ရိကလန်၏ပါရမီရှင်များ
Vol. 009 Ch. 869
“ ဘုန်း ... ” နဂါးကြီးက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ယူချင်းထံကို ဆင်းသက် လာသည်။ သို့သော်လည်း ကျယ်လောင်သော မြည်သံတစ်ချက် နှင့်အတူ ယူချင်း၏ ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ် မိစ္ဆာ အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ နဂါးကြီးက ယူချင်း၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်ကို ယူချင်းက သည်အတိုင်း လွှတ်ပေးထား၏။
နဂါးကြီးမှာ ယူချင်း၏ ခန္ဓာကိုယ်မှ ထွက်သော အငွေ့အသက်များ အောက်တွင် တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ် သွားသည်ကို အားလုံးက အံ့အားသင့်စွာ မြင်ကြရသည်။
လင်းရွှမ်၏ အမူအရာက ကြီးစွာ ပြောင်းလဲ သွားခဲ့သည်။ သူက လေထုထက်ကို ခုန်တကာ ကျားဖြူကို စီးနင်းလျက် ယူချင်းထံသို့ ခုန်အုပ်လိုက်သည်။
ခွန်အားဗလ ကြီးမားသော ကျားဖြူ၏ တိုက်ခိုက်မှုက ယူချင်း အပေါ်ကို ကျဆင်း လာသော်လည်း သူ၏ရုပ်ခန္ဓာအား ထိခိုက်ရန် မတတ်နိုင်ဘဲ ဖြစ်နေသည်။
လင်းရွှမ်၏ အမူအရာက တစ်နည်းနည်းဖြင့် ပြောင်းလဲသွားသည်။ ယူချင်း၏ မျက်လုံးက အရောင် တစ်ချက်လက် သွားကာ သူက လက်ကိုမြှောက်လျက် လေထုကို တစ်ချက် ရိုက်လိုက်သည်။ လင်းရွှမ်က နတ်ငှက်အလား မြန်ဆန်စွာဖြင့် ရှောင်ဖယ်လိုက်၏။
သို့သော်လည်း ယူချင်း၏ လက်ဝါးရိုက်ချက်မှာ အလွန်အမင်း အားကောင်းလွန်းရကား သူ့ရှေ့မှ လေဟာနယ် တစ်ခုလုံးကို ဝါးမျိုသွားသည်ဟု ခံစားရကာ လက်ဝါးရိုက်ချက် အောက်မှ မည်သည့် အရာကမှ လွတ်မြောက် နိုင်စွမ်းမရှိပေ။
နတ်ဆိုးလက်ဝါးက လေထုကို ခွင်းလျက် လင်းရွှမ်၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာသည်။ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ လင်းရွှမ်မှာ အဝေးကို လွင့်စဉ်သွားပြီး စင်မြင့်ထောင့်စွန်းနားသို့ ပြင်းထန်စွာ ကျ၏။ လင်းရွှမ်က ထရပ် နိုင်သော်လည်း သူ၏မျက်နှာမှာ အလွန်အမင်း ပြာနှမ်းနေသည်။
လင်းရွှမ်၏ ပါးစပ်မှလည်း သွေးများ စီးကျလာနေသည်။ သူကား မိမိကိုယ်ကိုယ် ပြိုင်ဘက် ကင်းပါရမီရှင်ဟု ထင်မှတ်ခဲ့သော်လည်း လက်ဝါးတစ်ချက်က သူရှိနေရာ လေဟာနယ် တစ်ခုလုံးအား ချုပ်ကိုင် သွားသည်ဟု ခံစားရပြီး မည်သို့မှ လွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။
ဤကား ပြည်နယ်ကိုးခု ညီလာခံပထမဆုရှင်၏ စွမ်းရည်ဖြစ်သည်။
