ရိကလန်မှ ပါရမီရှင်များအား ဖိနှိပ်ခြင်း
Vol. 009 Ch. 870
“ရိချန်းရဲ့စိတ်စွမ်းအားက လုံးဝ ဖိနှိပ်ခံနေရတယ် ...” ရိကလန်မှ အကြီးအကဲတချို့က ပြောသည်။ ယူချင်း၏ အရှိန်အဝါမှာ အလွန် အားကောင်းနေသည်ကို သူတို့ သတိထားမိ ကြပေသည်။ သို့သော်လည်း သူတို့က ယူချင်းနှင့် အလှမ်းဝေးသော နေရာ၌ ရှိနေကြရာ ထိုအရှိန်အဝါက မည်မျှ ပြင်းထန်သည်ကို အတိအကျမသိကြပေ။
“ ဘုန်း ... ”
နောက်ထပ် ခြေလှမ်းတစ်လှမ်း တက်လာသည်တွင် ရိချန်းမှာ သူ၏စိတ်အသိ ပြင်းထန်စွာ တုန်လှုပ် ချောက်ချားမှုကို ခံစားလာရသည်။ လေးနှင့်မြားကို ဆုပ်ကိုင်ထားသော သူ၏ လက်များမှာလည်း တုန်ယင်လာ၏။ သူ၏အနိုင်ယူရန် မျှော်လင့်ချက်မှာလည်း စတင်ပြိုလဲ ယိုင်နဲ့လာတော့သည်။
ယုံကြည်မှု ပျက်စီးခြင်း၏ နောက်တွင် အကြီးအကျယ် စိတ်ဓာတ်ကျခြင်းက ကပ်ပါလာပေသည်။ သူကား ရိကလန်၏ ထိပ်သီး ပါရမီရှင်ဖြစ်သည်။ သူ့ကလန်တွင် သူက ပြိုင်ဘက်ကင်း မဟုတ်သော်လည်း သူနှင့် ယှဥ်ပြိုင်နိုင်သူ လက်ချိုးရေ၍ ရပေသည်။ သူကား နွေဦးပြည်နယ် တစ်ခုလုံးကို နာမည်ကျော်ကြားပြီး မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်သည်။ ယခုကား လူငယ်မျိုးဆက် တစ်ယောက်ရှေ့တွင် သူက အမှန်တကယ် တုန်လှုပ် ချောက်ချားမှုကို ခံစားရသည်။ ထိုအဖြစ်ကပင် သူကား မိမိကိုယ်ကို ခွင့်မလွှတ်နိုင်အောင် ဖြစ်လာရသည်။ လူအများရှေ့တွင် ထိုသို့ စိတ်အားသတ္တိ နည်းခြင်းအပေါ် အရှက်ရလာသည်။
ထိုအခိုက်တွင် သူ၏ မျက်လုံးများက အလွန်အမင်း ဆုံးဖြတ်ချက် ပြတ်သားဟန် ဖြစ်လာသည်။ ရွှေရောင်မြားက နဂါးမာန်သွင်းသံ နှင့်အတူ ထွက်ပေါ်လာသည်။ မြားက လေထုကို ခွင်းကာ ယူချင်းထံကို တန်းတန်းမတ်မတ် ဝင်ရောက်လာ၏။
ယူချင်း၏ မျက်လုံးများက နတ်ဆိုး တစ်ပါးအလား နက်မှောင်သွားသည်။ သူက အလွန်အမင်း အေးစက်စွာဖြင့် ရိချန်းအား ကြည့်၏။
ယူချင်းက လက်ကို မြှောက်လိုက်ကာ ရိချန်းထံသို့ ရိုက်နှက်လိုက်သည်။ သူ၏ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချက်ချင်း အမှောင်တိုက် ချခံလိုက်ရ၏။ ရိချန်းက ယူချင်းကို ကြည့်သည်တွင် သူကား အမှန်တကယ် နတ်ဆိုးတစ်ပါးကို ကြည့်နေရသလို ခံစားရသည်။
ရိချန်းကား အဘယ်ကြောင့် ထိုသို့ ထင်မြင်ရသည်ကို နားမလည်ပေ။ ထိုအရာက တစ်ဖက်လူ၏ လေ့ကျင့်သော နည်းစနစ်ကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော်လည်း ရိကလန်၏ ကျင့်စဥ်များမှာလည်း အလွန် အားကောင်းပေသည်။ သို့တိုင်အောင် သူ၏ကျင့်စဥ်များမှာ ယူချင်း၏ အရှိန်အဝါကို ရင်ဆိုင်အန်တု နိုင်စွမ်းငှာ မတတ်နိုင်ပေ။
