← Chapters

ရန်ကုန်ဆီသို့

Vol. 11 Ch. 8

ရန်ကုန်ဆီသို့

Vol. 11 Ch. 8

အီဗန်တစ်ယောက် နိုင်ငံခြားသွားပြီး မစ်ရှင်လုပ်ရမယ့် ကိစ္စကို မေမေအီဗန်လည်းသိရော သည်းသည်းလှုပ်ပါ လေရောလား။ အီဗန်မေမေက သူ့သားအတွက် အဝတ်တွေထည့်ပေးနေရင်းကနေပြီး ဘယ်လောက်စိတ်ပူတယ်ဆိုတဲ့အကြောင်းကို ဆက်တိုက်ပြောနေတော့တာ။

“ငါ့သားလေး အဝေးကြီးကနိုင်ငံမှာ နေရထိုင်ရ အဆင်ပြေပါ့မလား။ သွားရမယ့်နိုင်ငံက ဘေရုမာပြည်တဲ့ အဲဒီမှာ အနောက်တိုင်းစာရောရှိပါ့မလား။ အဲဒီက စားစရာတွေနဲ့ သားလေးအကြိုက်မတွေ့ရင် ဘယ်လိုလုပ်မလဲ။”

“အမေရေ၊ နိုင်ငံနာမည်က ဘားမား ဒါမှမဟုတ် မြန်မာနော်။ ဘေရုမာမဟုတ်ဘူး။ ပြီးတော့ သားသိသလောက် အနောက်တိုင်းစာလည်းပေါပါတယ်တဲ့။”

“တို့တော့မယုံပေါင်၊ သားလေးဖို့ ဒီကနေ စားစရာတွေ အများကြီးထည့်ပေးလိုက်မယ်။”

အဲဒီနောက်တော့ မေမေအီဗန်က သူ့သားလေးဖို့ဆိုပြီး မုန့်တွေအများကြီးဝယ်ပြီး အဝတ်အိတ်ထဲထိုးထည့်ပါလေရော။ ပြီးတော့ လိုအပ်မယ်ထင်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေကောက်ထည့်။ အီဗန်ကတော့ မနည်းကို သတိပေးယူရတော့တာ။

“အမေရေ၊ လေယာဥ်ပျံပေါ်ကို အဲဒီလောက် အရည်ပါတဲ့ ဓာတုဗေဒပစ္စည်းတွေသယ်လို့မရဘူးလေ။”

“အော်၊ အဝတ်နဲ့ပတ်ထည့်ရင် သူတို့မသိပါဘူး။ အမေနဲ့ သားအဖေ အပျော်ခရီးထွက်တိုင်းလုပ်နေကျ။”

“.....” ဒီတော့ အီဗန့်အဖေနဲ့အမေက အပျော်ခရီးထွက်တဲ့အခါတိုင်း နိုင်ငံတကာ လေကြောင်းဥပဒေကို ချိုးဖောက်နေကျပေါ့။

နောက်ဆုံးတော့ အီဗန်ခင်ဗျာ လက်ဆွဲအိတ်တစ်လုံး၊ ခရီးဆောင်အိတ်ကြီးနှစ်လုံးနဲ့ လေဆိပ်ကိုရောက်လာတော့တယ်။ ဒါတောင်မှ မေမေအီဗန်က သူ့သားအတွက် အိပ်ရာခင်းတွေ၊ စောင်တွေပါ ထည့်ပေးဖို့လုပ်နေသေးတယ်။ အီဗန်က မနည်းတားယူခဲ့လို့ထည့်မပေးတာ။ ဘာပဲဖြစ်ဖြစ် စောင့်ရှောက်သူတာဝန်နဲ့ဟီးရိုးတွေက သံတမန်လိုဆက်ဆံခံရမှာဖြစ်လို့ အိပ်ရာခင်းတွေဘာတွေ လိုအပ်မှာမဟုတ်ဘူးလေ။

“ရို့၊ စီနီယာကြီး။ နောက်ကျလှချေလား။”

