← Chapters

အိမ်ရှင်က ဧည့်သည်လက်မခံဘူး

Vol. 11 Ch. 9

အိမ်ရှင်က ဧည့်သည်လက်မခံဘူး

Vol. 11 Ch. 9

အီဗန်၊ နျူရေ၊ ဖရာလီတာ၊ ဖီးလစ်နဲ့ လေယာဥ်မှူး အယ်လိုဟင်တို့က ရန်ကုန်လေဆိပ်အပြင်မှာ မတ်တပ်ရပ်နေကြပါပြီ။

လေဆိပ်ကနေ ထွက်လာပြီးပြီးချင်းမှာပဲ တခြားမဟာမိတ်နိုင်ငံတွေနဲ့ ဒုတိယကုန်းဘောင်နိုင်ငံရဲ့ကွာခြားချက်ကို သတိထားမိနိုင်တယ်။ ဘရာဇီးနဲ့တခြားနိုင်ငံတွေက လေဆိပ်တွေမှာ စစ်နတ်သမီးအရေအတွက်များများကို လုံခြုံရေးအဖြစ်ချထားတတ်ပေမဲ့ ဒီနေရာမှာကတော့ တော်ဝင်စစ်သည်တွေဖြစ်တဲ့ ဒိုင်းနဲ့လှံကိုင်စစ်သည်တွေကပဲ စောင့်ကြည့်နေပါတယ်။

“ကြားဖူးတာတော့ အဲဒီလှံကိုင်စစ်သည်တွေကို ရွှေခြေဖဝါးတွေလို့ခေါ်တယ်။ အားလုံးက C+ အဆင့်တွေတဲ့။ အားလုံးပေါင်း စစ်သည်သုံးထောင်ရှိပြီး တပ်ရင်းဆယ်ရင်းဖွဲ့ထားတယ်။ တပ်ရင်းငါးရင်းကို မြောက်ပိုင်းစစ်မြေပြင်ပို့ထားပြီး ယူနန်နယ်ထဲက မြို့ပေါင်းများစွာကို အဓိကစစ်တပ်နဲ့အတူသိမ်းယူခဲ့တာတဲ့။”

နျူရေက သူရှာဖွေထားတဲ့ အချက်အလက်တွေကို ပြောလိုက်ပါတယ်။ မြောက်ပိုင်းယူနန်စစ်မျက်နှာပြင်ကို အာဆီယံနိုင်ငံအားလုံးက စစ်သည်တွေပို့ထားတယ်ဆိုပေမဲ့ အများစုက သူရိယရာဇာရဲ့မြန်မာစစ်သည်တွေပါ။ အိမ်နီးချင်းထိုင်းဘုရင့်လက်ရွေးစင်တပ်တွေကလည်း လက်စွမ်းပြခဲ့ပေမဲ့ ရွှေခြေဖဝါးတွေကို မကျော်လွန်နိုင်တာကြောင့် လူကြိုက်များမှုပိုင်းမှာ နောက်ကနေ ကျန်ရစ်ခဲ့တယ်။

“ဗစ်ကောင့်ဖရာလီတာနဲ့မဟာမိတ်သံတမန်အဖွဲ့ကို ကြိုဆိုပါတယ်။ ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးဌာန မဟာမိတ်ဆက်ဆံရေးရုံးက ဒုတိယအတွင်းရေးမှူး ထိန်လင်းပါ။”

မျက်မှန်တပ်ထားပြီး ဆံပင်ကို ဆီရွဲနေအောင်လိမ်းထားတဲ့ အနောက်တိုင်းဝတ်စုံနဲ့ အသက်သုံးဆယ်ကျော်လူရွယ်က ပြောလိုက်တယ်။

သံတမန်တွေဖြစ်တာနဲ့အညီ သူတို့ကိုလာကြိုတဲ့ သံတမန်ကားကလည်း အဆင်သင့်ပါပဲ။ ဒါပေမဲ့ ဖရာလီတာက သံတမန်ကားတစ်စီးတည်းနဲ့လူတစ်ယာက်ပဲ သူတို့ကိုလာကြိုတာမြင်တော့ မျက်ခုံးပင့်လိုက်ပြီး ကျန်လူတွေကို ပြောလိုက်ပါတယ်။

