အလွယ်တကူ ကြေမွသွားသော ဖန်သား
Vol. 81 Ch. 1053
ကုရှောင်နှင့် တဟုန်မှာ အနည်းငယ်စိတ်သက်သာရာ ရသွားသည်။ ‘ကောင်းကင်နတ်အရှင်မူရဲ့ ဒီအကြံက နားလည်ရခက်တယ်... နဂါးသွဲ့ရေကန်မှာတုန်းက ပြဿနာရှာခဲ့တုန်းကကျ အတည်ပေါက်ပြီး အနိုင်ကျင့်တတ်တဲ့ ပုံစံနဲ့... အခုကျ ကို့ရို့ကားယားနိုင်ပြီး ထူးဆန်းနေပြန်ရော'
ချင်မူက စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်လုံး မြှောက်လိုက်ပြီး ညာလက်ကို ဘယ်လက်ဖမိုးပေါ် တင်ကာ မိုးခြိမ်းသံကဲ့သို့ အကျယ်ကြီး အော်ပြောလေသည်။ “ယနေ့... ကျုပ် မူချင်းအနေနဲ့...”
လော့ရှောင်က တည်ကြည်စွာ ပြောသည်။ “ယနေ့ ကျုပ် လော့ရှောင်အနေနဲ့”
ကုရှောင်ကလည်း မဆိုင်းမတွ ပြော၏။ “ယနေ့ ကျုပ် ကုရှောင်အနေနဲ့”
တဟုန်ကလည်း ဖြစ်ညှစ်၍ ပြောသည်။ “ယနေ့ ကျုပ် တဟုန်အနေနဲ့”
လေးယောက်သား ပြိုင်တူပြောလိုက်သည်။ “ကျန်တဲ့ညီအစ်ကိုသုံးယောက်နဲ့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာဖို့ ကျိန်ဆိုပါတယ်.... ဘယ်တော့မှ မခွာခွဲဘဲ အခက်အခဲတွေကို အတူအကွ ရင်ဆိုင်ပြီးတော့ သေရင်လည်း အတူသေပါ့မယ်... တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းမှာ အတူတူမွေးဖွားဖို့ မတောင်းဆိုပေမယ့်... တစ်နေ့တည်း၊ တစ်လတည်း၊ တစ်ရက်တည်းမှာ တူတူ သေပါရစေ”
ထိုသို့ကျိန်ပြီးနောက် သူတို့၏ စကားလုံးများက စွမ်းအင်အဆီအနှစ်များ၏ သက်ရောက်မှုကြောင့် အမွှေးတိုင်လေးတိုင် ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ အမွှေးတိုင်တို့သည် လောင်ကျွမ်းရင်း အမွှေးရနံ့အား အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားစေ၏။
သူတို့၏ စွမ်းအင်အဆီအနှစ်တို့က အားကောင်းပေသည်။ မြေအောက်ဘုံအရှင်သခင် သို့မဟုတ် ကောင်းကင်နယ်စားမင်းဆီ မတိုင်တည်သည့်တိုင် သူတို့၏စကားလုံးများက အမှန်တကယ် အကောင်အထည်လိုက် ဖွဲ့တည်လာကြသည်။
ချင်မူက တွေးနေသည်။ ‘မူချင်းက ငါ့ရဲ့နာမည်အတုပဲ.... ဒီကျိန်ဆိုမှုက ငါ့အပေါ် သက်ရှောက်မှုမှ မရှိဘူး’
ကုရှောင်၏ မျက်ဝန်းများသည်လည်း တဖျတ်ဖျတ် လက်နေသည်။ ‘ဟားဟား... ဒါက ဟန်ပြသက်သက်ပဲ... ငါ့နာမည်က ကုရှောင်တောင် မဟုတ်ဘူး... ဒီကျိန်ဆိုမှုက ဘာအဓိပ္ပာယ်မှမရှိဘူး”
တဟုန်က မျက်နှာကြီးနီရဲလျက် တွေးနေ၏။ ‘ဘယ်သူကမှ ငါ့အရင်းအမြစ်ကို မသိကြတော့ ကျိန်ဆိုရတာက ငါ့အတွက် ထမင်းစားရေသောက်လိုပဲ'
လော့ရှောင်တစ်ဦးတည်းသာ စိတ်ရင်းဖြင့် ၀မ်းသာနေချေသည်။
ချင်မူက ရထားလှည်းအပြင်ဘက်သို့ လှမ်းအော်သည်။ “ဖက်တီးနဂါး၊ ဒါကို မျက်မြင်သက်သေတည်ဖို့ မင်းနားထဲက ကောင်လေးကို လွှတ်လိုက်ဦး”
ရထားလှည်းအပြင်ရှိ နဂါးချီလင်မှာ ထိုစကားကြားလျှင် စိတ်မပါသော်လည်း ချင်မူ့စကားအတိုင်း နားထဲမှ မြေအောက်ဘုံအရှင်သခင်ပိစိလေးအား ထုတ်လိုက်သည်။
ဤမြေအောက်ဘုံအရှင်ပိစိလေးမှာ သွေးသံချေးဇုန်မှ ရရှိခဲ့သော ဖန်ဆင်းခြင်းနတ်ဘုရားကျောက်တုံးကို သုံး၍ ချင်မူ မြင်ယောင်ဖန်ဆင်းခဲ့သောအရာ ဖြစ်လေသည်။
