင့်ရှောက်ဖို့ ငါ မင်းကို လိုအပ်တယ်”
ကမ္ဘာဦးဘုံတွင်...
အမိကမ္ဘာမြေသည် ကမ္ဘာဦးသစ်ပင်ထဲရှိ နန်းတော်ရှေ့တွင် ရပ်နေ၏။ သူမကို အံ့အားသင့်နေသည့် ကမ္ဘာဦးဘုံမှ ရှေးဟောင်းနတ်ဘုရားများက ၀န်းရံထားကြသည်။ ချီလင်များ၊ မီးငှက်များ၊ နဂါးသွေးဆက်၏ ကောင်းကင်နဂါးများ၊ မှင်စာများနှင့် ထောင်ကျယ်များလည်း ပါရှိကြသည်။
သူတို့သည်လည်း တိုက်ပွဲကို မြင်လိုက်ရသဖြင့် သေရမည်ကို လန့်နေကြ၏။
အမိကမ္ဘာမြေက သူတို့ကို ကြည့်၍ မိန့်သည်။။ “မဟာပြောင်းလဲမှုကြီးက စတင်နေပြီ... ဒါတောင် နင်တို့က အဖြစ်မရှိ ကြောက်နေကြတုန်းပဲ... ငါ စိတ်ပျက်မိတယ်”
သူတို့က ပြန်ဖြေသည်။ “လူသားတွေက ကောင်းကင်နတ်သိုင်းတွေ တတ်မြောက်ကြတော့ မြေကြီးရဲ့ ပထဝီအနေအထားကို ပြောင်းလဲပြီး မြစ်ချောင်းတွေရဲ့ လားရာကို ပြောင်းစေခဲ့တယ်... နောက်ပိုင်း တိရစ္ဆာန်တွေကို ဖမ်းပြီးတော့တောင် မွေးမြူခဲ့ကြတယ်... အခု ကောင်းကင်နတ်အရှင်မူက ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်တွေကို သတ်ခဲ့နိုင်တာမလို့ ကျုပ်တို့ ၀မ်းနည်းနေတာပါ”
အမိကမ္ဘာမြေက ပြုံး၍ ပြော၏။ “သူတို့ ကောင်းကင်နတ်သိုင်းတွေကို ကျွမ်းကျင်ကောင်း ကျွမ်းကျင်လာနိုင်ပေမယ့် သူတို့ကျွမ်းကျင်တာတွေက ငါတို့အပိုင်ပဲလေ... ဗလာနတ္ထိကနေ မဟာတာအိုတွေ ဖန်တီးနိုင်လို့လား... ငါတို့မှာ အရည်အချင်းတွေ ပေါများတယ်.... ငါတို့ လုပ်ရမှာက ကိုယ်ပိုင်တာအိုတွေကို စုစည်းမယ်.... လူသားတွေနဲ့ ကမ္ဘာခေတ်နှောင်းသက်ရှိတွေက ငါတို့ထက် ဘယ်တော့မှ သာလွန်မှာမဟုတ်ဘူး ..ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တွေက တုံးအပြီး သူတို့ကိုယ်သူတို့ တာအိုက မွေးဖွားလာတယ်ထင်ခဲ့တော့ သူတို့စွမ်းအားအရင်းအမြစ်ကို ရှာဖွေတာမှာတင် ရပ်တန့်နေခဲ့တာပဲ... သူတို့ အသတ်ခံရတာ တိုက်ဆိုင်မှုမဟုတ်ဘူး”
ရှေးဟောင်းချီလင်တစ်ဦးက ပြောသည်။ “ဒါပေမဲ့ ကမ္ဘာနှောင်းသက်ရှိတွေက ကျုပ်တို့က ပိုပြီး မျိုးပွားနိုင်ကြတယ်.... သူတို့ရဲ့ မျိုးပွားနိုင်စွမ်းက သန်မာလွန်းတယ်”
“ဒါဆို ထပ်မွေးကြလေ.... များလေ ကောင်းလေပဲ”
အမိကမ္ဘာမြေက ပြုံးသည်။ “စွမ်းအားအရင်းအမြစ်က လူဦးရေပဲ ... ကလေးငယ်တွေ များများရှိလေ သူတို့ရဲ့ အာဏာက ရှည်ကြာလေပဲ”
ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်အရှင်ယွင်သည် ရပ်တန့်သော ကြယ်ငါးစင်းအား ကြည့်နေ၏။ ကြယ်များမှာ တစ်၀က်သာ ရှိ၍ မပြည့်စုံသော နတ်ဘုရားကြယ်များဖြစ်ကြ၏။