“နင်တို့ ဒီနိုင်ငံမှာ ကိုယ့်သဘောနဲ့ကိုယ် ပေါက်ကရတွေ မလုပ်မိဖို့သတိထားကြ။ ကြည့်ရတာ အိမ်ရှင်က ငါတို့ကို ကြိုဆိုချင်တဲ့ပုံမပေါ်ဘူး။”

မဟာမိတ်မစ်ရှင်အဖွဲ့ဥက္ကဋ္ဌရာထူးက သာမန် နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်ရာထူးထက်တောင် ယေဘုယျအားဖြင့်မြင့်ပါတယ်။ ဒါပေမဲ့ သူတို့ကိုလာကြို​တာက ဒုဝန်ကြီးတစ်ယောက်မဟုတ်ဘဲ ဝန်ကြီးဌာနအောက် သာမန်ဦးစီးဌာနတစ်ခုက ဒုတိယအတွင်းရေးမှူးတစ်ယောက်သာ ဖြစ်နေပါတယ်။ သာမန်သံအမတ်တစ်ယောက်ကို ကြိုဆိုသလို ကြိုဆိုလိုက်တာပါ။ တစ်နည်းအားဖြင့် သူတို့ကို သူရိယရာဇာက မကြိုဆိုချင်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်နေပါတယ်။

“အဲဒီကောင်က သာမန် A rankပဲမဟုတ်လား။ ဘာတွေ ဘဝင်မြင့်နေတာလဲ။ တွေ့ရင် ကောင်းကောင်းပညာပေးရမယ်။”

ဖီးလစ်ကတော့ လက်သီးလက်မောင်းတန်းနေပါတယ်။ အီဗန်က ဖီးလစ်ရဲ့အတွင်းစိတ်သဘောကို ချက်ချင်း နားလည်သွားတယ်။

‘ဖီးလစ်က အဆင့်တူမှာပြိုင်ဖက်ကင်းဖို့ ကြိုးစားနေတဲ့သူပဲ။ A rankရဲ့အစွမ်းထက်ဟီးရိုး ငါ့က သူ့အတွက်​ပြိုင်ဖက်ဆိုရင် A rankရဲ့ပြိုင်ဖက်ကင်းဖြစ်တဲ့ မဟာသူရိယရာဇာကိုလည်း သူက ပြိုင်ဖက်အနေနဲ့မြင်မှာပဲ။ စိန်ခေါ်ဖို့တောင် ဖြစ်နိုင်သေးတယ်။'

“အား... နာတယ်ဟ။”

ရုတ်တရက် နျူရေက ရှေ့ထွက်လာပြီး ဖီးလစ်ရဲ့ခြေကို တက်နင်းလိုက်တယ်။ အဲဒီနောက် အတည်ပေါက်မျက်နှာနဲ့ ကြည့်လိုက်ပြီး သတိပေးလိုက်လေရဲ့။

“နင်တွေးနေတဲ့အတွေးကိုရပ်လိုက်။ အာဆီယံ တိုင်းပြည်ဆယ်ခုက A rank အဆင့်တူအားလုံးကို ဦးဆောင်နိုင်တဲ့သူက သာမန် A rank ဖြစ်မယ်လို့ထင်နေတာလား။ သူ့ရဲ့အလုံးစုံခေါင်းဆောင်နိုင်စွမ်းက သူ့စွမ်းအားကို သက်သေပြနေတာပဲ။”

အာဆီယံနိုင်ငံတွေအကုန်လုံးက တစ်နိုင်ငံချင်းဆိုရင် သိပ်စွမ်းအားမကြီးလှပါဘူး။ ဘရူနိုင်းလိုနိုင်ငံဆိုရင် A rank မရှိပါဘူး။ စင်္ကါပူ၊ မလေးနဲ့အင်ဒိုနိုင်ငံတွေမှာတော့ အင်အားကြီး A rank တွေရှိပါတယ်။ ဒါကြောင့် သူရိယရာဇာက စစ်ဒေသစုပေါင်းအုပ်ချုပ်ရေးအဖွဲ့ကို ထူထောင်ပြီး ခေါင်းဆောင်ဖြစ်နေတာပါ။ တစ်ချိန်တည်းမှာပဲ အားလုံးစုပေါင်းလိုက်ချိန်မှာ အာဆီယံစစ်ဒေသက ဘရာဇီးဦးဆောင်တဲ့ တောင်အမေရိကစစ်ဒေသထက် အများကြီးပိုအင်အားကြီးသွားပါတယ်။