မြင်ယောင်ဖန်ဆင်းပြီးနောက် ချင်မူသည် သူ့ကို အဖက်ပင် မလုပ်ခဲ့ပေ။ နဂါးချီလင်မှာတော့ ထိုပေါက်စလေးအား ခေါ်လာခဲ့ပြီး စွမ်းအင်ဆေးလုံးများပင် မျှကျွေးရင်း ကြည့်ရှုပေးခဲ့ရသည်။
ယန်အာကလည်း သူ့ကို မကြာခဏ ကျွေးမွေးတတ်၏။ ယခုတွင် မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် ၀တုတ်နေချေရာ မြေအောက်ဘုံအရှင်သခင်၏ ခန့်ညားလေးစားဖွယ် ဟိတ်ဟန်များ မရှိချေ။
“မင်း သတိထားရမယ်”
နဂါးချီလင်က မြေအောက်ဘုံအရှင်သခင်ပိစိလေးကို ထုတ်၍ ခပ်တိုးတိုး သတိပေးသည်။ “အထဲကလူတွေက လူကောင်းတွေမဟုတ်ဘူး... ရက်စက်တတ်တယ်”
မြေအောက်ဘုံအရှင်သခင်လေးက ဆင်းလာပြီး အလေးအနက် ပြောသည်။ “ဘူး..”
“အထဲရောက်ရင် ဘာမှမပြောနဲ့... ပြောမိတာနဲ့ သူတို့လှည့်ကွက်ထဲ ရောက်သွားလိမ့်မယ်” နဂါးချီလင်က မှာနေသည်။
“ရှား....” မြေအောက်ဘုံအရှင်သခင်ပိစိလေးမှာ မျက်လုံးလေးကလယ်ကလယ်ဖြင့် ကြောက်လာတော့သည်။
ချင်မူက အထဲမှ လှမ်းလောနေသောကြောင့် နဂါးချီလင်မှာ ပိစိလေးကို လွှတ်လိုက်ရသည်။ မြေအောက်ဘုံအရှင်သခင်ပိစိလေးမှာ ခြေလက်တိုနေသဖြင့် အမြှီးကို လွှဲရင်း လမ်းလျှောက်ရ၏။ ကန့်လန့်ကာအောက်ရှိ လှေကားထစ်များက သူ့အတွက် အနည်းငယ်မြင့်မားနေရာ လက်ဖြင့် ခက်ခက်ခဲခဲ တွယ်တက်ရလေသည်။ ထို့နောက် လှေကားထစ်များမှ ခုန်ဆင်း၍ ရထားလှည်းအတွင်း ၀င်ရောက်သွားသည်။
ချင်မူမှလွဲ၍ အခြားသူများမှာ သူတို့ကြားမှ ဖြတ်လျှောက်သွားသော မြေအောက်ဘုံအရှင်သခင်ပိစိလေးအား တအံ့တဩ ကြည့်နေကြသည်။ သူတို့၏ကျိန်ဆိုမှုကို မျက်မြင်သက်သေတည်ရန် ရောက်လာသူလေးသည် လုံးဝန်းနေသော မကောင်းဆိုးဝါး ဖက်တီးလေး ဖြစ်နေ၏။
သို့သော် ထိုမကောင်းဆိုးဝါးလေးက ယိုတု၏ မြေအောက်ဘုံအရှင်သခင်နှင့် ဆင်ချေသည်။
“မြေအောက်ဘုံအရှင်သခင်က ခန္ဓာကိုယ်ကြီးလို့ ကြောက်စရာကောင်းနေတာ ထင်တယ်... သူ့ကို ဒီအရွယ်အထိ ချုံ့လိုက်ရင် ချစ်စရာကောင်းနေမယ်လို့ ထင်မထားဘူး” တဟုန်မှာ မရယ်မိဘဲ မနေနိုင်ချေ။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက သူတို့ဘေးသို့ လျှောက်လာကာ ပါးစပ်ဟလိုက်သည်။ ချင်မူက သူ့စကားလုံးများမှ ဖြစ်ပေါ်လာသည့် အမွှေးတိုင်အား သူ့ပါးစပ်ထဲ ထည့်လိုက်၏။ မြေအောက်ဘုံအရှင်သခင်ပိစိလေးက အမွှေးတိုင်ကို မြိုချ၍ လော့ရှောင်အရှေ့သို့ လျှောက်သွားသည်။
လော့ရှောင်က သူ့ကို စပ်စုရင်း တအံ့တဩ ပြောလေသည်။ “ဒါက အသိစိတ်အလျဉ်နဲ့ မြင်ယောင်ဖန်ဆင်းထားတာလား”
သူက စပ်စုပြီးနောက် သူ့စကားလုံးများမှ ဖွဲ့တည်နေသော အမွှေးတိုင်အား မြေအောက်ဘုံအရှင်သခင်ပိစိလေး၏ ပါးစပ်ထဲ ထည့်လိုက်၏။
မြေအောက်ဘုံအရှင်သခင်လေးက မြိုချ၍ တဟုန်ထံ လျှောက်သွားသည်။