ရှန့်ထိုလီကား တည်ငြိမ်နေကာ အံ့အားသင့်ဟန် မရပေ။ လင်းရွှမ်အား သူက တော်ဝင်လမ်းသားတော် အဖြစ် ချီးမြောက်ခဲ့သော်လည်း ပြည်နယ်ကိုးခု ညီလာခံ၏ ပထမဘွဲ့မှာ အလဟဿ မဟုတ်ပေ။
ယူချင်းက လင်းရွှမ်ကို တစ်ချက်ကြည့် လိုက်ပြီးမှ ရီကလန်ဘက်ကို ကြည့်သည်။ သူ၏အကြည့်က ရိချန်းထံကို ရောက်လာကာ မေးသည်.. “ ခင်ဗျားရဲ့ အဆင့်က ဘယ်လောက်လဲ ... ”
ရိချန်း၏ မျက်မှောင်များ ကွေးကောက်သွားကာ ယူချင်းကို ကြည့်သည်။ ယူချင်းက သူ့အား စိန်ခေါ်ရန် ကြိုးစားနေသည်လား။
“အလယ်အလတ်ရှီ…” ရိချန်းက အေးစက်စွာ ပြောသည် ... “မင်းက ငါ့ကို စိန်ခေါ်ချင်တာလား…”
“ စိန်ခေါ်တာ.. ဟုတ်လား ... မင်းက အဲ့လောက် မထိုက်တန်သေးဘူး ... ” ယူချင်းက အေးစက်စွာ ပြောသည်။
“ အခု ရှေ့ကို ထွက်လာခဲ့လိုက် ... ”
ယူချင်း၏ စကားက လူအများအပြားကို အေးခဲစေသည်။ ရိချန်းက ရီဖူရှင်းအပေါ် မလေးမစား ပြောဆိုခဲ့ခြင်းမှာ ယူချင်းအား လွန်စွာ စိတ်ဆိုးစေဟန် ရသည်။
သူက ရိကလန်မှ ပါရမီရှင်အား လွန်စွာ အထင်သေးဟန်ဖြင့် ပြောဆိုဆက်ဆံခဲ့သည်။
လူအများအပြားက ရိချန်းအား ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် ကြည့်ကြသည်။ ရိကလန်မှ ပါရမီရှင်ကား ရီဖူရှင်းကို နှုတ်အားဖြင့် စော်ကားခဲ့၏။ သို့သော်လည်း ရီဖူရှင်းက သူ့အား ပြန်ပြောရန် မတန်ဟု သတ်မှတ်ကာ အလေးအနက် မထားဘဲ လျစ်လျူရှုထားခဲ့သည်။
ယခု ပြည်နယ်ကိုးခု ညီလာခံ၏ ပထမက သူ့အား ရှေ့သို့ ထွက်လာရန် ပြောနေသည်။
ယူချင်း၏ စွမ်းရည်နှင့် အဆင့်အတန်းက ထိုသို့ပြောရန် အမှန်ပင် လုံလောက်ပေသည်။
ရိချန်း ထရပ်လာသည်။ သူ့ထံမှ မမြင်ရသော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ်လာခဲ့ကာ အလွန်ထက်ရှသော စိတ်အသိက စင်မြင့်ထက်သို့ ထိုးတက်သွား၏။
သူက ရှေ့ကို တစ်လှမ်းတက် လိုက်သည်နှင် သူ့ခန္ဓာကိုယ်မှ ရွှေရောင်များ ဖြာထွက်လာခဲ့သည်။ မီးလျှံများက သူ၏ခန္ဓာကိုယ်ကို စတင်လောင်ကျွမ်း လာကြသည်။ ရိချန်းက စင်မြင့်ထက်ကို တက်လာသောအခါ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် စီးကြောင်းများက ပတ်ဝန်းကျင်သို့ ရိုက်ခတ် သွားသည်။
သူ၏မျက်လုံးမှာ ရွှေရောင်အလင်းများ တောက်ပနေပြီး အရာခပ်သိမ်းကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိန်ဟရသည်။ သူက ယူချင်းကို ကြည့်ကာ သူ၏ အလွန် ကောင်းမွန်သော စိတ်ဝိညာဥ် စွမ်းအားကို ဖော်ထုတ်ပြသသည်။