“အားလုံးပဲ၊ အရေးမကြီးတဲ့ကိစ္စတွေကို ဘေးဖယ်ထားလိုက်။ အယ်လိုဟင်၊ ငါ့ကားမရောက်သေးဘူးလား။”

ဖရာလီတာက စိတ်ကိုထိန်းချုပ်ရင်း လေယာဥ်ပိုင်းလော့အဖြစ်လိုက်လာတဲ့ အယ်လိုဟင်ကို ပြောလိုက်တယ်။ အယ်လိုဟင်က ဘဏ္ဍာစိုးတစ်ယောက်အတိုင်း ဦးညွှတ်လိုက်ပြီးတော့ ပြောလိုက်ပါတယ်။

“ကားက လေဆိပ်အပြင်ကို ရောက်နေပါပြီ။”

တကယ်လည်း ဖရာလီတာအမေရိကန်မှာသုံးနေတဲ့ကားနဲ့ ပုံစံတူ ဘန်ဒလေကားက သံတမန်ကားနောက်မှာရပ်လိုက်တယ်။ ကားဒရိုက်ဘာက ဖရာလီတာကို ဦးညွှတ်လိုက်ပြီး လေဆိပ်အပြင်ကို ခြေလျှင်ပြန်လျှောက်ထွက်သွားပြီး အယ်လိုဟင်က ဒရိုင်ဘာနေရာမှာ ဝင်ထိုင်လိုက်ပါတယ်။ ဖရာလီတာကတော့ လာကြိုတဲ့သူကိုကြည့်ပြီး ပြောလိုက်တယ်။

“နင်တို့ ငါတို့ကို ဘယ်နေရာမှာတည်းဖို့ စီစဥ်ထားလဲ မသိဘူးဆိုတော့ နင်တို့ကားက ရှေ့ကနေ လမ်းပြ။ ငါတို့က နောက်ကနေ လိုက်လာခဲ့မယ်။”

ဖရာလီတာက စကားဆုံးတာနဲ့ ကားထဲကိုဝင်လိုက်တယ်။ ကျန်တဲ့ကျောင်းသားသုံးယောက်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဘန်ဒလေကားထဲ လိုက်ဝင်တယ်။ မကြာခင်မှာပဲ ဝန်ကြီးဌာနကားက ရှေ့ကနေစမောင်းပြီး ဖရာလီတာရဲ့ဘန်ဒလေက နောက်ကနေလိုက်လာတယ်။

...

ရှေ့ကမောင်းနေတဲ့ ဝန်ကြီးဌာနကားထဲမှာတော့ ဒရိုက်ဘာက နဖူးက ဇောချွေးတွေကို လက်နဲ့သုတ်လိုက်တယ်။ အတွင်းရေးမှူးထိန်လင်းကလည်း သက်ပြင်းတချချနဲ့ပါ။

“အာစရိ၊ သူတို့ကို ဒီတိုင်းဆက်ရန်စနေလို့ ဖြစ်ပါ့မလား။ အယ်ဖာအဆင့်ဖရာလီတာကို ထည့်မတွက်ရင်တောင်မှ ဟိုဘဏ္ဍာစိုးဝတ်စုံနဲ့သူက S rank၊ ကျန်တဲ့ကလေးတွေက A rank မဟုတ်လား။ သူတို့တကယ်ဒေါသထွက်လာရင် အာဆီယံစစ်​ဒေသတစ်ခုလုံးပေါင်းတောင် နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ကျန်တဲ့နိုင်ငံတွေကရော ကျွန်တော်တို့ ကိုယ့်သေတွင်းကိုယ်တူးတဲ့ကိစ္စမှာ ဝင်ကူပါ့မလား။”