လေဆိပ်ရဲ့ကောင်တာမှာတော့ အရူးကောင် ဖီးလစ်က ကြိုစောင့်နေပြီးသား။ အနီရောင်နဲ့အနက်ရောင်ရောစပ်နေတဲ့ လိုလီတာဝတ်စုံနဲ့ ဖရာလီတာကတော့ ခုံပေါ်မှာထိုင်ပြီး လက်နက်ဒီဇိုင်းတွေကို ကြည့်နေပါတယ်။ ပြီးတဲ့နောက် အပြင်းကြောဆန့်လိုက်ပြီး ညည်းညူလိုက်ပါတယ်။

“ကိုယ်ပိုင်လေယာဥ်စီးရတဲ့ဒုက္ခကလည်း မသေးလိုက်တာ။ လေဆိပ်ကနေ ထွက်ခွာခွင့်ရဖို့ကို တော်တော်ခွင့်ပြုချက်တောင်းယူရတာပဲ။”

အီဗန်နဲ့ဖီးလစ်က သေချင်နေတဲ့မျက်လုံးတွေနဲ့ သူတို့နဲ့ ရွယ်တူလောက်ပဲရှိတဲ့ အယ်ဖာအဆင့်ဟီးရိုးကြီးကို ကြည့်လိုက်ကြပါလေရော။ ချမ်းသာလွန်းလို့ ကိုယ်ပိုင်လေယာဥ်စီးနိုင်တာတောင် ဒုက္ခများတယ်ဆိုပြီး အော်ဟစ်နေနိုင်တဲ့သူဆိုလို့ ဖရာလီတာတစ်ယော​က်ပဲ သူတို့တွေ့ဖူးသေးတာပါ။

“ပြောရရင်တော့ ငါလည်း နယ်ဆင်သင်္ဘောပျံကြီးကို စီးရပြီဆိုပြီး ပျော်နေခဲ့တာ။ ဒါပေမဲ့​ ကျောင်းအုပ်က ယူသုံးနေလို့ ယာယီကျောင်းအုပ်ရဲ့ဂျက်လေယာဥ်နဲ့ သွားဖို့ဖြစ်လာတယ်တဲ့။ စိတ်ပျက်စရာပဲ။”

ဖီးလစ်က နောက်တစ်ကြိမ်ထပ်ပြီး ပွစိပွစိနဲ့ပြောပြန်ပါတယ်။ အီဗန်လည်း သက်ပြင်းချလိုက်မိတယ်။ သူကိုယ်တိုင်လည်း နာမည်ကျော်ကြားလှတဲ့ နယ်ဆင်သင်္ဘောပျံကြီးနဲ့ ခရီးသွားချင်တာကိုး။ ဒါပေမဲ့ ခဏနေတော့ အီဗန်က ဖီးလစ်မှာ ခရီးဆောင်အိတ်မပါတာကို သတိထားမိသွားရော။ ဖီးလစ်မှာပါလာတာဆိုလို့ လွယ်အိတ်ခပ်ကြီးကြီးတစ်လုံးတည်းရယ်။

“ဖီးလစ်၊ မင်းခရီးဆောင်အိတ် မေ့လာတာတော့ မဟုတ်ပါဘူးနော်။”

“သယ်ကိုသယ်မလာတာကွ။ ​ယောက်ျားလေးပဲဟာ။ အဝတ်နှစ်ထည်၊ ပိုက်ဆံနည်းနည်း၊ သွားတိုက်ဆေးနဲ့သွားတိုက်တံ ပါရင်ရပြီပဲဥစ္စာ။ အိမ်မှာခုထိကလေးလိုလုပ်နေတဲ့ ကောင်တွေမှ မချိမဆန့်လေဆိပ်ကို ပစ္စည်းတွေသယ်လာမှာ။”

“......” ဖီးလစ်ရဲ့စကားကိုကြားပြီးတဲ့နောက် အီဗန်ရဲ့နှလုံးသားလေး နာကျင်သွားပါလေရော။

ဒါပေမဲ့ အကြာကြီးရပ်စောင့်မနေချင်တော့တာကြောင့် အီဗန်က ဖရာလီတာဘေးမှာ ဝင်ထိုင်လိုက်တယ်။ ဖရာလီတာကတော့ သူ့ကိုရွံရှာတဲ့ပုံစံနဲ့ ဟိုဖက်ခုံတန်းမှာ ပြောင်းသွားထိုင်ပါတယ်။ ဒါကြောင့် အီဗန်တစ်ယောက် ပိုပြီးနာကျင်သွားတယ်။