ယူချင်း၏ လက်ဝါးရိုက်ချက်က လေဟာနယ်ကို ခွင်းကာသူ့ထံကို ရောက်လာသည်။ လေးနှင့်မြားမှာ တစ်မုဟုတ်ချင်း ပြိုကွဲပျက်စီးသွားကာ ရိချန်းမှာ ကြီးမားပြင်းထန်သော စွမ်းအားတစ်ခု သူ့ထံသို့ ဖိလာသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး မြေပြင်သို့ ပြင်းထန်စွာ ပြိုလဲကျသည်။ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာကာ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။
ရိချန်းကား ယူချင်း၏ လက်ဝါးတစ်ချက်ကိုပင် ရင်ဆိုင်နိုင်ခြင်း မရှိပေ။ သူ၏စိန်ခေါ်မှုမှာလည်း အဓိပ္ပာယ် ကင်းမဲ့လွန်းပေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ပြည်နယ်ကိုးခု ညီလာခံ ပထမ၏ တိုက်ခိုက်မှုကို နောက်ဆုံးတွင် သူတို့မြင်တွေ့ရပြီ ဖြစ်သည်။
သူကား ပြိုင်ဘက်ကင်းပေသည်။
ရီဖူရှင်းကား မည်သို့မှ မထူးခြားသလို ယူချင်းကို ကြည့်နေသည်။
ယူချင်းကား ရှီအဆင့်သို့ တက်လှမ်းပြီး နောက်တွင် သူ၏မိစ္ဆာ စွမ်းအားတို့မှာ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ ထိုအရာက ရီဖူရှင်း မျှော်လင့်ထားပြီးသား ဖြစ်သည်။ ယူချင်းကား တန်ခိုးအဆင့်မြင့် လာလေလေ သူ၏မိစ္ဆာ ပညာရပ်မှာလည်း ပိုမိုအားကောင်းလေလေ ဖြစ်ပေသည်။
ထို့အပြင် သူလေ့ကျင့်သော ပညာရပ် ကိုယ်တိုင်ကလည်း နက်ရှိုင်းကောင်းမွန် လွန်းသောကြောင့်လည်း ဖြစ်သည်။ ယခင် နှစ်ပေါင်းများစွာ ကတည်းက ယူချင်း ခံစားနေခဲ့ရသော နာကျင်မှုများမှာ လက်ရှိ သူထုတ်သုံးနိုင်သော စွမ်းရည် အသီးအပွင့်များ ဖြစ်ပေသည်။
ယူချင်းက နောက်တစ်လှမ်းတက်ကာ လေထဲကို ခုန်တက်လိုက်သည်။ ထို့နောက် လေထဲမှပင် ရိချန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။ အရှိန်ကား ပြင်းလွန်းသဖြင့် ကြမ်းပြင်မှာ နှစ်ခြမ်းကျိုး သွားတော့မည်ကဲ့သို့ ထင်မှတ်ရ၏။ သို့တိုင်အောင် ယူချင်းကား ရပ်တန့်ခြင်းမပြုပေ။
ရိချန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး သွေးများ ထပ်အန်ပြန်သည်။ သူ့အပေါ်ကို နင်းခြေထားသော ဖိအား၏အောက်တွင် သူကား မည်သို့မှ တတ်နိုင်ခြင်း မရှိပေ။ သူ၏မာန၊ ယုံကြည်မှုနှင့် ဂုဏ်သိက္ခာတို့မှာလည်း အားလုံးပျက်စီး ပြိုလဲရသည်။
ယူချင်းက ရိချန်း၏အပေါ်တွင် ရပ်ကာ အေးစက်စွာ ကြည့်လျက်မေးသည် ... “မင်းက သူနဲ့တိုက်ခိုက်ဖို့ အရည်အချင်းရှိတယ် ထင်နေတာလား ... ”
ယူချင်း ဆိုလိုသည်ကို အားလုံးက နားလည်ကြသည်။
ရိချန်းကား ရီဖူရှင်း အပေါ်ကို အဆက်မပြတ် ပြစ်တင်ဝေဖန်ကာ စိန်ခေါ်ရန် ကြိုးစားခဲ့သည်။
သို့သော်လည်း အမှန်တကယ်တွင် သူကား အရည်အချင်း ပြည့်မီခြင်း မရှိကြောင်း ယူချင်းက ပြောသည်။
ရိချန်းကား ဘာမှ မဟုတ်ပေ။
ရိကလန်မှ လူအများအပြားက မျက်မှောင်ကြုတ် လိုက်ကြကာ မှတ်ချက်ချကြသည် ...