ဝန်ကြီးဌာနကားရဲ့ဒရိုက်ဘာက သာမန်ဒရိုက်ဘာမဟုတ်ပါဘူး။ ကုန်းလောင်မင်းဆက်ရဲ့တော်ဝင်ထောက်လှမ်းရေးအရာရှိတစ်ယောက်ပါ။ ဒုတိယအတွင်းရေးမှူးထိန်လင်းဆိုရင်လည်း B+ rank တော်ဝင်စစ်ဗိုလ်မှူးဟောင်းပါ။ သူတို့က ဘုရင့်လူယုံတွေလို့ ပြောနိုင်တဲ့သူတွေပါ။

“အရှင်မင်းတရားကြီးက သူလုပ်နေတာကို သူသိပါတယ်။ သူက ဖရာလီတာကိုရန်စပြီး ဒေါသထွက်တာကို လိုချင်နေတာ။ ဒီလိုမှမဟုတ်ဘဲ ဖရာလီတာက ခပ်အေးအေးနဲ့စဥ်းစားနိုင်နေရင် ပိုကြောက်ဖို့ကောင်းတဲ့ အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်။”

“ကျုပ်တော့ နားမလည်နိုင်တော့ဘူး၊ ဗိုလ်မှူးရာ။”

“ဒီလိုကွာ၊ ဖရာလီတာက ဒေါသထွက်ပြီး ငါတို့မင်းကြီးကို လက်သီးနဲ့ဝင်ထိုးပြီဆိုပါတော့။ ငါတို့က တော်ဝင်သိက္ခာထိခိုက်စေမှုနဲ့ သူတို့ကို ပြည်နှင်ဒဏ်ပေးလို့ရတယ်။ အဲဒီအခါကျရင် မဟာမိတ်ကလည်း သူတို့အလွန်မလို့ ဖရာလီတာကို ဝင်မပါဖို့ဆုံးဖြတ်ချက်ချမှာပဲ။ ဒါဆိုရင် ကိစ္စပြီးပြီ။

အဲဒီလိုမှမဟုတ်ဘဲ ဖရာလီတာသာ ငါတို့အကြောင်းတွေကို လျှို့ဝှက်စုံစမ်းနေမယ်ဆိုရင် ငါတို့ သူတို့ကိုပထုတ်ဖို့ ဘာနည်းလမ်းမှရှိတော့မှာမဟုတ်ဘူး။”

“ဒါပေမဲ့ သူတို့သာ ကျွန်တော်တို့နိုင်ငံကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် ကာကွယ်စရာ ဘာလျှို့ဝှက်ချက်မှ မရှိတော့ဘူးလေ။ ဒါက မဟာမိတ်အပေါ် လူထုအမြင်ကို ပျက်စီးစေမှာဆိုပေမဲ့ အင်အားရှိတဲ့သူတွေက ဂရုစိုက်စရာမလိုဘူးမဟုတ်လား။”

ဒရိုက်ဘာက စဥ်းစားချင့်ချိန်ရင်း ပြောလိုက်တယ်။ ဦးထိန်လင်းကတော့ ဒရိုက်ဘာကို ခပ်မာမာကြည့်ပြီး ပြောလိုက်တယ်။

“မင်းက ငါတို့အရှင်မင်းကြီးရဲ့စွမ်းအားကို မယုံကြည်ဘူးလား။ အခုရောက်လာတာ အယ်ဖာအဆင့်တစ်ယောက်ပဲဥစ္စာ။ မစ်ရှင်အဖွဲ့တစ်ခုလုံးမဟုတ်ဘူး။ ငါတို့မှာရှိသမျှ အရာအားလုံးကိုပေးဆပ်ပြီး မြေအောက်သချိုင်းထဲက လျှို့ဝှက်ချက်ကို ကာကွယ်ရမှာပဲ။”

သူတို့နှစ်ယောက်က ကားထဲမှာနှစ်ယောက်တည်းဆိုပြီး လျှို့ဝှက်အပ်တဲ့စကားတွေကို ပြောနေခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့တွေသတိမထားခဲ့မိတာက သူတို့ကားထဲမှာ ယင်ကောင်တစ်ကောင်ရှိနေပြီး အဲဒီယင်ကောင်က ကားဒရိုက်ဘာခုံပေါ်မှာ အချိန်အကြာကြီးနားနေတယ်ဆိုတာပါပဲ။

...