တဟုန်သည် ဤပေါက်စလေးက ယိုတု၏ မြေအောက်ဘုံအရှင်သခင်နှင့် မပတ်သက်ကြောင်း ထပ်ခါထပ်ခါ စစ်ဆေးရင်း တွန့်ဆုတ်နေ၏။ ဤကောင်လေးသည် မြေအောက်ဘုံအရှင်သခင်၏ ကိုယ်ပွား သို့မဟုတ် လူဝင်မစား မဟုတ်ကြောင်း သူ သိရန် လိုအပ်သည်။ စစ်ဆေးပြီးသည့်အခါ သူ့မှာ စိတ်အေးသွားပြီး အမွှေးတိုင်အား ပါးစပ်ထဲ ထည့်လိုက်သည်။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက မြိုချ၍ ကုရှောင်ဆီ လျှောက်သွားသည်။ ကုရှောင်သည်လည်း အကြိမ်ကြိမ်စစ်ဆေးပြီးနောက်မှ အမွှေးတိုင်အား ပေးလိုက်သည်။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက အမွှေးတိုင်လေးတိုင်ကို မြိုချ၍ ရှေ့ဆုံးခုံထံ လျှောက်သွားကာ ခုန်တက်လိုက်သည်။
သူ့မှာ ငါးလက်မ၊ ခြောက်လက်မခန့်သာ ခုန်နိုင်သောကြောင့် ကျားဖြူရတနာထိုင်ခုံပေါ် မမှီချေ။ တစ်ပေမျှ ဝေးကွာနေသည်။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက ပြန်ဆင်းလာပြီ ဒူးကွေး၍ ခုန်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် ပို၍မြင့်မြင့်သို့ ရောက်သွားသော်လည်း ခြောက်လက်မ၊ ခုနစ်လက်မခန့် ကွာနေသေးသည်။
သူ့မှာ ခုန်ပြီးရင်း ခုန်နေသော်လည်း ထိုင်ခုံအား မမှီချေ။ ထို့ကြောင့် ထိုင်ခုံခြေထောက်မှ တွယ်တက်တော့သည်။
သူတို့အားလုံး ကြည့်နေစဉ် မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် ထိုင်ခုံခြေထောက်၏ ထိပ်ဆုံးသို့ ခက်ခက်ခဲခဲ ရောက်သွား၏။ သူက ခြေထောက်တစ်ဖက်ကို အရင်တင်ရင်း အမြီးဖြင့် ထိုင်ခုံကို လှမ်းချိတ်ကာ အပေါ်တက်လိုက်ပြီး ဟောဟဲဟောဟဲ ဖြစ်နေသည်။
သူ့မှာ ကျားဖြူရတနာထိုင်ခုံအပေါ်တွင် အမောဖြေနေရလေသည်။ ထို့နောက် ထိုင်ချပြီး ထွေးထုတ်လိုက်သည်။ အမွှေးတိုင်များသည် သူ့၀မ်းဗိုက်ထဲတွင် အပြည့်အ၀ လောင်ကျွမ်းသွားသောကြောင့် မွေးရနံ့ သင်းကြိုင်လာသည်။
အငွေ့အသက်တို့က သူတို့အရှေ့၌ စုစည်းသွားပြီး သစ္စာကျမ်းစာ ဖြစ်ပေါ်လာ၏။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက တည်ကြည်လေးနက်သော အမူအရာဖြင့် ၎င်းကို ဖွင့်လိုက်ပြီး ယိုတု၏ မိစ္ဆာနတ်ဆိုးဘာသာစကားက သူ့ပါးစပ်မှ ထွက်လာသည်။ အသံက မကျယ်သော်လည်း တည်ကြည်၏။
လော့ရှောင်၊ ကုရှောင်နှင့် တဟုန်မှာ အံ့အားသင့်နေကြသည်။ ကုရှောင်က ပြုံး၍ မေးသည်။ “ဒီကောင်လေးက ယိုတုရဲ့ မိစ္ဆာနတ်ဆိုးစကားကို နားလည်တဲ့အပြင် သစ္စာကျမ်းကိုလည်း ထုတ်ပေးနိုင်တယ်.... ထူးဆန်းလိုက်တာ... ကောင်းကင်နတ်အရှင်မူ၊ သူ့ကို ဘယ်က ရလာတာလဲ”
ချင်မူမှာလည်း အံ့အားသင့်နေသည်။ ထိုပိစိလေးကို မြင်ယောင်ဖန်ဆင်းပြီးနောက် ပစ်ထားခဲ့ခြင်း ဖြစ်၏။ နဂါးချီလင်က သူ့အား သင်ကြားပေးလိမ့်မည်ဟု ထင်မထားခဲ့ချေ။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက သစ္စာကျမ်းကို ဖတ်ပြီးနောက် မြိုချလိုက်သည်။ သူက မတ်တပ်ထရပ်ပြီး အောက်ပြန်ဆင်းရန် ခြေထောက် ထုတ်ကြည့်သည်။ သို့သော် မြေကြီးပေါ် မကျပေ။
သူ့မှာ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာပြီး နောက်ထပ်ခြေတစ်ချောင်း ချကြည့်သည်။ ၎င်းကလည်း မြေကြီးကို မမှီချေ။
သူက အောက်သို့ ငုံ့ကြည့်ပြီး မူးဝေသွားသည်။ သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်လာပြီး အော်တော့သည်။ “ရှား... ရှား...”
