← Chapters

ဖန်သားကဲ့သို့သော ညီကိုအချစ်

Vol. 81 Ch. 1052

ဖန်သားကဲ့သို့သော ညီကိုအချစ်

Vol. 81 Ch. 1052

‘ဟုန်... တဟုန်... မျိုးဆက်သစ် ကောင်းကင်နတ်အရှင်ဟုန်များလား... ဒါဆို သူက မဟာဧကရာဇ် ဖြစ်နေမလား’

ချင်မူ ၀တ်ရုံကျယ်ကြီးဖြင့် လူငယ်ကို ကြည့်ရင်း အသက်ရှူကြပ်လာမိသည်။။

ကောင်းကင်နတ်အရှင်ဟုန်သည် ကောင်းကင်နတ်ဘုံတွင် ရုပ်ဖျက်ထားသော မဟာဧကရာဇ်ဟု သူ သံသယရှိခဲ့၏။ ယခုတွင် ဟုန်ဟူသည့် လူငယ်မှာ ဆိုင်းမဆင့်ဗုံမဆင့် ပေါ်ချလာကာ ချင်မူ့မှာ စောင့်ကြည့်ခံနေရသကဲ့သို့ ခံစားရတော့သည်။

သူက နောက်ပိုင်းမျိုးဆက်မဟုတ်သဖြင့် ကောင်းကင်နတ်အရှင်ဟုန် ရှိသည်ကို မသိခဲ့လျှင် တဟုန်ဟုခေါ်သော ဤလူငယ်၏ အရူးလုပ်ခြင်း ခံရပေလိမ့်မည်။

ဟုန်သာ အမှန်တကယ် မဟာဧကရာဇ်ဆိုပါက အင်မတန် ကြောက်မက်ဖွယ်ကောင်းချေသည်။

မဟာဧကရာဇ်၏ခွန်အားသည် ကောင်းကင်နတ်ဧကရာဇ်ကဲ့သို့ ဖြစ်တည်မှုမျိုးနှင့် တစ်ဆင့်တည်းတွင် ဖြစ်၏။ သူ၏ရုပ်ခန္ဓာကား အသန်မာဆုံးဖြစ်အောင် ဖန်ဆင်းရှင်များ၏ ဖန်ဆင်းခြင်း ခံခဲ့ရသော်လည်း ကောင်းကင်နတ်ဧကရာဇ်၏ရုပ်ခန္ဓာက ပို၍သန်မာလိမ့်မည်ဟု ချင်မူ ယုံကြည်သည်။

သေချာသည်တစ်ခုကတော့ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကတော့ နံပါတ်တစ် ဖြစ်သည်။ သူမတိုင်ခင် ဖြစ်စေ၊ သူ့နောက်မှ ပေါ်လာသူများဖြစ်စေ မည်သူမှ သူ့လောက် အားကောင်းသော အသိစိတ်အလျဉ်ကို မပိုင်ဆိုင်ထားကြချေ။ ထာဝရနတ်ဘုရား အသိစိတ်အလျဉ်ကြောင့် ကျော်ကြားသည့် ချိဧကရာဇ်ပင်လျှင် သူနှင့်ယှဉ်ပါက သိသိသာသာ မှေးမှိန်သွားချေသည်။

မဟာဧကရာဇ်သာ သူ့ကို သတ်ချင်ပါက အလွယ်တကူ သတ်နိုင်သည်။

ချင်မူမှာ ရထားလှည်းထဲတွင် ထိုင်ရင်း ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အရှေ့တွင် ထိုင်နေရသည့်အလား ခံစားနေရသည်။ ကျောရိုးထဲလည်း စိမ့်အေးလာ၏။ သို့သော် ကြောက်စိတ်ကို ကျော်လွှား၍ လည်ဂုတ်တွင်သာ တိတ်တိတ်ခိုးလျက် ကြက်သီးထခိုင်းထားလိုက်သည်။

ကောင်းကင်နတ်မြစ်အထက်တွင် သင်္ဘောများ၏ အလံရွက်များ တလွင့်လွင့် လှုပ်ခတ်နေသည်။ သင်္ဘောတစ်စင်းစီတွင် ထောင်ပေါင်းများစွာသော လူများ၊ မြင်းများ ပါရှိပြီး အများစုသည် နတ်ဘုရား၊မိစ္ဆာအဆင့်အထိ ကျင့်ကြံထားသော နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြ၏။