“နန်းတော်သခင်ရီ ... ခင်ဗျားရဲ့လူက လွန်ကဲ့နေပြီလို့ထင်တယ်. ... ”
ရိချန်းက ရီဖူရှင်းအား ပြစ်တင် ဝေဖန်ခြင်းကို သူတို့တားဆီးခြင်း မပြုခဲ့ကြခြင်းမှာ ရိချန်း ရှုံးခြင်းနိုင်ခြင်းကို သူတို့ သိပ်အလေးမထား၍ ဖြစ်သည်။ သို့သော်လည်း ရိချန်းကား ရှုံးနိမ့်သည်ထက် ဆိုးရွားသော အခြေအနေကို ကြုံတွေ့နေရသည်။ ယူချင်းကား ရိချန်း၏ စိတ်ဓာတ်ကို ရိုက်ချိုးနေခြင်း ဖြစ်၏။ ထိုအရာက တန်ခိုးရှင်များ အတွက် ရှုံးနိမ့်သည်ထက် အဆမတန် ဆိုးဝါးပေသည်။
ရီဖူရှင်းက ရိကလန်မှ တန်ခိုးရှင်များအား ကြည့်ကာ မည်သို့မှ ထူးခြားဟန်မပြပေ။
ယူချင်းက သူ၏အပြုအမူနှင့် ပတ်သက်၍ အနည်းငယ် လွန်ကဲသည် ဆိုသည့်တိုင် ရိကလန်မှ လူများက ရိချန်းကို မတားဆီးသကဲ့သို့ ရီဖူရှင်းကလည်း ယူချင်းကို မတားဆီးခဲ့ပေ။
အကယ်၍ ထိုလူများက ယူချင်း မည်မျှအား ကောင်းသည်ကို သိလိုသည်ဆိုပါက သူကလည်း သူတို့ဆန္ဒကို ပြည့်ဝစေမည်။
“ ယူချင်းရဲ့ အပြုအမူက နည်းနည်း လွန်ကဲသွားတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ... ဒါပေမဲ့လည်း ရိချန်းကိုယ်တိုင်က ကျုပ်ကို အရင်ဆုံး မလေးမစားလုပ်ခဲ့တာဖြစ်တယ် ... ကျုပ်က သူနဲ့ငြင်းခုန်ဖို့ စိတ်မဝင်စားသည့်တိုင် သူကိုယ်တိုင်က အတင်းလိုက်ပြီး ရန်ရှာခဲ့တယ် ... သူက စိန်ခေါ်ချင်လို့ ဒီလိုလုပ်ခဲ့တာ ကျုပ်နားလည်တယ် ... ဒါကြောင့်လည်း ကျုပ်က သူ့ဆန္ဒပြည့်အောင် ယူချင်းကို သူနဲ့တိုက်ခိုက်စေခဲ့တာပဲ ... ယူချင်းက ပြည်နယ်ကိုးခု ညီလာခံရဲ့ ပထမသာ မဟုတ်ဘူး ... သူက မျိုးဆက် တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းတဲ့ ပါရမီရှင်ပဲ ... ဒါပေမဲ့ ရိချန်းက သာမန် အရည်အချင်းပဲ ရှိတာတောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး နေခဲ့တယ် ... ယူချင်းနဲ့ တိုက်ခိုက်ခွင့်ရတာ ရိချန်းအတွက် ဂုဏ်ယူစရာကိစ္စပဲ ... ”
ရီဖူရှင်း၏ စကားကို ကြားသည်တွင် အားလုံး မျက်လုံးများက အေးခဲသွားကြသည်။
ရိချန်းကား ယူချင်းထံတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည့်တိုင် ယူချင်းနှင့် တိုက်ခိုက်ခွင့်ရသည်မှာ ဂုဏ်ယူ ဖွယ်ရာဟု ရီဖူရှင်းက ပြောခဲ့သည်။
သူ၏အရည်အချင်းများက သာမန်တဲ့လား။
ခြေထောက်က ကျဆင်းလာသည်တွင် ရိချန်းအား မြေပြင်ပေါ်သို့ ပြားကပ် သွားစေသည်။ အရိုးကျိုးအက်သံများအား ကြည်လင်ပြတ်သားစွာ ကြားကြရသည်။ သို့သော် သူ၏စွမ်းရည်များက သာမန်တဲ့လား။