“ဂိုင်ယာ၊ သိသင့်သလောက်တော့သိပြီ။ အင်းဆက်စက်ရုပ်ကို ဖယ်လိုက်တော့။”

ဖရာလီတာက ဂိုင်ယာကို တိတ်တဆိတ်အမိန့်ပေးလိုက်တယ်။ အဲဒီနောက်တော့ သူ့မျက်နှာပေါ်မှာ အပြုံးပေါ်လာတယ်။

“အဲဒီလိုလား၊ ငါ့ကိုဒေါသထွက်လာအောင် ရန်စပြီး ပထုတ်ချင်တယ်ပေါ့။ ပြီးတော့ လိုဏ်ဂူထဲက လျှို့ဝှက်ချက်ဆိုပဲ။ သူရိယရာဇာရဲ့စွမ်းအားနဲ့များ ပတ်သက်နေမလား။”

ဖရာလီတာက ရထားတဲ့သဲလွန်စတွေကို ချိတ်ဆက်ဖို့ ကြိုးစားပေမဲ့ အချက်အလက်တွေက နည်းလွန်းနေပါသေးတယ်။ ဒါပေမဲ့ မကြာခင်မှာသိရဖို့ မျှော်လင့်ထားတယ်။

...

နှစ်နာရီလောက် ကားပိတ်တဲ့လမ်းတွေကို ဖြတ်သွားပြီးနောက်မှာ ဝန်ကြီးဌာနကားက ဖရာလီတာတို့ကို အင်းယားလိပ်ဟိုတယ်ဆီ ခေါ်သွားပေးပါတယ်။ ဖရာလီတာက ထပ်ပြီးပြုံးလိုက်ပြန်တယ်။

“နိုင်ငံခေါင်းဆောင်နဲ့တန်းတူတဲ့ သံတမန်တစ်ယောက်အတွက် ကြယ်သုံးပွင့်ဟိုတယ်လား။ ကလေးအကွက်တွေ၊ ရယ်တော့ရယ်ရသားပဲ။”

ဖရာလီတာက သည်းမခံနိုင်တော့ပါဘူး။ လက်ဖျောက်တီးလိုက်ပြီး အယ်လိုဟင်ကို ပြောလိုက်တယ်။

“အယ်လိုဟင်၊ ဆီဒိုးနားဟိုတယ်ကိုမောင်း။ အဲဒီက တော်ဝင်အခန်းကို ချက်ချင်းဘိုကင်တင်လိုက်။”

အယ်လိုဟင်က ဘိုကင်အပ်ကိုဖွင့်ပြီး ဆီဒိုးနားဟိုတယ်က တော်ဝင်အခန်းကိုဘုတ်ပေမဲ့ လူရှိနေကြောင်းသာ ပြလာပါတယ်။

“မမလေး၊ ဆီဒိုးနားတော်ဝင်အခန်းမှာ လူရှိနေပြီးသားတဲ့။”

“ကိစ္စမရှိဘူး။ အဲဲဒီဟိုတယ်ကိုဝယ်လိုက်ပြီး ဟိုတယ်အခန်းထဲကကောင်ကို နှင်ထုတ်လိုက်။ ဒေါ်လာသန်းငါးဆယ်လောက်ပဲ တန်တာမဟုတ်လား။”

“.....” ကားနောက်ခန်းထဲမှာ ငြိမ်ငြိမ်လေးလိုက်လာကြတဲ့ အီဗန်တို့အုပ်စုကတော့ ကားရှေ့ခန်းခုံမှာထိုင်ရင်းကနေ ဟိုတယ်အခန်းမအားလို့ ဟိုတယ်တစ်ခုလုံးကိုဝယ်ပြီး ဝင်နေဖို့လုပ်နေတဲ့ ဖရာလီတာကို မျက်လုံးလေးတွေကလယ်ကလယ်နဲ့ကြည့်လို့ရယ်။

အယ်လိုဟင်ကတော့ သက်ပြင်းတချချနဲ့ ကားကိုလမ်းဘေးချရပ်ပြီး ကားထဲကထွက် ဖုန်းကိုထုတ်ကာ ပန်ဒရာဂွန်မြန်မာရုံးခွဲကို ဖုန်းဆက်လိုက်ပါတယ်။