ချင်မူက ရေတပ်ဆီ လှမ်းကြည့်၍ ပြုံးလိုက်သည်။ “တာအိုရောင်းရင်းဟုန်၊ ခင်ဗျားနောက်ကို လိုက်နေတဲ့သူတွေက အများကြီးပါလား... ကျွန်တော်တို့ကို ဆွဲမထည့်တာ ကောင်းလိမ့်မယ်”

ဟုန်က ရထားလှည်းအတွင်းသို့ ခြေမြန်လက်မြန် ဝင်ချလာကာ ပြောသည်။ “ခင်ဗျားလည်း သေတော့မှာပဲလေ ‌ကောင်းကင်နတ်အရှင်မူ... ကျုပ်ကို ခေါ်သွားလို့လည်း ဘာမှ မထူးဘူးမလား”

သူ ရထာားလှည်းအတွင်း ဝင်လာသည်နှင့် ချင်မူမှာ ဖြန်းခနဲ သွေးလန့်သွားသည်။ ဤခေတ်၏ မဟာဧကရာဇ်သည် မဟာလေဟာနယ်မှ ဖန်ဆင်းရှင်များနှင့် ကောင်းကင်နတ်အရှင်ယွင်၏ သတ်ဖြတ်ခြင်းမခံရသေးပေ။

ကောင်းကင်နတ်အရှင်ယွင်နှင့် မဟာလေဟာနယ်မှ ဖန်ဆင်းရှင်များသည် သူ၏ရုပ်ခန္ဓာနှင့် အသိစိတ်အလျဉ်တစ်၀က်ကိုသာ သတ်ဖြတ်နိုင်ခဲ့ကြ၏။ ယခု ဟုန်ကား ပြီးပြည့်စုံ‌သော မဟာဧကရာဇ်အသွင် ဖြစ်ပေလိမ့်မည်။

ချင်မူမှာ လည်ဂုတ်မှ ချွေးပြန်လာသည်ကို ခံစားလိုက်ရသဖြင့် ချွေးတိတ်ရန် ကြိုးစားနေသည်။ အပြင်ပန်းတွင်တော့ ပြုံးလျက် ရှိသည်။ “ဟုန်၊ ခင်ဗျား ကျွန်တော့်ကို သိလား”

ဟုန်က လော့ရှောင်အရှေ့တွင် ထိုင်၍ သူ့ကို ကြည့်ပြီးနောက် အပြင်သို့ ငေးမောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ကောင်းကင်နတ်အရှင်မူက နဂါးသွဲ့ရေကန်မှာ ပြဿနာရှာခဲ့တယ်‌... အရှင်မယွမ်မုရဲ့ ကိုယ်ပွားဆီကနေ တိုက်ခိုက်တာ ခံခဲ့ရပြီးတော့ သူ့ကိုယ်ပွားက ဖိနှိပ်ထားခဲ့တာတောင်မှ ‌ကောင်းကင်နတ်အရှင်ဟောင်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့တယ်လေ... ခင်ဗျားက ‌ကောင်းကင်နဲ့မြေကြီးကို တုန်လှုပ်သွားစေခဲ့တာပဲဟာ... အဲ့ဒီလို အံ့ဖွယ်ကိစ္စတွေ လုပ်ခဲ့တဲ့ ခင်ဗျားကို မသိတဲ့သူ ရှိပါ့မလား”

တစ်ချိန်တည်းမှာပင် ရထားလှည်းအပြင်မှ နောက်ထပ်အော်သံတစ်သံကို ကြားလိုက်ရ၏။ “ကောင်းကင်နတ်အရှင်မူလား... ကျုပ်ကို ကယ်ပါဦး”

ချင်မူ၊ လော့ရှောင်နှင့် ဟုန်တို့ အပြင်သို့ ကြည့်လိုက်ရာ တောင်ကောင်းကင်မုခ်ဝထဲမှ ထွက်လာသော စစ်တပ်တစ်တပ်ကို မြင်လိုက်ရသည်။ ထိုစစ်တပ်သည် တောင်ပိုင်းဂိုဏ်းစစ်တပ် ဖြစ်ပြီး ခပ်ချောချော လူငယ်တစ်ဦးကို လိုက်လံဖမ်းဆီးနေချေသည်။

ထိုလူငယ်က ကောင်းကင်နတ်မြစ်ကို ဖြတ်၍ ရထားလှည်းထံ ပြေးလာ၏။ သူသည် မြန်ဆန်လှသောကြောင့် အလျင်အမြန်ပင် ရထားလှည်းအား လိုက်မှီလာပပြီး အော်ဟစ်လိုက်သည်။ “အခုမောင်းတော့... မောင်းတော့”