“ယာယီကျောင်းအုပ်၊ ကျွန်တော်ဘေးမှာ ဝင်ထိုင်ရုံနဲ့တော့ ထိုင်ခုံနေရာပြောင်းစရာမလိုပါဘူး။”

“ပါးစပ်ပိတ်ထားစမ်း၊ နင်တို့လို သာမန်လူတွေနဲ့အတူထိုင်ရလောက်အောင် ငါအဆင့်မနိမ့်ဘူးဟဲ့။”

ဖရာလီတာက ကြယ်လိုတောက်ပနေတဲ့မျက်လုံးတွေနဲ့ အီဗန်ကို မှေးကြည့်လိုက်ပြီး ဓားလိုထက်ရှတဲ့ စကားတွေကို ပြောလိုက်ပါလေရော။

“......” အီဗန်တစ်​ယောက် ပြောစရာစကားလုံးတွေ ပျောက်ကွယ်သွားတယ်။ နောက်မှ သူက တစ်ကိုယ်တော် ခိုးငိုလိုက်ရင်း တီးတိုးပြောလိုက်ပါလေရော။

“ကြည့်ရတာ ယာယီကျောင်းအုပ်အနားမှာ သာမန်လို ထိုင်နိုင်တဲ့သူဆိုလို့ ကျောင်းအုပ်ပဲရှိမယ်ထင်တယ်။”

ဖီးလစ်ကလည်း သဘောတူတဲ့အနေနဲ့ အီဗန်ရဲ့ပခုံးကို လက်နဲ့ပုတ်ပြီး ခေါင်းညိတ်ပြတယ်။ နောက်တော့ သူတို့နှစ်ယောက်က ခုံတန်းတစ်ခုတည်းမှာ ထိုင်ဖြစ်သွားကြတယ်။ အချိန်အတော်ကြာတဲ့အထိ တိတ်ဆိတ်နေခဲ့ပြီးနောက်မှာ အီဗန်က ငြိမ်မနေတော့ဘဲ မေးလိုက်ပါတယ်။

“မင်း My Hero Academia ကြည့်လား။”

“အေးကြည့်တယ်....”

“အကြိုက်ဆုံးဇာတ်ကောင်ကရော...”

“Bakoguလေ။ မေးစရာလိုသေးလို့လားကွ။”

“ငါက မင်း Todorokiကို ကြိုက်မယ်ထင်နေတာ။”

“တစ်ဝက်တစ်ဝက်ကောင်ကို ကြိုက်စရာလား။”

ဖီးလစ်က သူ့ကိုပြိုင်ဖက်တစ်ယောက်လိုမျိုးမြင်နေတာ နားလည်ပေမဲ့ အခုလိုစကားစမိတော့ ဖီးလစ်က သူ့လိုပဲ သာမန်ဆယ်ကျော်သက်ကျောင်းသားတစ်ယောက်ဆိုတာ သူခံစားလိုက်မိတယ်။ သူတို့နှစ်ယောက် အချင်းချင်း ရုပ်ရှင်အကြောင်း အချိန်အတော်ကြာအောင် ပြောဖြစ်ကြတယ်။ ပြောစရာဘာမှ မကျန်တော့တဲ့အထိပေါ့။

“ဒါနဲ့ MAHက ဇာတ်သိမ်းတော်တော်ချာတယ်နော်။”

“အေးကွာ၊ ရွက်ကြမ်းရည်ကြိုကြီး။”

အဲဒီနောက်တော့ ဖီးလစ်က တစ်ခုခုကို သတိထားမိသွားပြီး လက်သီးလက်မောင်းဆုပ်ကာ အီဗန်ကို ပြောလိုက်ပါလေရော။

“ဘယ်လိုလုပ်ပြီး ငါက ပြိုင်ဖက်နဲ့သတိလက်လွတ် စကားပြောနေမိတာလဲ။ မင်းက ငါအကြိုက်ဆုံး Anime အကြောင်းမေးပြီး ငါ့အကြောင်းပိုသိအောင်လုပ် အားနည်းချက်ရှာမလို့လား။”