ရိကလန်ကား နွေဦးပြည်နယ်တွင် အင်အားအကြီးဆုံး ကလန်ဖြစ်သည်။ သူတို့၏ သဘာဝပါရမီများမှာ ကလန်သားများ၏ သွေးများထဲ၌ စီးဆင်းနေကြသည်။ ယခု ရိကလန်မှ အကြီးအကဲ အများအပြားမှာ အကဲဖြတ်ပွဲကို လာရောက် ကြည့်ရှုနေခဲ့ကြပြီး ယူချင်းက ရိချန်းအား လူအများရှေ့တွင် နင်းခြေခဲ့သည်။
ဖူး ...
ရိချန်းကား ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ကျကာ မြေပြင်ပေါ်တွင် လဲလျောင်း နေသည်။ သည်တိုက်ပွဲကား သူ့အတွက် အလွန်တရာ အရှက်ရဖွယ် ကောင်းပေသည်။
ရီဖူရှင်း၏ အလေးမထားသော စကားက သူ့အား ရပ်စရာနေရာပင် မဲ့စေသည်။ ယခုအချိန်မှစ၍ ယူချင်းအကြောင်းကို လူအများက ပြောသောအခါ သူကား ရယ်စရာ ဟာသတစ်ခုအဖြစ် ပါဝင်အသုံးတော်ခံ ရပေတော့မည်။
ယူချင်းကား အရှေ့ဘက်ပြည်နယ်၊ ပြည်နယ်ကိုးခု ညီလာခံမှ နာမည်ကျော်ကြားမှု နှင့်အတူ သူ့အပေါ် နင်းခြေခဲ့သည်။
“ဒါက နန်းတော်သခင်ရီရဲ့ တပည့်တွေအပေါ် သင်ပြထားတာလား ...” ရိကလန် တန်ခိုးရှင် တစ်ယောက်က နှာခေါင်းရှုံ့သည်။
ရီဖူရှင်းက စကားပြော လိုက်သူအား ကြည့်သည်။ ရိချန်းက သူ့အား ပြစ်တင် ဝေဖန်သောအခါ ရိကလန်မှလူများက ပါးစပ်ပင်မဟကြပေ။ ပုံမှန်အားဖြင့် ရီဖူရှင်းက ရိကလန်မှ လူများ၏ အတွေးကို သိနားလည်ပေသည်။ အနိုင်ရလဒ်ဖြင့် ရိကလန်၏ ဂုဏ်ယူဖွယ်ရာ ပါရမီရှင်အား လူအများအား အသိအမှတ် ပြုစေမည်။ ရှုံးနိမ့်ခြင်းက သင်ခန်းစာဖြစ်စေမည်။
ဤသို့ဆိုလျှင် ပြည်နယ်ကို ခုကျောင်းတော်၌ အကြီးအကဲ လျူယွန်က ရီဖူရှင်းအား ကျောင်းတော်မှ တပည့်များနှင့် ပွင့်လင်းစွာ လက်ရည်စမ်းစေခဲ့သည်။ ထိုသို့သော ပွင့်လင်း လွတ်လပ်သော စိန်ခေါ်မှု၊ လက်ရည်စမ်းမှုက မည်သည့် ပြဿနာမှ မရှိပေ။ သို့သော် ရိချန်းကား ရီဖူရှင်းကို တမင် ပြစ်တင်ဝေဖန်ကာ သူနှင့် ပြည်နယ်ကိုးခု ကျောင်းတော်အကြား ဆက်ဆံရေးကို အနုတ်သဘောဆောင် စေခဲ့သလို လိပ်ပြာလေး၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေခဲ့၏။
အရှုံးအား သင်ခန်းစာ အနေဖြင့်သာ သတ်မှတ်နိုင်ပါမည်လား။
သူတို့က သည်မတိုင်ခင် သူတို့လူကို မည်သို့မှ ပြောဆိုတားမြစ်ခြင်း မရှိဘဲ ယခုမှ အဘယ်ကြောင့် ရီဖူရှင်းအား ပြစ်တင် ဝေဖန်နေရသနည်း။
ရီဖူရှင်းက ပြစ်တင် ဝေဖန်သူအား ကြည့်လိုက်သည်။ သူဘာမှ မပြောသေးခင်ပင် သူ့ဘေးမှ ထောင်ကျန်းက အေးစက် မောက်မာစွာ ပြောသည် ...