ကောင်းကင်နတ်ဘုံ၏ ဂိုဏ်းလေးဂိုဏ်းမှ စစ်တပ်များကို ကောင်းကင်ဆရာသခင်လေးပါးက အုပ်ချုပ်သည်။ နဂါးဟန်ခေတ်တွင် ထိုသူတို့က မည်သူမှန်း ချင်မူ မသိသော်လည်း တောင်ပိုင်းဂိုဏ်းပင် လိုက်ဖမ်းရသူမှာ ပေါ့ပေါ့သေးသေးတော့ မဟုတ်ပေ။

ရထားလှည်းသည် ကောင်းကင်နတ်မြစ်ရေတပ်နှင့် တောင်ပိုင်းဂိုဏ်းစစ်တပ်ကို ထားရစ်လျက် အရှိန်အဟုန်ဖြင့် မောင်းထွက်သွားတော့သည်။

ချင်မူက အသိစိတ်အလျဉ်ဖြင့် နဂါးချီလင်အား ဘိုးဘေးနန်းတော်၏ တည်နေရာ ပြောပြ၍ ထိုနေရာသို့ မောင်းနှင်စေလိုက်သည်။

ထိုအချိန်မှာပဲ သူ့အသိစိတ်အလျဉ် စောင့်ကြည့်ခံနေရသလို ခံစားလိုက်ရ၏။

စောင့်ကြည့်နေသူက လော့ရှောင်ပင်။ ချင်မူ့အသိစိတ်အလျဉ်က အားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သောကြောင့် လော့ရှောင်သည် သိချင်နေ၏။

ထို့ကြောင့် ချင်မူ့အသိစိတ်အလျဉ် လှုပ်ခတ်သွားမှန်း ခံစားမိသောအခါ သူ၏ကိုယ်ပိုင်အသိစိတ်အလျဉ်ဖြင့် စောင့်ကြည့်လိုက်ခြင်း ဖြစ်သည်။

သို့သော် ချင်မူမှာ ဒုတိယအသိစိတ်အလျဉ်တစ်ခုကိုလည်း ခံစားလိုက်ရသည်။

၎င်းကား လျှို့ဝှက်လွန်းသဖြင့် အာရုံခံ၍ မလုနီးပါး ဖြစ်နေသည်။

ထိုအသိစိတ်အလျဉ်သည် ဟင်းလင်းပြင်အတွင်းထဲမှ လာနေသောကြောင့် အာရုံခံရခက်၏။ ချင်မူသာ မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို မရရှိခဲ့လျှင် သူ့ကို စောင့်ကြည့်နေသော ထိုအသိစိတ်အလျဉ်အား သတိထားမိမည်မဟုတ်ပေ။

ရထားလှည်းပေါ်ရှိ လူငယ်နှစ်ဦးအနက် မည်သူက အသိစိတ်အလျဉ်ဖြင့် သူ့ကို စောင့်ကြည့်နေကြောင်း ဆုံးဖြတ်ရန် ခက်သည်။

‘ဒါပေမဲ့ မဟာဧကရာဇ်က ဒီမှာဆိုတာတော့ သေချာတယ်’

ချင်မူ ကြောက်စိတ်ကို ထိန်းချုပ်ရင်း မေးလိုက်သည်။ “တာအိုရောင်ရင်းဟုန်လည်း အဲ့ဒီအချိန်တုန်းက ကောင်းကင်နတ်ဘုံမှာ ရှိနေခဲ့တယ်လား... နဂါးသွဲ့ရေကန်မှာမဟုတ်ရင် ကောင်းကင်နတ်ဘုံအစည်းအဝေးမှာတော့ ရှိနေခဲ့မှာ သေချာတယ်... အဲ့ဒီကိုတက်ရောက်ဖို့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဖိတ်ကြားတာခံရတယ်ဆိုရင် ခင်ဗျားရဲ့စွမ်းအားက အံ့မခန်းဖြစ်လိမ့်မှာပဲ...ခင်ဗျားက နတ်ဘုရားတစ်ပိုင်းတွေရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်... အဲဒါဆို ဘာလို့ ကောင်းကင်နတ်မြစ်ရေတပ် လိုက်ဖမ်းတာ ခံနေရတာလဲ”