“တာအိုဘိုးဘေးကြီး...တာအိုဘိုးဘေးကြီး”
သူမက တာအိုဘိုးဘေးကြီးအား လှမ်းခေါ်၍ ပြောသည်။ “ကပ်ဘေးကြယ်ငါးစင်းက သေသွားပြီ... သူတို့ထဲမှာ ဘိုးဘေးကြယ်တွေ ကျန်လိမ့်မယ်... ကျုပ်တို့ အဲ့အပေါ် တက်လို့ရလား... မဟာတာအိုအလင်းရောင်က လွင့်ပြယ်မသွားသေးဘူးဆိုတော့ ဓာတ်ကြီးငါးပါး ကပ်ဘေးနတ်ဘုရားတွေရဲ့ မဟာတာအိုတွေကို ကျုပ်တို့ လေ့လာလို့ရလောက်တယ်”
တာအိုဘိုးလေးကြီးက ဖြေသည်။ “သူတို့တာအိုက နက်နဲလွန်းတယ်... လေ့လာဖို့ အတော်လေး အားစိုက်ထုတ်ရမှာ”
“ရသေ့ကြီးရဲ့ သင်္ချာကို အသုံးချဖို့ အခွင့်ကောင်းပဲပေါ့”
ကောင်းကင်နတ်အရှင်ယွင်က သူနှင့်အတူ လိုက်ပါရန် သင်္ချာတွင် ထူးချွန်သည့် နတ်ဘုရားအချို့ကို ခေါ်လာသည်။ “ပုံပြင်တစ်ခု ကြားပြီးပြီလား.... သူတို့ကို သတ်လိုက်တာ ကောင်းကင်နတ်အရှင်မူတဲ့... ကျုပ် သူနဲ့တွေ့ပြီး စကားပြောချင်ပေမယ့် ကံမကောင်းစွာနဲ့ သူ ဘယ်ထွက်ပြေးသွားလဲ မသိလိုက်ရဘူး”
သူ့ပုံစံမှာ စိတ်လှုပ်ရှားနေချေသည်။ “သူ့ကို တွေ့ချင်လိုက်တာ”
ရထားလှည်းသည် ကောင်းကင်နတ်ဘုံမှ ခပ်ဝေးဝေးနန်းတော်တစ်ခုအရှေ့တွင် ရပ်လိုက်၏။ ချင်မူက ဘိုးဘေးနန်းတော်၏ တည်နေရာအတိအကျကို သိရရန် လေထုထဲရှိ ကောင်းကင်နတ်ဘုံ၏အမြင့်နှင့် နေရာအား တြိဂံဖွဲ့တိုင်းနည်းကို အသုံးပြု၍ တိုင်းတာနေသည်။
လော့ရှောင်က သူ့ကို ကြည့်ကာ ရုတ်တရက် မေး၏။ “ကောင်းကင်နတ်အရှင်မူ၊ နောင်တော်က ဘယ်သူလဲဗျ”
ချင်မူက ပြုံးလျက် ပြောသည်။ “နောင်ကျ သိပါလိမ့်မယ်”
“ဂိုဏ်းသခင်၊ ကောင်းကင်နတ်ဘုံစစ်တပ်က ဒီကိုချီတက်လာနေပြီ... ကြည့်ရတာ ကောင်းကင်နတ်မြစ်ရေတပ် ဖြစ်မယ့်ပုံပဲ” နဂါးချီလင်က သတိပေးသည်။
ချင်မူက အလောတကြီး ပြောသည်။ “အခု ထွက်တော့”
တစ်ချိန်တည်းမှာပင် လူတစ်ယောက်က မြစ်ကို ဖြတ်၍ ပြေးလာသည်။ သူက ရထားလှည်းအနားကပ်၍ အော်ပြောလေသည်။ “ကောင်းကင်နတ်မြစ်ရေတပ် ကျုပ်နောက်လိုက်နေလို့ ကယ်ပါဦးခင်ဗျာ”
ချင်မူ ရထားလှည်းအပြင်သို့ ကြည့်လိုက်ရာ သိသိသာသာ စိုးရိမ်ပူပန်နေသော အသွင်ရှိပြီး ၀တ်ရုံကျယ်ကြီးဖြင့် လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။
“မင်းက...” ချင်မူမှာ ရင်တဒိန်းဒိန်းခုန်စွာဖြင့် စပ်စုလိုက်မိသည်။
“ကျုပ်က ဟုန်... တဟုန်ပါ”
ချင်မူ့ကိုယ်မှ ကြက်သီးမွေးညင်းများထလာပြီး လည်ဂုတ်ရှိ အမွှေးများ ထောင်လာတော့သည်။