“ငါ့ကောင်တွေ၊ သခင်မလေးက ဆီဒိုးနားရန်ကုန်ဟိုတယ်ကို ခုချက်ချင်းလိုချင်တယ်တဲ့။ အဲဒီဟိုတယ်ကိုပိုင်တဲ့ စင်္ကါပူကုမ္ပဏီနဲ့ချက်ချင်းဆွေးနွေးပြီး ပေါက်စျေးထက် နှစ်ဆပေးဝယ်လိုက်တော့။ ပြီးတော့ တော်ဝင်အခန်းမှာ နေနေတဲ့ကောင်ကို လျှော်ကြေးပေးပြီး နှင်ထုတ်လိုက်။”

ဆယ့်ငါးမိနစ်လောက်ကြာတော့ ပန်ဒရာဂွန်ရုံးခွဲကနေ ဖုန်းပြန်ဝင်လာပြီး အယ်လိုဟင်က ဖုန်းကိုကောက်ကိုင် လိုက်တယ်။ စက္ကန့်အနည်းငယ်လောက် ဖုန်းပြောပြီးတဲ့နောက် အယ်လိုဟင်က ဖရာလီတာကို ကြည့်ပြီးပြောလိုက်ပါတယ်။

“သခင်မလေး၊ ရန်ကုန်မှာ ကြယ်ငါးပွင့်ဟိုတယ်တစ်ခု ပိုင်ဆိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်းပြောလိုပါတယ်။ ဟိုတယ်ဝန်ထမ်းတွေက မမလေးအတွက် တော်ဝင်အခန်းကို နာရီဝက်အတွင်း အသင့်ဖြစ်အောင် ပြင်ဆင်ပေးနေကြပါပြီ။”

“ကောင်းပြီလေ၊ အဲဒီကိုသွားကြတာပေါ့။” ဖရာလီတာက ပြောလိုက်တယ်။ အယ်လိုဟင်လည်း ကားထဲပြန်ဝင်ပြီး လမ်းပြောင်းမောင်းတာပေါ့။ ဟိုဝန်ကြီးဌာနကားကတော့ သူတို့နောက်ကနေ ကုပ်ကုပ်ကလေးလိုက်လို့ရယ်။

...

“ဝိုး၊ ငါတို့က တကယ်ကြီး တော်ဝင်အခန်းမှာ နေရတော့မှာလား။ ပြီးတော့ ဒီကအခန်းမှာ စာကြည့်တိုက်လည်း ပါသေးတယ်။”

အီဗန်က အခန်းထဲ ပတ်ကြည့်ပြီးတဲ့နောက် ပြောလိုက်ပါတယ်။ ရန်ကုန် ဆီဒိုးနားက တော်ဝင်အခန်းကို Ravelလို့ခေါ်ပြီး အိပ်ခန်းနှစ်ခန်းပါပါတယ်။ ပြီးတော့ ထူးထူးဆန်းဆန်း စာကြည့်တိုက်တစ်ခုရောပဲ။

အယ်လိုဟင်က ကောင်လေးတွေကို ကြည့်လိုက်ပြီး ပြောပါတယ်။

“သခင်မလေးနဲ့နျူရေက မာစတာအိပ်ခန်းမှာ အိပ်လိမ့်မယ်။ မင်းတို့နှစ်ကောင်နဲ့ငါကတော့ အပြင်က အိပ်ခန်းအသေးမှာ အတူအိပ်ကြတာပေါ့။ ဟိုတယ်က ဘဏ္ဍာစိုးဝန်ဆောင်မှုလည်းပေးပေမဲ့ သခင်မလေးမှာ ငါရှိပြီးသားမလို့ မောင်းထုတ်လိုက်ပြီ။”

ဖီးလစ်ကတော့ ဘဏ္ဍာစိုးကို မောင်းထုတ်လိုက်ပြီဆိုတဲ့ စကားကြောင့် အတော်လေးနာကျင်သွားပုံပဲ။ သူ့စိတ်ကူးထဲက ချမ်းသာတဲ့သခင်လေးလိုမျိုး လုပ်မယ်ဆိုတဲ့ ပုံရိပ်လေးပျောက်ကွယ်သွားပြီ။

“ချီးထဲမှ၊ ငါက ဆိုဖာမှာထိုင်စာအုပ်ရင်း ဘဏ္ဍာစိုးကို ကော်ဖီငှဲ့ခိုင်းမလို့ဥစ္စာကို။”