ဟုန်က လက်ပိုက်၍ သက်ပြင်းချလိုက်သည်။ “ခင်ဗျားက ဉာဏ်ကောင်းသားပဲ ကောင်းကင်နတ်အရှင်မူ... ကျုပ်က ‌တစ်လောကလုံးရဲ့ နံပါတ်တစ် မိစ္ဆာလေ.... ခင်‌ဗျားတို့ လူသားတွေနဲ့ မတူဘူး.... ကျုပ်တို့မိစ္ဆာတွေမှာ သိုင်းဝိညာဉ်က အစောကြီး နိုးထကြတယ်... လူသားတွေ မကျင့်ကြံနိုင်သေးတဲ့အချိန်မှာ ကျုပ်တို့တွေက ကျင့်ကြံနေကြပြီ... ကျုပ်က ပထမဆုံးနိုးထလာတဲ့ မိစ္ဆာပဲ... နေရာတိုင်းကို ခရီးထွက်ခဲ့ပြီးတော့ နေမင်းနဲ့ လမင်းရဲ့ အဆီအနှစ်ကို စားခဲ့ပြီးပြီ.. မကြာခင် ကျုပ်ရဲ့ ဉာဏ်ပညာဖွံ့ဖြိုးတော့မယ်...ကောင်းကင်နတ်ဧကရာဇ်က ကျုပ်ကို မိစ္ဆာတွေအပေါ် အုပ်ချုပ်ဖို့ အမိန့်ပေးခဲ့ပြီး ကောင်းကင်နတ်ဘုံအစည်းအဝေးကိုလည်း ဖိတ်ခဲ့တာပါ... နတ်ကောင်းကင်ခန်းမဆီ ရောက်နေခဲ့တာမလို့ ခင်ဗျားနဲ့ မတွေ့ခဲ့ရဘူး ကောင်းကင်နတ်အရှင်မူ”

“အဲဒီလိုကိုး”

ချင်မူက ရထားလှည်းပေါ် တက်လာခဲ့သည့် ခပ်ချောချောလူငယ်ထံ ကြည့်လိုက်သည်။ စိတ်ထဲမှ ထိုလူငယ်၏ ရုပ်ရည်သွင်ပြင်ကို ချီးကျူးမိလိုက်၏။ ထိုလူငယ်သည် ကောင်းကင်ယင်သားတော်နှင့် ယှဉ်နိုင်ချေသည်။ “နာမည် သိခွင့်ရမလား တာအိုရောင်ရင်း”

“ကျုပ်က ရှောင်ပါ”

ခပ်ချောချော လူငယ်က ပြုံးသည်။ “လူသားမျိုးနွယ်ရဲ့ ရှောင်... မိုးသောက်ယံက ရှောင်ပါ... ကောင်းကင်နတ်အရှင်မူက ကျုပ်နာမည်ကို မကြားဖူးလောက်ပေမယ့် ကျုပ်ကတော့ ခင်ဗျားနာမည်ကို အကြိမ်ကြိမ် ကြားဖူးပါတယ်”

ချင်မူမှာ သွေးတို့ ဆောင့်တိုးသွားတော့သည်။ ‘ကောင်းကင်နတ်အရှင်ရှောင်တော့ မဟုတ်လောက်ဘူးမလား.... သူသာဆို ငါ့ရထားလှည်းလေးကတော့ မကြာခင် တိုက်ခိုက်မှုတွေ၊ လှည့်ကွက်တွေကို‌ တွေ့ရတော့မှာပဲ... ဖန်ဆင်းရှင်တွေရဲ့ မဟာဧကရာဇ်ရော၊ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရော ရောက်နေတာ...’

သူက ယန်အာ့ကို မီးအိမ်ငြှိမ်းလိုက်ပြီး ထွက်ပြေးချင်စိတ်အား မနည်းအောင့်ထားရသည်။ အပြင်ပန်းတွင်တော့ ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးနေသည်။ “ရှောင်က ခင်ဗျားရဲ့နာမည်ဆိုပေမယ့် မျိုးရိုးနာမည်ကရော..”

ခပ်ချောချောလူငယ်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူကတော့ သိမှာမဟုတ်ဘူး... ကျုပ်မှာက နာမည်ပဲ ရှိတာပါ... ပြီးတော့ ဂုဏ်သရေရှိတဲ့ လူတွေပဲ မျိုးရိုးနာမည်ပိုင်ဆိုင်ခွင့် ရှိတာလေ...ကျုပ်တို့မိသားစုက ဆင်းရဲတော့ မျိုးရိုးနာမည် မရှိခဲ့ဘူး.. နာမည်ပဲ ရှိခဲ့တာ ... အဲဒါနဲ့ နောက်တော့ ကိုယ့်ဘာသာကိုယ် မျိုးရိုးနာမည် ထွင်လိုက်တယ်... ကုတဲ့.... ဆိုတော့ ကျုပ်က ကုရှောင်ပေါ့... ဒါပေမဲ့ ကျုပ်ကို သိတဲ့သူတွေကတော့ ရှောင်လို့ပဲ ခေါ်ကြတုန်းပဲ...”