“.....” ‘ချီးထဲမှ' အီဗန်လည်း ဒီတော့မှ ဖီးလစ်ဆိုတဲ့ လဒနဲ့ စကားကောင်းကောင်းပြောဖို့ မဖြစ်နိုင်မှန်း အသိအမှတ် ပြုလိုက်မိတော့တယ်။ အဲဲဒီနောက်တော့ အီဗန်က ဖီးလစ်ကို ဂရုစိုက်မနေတော့ဘဲ ထွက်ခွာစာရင်းကို ကြည့်လိုက်တယ်။ ဖရာလီတာရဲ့ကိုယ်ပိုင်ဂျက်လောဥ် နာမည်က ထွက်ခွာမယ့်လေယာဥ်စာရင်းဘုတ်ပေါ်တက်လာပြီ။ မိနစ်သုံးဆယ်အတွင်း ထွက်တော့မှာ။

“ယာယီကျောင်းအုပ်၊ လေယာဥ်ပေါ်တက်ကြမယ်လေ။”

အီဗန်က ဖီးလစ်နဲ့ပြောစရာစကားမရှိတော့တာကြောင့် ဖရာလီတာကို လှမ်းသတိပေးလိုက်တယ်။ ဖရာလီတာက တော့ ခေါင်းကိုခါပြတယ်။

“ဟင့်အင်း၊ လူမစုံသေးဘူး။”

“ဒါပေမဲ့ သွားမှာက ကျွန်တော်တို့ သုံးယောက်ပဲ မဟုတ်ဘူးလား။”

ဘရွန်း.... ဘရွန်း....

အီဗန်စကားပြောနေတဲ့အချိန်မှာပဲ ဖြည်းဖြည်းချင်း မောင်းလာတဲ့ မော်တော်ဆိုင်ကယ်တစ်စီးက အီဗန့်အနားမှာ ထိုးရပ်လိုက်တယ်။ ပြီးတော့ ဆိုင်ကယ်က လက်နက်အပြည့်အစုံနဲ့ပါ။ ဆိုင်ကယ်ပေါ်ကလူကလည်း ဇက်သတ္တုအပြည့်နဲ့ ချပ်ဝတ်ကိုဝတ်ထားတယ်။ ချပ်ဝတ်ရဲ့ရင်ဘတ်မှာတော့ ကြောင်လက်သည်းရာနဲ့။

“နျူ... နျူရေပါလား....” ဆံသားအနက်ပါးပါးကို မြင်တာနဲ့ အီဗန်က ဘယ်သူမှန်းချက်ချင်းသတိထားမိသွားတယ်။ အစက နျူရေတခြားမစ်ရှင်လုပ်နေမှာမလို့ သူနဲ့အတူမလိုက်လာလောက်ဘူးထင်နေတာ။

“နင်လည်း ဖီးလစ်လိုပဲ နင့်မစ်ရှင်ကို မြန်မြန်ပြီးအောင်လုပ်ပြီး ဒီကိုလိုက်လာခွင့်တောင်းလိုက်တာတော့ မဟုတ်ပါဘူးနော်။”

“ခန့်မှန်းတာကောင်းသားပဲ၊ ငါမှ နင့်ကိုတစ်ယောက်တည်း စိတ်မချနိုင်တာ အရူးကောင်ရဲ့။”

နျူရေက မာမာကြောကြောနဲ့ပြောလိုက်ပေမဲ့ တစ်ပတ်လုံး နျူရေက သူ့ကိုခပ်ခွာခွာလုပ်နေလို့ စိတ်ညစ်နေတဲ့ အီဗန်ကတော့ ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားမိလိုက်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ အထီးကျန်ဖီးလစ်ကတော့ သူတို့နှစ်ယောက်ကို ဒေါသ မျက်လုံးတွေနဲ့ ကြည့်နေပါလေရော။

“မင်းတို့ကောင်တွေ၊ အကြည်ဆိုက်ချင်ရင် နောက်မှ အကြည်ဆိုက်ကြ။ လေဆိပ်ထဲကလူတွေက အဲဒီဆိုင်ကယ်ကြီးကို ဝိုင်းကြည့်နေတယ်ဟ။”