“ပြည်နယ်ကိုးခုညီလာခံပထမ ဟုတ်လား ... ” ရိချန်းက ယူချင်းကို တင်းမာစွာ ကြည့်သည် ... “ကောင်းပြီ ... အဲ့ဘွဲ့က တကယ်ကော ထိုက်တန်သလား ကြည့်ရတာပေါ့ ... ”
သူက ပြောပြီးသည်နှင့် လက်ကို ဆန့်တန်းလိုက်သည်။ လောကဓာတ်များမှာ သူ၏လက်များအကြား လှည့်ပတ် စီးဆင်းသွားကြပြီး ရွှေရောင် စွမ်းအားလှိုင်းက လေးကိုင်းသဏ္ဌာန် ဖြစ်လာသည်။ ရွှေနဂါးတစ်ကောင်က စွမ်းအားများဖြင့် ဖွဲ့စည်း ဖြစ်ပေါ်လာကာ လေးကြိုးအနေဖြင့် ဖြစ်တည်လာသည်။ လေးကြိုးပေါ်တွင် ဖြစ်တည် လာသည်ကား နဂါးလက်သည်းများမှ ဖြစ်တည်လာသော မြားတံများဖြစ်ပြီး ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရီဖူရှင်းထံသို့ ပစ်လွင့်သွား၏။
ရွှေရောင် အလင်းတန်းမှာ လေထုကို ပြင်းထန်စွာ တုန်ခါ လှုပ်ယမ်းစေလျက် ခပ်သိမ်းကုန်သော အရာများအား ဖျက်ဆီးတော့မည့် ဟန်ဖြင့် ယူချင်းထံသို့ တိုးဝင်လာသည်။
ယူချင်းကား သူ၏နေရာတွင်ပင် တောင်တစ်လုံးအလား မားမားရပ်နေသည်။ မိစ္ဆာ အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ပြင်းထန်စွာ ထွက်ပေါ်နေသည်။ အနီးတဝိုက်မှ လေဟာနယ်ပင် မိစ္ဆာ အငွေ့အသက်များ၏ ဝါးမျိုခြင်းကို ခံနေရဟန်တူသည်။ ထိုအခိုက်တွင် ယူချင်းကား နတ်ဆိုးတစ်ပါး အလား ပိုမိုကြီးထွား သန်မာလာဟန်ရသည်။ နတ်နဂါး လက်သည်းမြားက ကြောက်မက်ဖွယ် နဂါးခွန်အားကို သယ်ဆောင်ကာ ယူချင်းထံသို့ ဖောက်ထွင်းရန် အလို့ငှာ ဝင်ရောက်လာသည်။ သို့သော်လည်း မြားက ယူချင်းခန္ဓာကိုယ် အနီးသို့ ရောက်သည်နှင့်ပင် အနက်ရောင် အငွေ့အသက်များ၏ ဝါးမျိုခြင်းကို တတိတိ ခံရကာ ပျောက်ကွယ် သွားသည်။
“ ဝါးမျိုခြင်း လောကဓာတ် ... ”
တစ်ယောက်က အံ့အားသင့်စွာ ရေရွတ်သည်။
“မဟုတ်ဘူး ... အဲ့ဒါ မိစ္ဆာအသွင်ပြောင်း လောကဓာတ် ... သူက အဲဒီစွမ်းရည်ကို ပြည်နယ်ကိုးခု ညီလာခံမှာ ထုတ်ဖော်ခဲ့တယ် ... တစ်ယောက်က ဖြေသည်။ ထိုလောကဓာတ်ကား ဝါးမျိုခြင်း ဓာတ်ထက် ကြောက်မက်ဖွယ် ကောင်းပေသည်။
ရိချန်းကား ရောင်စဥ်ရောင်ဝါများ လင်းလက်နေသည်။ မရေမတွက်နိုင်သော ရွှေနဂါးများက သူ့အနီးတွင် ကခုန်ကာ လေးကိုင်းနှင့် မြားများတွင် လှည့်ပတ် ပျံသန်းကြသည်။ သူ့ထံမှ ထွက်ပေါ်လာနေသော ကိုယ်ရောင်ကိုယ်ဝါကား ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
သူ၏ မျက်လုံးများကလည်း စိတ်ဝိညာဥ် စွမ်းအားဖြင့် ပေါင်းစပ်ထားရာ အလွန်အမင်း ထက်ရှနေသည်။ လေးညို့က လှုပ်ယမ်း သွားသည်တွင် နဂါးလက်သည်းမြားက ပြင်းထန်စွာ ဟိန်းသံပေးလျက် တိုးဝင်လာပြန်သည်။