ချင်မူမှာ ရထားလှည်းအတွင်းရှိ တဟုန်နှင့် လူသားမျိုးနွယ်၏ ကုရှောင်တို့အား ကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်လာတော့သည်။

တဟုန်သည် ငယ်ရွယ်မည့် ပုံပေါ်၏။ အင်္ကျီလက်အိုးထဲတွင် လက်ထည့်လျက် လက်ပိုက်အနေအထားမြင့် ပြုံးပြုံးနေတတ်သည်။ သူ့တွင် နောက်ပိုင်းမျိုးဆက်သစ်၏ ကောင်းကင်နတ်အရှင်ဟုန်နှင့် ခပ်ဆင်ဆင်တူသော အသွင်အပြင်ကို မြင်ရနိုင်သည်။‌

ကုရှောင်ကတော့ အင်မတန် ချောမောနေပြီး မျိုးဆက်သစ်မှ ကောင်းကင်နတ်အရှင်ရှောင်နှင့် လုံးလုံးလျားလျား ကွဲပြားချေသည်။

မျိုးဆက်သစ်၏ ကောင်းကင်နတ်အရှင်ရှောင်သည် ထောင်လွှားမောက်မာပြီး မာနကြီးသည်။ လူသားမျိုးနွယ်၏ ကောင်းကင်နတ်အရှင် ဖြစ်သော်လည်း မချောမောသောကြောင့် ဤကုရှောင်ဟုခေါ်သည့် လူငယ်နှင့် မတူပေ။

ထို့အပြင် ကောင်းကင်နတ်အရှင်ရှောင်၏ အသက်ကို တွက်ကြည့်လျှင် ကောင်းကင်နတ်အရှင်ရှောင်သည် ‌မမွေးဖွားသင့်သေးပေ။ သူက နဂါးဟန်ခေတ်အလယ်ပိုင်းရောက်မှ ကောင်းကင်နတ်အရှင်ယွင်၏ စိတ်အားထက်သန်သော တပည့်တစ်ဦး ဖြစ်လာခဲ့သူပင်။

‘ဒီရှောင်က ကောင်းကင်နတ်အရှင်ရှောင် ဖြစ်နိုင်လား’ ချင်မူမှာ တွေးတောနေမိသည်။

ရထားလှည်းသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ လေးယောက်စလုံး ကိုယ့်အတွေးနှင့်ကိုယ် မျောနေကြသည်။

ရထားလှည်းက ကောင်းကင်နတ်မြစ်မှ ထွက်ခွာ၍ အပြင်အာကာသကို ဦးတည်သွားသည်။ ချင်မူ နဂါးချီလင်ဆီ ပေးခဲ့သော ကိုဩဒိနတ်များက အပြင်အာကာသတွင် ဖြစ်ချေသည်။

‌သူတို့အနောက်တွင် ကောင်းကင်နတ်မြစ်ရေတပ်၏ စစ်သည်တော်နတ်ဘုရားများသည် သင်္ဘောများအပေါ်၌ အလံတော်များ လွှင့်ထူလျက် အော်ဟစ်ကြွေးကြော်နေကြ၏။ သင်္ဘောများ သူတို့နောက် လိုက်လာနိုင်ရန် ကောင်းကင်နတ်မြစ်မှ မြစ်လက်တက်တစ်ခု ခွဲထုတ်နေကြသည်ကိုလည်း မြင်တွေ့လိုက်ရသည်။

ဟုန်က အပြင်သို့ ကြည့်ကာ အံ့အားသင့်သွားသည်။ သူ၏အကြည့်များ လင်းလက်သွားပြီး သူက မေးလေသည်။ “ကောင်းကင်နတ်အရှင်၊ ‌ခင်ဗျားက အပြင်အာကသဆီ ထွက်ပြေးနေတလား... ကမ္ဘာဦးဘုံရဲ့ အတားအဆီးနံရံက အားကောင်းတယ်နော်... ကမ္ဘာဦးဘုံကနေ ထွက်သွားဖို့ လွယ်မှာမဟုတ်ဘူး”

ချင်မူအကြည့်မှာလည်း လင်းခနဲ လက်သွားသည်။ “ကမ္ဘာဦးဘုံကနေ ထွက်သွားနိုင်မယ့် နည်းလမ်းရှိလား၊ တာအိုရောင်ရင်းဟုန်”