ဖီးလစ်စကားအဆုံးမှာ အယ်လိုဟင်က ဖီးလစ်ကို စိုက်ကြည့်လိုက်တယ်။ ‘ငါက ဘဏ္ဍာစိုးပေမဲ့ မင်းအဖို့တော့ အဲဒီလိုလုပ်မပေစနိုင်ဘူးနော်။' ဆိုတဲ့အကြည့်မျိုး။

“သိပါတယ်ဗျာ၊ ခင်ဗျားက ခင်ဗျားသခင်မလေးဖို့ပဲ လုပ်ပေးမှာမဟုတ်လား။ ဒါပေမဲ့ ဘာကိစ္စ ဟိုတယ်က ဘဏ္ဍာစိုးကို မောင်းထုတ်လိုက်တာတုန်း။”

“ဒီဟိုတယ်က ငါတို့အပိုင်ဖြစ်နေပြီဆိုပေမဲ့ ဝန်ထမ်းတွေက အပြင်လူတွေဖြစ်နေတုန်းပဲ။ အရေးကြီးစကားပြောရင် စိတ်မချရဘူးလေ။ ဒါကြောင့် မမလေးက နှင်ထုတ်ခိုင်းလိုက်တာ။”

“နားလည်ပြီ။”

ဖီးလစ်က သဘာဝကျတယ်လို့တွေးပြီး ခေါင်းညိတ်လိုက်ပါတယ်။ အခုသူတို့က သူတို့ကို မကြိုဆိုချင်တဲ့သူတွေနဲ့နယ်မြေထဲမှာပဲ။ အီဗန်ကတော့ စာကြည့်တိုက်ထဲက စာအုပ်တွေကို လိုက်ထုတ်ကြည့်ပြီး စိတ်ညစ်သွားဟန်နဲ့ သက်ပြင်းချပါတယ်။

“အကုန်လုံးက ရှေးပဝေသဏီက ဂန္တဝင်စာအုပ်တွေချည်းပဲ။ အပျော်ဖတ်လို့ရတဲ့ စာအုပ်တစ်အုပ်မှမရှိဘူး။”

နျူရေကတော့ အီဗန်ကို စိတ်ပျက်လက်ပျက်နဲ့ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။ “ပုံမှန်ဆိုရင် တော်ဝင်အခန်းငှားတဲ့ ဧည့်သည်တွေက လူချမ်းသာ လူကြီးပိုင်းတွေလေ။ နင့်လိုသူငယ်နာမစင်တဲ့ကောင်အတွက် မန်ဂါစာအုပ်တွေ ဘယ်ထည့်ပေးထားပါ့မလဲ။”

“.....”

အီဗန်တစ်ယောက် သူ့ကိုယ်သူပြန်ဖက်ထားလိုက်မိတယ်။ နျူရေက လေစိမ်းတွေတိုက်နေလို့ သူချမ်းနေတာ မတရားပဲ။ အတူလိုက်လာလို့ စိတ်ဆိုးပြေသွားပြီထင်ခဲ့ပေမဲ့ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။

“ဘုရင်ကို တွေ့ခွင့်ရဖို့က နောက်ခုနစ်ရက်လောက် စောင့်ရမယ်လို့ပြောတယ်။ ကြည့်ရတာ သူတို့က မမလေးကို အဆုံးအထိ ဒေါသထွက်အောင်လုပ်ချင်နေပုံပဲ။ ဒီလောက်အရေးကြီးတဲ့ သံတမန်ကို အကြာကြီးစောင့်ခိုင်းတယ်ဆိုတာ စော်ကားတဲ့သဘောပဲ။”

အယ်လိုဟင်က ကောင်လေးတွေနားလည်စေဖို့ လက်ရှိအခြေအနေကို ရှင်းပြလိုက်တယ်။ အီဗန်လည်း အခြေအနေက တစ်ခုခုထူးခြားနေမှန်း နားလည်ပါတယ်။ ဖီးလစ်ကတော့ တောက်တစ်ခေါက်ခေါက်နဲ့...