ရွှေရောင် အလင်းတန်းက လေထုကို ခွင်းကာ ပစ်မှတ်ကို တန်းတန်းမတ်မတ် ရောက်ရှိလာသည်။ နဂါးမြားမှာ ကောင်းကင်နှင့် မြေပြင်၏ အင်အား တစ်ခုလုံးကို သယ်ဆောင် လာသည့်နှယ် ထင်မှတ်ရ၏။
ယူချင်းကား ထိုအခိုက်တွင် ထင်ယောင် ထင်မှား မြင်ကွင်းများကိုပင် မြင်လာရသည်။ မြားက သူ၏ခန္ဓာကိုယ်အား ဖောက်ထွင်းရန် ကြိုးစားသည်မက သူ၏စိတ်ကိုပါ ပြင်းထန်စွာ လာရောက် ရိုက်ခတ်သည်။
သို့သော်လည်း ယူချင်းကား ထိုနေရာတွင်ပင် ရပ်နေဆဲဖြစ်သည်။ သူ၏လက်ဝါးကို သည်အတိုင်း ရိုက်ထုတ် လိုက်သည်တွင် ကြည့်နေသူများ အားလုံး၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ ရိချန်း၏မြားကို ယူချင်းက သည်အတိုင်း ရင်ဆိုင်မည် ကြံနေသည်လား။
ရိကလန်၏ မြားမှာ အရာခပ်သိမ်းကို ဖောက်ထွင်းနိုင်စွမ်း ရှိကြပေသည်။ ရုပ်ဝတ္ထုဖြစ်စေ၊ စိတ်ဝိညာဥ်ဖြစ်စေ သူတို့ကား အရာခပ်သိမ်းကို ဖောက်ထွင်း ဖျက်ဆီးနိုင်ကြသည်။
သို့သော်လည်း ယူချင်းကား သည်အတိုင်း လက်ဝါးကို ဆန့်တန်းလိုက်သည်။
သူကား ရုပ်ခန္ဓာကို လေ့ကျင့်ကာ ထိုစွမ်းရည်ဖြင့် ပြည်နယ်ကိုးခု ညီလာခံ ပထမဘွဲ့ကို ရရှိခဲ့ရာ သူ၏ကြီးမားသော ခွန်အားအပေါ် မည်သူမှ သံသယ မဝင်ကြပေ။ သို့သော်လည်း ရိချန်း၏မြားကို သည်အတိုင်း ခုခံခြင်းကား မိမိကိုယ်ကို အထင်ကြီးလွန်းရာ ရောက်သည်ဟု လူအများအပြားက တွေးကြသည်။
“ ဘုန်း ... ”
ကျယ်လောင်သော အသံတစ်သံကို ကြားကြရသည်။ အားလုံး၏ စိတ်မှာလည်း ပြင်းထန်စွာ တုန်ခါသွားကြ၏။ မြားက သူ၏ပစ်မှတ်ကို အမှန်တကယ် ရောက်လာခဲ့ကာ ယူချင်း၏လက်ကို ထွင်းဖောက် သွားသည်ဟု ထင်မှတ်ရသည်။
သို့သော်လည်း ထိုမြင်ကွင်းက လူအများအတွက် ပုံရိပ်ယောင် တစ်ခုထက် မပိုပေ။ နဂါးဟိန်းသံ အလား အော်မြည်သံ နှင့်အတူ မြားက အရာခပ်သိမ်းကို ထွင်းဖောက် ဖျက်ဆီးသွားသော်လည်း ကြောက်မက်ဖွယ် အနက်ရောင် အငွေ့အသက်များဖြင့် ထိတွေ့သည်တွင် ရွှေရောင်အလင်းများက ရုတ်တရက် မှေးမှိန်သွားပြီး နောက်ဆုံး အလင်းစက်အဖြစ် အားလုံး၏ မျက်လုံးရှေ့မှောက်တွင် ပျောက်ကွယ် သွားတော့သည်။
“ ဟာ ... ”
အားလုံးသော လူများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ် ချောက်ချားရသည်။
ရိချန်း၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားသည်။ ပိုမိုကြီးမားသော စွမ်းအင်တစ်ခု ဖြစ်ပေါ်လာကာ သူက နောက်ထပ် မြားတစ်စင်း ထုတ်လွှတ်ရန် ပြင်သည်။
ဘုန်း ...