ဟုန်က ခေါင်းခါရမ်းသည်။ “ကျုပ်လည်း ရှိချင်ပါတယ်.. ဒါပေမဲ့ ကျုပ်လည်း ဒီနေရာမှာ ပိတ်မိနေတာ... ထွက်သွားဖို့ တတ်နိုင်တာ မရှိဘူး...ဒါပေမဲ့ ကောင်းနတ်မြစ်အတိုင်း လိုက်သွားရင် ‌ကမ္ဘာဦးဘုံကနေ ထွက်သွားနိုင်မယ်လို့ ကြားဖူးတယ်... စကြ၀ဠာထဲကို ထွက်ပြီး ၀င်ရိုးစွန်းလေးခုအပြင် ယိုတုနဲ့ ရွှမ်တုကိုပါ သွားနိုင်တယ်တဲ့”

“လမ်းပြပေးတာ ကျေးဇူးတင်ပါတယ် တာအိုရောင်ရင်းဟုန်”

ချင်မူက ရယ်၏။ “ခင်ဗျားက ဘာမှမတတ်နိုင်ဘူးလို့ပြောပေမယ့် ကမ္ဘာဦးဘုံကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကိုတော့ ကောင်းကောင်းသိနေတာပဲ... ထူးဆန်းလိုက်တာ”

ဟုန်က ရယ်သည်။

ကုရှောင်သည် တံစဥ်းအသေးစားတစ်ခု ထုတ်၍ သူ၏သံချပ်ကာအား ပွတ်တိုက်‌နေသည်။ သူက ဟုန်ကို စပ်စုသလို ကြည့်ကာ မေးလေသည်။ “ကောင်းကင်နတ်မြစ်ရေတပ်က ခင်ဗျားကို ဘာလို့ လိုက်ဖမ်းနေတာလဲ....ကျုပ် သိသလောက်တော့ ခင်ဗျားက ရေတပ်ဦးစီးချုပ်မလား.... သူတို့ ဘာလို့ ခင်ဗျားကို လိုက်ဖမ်းနေလဲ နားလည်ရခက်တယ်”

ချင်မူမှာ တုန်လှုပ်စွာဖြင့် တဟုန်ဆီသို့ ကြည့်လိုက်မိသည်။

ဟုန်က သက်ပြင်းချ၏။ “ကျုပ် စကားမှားခဲ့လို့ပါ... အမှန်အတိုင်းပြောရရင်‌ ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်မြစ်မှာ ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တွေကို သတ်ဖြတ်နေတုန်းက ကျုပ်က ရေတပ်ကို ဦးဆောင်ပြီး ချီတက်လာနေခဲ့တာလေ... အဲဒါနဲ့ ကျုပ်လည်း ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်သိုင်းတွေကို အင်မတန် သဘောကျမိလို့ မချီးကျူးဘဲ မနေနိုင်ခဲ့ဘူး... ကျုပ်မှာ ပုန်ကန်ချင်တဲ့စိတ် မရှိခဲ့ပေမယ့် တစ်ယောက်ယောက်က ကောင်းကင်နတ်ဧကရာဇ်ကို တိုင်တန်းခဲ့တယ်... ဧကရာဇ်က ဒေါသူပုန်ထပြီး ကျုပ်ကို နတ်ဘုရားစီရင်ရာစင်မြင့်မှာ ကွပ်မျက်ဖို့ လိုက်ဖမ်းခိုင်းတော့တာပဲ ... အဲဒီတော့ ဝရမ်းပြေးဖြစ်ရုံအပြင် ရွေးချယ်စရာမရှိတော့ဘူး”

ချင်မူက သက်ပြင်းရှည်ကြီးချ၍ မျက်ရည်ဝဲလျက် ပြောသည်။ “ကျွန်တော့်ကြောင့် ခင်ဗျား အခက်တွေ့သွားမယ်လို့ မထင်ထားခဲ့ဘူး... တာအိုရောင်ရင်း‌ဟုန်၊ ကျွန်တော့် အမှားပါဗျာ”

ဟုန်၏အကြည့်သည် လင်းနဲ လက်သွားပြီး ကုရှောင်အပေါ် ကျရောက်သွား၏။ “တောင်ပိုင်းဂိုဏ်းရဲ့ ဂိုဏ်းဆရာသခင် ‌အင်မတန် လျှို့ဝှက်ပြီး အပြင်မထွက်တတ်ဘူးလို့ ကြားဖူးတယ်... ကျုပ်မိတ်ဆွေတွေ ပြောပုံအရ အဲဒီဂိုဏ်းဆရာသခင်က လူသားနတ်ဘုရားတစ်ပါးတဲ့... ကျုပ်ဖြင့် အံ့အားသင့်ပြီး အထင်ကြီးခဲ့မိတယ်... အဲဒီလူသားဂိုဏ်းဆရာသခင်က ခင်ဗျားလား တာအိုရောင်ရင်းရှောင်... ခင်ဗျားရဲ့ကိုယ်ပိုင်စစ်တပ်က ခင်ဗျားကို ဘာလို့လိုက်ဖမ်းနေတာလဲ”