“ဒါဖြင့် အဲဒီကောင်ကိုစိန်ခေါ်ဖို့ နောက်တစ်ပတ်အထိ စောင့်ရမှာပေါ့။” ဆိုပြီးပြောလိုက်တယ်။

“အဲဒီမတိုင်ခင် မြို့ထဲလျှောက်လည်လို့ အဆင်ပြေတယ်မဟုတ်လား။” နျူရေက မေးလိုက်တော့ အယ်လိုဟင်က ခေါင်းညိတ်ပြတယ်။

“ဒါနဲ့၊ နှင်ထုတ်ခံလိုက်ရတယ်ဆိုတဲ့ ဧည့်သည်ကရော ဘာဖြစ်သွားပြီလဲ။” ရုတ်တရက် အီဗန်က တစ်ခုခုကို တွေးမိပြီး မေးလိုက်တယ်။

“ဂရုစိုက်မနေနဲ့တော့၊ ဒီအတိုင်း စိတ်ပျက်စရာ လူပေါ်ကျော့ သူဌေးသားလေးတစ်ကောင်ပါ။ ခုလောက်ဆို တခြားဟိုတယ်မှာ ပြောင်းတည်းပြီး ငွေဖြုန်းနေလောက်ပြီ။”

....

ရန်ကုန်မြို့လယ်ခေါင်က ပလက်ဖောင်းပေါ်မှာတော့ တင်မီတစ်ယောက် သူ့လက်ထဲက ဒေါ်လာတစ်သောင်းတန် ချက်လက်မှတ်လေးတစ်စောင်ကို ငုံကြည့်ပြီး စိတ်ညစ်နေပါတယ်။

“ဘယ်လိုဖြစ်သွားတာလဲဟင်။ ငါက ပျော်ရမှာလား၊ ငိုရမှာလား။”

မက်ဒါနာဆီက တိုက်ရိုက်ငြင်းတာ ခံရပြီးနောက်မှာ တင်မီက အရင်အကျင့်အတိုင်းပဲ စိတ်ပြေလက်ပျောက် အပျော်ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ ဒီတစ်ခါက အာဆီယံနိုင်ငံဆယ်နိုင်ငံလုံးမှာ လျှောက်လည်ဖို့ သူစုထားသမျှမုန့်ဖိုးတွေအကုန်လုံးကို သုံးခဲ့တာ။ အထူးသဖြင့် တစ်သက်နဲ့တစ်ကိုယ် တော်ဝင်အခန်းမှာနေဖူးချင်တယ်ဆိုပြီး ဘိုကင်တင်လိုက်ပေမဲ့

“နာရီဝက်တောင် မနေရသေးဘဲ အရေးကြီး VVVVIP ဧည့်သည်ရောက်လာလို့ဆိုပြီး ငါ့ကိုအတင်းနှင်ထုတ်လိုက်ကြတယ်။ ဒါဟိုတယ်တစ်ခုမှာ ဖြစ်သင့်ရဲ့လား....”

ဒါပေမဲ့ တင်မီက သူ့လက်ထဲကိုင်ထားတဲ့ ဒေါ်ဘာတစ်သောင်းတန် ချက်လက်မှတ်ကို ပြန်ငုံကြည့်ပြီးတဲ့နောက် ပြန်အားတက်လာပါတယ်။

“နေပါစေတော့၊ အဲဒီတော်ဝင်အခန်းက တစ်ညကိုမှ ဒေါ်လာငါးရာပဲကျတာ။ အဆနှစ်ဆယ်မကမြတ်တာပဲ။ အစက ရန်ကုန်မှာပဲလျှောက်လည်ဖို့စဥ်းစားထားပေမဲ့ အခုတော့ မြန်မာတစ်နိုင်ငံလုံးလျှောက်လည်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ငီးငီးငီး...”

အဲဒီနောက်တော့ တင်မီတစ်ယောက် မိမိကိုယ်ကိုယ် ယုံကြည်စိတ်အပြည့်နဲ့ ပြန်ထရပ်လိုက်ပြီး နေကာမျက်မှန်ကိုတပ်ကာ ခရီးဆောင်အိတ်ကြီးကိုဆွဲပြီး ခရီးဆက်ပါလေရော။ သူ့ခရီးတစ်လျှောက် ဘာတွေဆက်ကြုံရမလဲဆိုတာတော့....

All Chapters