ဖီးလစ်ပြောမှ နျူရေနဲ့အီဗန်လည်း ပတ်ဝန်းကျင်ကို ပြန်သတိထားမိလာကြတယ်။ နျူရေက မဟာမိတ်ရဲ့ယာယီလိုင်စင်ရ နည်းပညာဟီးရိုးမလို့ လေဆိပ်က ဆိုင်ကယ်ကို အထဲသယ်ခွင့်ပေးလိုက်ပုံပေါ်ပေမဲ့ ဟီးရိုးဆိုင်ကယ်မလို့ လူအုပ်ကြားထဲမှာ တအားထင်းထွက်နေတယ်။ ဒီဆိုင်ကယ်က မောင်းသူမလိုဘဲ မတ်တပ်ရပ်နိုင်ပြီး ‘မမလေးဆန္ဒအတိုင်းပါ'လို့ပြောမယ့် ဉာဏ်ရည်တုလည်းပါသေးတယ်။ ပြီးတော့ ဒုံးကျည်တွေနဲ့စက်သေနတ်တွေလည်း တပ်ထားသေးတာကိုး။ ပြီးတော့ အဲဒီနည်းပညာဝတ်စုံ။

“ဒီဝတ်စုံက အသစ်လား။” အီဗန်က မေးလိုက်တယ်။

“ဆိုပါတော့၊ မက်တယ်ပလာဒင်နဲ့ ပန်ဒရာဂွန်ကုမ္ပဏီတွေဖို့ လက်နက်ဒီဇိုင်းတွေကူဆွဲပေးရင်းနဲ့ အဖိုးအခအဖြစ် ဇက်သတ္တုတွေရလာတာလေ။ အခုဆိုရင် ငါက A- အဆင့်နည်းပညာဟီးရိုးဖြစ်သွားပြီမလို့ အီဗန့်နောက်မှာ အများကြီးပြတ်ကျန်မနေခဲ့တော့ဘူးနော်။”

နျူရေလည်း နည်းပညာဉာဏ်ကြီးရှင်တစ်ယောက်ပါ။ သူ့မှာသာ အရင်းအမြစ်အပြည့်ရှိမယ်ဆိုရင် မြန်မြန်ဆန်ဆန်တိုးတက်နိုင်ပါတယ်။ အခုနောက်ပိုင်း သူ့ကို ကမ္ဘာ့ထိပ်သီးနည်းပညာဟီးရိုးနှစ်ယောက်ဖြစ်တဲ့ မက်ဒါနာနဲ့ဖရာလီတာက အများကြီးကူညီပေးခဲ့တာမလို့ ဖြစ်နိုင်သမျှမြန်မြန်တိုးတက်လာနေတာ။

“ကောင်လေးတွေ၊ နင်တို့အလွမ်းသယ်လို့ပြီးပြီဆိုရင်လည်း သွားစရာရှိတာ သွားကြစို့။ ကိုယ်ပိုင်လေယာဥ်ဆိုပေမဲ့ ပြေးလမ်းပေါ်မှာ အကြာကြီးရပ်ထားလို့ မကောင်းဘူးလေ။”

ဖရာလီတာက အချိန်ကိုကြည့်လိုက်ရင်း ခုံပေါ်ကနေ ထလိုက်ပါတယ်။ အဲဒီနောက် သူ့အဝတ်အစားတွေပေါ်မှာ ပေနေတဲ့ ဖုန်မှုန့်အနည်းငယ်ကို လက်နဲ့ခါချလိုက်တယ်။ တကယ့်ကို ကြီးကျယ်တယ်ဆိုတဲ့ အရှိန်အဝါက ဖရာလီတာနားမှာရှိနေပြီးတော့ လေဆိပ်လူဝင်မှု ကြီးကြပ်ရေးစင်တာဆီ ဦးဆောင်ဝင်သွားလိုက်တယ်။

လေဆိပ်က အရာရှိအစ်မကြီးကတော့ မျက်မှန်ကို ပင့်တင်လိုက်ပြီး ဆယ်ကျော်သက်ဟီးရိုးတစ်သိုက်ကို ကြည့်လိုက်ပါတယ်။