ထိုင်ခုံမှာ မြင့်လွန်းသဖြင့် သူ ပြုတ်ကျပါက အကြီးအကျယ် ဒဏ်ရာရသွားပေလိမ့်မည်။
ချင်မူက သူ့အောက်တွင် လက်ဖဝါး ဖြန့်ပေးလိုက်ရာ မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် ဆင်းသက်လာ၏။ သူက ချင်မူ့လက်ချောင်းတစ်ချောင်းကို အလျင်အမြန် ပြေးဖက်လိုက်ရင်း လွှတ်မပေးရဲချေ။
ချင်မူသည် မြေအောက်ဘုံအရှင်သခင်ပိစိလေး ခြေချရဲသော အတိုင်းအတာအထိ လက်ကို နှိမ့်ပေးလိုက်၏။ သို့သော် ပိစိလေးမှာ ချင်မူ့လက်ချောင်းအား လွှတ်မပေးသေးချေ။
ခြေထောက်နှစ်ဖက်လုံး မြေကြီးနှင့် ထိတွေ့မိပြီး မြေကြီးအား ခံစားသည့်အခါမှ သူက ချင်မူ့လက်ချောင်းကို လွှတ်ပေးကာ လက်ဖဝါးပေါ်မှ ဆင်းသွားသည်။
ရထားလှည်းထဲရှိ မည်သူမှ စကားမပြောဘဲ သူ့ကို ကြည့်နေကြ၏။ မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် နွားဖင်ကလေးကို လှုပ်၍ လှေကားထစ်များအား ကုပ်တွယ်တက်ပြီးနောက် ကန့်လန့်ကာကို ဖြတ်ကာ ခုန်ချသွားချေပြီ။
ထိုအခါမှသာ သူတို့အားလုံး အကြည့်လွှဲနိုင်ကြသည်။
ရထားလှည်းအပြင်ဘက်တွင် မြေအောက်ဘုံအရှင်သခင်ပိစိလေးက နဂါးချီလင်ဘေး လျှောက်သွားသည်။ နဂါးချီလင်က တိုးတိုးတိတ်တိတ် မေး၏။ “ရထားလှည်းထဲက လူဆိုးတွေ မင်းကို ဘာမှမလုပ်လိုက်ဘူးမလား”
မြေအောက်ဘုံအရှင်သခင်လေးက ခေါင်းခါသည်။
နဂါးချီလင်မှာ စိတ်သက်သာရာရသွားပြီး နားထဲပြန်ထည့်ကာ မှာနေသည်။ “သူတို့လေးယောက်ထဲက ဘယ်သူမှ လူကောင်းမဟုတ်ဘူး.... အားလုံး ကောက်ကျစ်တယ်... သူတို့နဲ့ မပက်သက်မိစေနဲ့”
ရထားလှည်းအတွင်းတွင် အကုန်လုံး ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်ကြသည်။ ချင်မူက ပြုံးလျက် တွေးနေသည်။ ‘မြေအောက်ဘုံအရှင်သခင်ပိစိလေးရဲ့ သစ္စာကျမ်းက အရမ်းအသုံး၀င်တယ်... ငါတို့ကို ကန့်သတ်မထားပေမယ့် အနာဂတ်မှာ ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကောင်းကင်နတ်အရှင်ဟုန်ရဲ့ သရုပ်မှန်ကို သိရဖို့ သုံးလို့ရတယ်... သူတို့သရုပ်မှန်ကို ဘယ်လိုပဲ ဖုန်းကွယ်ထားထား ငါ့ဆီကနေ ဖုန်းကွယ်လို့ရမှာမဟုတ်ဘူး'
သူ မြင်ယောင်ဖန်ဆင်းထားသည့် မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် အားနည်းသော်လည်း သစ္စာကျမ်းကတော့ အသုံး၀င်ချေသည်။
ချင်မူ့အကြည့်သည် ကုရှောင်နှင့်တဟုန်ဆီမှ လွှဲပြောင်းသွားပြီး လော့ရှောင်အပေါ် ကျရောက်သွား၏။ ‘နာမည်အရင်း သုံးခဲ့တဲ့သူဆိုလို့ မဟာလေဟာနယ်က ဒီတစ်ယောက်ပဲ ရှိလိမ့်မယ်...’