“ကျုပ်တို့ နန်းတော်သခင်က နန်းတော် တပည့်တွေကို သင်ကြားတဲ့အပိုင်းမှာ ခင်ဗျား ရိကလန်က ဝင်ပြောစရာ ဘာမှ မလိုဘူး ... ခင်ဗျားတို့ ရိကလန်နဲ့ ရိချန်းက နန်းတော်သခင်ကို အတင့်ရဲပြီး ဝေဖန်ခဲ့တုန်းက ခင်ဗျားတို့ အားလုံး မျက်စိကန်း နားကန်းနေသလို လုပ်နေမှတော့ ကျုပ်တို့ကပဲ သူ့ကို ဘယ်လို ပြုမူရလဲဆိုတာ သင်ပေးရမှာပေါ့ ... ”
ရိကလန်မှ လူ၏မျက်နှာက အေးစက်သွားသည်။ ယခု ထောင်ကျန်းကား နတ်ဘုရား ပြစ်ဒဏ်ကို ခံယူတော့မည် ဖြစ်သည်။ သူက ရှန့်ထိုသော်၄င်း၊ အသက်ဆုံးရှုံးခြင်း သော်လည်းကောင်း ကြုံရပေမည်။ သို့သော်လည်း မည်သည့်နည်းနှင့် ဖြစ်ပါစေ ... ထောင်ကျန်းကား ရှန့်ထိုဖြစ်တော့မည့် လူဖြစ်ရာ သူ့အား မေးခွန်းထုတ်ရန် အဆင့်အတန်းကို ပိုင်ဆိုင်ပေသည်။
ထိုအခိုက်တွင် လူအုပ်ကား တိတ်ဆိတ်နေသည်။ ကျောက်ပြည်ထောင်နှင့် သေရေးရှင်ရေး တိုက်ပွဲ ဆင်နွဲနေရသော မြေရိုင်းပြည်နယ်မှာ ကျောက်ပြည်ထောင်ကို ပြင်းထန်စွာ ပြန်လည် တုံ့ပြန်မည်ဟု မည်သူမှ မထင်ထားပေ။
မြေရိုင်းပြည်နယ်၏ သဘောထားက လူအများအပြားကို ထူးဆန်းစေသည်။ မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်မှာ အလွန်နိမ့်ကျသည်ဟု သူတို့တွေးခဲ့ကြသည်။ သူတို့က နွေဦးပြည်နယ်တော်ဝင် မြေတစ်ခုဖြစ်သော ရိကလန်နှင့် မည်သို့ ယှဥ်နိုင်မည်နည်း။
ရီဖူရှင်းတို့၏ လက်ရှိဟန်ပင် အမူအရာက ကျောင်းတော်မှာနှင့် ကွဲပြားခြားနားပေသည်။
ကျောင်းတော်တွင် ရီဖူရှင်းကား အကူအညီ လာရောက်တောင်းခြင်း ဖြစ်သလို ဧည့်သည့် အနေဖြင့် လာရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။ သို့သော်လည်း ယခုရီဖူရှင်းကား အင်အားစုများ၏ ရှေ့တွင် မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကိုယ်စားပြုပေသည်။
မြေရိုင်ပြည်နယ်၏ သူရဲကောင်းများ ဖြစ်ကြသော ဟောင်စီ၊ ယူစီနှင့် တခြားလူများမှာ အသက်၊ သွေးများဖြင့် ရင်းကာ တိုက်ခိုက်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။