“အို့ရာ... ​အာဆီယံစစ်ဒေသမှာ မစ်ရှင်သွားလုပ်မယ်ဆိုတဲ့ နယူးယောက်ဟီးရိုးကျောင်းက ကျောင်းသားလေးတွေလား။ သတင်းတော့ကြားပေမဲ့ ဒီလောက် ချစ်စရာကောင်းလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ဒါနဲ့ သားတို့သမီးတို့ကို လိုက်ပို့မယ့် ဆရာမပါဘူးလား။ ကြည့်ရတာ အားလုံးကလေးတွေလိုပဲ။”

ဖရာလီတာကတော့ လေဆိပ်လူဝင်မှုကြီးကြပ်ရေး အရာရှိမရဲ့လစ်လျူရှုခြင်းခံရတဲ့အတွက် မျက်နှာကြီး နီရဲလာပြီး ဂါဝန်အနားစကို လက်နဲ့ဆုပ်ကိုင်လိုက်တယ်။ အဲဒီနောက်တော့ ဒေါသတကြီးနဲ့အော်ဟစ်ပါလေရော။

“ငါက မဟာမိတ်မစ်ရှင်အဖွဲ့ဥက္ကဋ္ဌ၊ နယူးယောက်ဟီးရိုးကျောင်း ယာယီကျောင်းအုပ်၊ ပန်ဒရာဂွန်နဲ့ထိုင်ရွန် သူကောင်းမျိုးမိသားစုတွေရဲ့ခေါင်းဆောင် ဗစ်ကောင့် ဖရာလီတာဟဲ့။ ဒီသောက်ကလေးတွေလို ကျောင်းသားမဟုတ်ဘူး။”

“အိုရာအိုရာ... သားတို့သမီးတို့အုပ်စုထဲက အငယ်ဆုံးမလေးက စွာတေးလန်လေးပဲ။ ချစ်စရာကောင်းတဲ့ အတန်းဖော်လေးကို ရထားတာပဲနော်။”

အရာရှိမမကြီးကတော့ ဖရာလီတာသူ့ဂုဏ်ပုဒ်တွေကို အော်ဟစ်ပြီးထုတ်ပြောနေတာကို လစ်လျူရှုထားပြီး မေးကိုလက်ထောက်၊ မျက်လုံးကိုမှိတ်ကာ ပြုံးပြလိုက်တယ်။ ဖရာလီတာကတော့ ဒေါသထွက်လွန်းလို့ ခေါင်းကနေ အငွေ့တွေထွက်နေပြီ။

“ဒါကြောင့်၊ လေဆိပ်ကို မလာချင်တာ။” ဆိုတာချည်း ထပ်တလည်းလည်းပြောလို့။ အီဗန်၊ ဖီးလစ်နဲ့နျူရေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ယာယီကျောင်းအုပ် စိတ်အဆိုးလွန်ပြီး လေဆိပ်ကို Archmegaကြီးနဲ့ ထဖြိုပစ်ရင် မခက်ပေဘူးလား။

.....

ငြိမ်းချမ်းရေးမဟာမိတ်က ထိန်းချုပ်ထားတဲ့ အမေရိကန် အရှေ့ဘက်ကမ်းခြေ၊ နယူးယောက်မြို့ကနေ အာဆီယံစစ်ဒေသက ရန်ကုန်မြို့ကို လေယာဥ်နဲ့သွားမယ်ဆိုရင် နာရီနှစ်ဆယ်လောက် ကြာပါတယ်။ အလွန်ကြာညောင်းလှတဲ့ ခရီးရှည်ဖြစ်ပြီးတော့ သာမန်လေယာဥ်နဲ့လက်မှတ်ဝယ် သွားမယ်ဆိုရင် ကွေးမရဆန့်မရထိုင်ခုံပေါ်မှာ တော်တော် ဒုက္ခခံရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့ခရီးသွားနေတဲ့ အီဗန်တို့အဖို့တော့ အဲဒီစကားက မမှန်ပါဘူး။ လေယာဥ်မှာ လူဆယ့်ခြောက်ယောက်စာအတွက် စားပွဲခုံ လေးလုံးပါပြီးတော့ အသေးစားစားသောက်ဆိုင်လေးနဲ့တောင် တူနေပါသေးတယ်။ ပြီးတော့ သူတို့ကို စားစရာတွေ လာချပေးမယ့် လေယာဥ်မယ်ဝတ်စုံနဲ့ စစ်နတ်သမီးစက်ရုပ်မလေး နှစ်ရုပ်ကလည်းအသင့်။