သူ့မှာ လော့ရှောင်၏ တုံးအမှုကြောင့် အားမလိုအားမရ ဖြစ်မိသည်။
ကုရှောင်နှင့် တဟုန်တို့ ပေါ်လာသည့်အချိန်သည် အင်မတန် ထူးဆန်း၏။ ချင်မူ ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်များကို သတ်ဖြတ်ပြီး လော့ရှောင် သူ၏ဖန်ဆင်းရှင်သရုပ်မှန်ကို ထုတ်ဖော်လိုက်သည့်အချိန်မှ ပေါ်လာကြခြင်း မဟုတ်ပါလော။
ချင်မူက မျက်လုံးများ ကျဉ်းမြောင်းရင်း တွေးနေသည်။ ‘တဟုန်ရဲ့စကားအရ သူက ငါ ဓာတ်ကြီးငါးပါးရှေးဟောင်းနတ်ဘုရားတွေကို သတ်လိုက်တဲ့အပေါ် ပိုအာရုံစိုက်တယ်... ဒါကြောင့် သူ့ပန်းတိုင်က ဖန်ဆင်းရှင်လော့ရှောင် မဟုတ်ဘူး... ငါ ရှေးဟောင်းနတ်ဘုရားတွေကို ဘယ်လိုသတ်လိုက်တာလဲ သိရဖို့ပဲ.. ကုရှောင်စကားအရ ဖန်ဆင်းရှင်တွေအကြောင်း ပိုဂရုစိုက်တာ သိသာတယ်... အဲ့ဒါဆို သူ့ပန်းတိုင်က လော့ရှောင် ဘယ်ကလာတာလဲ သိရဖို့... သူ့ရဲ့နောက်ဆုံးပန်းတိုင်က ကျန်တဲ့ ဖန်ဆင်းရှင်တွေ ဘယ်နေရာမှာပုန်းနေလဲ ဖော်ထုတ်ဖို့ပဲ’
ချင်မူ ထိုသို့ တွေးနေစဉ် လော့ရှောင်က ရုတ်တရက် တည်ကြည်လေးနက်စွာ ပြောသည်။ “နောင်တော်တို့၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်က ဖန်ဆင်းရှင်တစ်ယောက်ပါ.... ဒီမှာ ဖန်ဆင်းရှင်တွေ ကျန်သေးလား ကြည့်ဖို့နဲ့ ဘိုးဘေးနန်းတော်ကို ရှာ....”
ချင်မူ မျက်မှောင်ကြုတ်၍ ချောင်းဟန့်လိုက်သည်။
လော့ရှောင်သည် သူ့ကို အူကြောင်ကြောင် ကြည့်ပြီး ဆက်ပြော၏။ “ဘိုးဘေးနန်းတော်ကို ရှာမလို့ အပြင်မှာ လျှောက်သွားနေတာ... ကောင်းကင်နတ်ဘုံဆီ မရောက်သေးတော့ ဖန်ဆင်းရှင်တွေ ရှိသေးရဲ့လား မသိသေးပေမယ့် ကောင်းကင်နတ်အရှင်မူက ဘိုးဘေးနန်းတော်ရဲ့ တည်နေရာကို တွက်ချက်ပြီးသွားပြီ... ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အဲဒီနေရာကို ရှာဖို့ပဲ... ကျွန်တော်တို့အားလုံး အခု သွေးသောက်ညီအစ်ကိုတွေ ဖြစ်သွားပြီဆိုတော့ ဖုံးကွယ်ထားလို့ မဖြစ်တော့တာမို့ ပြောပြတာပါ”
ချင်မူမှာ သက်ပြင်းခိုးချမိလိုက်သည်။ ‘မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေက သူ့ကို ဘာလို့များ အပြင်လွှတ်လိုက်တာပါလိမ့်... သွေးသောက်ညီအစ်ကိုဆိုတာ ညီအစ်ကိုအရင်းမှ မဟုတ်တာ... လော့ရှောင် သေသွားတာ အံ့ဩစရာမရှိဘူး... ငါ သူ့ကို မကယ်နိုင်တော့ဘူး’
ကုရှောင်နှင့် တဟုန်၏မျက်ဝန်းများ လင်းခနဲ လက်သွားပြီး ချင်မူ့ဆီ လှမ်းကြည့်ကြသည်။ တဟုန်က ပြုံးလေသည်။ “ကောင်းကင်နတ်အရှင်မူက ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော်တည်နေရာကို သိနေမယ် မထင်ထားခဲ့ဘူး... ခင်ဗျားက လူသားမဟုတ်ဘဲ ဖန်ဆင်းရှင်များလား ကောင်းကင်နတ်အရှင်မူ”