ချင်မူ့အကြည့်သည် ကုရှောင်အပေါ် ကျ‌ရောက်သွား၏။ သူလည်း သိသိသာသာ သိချင်နေသည်။

ကုရှောင်က တံစဉ်းကိုချ၍ သက်ပြင်းချလိုက်သည်။ “ကျုပ်လည်း အဲ့ဒီတိုက်ပွဲကြောင့် အပြစ်ရှိရတာပဲ.. ဒါပေမဲ့ ကျုပ်က‌ ကောင်းကင်နတ်အရှင်‌မူရဲ့ ကောင်းကင်နတ်သိုင်းကြောင့် အပြစ်ရှိတာမဟုတ်ဘူး... ဒီတာအိုရောင်ရင်းကြောင့်ပဲ”

သူက လော့ရှောင်ဆီ ကြည့်ကာ ပြောသည်။ “သူ့ရဲ့ ရုပ်ခန္ဓာက ရှေးဟောင်းနတ်ဘုရားတွေထက်တောင် ကြီးမားတာ တွေ့ခဲ့ရတယ်လေ.. အဲဒါနဲ့ အလိုလို ချီးကျူးမိသွားတာ ... သူက ဖန်ဆင်းရှင်ဆိုတာရယ်၊ ဖန်ဆင်းရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရား‌တွေကြားမှာ ပဋိပက္ခတွေရှိတယ်ဆိုတာ နောက်မှ သိခဲ့ရတာ... ဒါကြောင့် မဆင်မခြင်ပြောမိတဲ့ အပြစ်အတွက် ကျုပ်ကို လိုက်ဖမ်းနေကြတာပါ”

ချင်မူမှာ ၀မ်းနည်းလာမိပြီး‌ ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်လုံးက စကားမှားလို့ အပြစ်ရှိခဲ့ရတာပဲ... ဟိုးအမြင့်က လူတွေပေမယ့် စကားလေး မှားမိလို့ ကျွန်တော့်လို ၀ရမ်းပြေးဖြစ်ခဲ့ရတယ်”

သူက သက်ပြင်းအကြိမ်ကြိမ်ချ၍ မျက်ရည်များပင် ကျလာသည်။

ကုရှောင်နှင့် တဟုန်တို့က သူ့ကို နှစ်သိမ့်ရန် ကြိုးစားကြ၏။ “အားလုံးက ခင်ဗျားကို ဖြောင့်မတ်တည်ကြည်၊ ကြင်နာနွေးထွေးပြီး အချိန်မရွေး ကူညီတတ်တယ်လို့ ပြောကြတယ်... ကြည့်ရတာ သူတို့စကား မှန်နေတာပဲဗျာ”

ချင်မူက ငိုနေသည်ကို ရပ်လိုက်ရင်း တစ်ချက်ရှိုက်ကာ ပြောသည်။ “ခင်ဗျားတို့ အဖြစ်ကို ကြားတော့ ကျွန်တော့်အဖြစ် ကျွန်တော် သတိရသွားလို့‌ ၀မ်းနည်းမိတာပါ... ကျွန်တော်တို့က လူမတူပေမယ့် ကံကြမ္မာတွေက တူနေကြတယ်... ဒီနေ့ ရထားလှည်းတစ်လှည်းပေါ်မှာ တူတူထိုင်ကြပြီး အသက်လုထွက်ပြေးရအောင် ကံကြမ္မာက ဖန်တီးထားတာပဲဗျာ... ကျုပ်တို့....”

သူက လက်သီးဆုပ်ကာ ပြော၏။ “ကျုပ်တို့ မျိုးရိုးမတူတဲ့ သွေးသောက်ညီအစ်ကိုတွေ လုပ်ကြရင် မကောင်းဘူးလား.... မွေးဖွားတဲ့ နေ့၊ လ၊ ရက်‌တွေ မတူပေမယ့် တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်း အတူတူ သေကြဖို့တော့ သစ္စာဆိုလို့ ရသေးတာပဲ”

ကုရှောင်နှင့် တဟုန်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဘာပြောရမည်မှန်းမသိတော့ပေ။