ယူချင်းက ရှေ့ကို တက်လာသည်တွင် အလွန်အမင်း ကြီးမားသော အငွေ့အသက်များက စင်မြင့် တစ်ခုလုံးကို ပျံ့နှံ့လာသည်ဟု ထင်မှတ်ရကာ ပတ်ဝန်းကျင် တစ်ခုလုံးက အလွန်အမင်း လေးလံလာသည်။
“အဲဒါ ဘယ်လိုစွမ်းရည်မျိုးလဲ ...” ရိချန်း၏စိတ်နှလုံးက တုန်ခါသွားသည်။ ယူချင်း၏ အရှိန်အဝါက သူမျှော်လင့်ထားသည်ထက် အဆမတန် ကြီးမားနေသည်။
သူတစ်ယောက်တည်းသာ ထိုသို့ ထိတ်လန့်သည်မဟုတ်ပေ။ သူ့ကလန်မှ စီနီယာများပင် မှင်တက် နေကြသည်။
ရှန့်ထိုလီက လင်းရွှမ်၏ယူချင်းအပေါ်စိန်ခေါ်မှုကို မတားဆီးခဲ့ခြင်းမှာ သူကိုယ်တိုင်ကလည်း ပြည်နယ်ကိုးခု ညီလာခံပထမဘွဲ့က မည်မျှ စွမ်းရည်ရှိသည်ကို တွေ့မြင်လိုသောကြောင့် ဖြစ်သည်။ လင်းရွှမ်က ယူချင်းကို အနိုင်မည်ကိုကား ရှန့်ထိုလီက မူလကပင် မမျှော်လင့်ထားပေ။
လင်းရွှမ်က မလုပ်နိုင်ခဲ့သလို ရိချန်းမှာလည်း ထူးမခြားနားပေ။ သူသည်လည်း ရိကလန်၏ ထိပ်သီးပါရမီရှင် ဖြစ်သည့်တိုင် ယူချင်းကို အနိုင်ရရန်ကား အလွန် အလှမ်းဝေးသော မျှော်မှန်းချက်သာ ဖြစ်ပေသည်။
သို့သော်လည်း ပါရမီရှင်အများစုမှာ မိမိကိုယ်ကို ယုံကြည်ချက် အလွန်မြင့်မား ကြပေသည်။ အထူးသဖြင့် ရိကလန်တွင် ပြိုင်ဘက်ကို လက်ချိုးရေ၍ ရသော သူ့အတွက် ယူချင်းနှင့် ရင်ဆိုင်ရာတွင် ယုံကြည်ချက် မြင့်မားနေသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။
“ ဘုန်း ... ” နောက်ထပ် ခြေလှမ်းတစ်လှမ်း တက်လာသည်။ ရိချန်း၏ စိတ်နှလုံးက တစ်ဖန် တုန်ခါသွားပြန်ကာ သူ၏သွေးကြောများက ထောင်တက်လာသည်။ သူ၏စိတ် စွမ်းအားမှာ လုံးဝ လွှမ်းမိုးခြင်း ခံနေရ၏။ သူ၏ရှေ့မှ ရပ်နေသောလူကား လူငယ်မျိုးဆက်မှ ဟုတ်ဟန် မရတော့ဘဲ ပြိုင်ဘက်ကင်း အရှိန်အဝါကို ပိုင်ဆိုင်ထားသော နတ်ဆိုးဘုရင် တစ်ပါးနှင့် ဆင်တူပေသည်။
ရိချန်းကား သူ၏ ကလန်သားများထံမှ ဤသို့ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်သည်ကို တစ်ခါမှ မကြုံဖူးပေ။ သူ၏ကလန်မှ အားအကောင်းသော သူများပင် ဤသို့ စွမ်းရည်မျိုး မရှိပေ။
ရိကလန်မှ လူအများအပြားက မျက်မှောင်ကြုတ် လိုက်ကြသည်။ ရိချန်းက ရီဖူရှင်းကို ပြစ်တင် ဝေဖန်သောအခါ မည်သူကမှ တားဆီးခြင်း မပြုခဲ့ကြပေ။ သူတို့ကလည်း ရှန့်ထိုလီနှင့် အတွေးတူ ကြပေသည်။ ရိချန်းကသာ သူ၏ပြိုင်ဘက်ကို အနိုင်ရခဲ့ပါက တစ်ဖက်လူ၏ ပြည်နယ်ကိုးခု ညီလာခံ ပထမဘွဲ့မှာ ဟာသတစ်ခု အနေဖြင့် ပြီးဆုံးသွားမည် ဖြစ်ကာ အကယ်၍ ရိချန်းကသာ ရှုံးနိမ့်ခဲ့လျှင် သင်ခန်းစာ တစ်ရပ်အဖြစ် သတ်မှတ်နိုင်ပေမည်။
သို့သော်လည်း လက်ရှိယူချင်း၏ အရှိန်အဝါမှာ သူတို့ မျှော်မှန်းထားသည်ထက် အဆမတန် အားကောင်းနေသည်ကို ခံစားမိကြသည်။ ကြည့်ရသည်မှာ ပြည်နယ်ကိုးခု ညီလာခံသို့ တက်ရောက်ခဲ့သူများ၏ ပြောစကားများမှာ မှန်ကန်ဟန်ရပြီး ယူချင်းကား တခြားလူများ နှင့်မတူ ထူးခြား ထက်မြက်သော ပါရမီရှင် ဖြစ်ဟန်ရပေသည်။
***