“မဟုတ်ရပါဘူးဗျာ... ကိုဩဒိနိတ်တွေကို မတော်တဆ တွက်ချက်နိုင်သွားရုံပါ”
ချင်မူမှာ လော့ရှောင်အား နားပန်ကျင်းပစ်ချင်စိတ်ကို မြိုသိပ်ရင်း ပြုံးလိုက်ရသည်။ “တဟုန်၊ ခင်ဗျားက အဲဒီအကြောင်းကိုလည်း အတော်လေး ဂရုစိုက်ပုံပဲနော်”
တဟုန်က ပြုံးလျက် ဖြေသည်။ “ကျုပ်က ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော်ကနေ အရေးကြီးတဲ့ ရတနာတွေ အများကြီး ရခဲ့တာ ကြားလို့ အားကျမိတာပါ... အရင်တုန်းက မြောက်နတ်မင်းဆီ သွားခဲ့ဖူးတယ်... နတ်မင်းရွှမ်းနဲ့ နတ်မင်းဝူက ကျုပ်ကို သူတို့ ရတနာတိုက်ဆီ ခေါ်သွားခဲ့တယ်လေ... ကျုပ်ဆိုတာ အတွေ့အကြုံရှိတဲ့လူပါ.... ဒါပေဖြင့် ရတနာတိုက်ကို မြင်တော့ မမှင်သက်မိဘဲ မနေခဲ့ဘူး”
သူသည် ချီးကျူး၍ မဆုံးတော့ပေ။ “မြောက်နတ်မင်းရဲ့ ရတနာတိုက်မှာ ရတနာတွေမှ အပြည့်ပဲ... မျက်လုံးတွေတောင် ကျိန်းခဲ့ရတယ်.... အဲဒါတွေက ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော်ကနေ လာမှန်း သိလိုက်ရတော့ ကိုယ့်ဘာသာကိုယ် သွားကြည့်ချင်မိတာပါ”
ကုရှောင်က အလေးအနက် ပြောသည်။ “ခင်ဗျားမှာ အဲဒီလို တာဝန်တွေ ရှိနေမှန်း ကျုပ် မသိခဲ့ဘူး... ကျုပ်က ဖန်ဆင်းရှင်တွေကို လေးစားပေမယ့် ရှေးဟောင်းနတ်ဘုရားတွေ ခင်ဗျားတို့ကို မျိုးတုံးသတ်ဖြတ်လိုက်ပြီလို့ ကြားထားတာ... သူတို့က အဲဒီအကျည်းတန်တဲ့ သမုိင်းကြောင်းကိုပါ ဖျက်ပစ်ခဲ့တယ်လေ... ဘယ်လောက် ရွံစရာကောင်းလိုက်သလဲ... ခင်ဗျားတို့တွေ တည်ရှိနေသေးမှန်း သိရလို့ ဝမ်းသာမိပါတယ်... ဘိုးဘေးနန်းတော်ကို ရှာတွေ့လို့ တာဝန်ပြီးဆုံးသွားရင် ကျုပ်တို့ ခင်ဗျားနဲ့ အလည်လိုက်ခဲ့လို့ ရမလား”
လော့ရှောင်မှာ အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ “ခင်ဗျားတို့နဲ့ အကူအညီနဲ့သာဆို ခေါင်းဆောင်တွေ ပေးလိုက်တဲ့ တာဝန်တွေကို ကျွန်တော် အပြီးသတ်နိုင်သွားပြီပေါ့ဗျာ”
ချင်မူ ချောင်းဟန့်လိုက်ပြန်သော်လည်း လော့ရှောင်က သဘောတူလိုက်ပြီ ဖြစ်သည့်အတွက် သူ့မှာ ရူးချင်လာတော့သည်။
“ပိ၊ ယိုတုကို သွား” ချင်မူ လှမ်းအော်လိုက်၏။
ရထားလှည်းထဲရှိ လူများ ထိတ်လန့်သွားသည်။ ဘာကြောင့်မှန်း သူတို့ နားမလည်ကြပေ။ ထိုအချိန်တွင် နဂါးချီလင်သည် ရထားလှည်းကို မောင်း၍ ယိုတုနှင့် ကမ္ဘာဦးဘုံအကြားရှိ အတားအဆီးနံရံကို ချိုးဖောက်ကာ ယိုတု၏အမှောင်ထုထဲ ဝင်ရောက်သွားပြီဖြစ်သည်။