ချင်မူသည် ပို၍ စိတ်လှုပ်ရှားလာပြီး ထရပ်ကာ ရထားလှည်းတွင်း၌ ဟိုဟိုသည်သည် လျှောက်သွားနေသည်။ “လော့ရှောင်က အိမ်နဲ့ ဝေးနေတဲ့ ဖန်ဆင်းရှင်ခရီးသွားတစ်ယောက်... သူ့ကို လိုက်ဖမ်းနေတာ ကောင်းကင်နတ်ဘုံမဟုတ်ဘဲ ရှေးဟောင်းနတ်ဘုရားတွေ... ကျွန်တော်တို့အားလုံးက တူတူပဲ... လေးယောက်စလုံး သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာသင့်တယ်”

ကုရှောင်နှင့် တဟုန်မှာ သိသိသာသာပင် ပိုပို၍ ထူးဆန်းလာသဖြင့် မျက်မှောင်ကြုတ်နေကြသည်။

ချင်မူက စိတ်လှုပ်တရှား အော်ဟစ်သည်။ “တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းမှာ အတူတူသေဆုံးဖို့ မြေအောက်ဘုံအရှင်သခင်ကို တိုင်တည်ပြီး ကျိန်ဆိုကြစို့”

တဟုန်သည် နဖူးမှ ချွေးများ စီးကျလာပြီး ရယ်ကြဲကြဲဖြင့် ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ခင်ဗျားက ကောင်းကင်နတ်အရှင်လေ... ကျုပ်တို့က ခင်ဗျားနဲ့ ဘယ်လိုလုပ် ပက်သက်ဝံ့မလဲဗျာ”

ဂူရှောင်ကလည်း ရယ်သည်။ “ဖန်ဆင်းရှင်တွေက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ရန်သူတွေလေ... ကျုပ်တို့ မြေအောက်ဘုံအရှင်သခင်ကို တိုင်တည်ပြီး ကျိန်ဆိုလိုက်ရင် နောင်တော်လော့ရှောင်ကို သူ့ဆီ ပို့ပေးသလို ဖြစ်မသွားဘူးလား... ဒါက သေချာစီစဉ်ရမှာနော်”

ချင်မူ့စိတ်လှုပ်ရှားမှုမှာ ထိန်းချုပ်၍ရနိုင်သည့် ပုံစံမရှိတော့ပေ။ သူက သူ့တို့ကို ဆွဲ၍ ဒူးထောက်စေလိုက်ရင်း ပြုံး၍ ပြောသည်။ “ကံကြမ္မာက ကျုပ်တို့ကို ဆုံဆည်းစေခဲ့မှတော့ ဒီနေ့ပဲ အရိုအသေပေးပြီး သွေးသောက်ညီအစ်ကိုတွေ လုပ်ကြရအောင်... နောင်တော်လော့ရှောင်၊ လာ တူတူအရိုအသေပေးကြစို့”

လော့ရှောင်မှာ ချီတုံချတုံ ဖြစ်နေသော်လည်း စိတ်ပိုင်းဖြတ်ကာ သူနှင့်အတူ ဒူးထောက်လိုက်သည်။

ချင်မူက ကုရှောင်နှင့် တဟုန်ကို တစ်ချက်ကြည့်လိုက်သည်။ “ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်ကို အထင်သေးနေတာတော့ မဟုတ်ဘူးမလား... ကျွန်တော် ကောင်းကင်နတ်အရှင်မူတောင် ဒူးထောက်နေပြီလေ... ခင်ဗျားတို့နှစ်ယောက်က ဒူးမထောက်ဘူးလား”

ကုရှောင်နှင့် တဟုန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဒူးထောက်လိုက်သည်။ ကုရှောင်က ခပ်တိုးတိုး ပြောချေသည်။ “နောင်တော်လော့ရှောင်က ဖန်ဆင်းရှင်နော်... ကျုပ်တို့ မြေအောက်ဘုံအရှင်သခင်ရော၊ ကောင်းကင်နယ်စားမင်းကိုရော တိုင်တည်လို့မရဘူး...”

ချင်မူက လက်တစ်ဖက်ဖြင့် ကုရှောင်၏ခေါင်းကို ဖိပြီး ကျန်တစ်ဖက်ဖြင့် တဟုန်၏ခေါင်းကို ဖိချလိုက်သည်။ အားလုံးအတူတူ ဦးချရှိခိုးနေကြစဉ် သူက ပြောလေသည်။ “ဒါဖြင့် မြေအောက်ဘုံအရှင်သခင်ကိုရော၊ ကောင်းကင်နယ်စားမင်းကိုရော မတိုင်တည်ဘူးပေါ့ဗျာ”

All Chapters