“တကယ့်ကိုရှယ်ပဲဟေ့၊ ရှေ့တန်းစစ်မျက်နှာပြင်မှာ လူတိုင်းကိုကာကွယ်ပေးနေလို့ နတ်မိမယ်လေးတွေအဖြစ် နာမည်ကြီးနေတဲ့ စက်ရုပ်မလေးတွေက ဒီမှာလေယာဥ်မယ်လုပ်နေတာလား။ အပြင်မှာဆိုရင် သူတို့ကို အနီးကပ်မြင်ရဖို့ သိပ်ခက်တာ၊ အားဟား။”

ဖီးလစ်ကတော့ သူ့ကိုပြုံးပြီး အအေးလာချပေးတဲ့ စက်ရုပ်မလေးကို အငမ်းမရကြည့်ရင်း ပြောလိုက်တယ်။ စစ်နတ်သမီးစက်ရုပ်တွေက တိုက်ခိုက်ဖို့နဲ့အလုံးအရင်းထုတ်လုပ်ဖို့အတွက် သီးသန့်ပဲ ဒီဇိုင်းဆွဲထားတာဖြစ်လို့ အေမီလိုမျိုး လူသားနဲ့မတူပါဘူး။ သူတို့ခြေလက်တွေက ငွေရောင်တောက်နေတဲ့ သတ္တုတွေဖြစ်ပြီး မျက်နှာနဲ့တခြားအစိတ်အပိုင်းတွေကတော့ ကြွေရောင်တောက်ပနေပါတယ်။ ဒါပေမဲ့ သူတို့မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစားက ကြည့်ရအဆင်ပြေပြီး လှပတယ်လေ။ ဒါကြောင့် အမျိုးသားထုအကြားမှ ရေပန်းစားတာ သိပ်မထူးခြားလှပါဘူး။

ပြောရရင် အအေးကိုငြိမ်သောက်နေတဲ့ အီဗန်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိတ်ဝမ်းသာမိတယ်။ သူက ဖီးလစ်လို ထုတ်မပြောပေမဲ့ စက်ရုပ်မလေးတွေကို တစ်ချက်တစ်ချက်ခိုးကြည့်နေတာပေါ့။ ဒါပေမဲ့ သူခိုးကြည့်နေတဲ့အချိန်မှာပဲ သူ့မြင်ကွင်းထဲကို နျူရေရဲ့မျက်နှာဝင်လာတယ်။ နျူရေက မျက်နှာကို မဲ့ထားပြီး လက်သီးကိုမြှောက်ကာ အီဗန့်မျက်ခွက်ကို ထိုးထည့်လိုက်ပါလေရော။

ဖောင်း...

“အောင်မလေး၊ သေပါပြီဗျ။” အီဗန်ရဲ့နာနာကျင်ကျင် အော်ဟစ်သံနဲ့အတူ အီဗန့်လက်ထဲကခွက်လည်း ပြုတ်ကျသွားပြီး ကိုကာကိုလာတွေ လေယာဥ်ကော်ဇောပေါ်ကို ဖိတ်ကျကုန်တယ်။ နျူရေက လက်ကိုပိုက်၊ မျက်လုံးကိုမှိတ်ကာ အီဗန်ကို အကြည့်လွဲထားပြီး သူလုပ်လိုက်တဲ့ကိစ္စအတွက် နောင်တမရပုံပဲ။ အီဗန်ကတော့ တစ်ကိုယ်လုံး အအေးတွေနဲ့ရွဲနစ်ကုန်တဲ့အတွက် အင်္ကျီလဲဖို့ အဝတ်လဲခန်းကို ထပြေးရပြီ။ ဖီးလစ်ကတော့ သူတို့စုံတွဲကိုကြည့်ရင်း ခေါင်းတညိတ်ညိတ်နဲ့