ကောင်းကင်နဂါးရတနာရထားလှည်းသည် အနာဂတ်နှစ်တစ်သန်းမှ ထူးဆန်းသော ရတနာတစ်ပါး ဖြစ်၏။ ၎င်းက ယိုတုနှင့် သက်ရှိကမ္ဘာအကြား သွားလာနိုင်ချေသည်။ ချင်မူသည် အန္တိမဟင်းလင်းပြင်ဆီမှ ဖြန့်ကျက်လိုက်သော မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို ရှောင်တိမ်းရန် ရထားလှည်းကို တစ်ခါသုံးခဲ့ဖူး၏။ ထိုအချိန်တုန်းက ရှုကျွင်းနှင့် လန်ဝူတို့လည်း အထဲတွင် ရှိနေခဲ့သည်။
ချင်မူမှာ အပြင်၌ မှောင်ပိန်းနေသော အမှောင်ထုကို ကြည့်ရင်း စိတ်ထဲ ထင့်နေသည်။
သူက သူတို့နောက် လိုက်နေသည့် ကောင်းကင်နတ်မြစ်ရေတပ်နှင့် တောင်ပိုင်းဂိုဏ်းစစ်တပ်ကို ခါထုတ်ခဲ့ရန် ကောင်းကင်နတ်မြစ်ကို သုံးမည့်အစား ယိုတမှတစ်ဆင့် ကမ္ဘာဦးဘုံထဲမှ ထွက်သွားလိုက်သည်။
ထိုစစ်တပ်နှစ်တပ်သည် တဟုန်နှင့် ကုရှောင်ကို သတ်လိမ့်မည်ဟု လော့ရှောင်မှာ ထင်နေသော်လည်း ထိုနှစ်ယောက်က ထိုစစ်တပ်တို့ကို ညွှန်ကြားထားသူများ ဖြစ်ကြောင်း ချင်မူ သိထားလေသည်။ စစ်တပ်နှစ်တပ်က သူတို့အား လိုက်ဖမ်းနေခြင်းမဟုတ်။ မဟာလေဟာနယ်မှ ဖန်ဆင်းရှင်ကို သတ်ရန် လိုက်လာနေကြခြင်းဖြစ်၏။
ကုရှောင်က ချောင်းဟန့်ပြီး ချင်မူ့ကို သတိပေးသည်။ “နောင်တော်မူချင်း၊ ကျုပ် သိထားသလောက် မြေအောက်ဘုံအရှင်သခင်က ဖန်ဆင်းရှင်တွေနဲ့ ရန်ညှိုး ရှိတယ်နော်”
လော့ရှောင်မှာ အလွန်စိုးရိမ်သွားကာ ချင်မူ့ထံ လှမ်းကြည့်၏။
တဟုန်က သက်ပြင်းချ၍ ပြောသည်။ “နောင်တော်မူချင်း၊ စစ်တပ်နှစ်တပ်ကို ခါထုတ်ခဲ့ဖို့က မလွယ်ဘူး... ကောင်းကင်နတ်မြစ်က ကမ္ဘာအားလုံးနဲ့ ဆက်သွယ်နေတဲ့အပြင် ယိုတုမှာလည်း တစ္ဆေမြစ်အဖြစ် စီးဆင်းတယ်... တစ္ဆေမြစ်က မြေအောက်ဘုံအရှင်သခင်ကို လှည့်ပတ်ပြီး အဆုံးသတ်မြို့ပျက်ထဲ ကျသွားတာ... ကောင်းကင်နတ်မြစ်ရေတပ်နဲ့ တောင်ပိုင်းဂိုဏ်းစစ်တပ်တို့အနေနဲ့ တစ္ဆေမြစ်ကနေတစ်ဆင့် ကျုပ်တို့နောက် လိုက်လာနိုင်သေးတယ်”
ချင်မူ ပြတင်းပေါက်များ ဖွင့်ပြီး အပြင်ကြည့်လိုက်ရာ ကောင်းကင်နတ်မြစ်သည် ပြတ်တောက်သွားမှုမရှိကြောင်း မြင်လိုက်ရ၏။
ကောင်းကင်နတ်မြစ်က ကမ္ဘာဦးဘုံ၏ ဟင်းလင်းပြင်ထဲမှ ယိုတုဆီသို့ စီးဆင်းဝင်ရောက်လာကာ တစ္ဆေမြစ် ဖြစ်လာသည်။ ထို့နောက် မြေအောက်ဘုံအရှင်သခင်၏ ဧရာမခန္ဓာကိုယ်ကြီးကို လှည့်ပတ်လျက် အောက်သို့ စီးဆင်းသွားသည်။
ဤတစ္ဆေမြစ်ကို မြေအောက်ဘုံအရှင်သခင်က ကြာပွတ်အရှည်တစ်လက်သဖွယ် ဆုပ်ကိုင်ထားသည်။ နောက်ဆုံးတွင် မြစ်သည် အောက်သို့ နိမ့်ဆင်းသွားရင်း မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်ထံ ရောက်သွား၏။