မြေရိုင်းပြည်နယ်၏ သမိုင်းတစ်ခေတ်ကို မြင်တွေ့ခွင့်ရရန်၊ တခြားတော်ဝင်မြေများ၏ အနိုင်ကျင့် စော်ကားမှုများကို မခံရစေရန် သူတို့အားလုံးက တိုက်ပွဲဝင်ခဲ့ကြသည်။
ယခု တခြားတော်ဝင် မြေတစ်ခုမှ လူငယ်မျိုးဆက် တစ်ယောက်မှာ မြေရိုင်းပြည်နယ်၊ တော်ဝင်မြေ ခေါင်းဆောင်အား စော်ကားရဲသည်။
“ရိချန်းက ရှုံးသွားတယ် ... သူ့အရည်အချင်းက မလုံလောက်ဘူး ... ဒါပေမဲ့ ကျုပ်တို့ ရိကလန်က တော်ဝင်ကျဲ နန်းတော်တပည့်တွေကို ဘယ်တုန်းကမှ ဂရုစိုက်စရာမလိုဘူး...” လူငယ် တစ်ယောက် ရှေ့ကို ထွက်လာသည်။ ရုတ်တရက် လေနှင့်တိမ်များ စုစည်းကြကာ သူ့ခန္ဓာမှ အလင်းရောင်များ ဖြာထွက်လာသည်။ ကောင်းကင်နှင့်မြေပြင်၏ စိတ်အသိအား သူ့ခန္ဓာကိုယ်ကို ရစ်ပတ် စီးဆင်းစေလျက် စင်မြင့်ထံသို့ တက်ရောက်လာသည်။
“ကျုပ် ရိကလန်ရဲ့ ရိခွန်က ခင်ဗျားတို့ ထုတ်ဖော်ပြတဲ့ စွမ်းရည်တွေအတွက် ကျေးဇူးပဲ ... ” သူက လေထုကို ခြေတစ်လှမ်းမျှဖြင့် ဖြတ်ကျော်ကာ စင်မြင့်ထက်သို့ ဆင်းသက်လာသည်။ သူ၏ကြီးမားသော အရှိန်အဝါက ကောင်းကင်ကို ဖုံးအုပ်သွားကာ လောကဓာတ်များက စွမ်းအားများအဖြစ် မွေးဖွားလာသည်။ ရွှေနဂါးမှာ ကောင်းကင်ထက်၌ လှည့်ပတ်ပျံသန်းပြီး ထောင်ပေါင်း များစွာသော မြားများအား တစ်ချောင်းတည်း ဖြစ်စေသည်။
သူ့ရှေ့တွင် ရွှေလေးကိုင်း တစ်ချောင်း ပေါ်လာ၏။
“ ရိခွန် ... ” အကြည့်များစွာက စင်မြင့်ထက်မှ လူငယ်ထံသို့ ရောက်လာကြသည်။ ယခင် ပြည်နယ်ကိုးခု ညီလာခံ၌ ရိခွန်ကား ပြည်နယ်ကိုးခု ကျောင်းတော်မှ တွန်ဟေး၏ နောက်တွင် တတိယရခဲ့သူ ဖြစ်သည်။ သူ့အပေါ်မှ နှစ်ယောက်မှာ ပြည်နယ်ကိုးခု ကျောင်းတော်မှ တွန်ဟေးဖြစ်ပြီး နောက်တစ်ယောက်မှာ ရှားကလန်မှ ပါရမီရှင် တစ်ယောက်ဖြစ်သည်။
ယခု ရိခွန်ကား အဆင့်နိမ့်မိုရှီ ဖြစ်သည်။ သူက တွန်ဟေးကဲ့သို့ မထူးချွန်သည့်တိုင် သူ၏တန်ခိုး ကျင့်ကြံခြင်း အမြန်နှုန်းမှာလည်း ပြိုင်ဘက်ကင်းပေသည်။
ယူချင်းက ရိခွန်ကို ကြည့်သည်တွင် သူက လေးကိုင်းကို ဆွဲငင်လိုက်သည်အား မြင်၏။ လျပ်တပြက်ပင် လေးညို့မှ မြားများမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ယူချင်းထံသို့ ကျဆင်းလာသည်။
***