“စော်ရှိရတဲ့ဒုက္ခ... စော်ရှိရတဲ့ဒုက္ခ”ဆိုပြီး တီးတိုးလေး ရေရွတ်နေလေရဲ့။

တခြားတစ်ဖက်မှာတော့ ဖရာလီတာက ဖြစ်ပျက်နေတာတွေ အကုန်လုံးကို လစ်လျူရှုထားပြီး လက်နက်ဒီဇိုင်းတစ်ခုတည်းကိုပဲ ကြည့်နေပါတယ်။ အဲဒါက လှံတစ်ချောင်းဖြစ်ပြီး ဘုရင်သူရိယရာဇာ ကိုင်နေကျ အရိန္ဒမာလှံပါ။ ဖရာလီတာ အဲဒီလှံကိုကြည့်ရင်း မျက်လုံးကိုမှေးထားတယ်။

“ထူးဆန်းနေတယ်၊ ဒီလှံက အစွမ်းထက်တယ်တာ ငါ သိတယ်။ ယင်ကောင်ဆီကို ပစ်လွှတ်လိုက်တဲ့ ရွှေရောင်စွမ်းအားက A အဆင့်ပဲဆိုပေမဲ့ ဒီလောက်အဝေးကြီးကို တိတိကျကျထိန်းချုပ်ပြီး ပစ်နိုင်တဲ့အပြင် လမ်းမှာစွမ်းအားလည်းလျော့မသွားဘူး။ ဒီလောက်အသေးစိတ်ထိန်းချုပ်နိုင်တဲ့အရည်အသွေးမျိုးက S အဆင့်တွေလုပ်နိုင်တာထက်တောင် နည်းနည်းကျော်နေတယ်။ အဲဒီကောင်ရဲ့A rankဆိုတာ အတုများလား။ လူထုရဲ့ကိုးကွယ်ယုံကြည်မှုအတိုင်း စွမ်းအားကြီးလာနိုင်တဲ့သူဆိုပေမဲ့ အချိန်တိုအတွင်း အဲဒီလောက် စွမ်းအားကြီးလာစရာမလိုဘူးလေ။ ငါအရင်တစ်ခေါက် သူ့ကိုသွားတွေ့တုန်းကလည်း ပုံမှန်ပါပဲ။”

ဘုရင်သူရိယရာဇာက ဩဇာအာဏာကြီးမားသူဖြစ်ပေမဲ့ ဘယ်တုန်းကမှ ကမ္ဘာ့အစွမ်းဆုံးဟီးရိုးတစ်ယောက် မဟုတ်ခဲ့ဖူးဘူး။ အများဆုံးမှ A rankရဲ့အစွမ်းအထက်ဆုံးလို့ပဲ ပြောလို့ရနိုင်တာပါ။ ပုံမှန်အတိုင်းဆိုရင် အီဗန်ကတောင် သူရိယရာဇာထက် ပိုစွမ်းသေးတယ်။ ဒါပေမဲ့ အဲဒီလှံချက်နဲ့ပတ်သက်ပြီး ဂိုင်ယာက တွက်ချက်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ လှံချက်ကိုထိန်းချုပ်နိုင်တဲ့အရည်အချင်းက S rank တစ်ယောက်တတ်နိုင်တာထက် ပိုများနေတယ်။

“အာဆီယံစစ်ဒေသတစ်ခုလုံးက သူ့ကိုခေါင်းဆောင်အဖြစ် ယူဆကြလို့ အဆင့်တက်သွားတာလား။ ဒါမှမဟုတ် ဒီလူက နဂိုကတည်းက သူ့အဆင့်ကို လျှိုထားတဲ့သူလား။”

ဖရာလီတာက သူရိယရာဇာကို နှစ်ကြိမ်ပဲတွေ့ဖူးသေးတယ်။ ဆုဗာနာနယ်စားနယ်မြေမှာတစ်ခါ၊ ဇမ္မူရာဇ်ရွှေကို ဓားပြတိုက်တုန်းက တစ်ခါပါ။ နှစ်ခါလုံး သူရိယရာဇာရဲ့စွမ်းအားက A အဆင့်မှာပဲ ရှိခဲ့တာ။ ဒါကြောင့် အခုအဖြစ်အပျက်ကို သူနားမလည်နိုင်ဘူး ဖြစ်နေတယ်။

All Chapters