အဝေးမှ မီးအိမ်များနှင့် စက္ကူလှေများက သူတို့ဆီ လွင့်မျောလာကြသည်။ ကောင်းကင်နတ်အရှင်ရုံသည် တစ်စုံတစ်ယောက် ယိုတုသို့ ကျူးကျော်လာကြောင်း ခံစားလိုက်ရသဖြင့် စစ်ဆေးရန် သူ့ကိုယ်ပွားအား လွှတ်လိုက်ခြင်း ဖြစ်လိမ့်မည်။ သို့သော် သူ့သိုင်းအဆင့်က နိမ့်ကျနေသေးသောကြောင့် ရထားလှည်းကို လိုက်မှီနိုင်ရန် အားနည်းနေချေသည်။
နှစ်တစ်သန်းလွန်လျှင်တော့ ဤသို့ဖြစ်လာမည်မဟုတ်ပေ။
ချင်မူမှာ ကောင်းကင်နတ်အရှင်ရုံ၏ လုံခြုံဘေးကင်းမှုကို စိတ်ပူသောကြောင့် နဂါးချီလင်အား အလျင်အမြန် ထွက်ခွာရန် အမိန့်ပေးလိုက်သည်။ ရထားလှည်းထဲတွင် ကြောက်စရာပုဂ္ဂိုလ်နှစ်ဦး ရှိနေသည်မဟုတ်ပါလော။
ရထားလှည်းသည် အရှိန်အဟုန်ဖြင့် မောင်းနေ၏။ ချင်မူ အပြင်သို့ ကြည့်လိုက်သည့်အခါ တစ္ဆေမြစ်ဆီမှ လာနေသော စစ်သင်္ဘောများကို တွေ့လိုက်ရသည်။ ကောင်းကင်နတ်မြစ်ရေတပ်နှင့် တောင်ပိုင်းဂိုဏ်းတို့ကား ယိုတုသို့ ရောက်ရှိလာလေပြီ။
ချင်မူက လက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်အလိုတော်မုခ်၀တစ်ခုက ရထားလှည်းအရှေ့တွင် ဖွဲ့တည်လာသည်။ ရထားလှည်းသည် မုခ်၀အတွင်း ၀င်ရောက်သွားပြီး ကမ္ဘာဦးဘုံအပြင်တွင် ပြန်ပေါ်လာ၏။
“မြေအောက်ဘုံအရှင်သခင်က တကယ်ကို ကြွယ်ဝတာပဲ”
ချင်မူက ချီးကျူးပြီးနောက် ရိုရိုကျိုးကျိုး မေးမြန်းကြည့်သည်။ “နောင်တော်တို့ ၊ ရှေးဟောင်းနတ်ဘုရားတွေ ဘယ်ကဆင်းသက်လာတာလဲ သိကြလားဗျ....ကျွန်တော် ရှေးဟောင်းနတ်ဘုရားတွေ အများကြီးမြင်ဖူးတယ်... တချို့က သန်မာပြီး တချို့က အားနည်းတော့ သူတို့အကြောင်း သိချင်မိလို့ပါ..”
ကုရှောင်က ပြုံး၍ ဖြေသည်။ “ကျုပ်က လူသားတစ်ယောက်လေ... အဲ့ဒီလို ရှေးဟောင်းဖြစ်တည်မှုတွေရဲ့ ဇစ်မြစ်ကို ဘယ်လိုလုပ်သိမှာလဲဗျာ”
တဟုန်က ပြုံးသည်။ “ရှေးဟောင်းနတ်ဘုရားတွေက ဖန်ဆင်းရှင်တွေ ဖန်ဆင်းခဲ့တဲ့ လက်နက်တွေလို့ ကြားဖူးတယ်... သူတို့က ရှေးဟောင်းနတ်ဘုရားတွေကို ပုန်ကန်သတ်ပစ်ခဲ့ပြီးတော့ အဲ့အတိတ်ဆိုးကို ဖုံးကွယ်ဖို့ သူတို့ကိုယ်သူတို့ ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုကနေ မွေးဖွားလာတာလို့ ပြောခဲ့ကြတာဆိုပဲ”
လော့ရှောင်က ခေါင်းခါသည်။ “အဲ့ဒီလိုမဟုတ်ဘူး... လက်ဆင့်ကမ်းလာတဲ့ အသိပညာတွေအရ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဇစ်မြစ်လေးခု ရှိတယ်.... ဥ၊ တာအို၊ ယဇ်ပူဇော်မှု၊ ကောင်းကင်နဲ့ မြေကြီးပဲ”
ချင်မူမှာ ချက်ချင်း စိတ်၀င်စားသွားပြီး မေးလိုက်သည်။ “အဲ့ဒီလို ဇစ်မြစ်တွေလည်း ရှိတာလား... ရှင်းပြပေးလို့ရမလား”