← Chapters

လျှောက်လည်ခြင်း

Vol. 11 Ch. 10

လျှောက်လည်ခြင်း

Vol. 11 Ch. 10

တစ်ပတ်လုံးလုံး ဘာမှလုပ်စရာမရှိဘဲ အားလပ်ရက်ရခဲ့တာကြောင့် သူတို့အုပ်စုက ဟိုတယ်မှာပဲ စားလိုက်သောက်လိုက်ကစားလိုက်နဲ့ အချိန်ကုန်နေခဲ့ပါတယ်။ ဒါပေမဲ့ လေးရက်မြောက်နေ့မှာတော့ နျူရေနဲ့အီဗန်တို့ ဟိုတယ်ထဲနေရတာ ပျင်းရိလာပြီး ရန်ကုန်မြို့တွင်းမှာ နေရာစုံအောင် လျှောက်လည်ဖြစ်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် တတိယဘီးအဖြစ်နဲ့ ဖီးလစ်လည်းပါလာတယ်ဆိုပေမဲ့ နှစ်ယောက်လုံးက ကိုယ်တော်ချောပါလာတာကို မေ့ထားပြီး ရှေ့ကနေ ပခုံးချင်းယှဥ်လျက် လျှောက်လည်နေကြတာ။

ပထမဆုံးအနေနဲ့ သူတို့သွားဖြစ်ခဲ့တာက ဆူးလေဘုရားပါ။ အရင်က စေတီတစ်ဆူကို သူတို့ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးတာကြောင့် မြို့ထဲလမ်းမပေါ်မှာ ကန့်လန့်ကြီးလိုဖြစ်ပြီးရှိနေတဲ့ စေတီပေါ်ကို သူတို့တက်ဖြစ်ခဲ့ကြတာ။ သံပန်းတွေနဲ့ကာရံထားတဲ့ စေတီနံရံတွေနဲ့ စေတီရဲ့ထူးခြားတဲ့ ရွှေရောင်တောက်တောက် အဆင်တန်ဆာတွေက သူတို့မျက်လုံးကို ဖမ်းစားခဲ့ပုံပါပဲ။

“ငါတို့က ဗုဒ္ဓဘာသာမဟုတ်ပေမဲ့ ဝင်လေ့လာလို့တော့ ရမှာပါနော်။” အီဗန်က ပြောလိုက်တယ်။

“ဒီနေရာက နိုင်ငံခြားခရီးသွားတွေကြားမှာ နာမည်ကြီးတဲ့နေရာပဲ။ ဝင်လို့ရတယ်။ ကိစ္စမရှိဘူး။” နျူရေက ပြန်ဖြေလိုက်တယ်။

ဘုရားပေါ် တက်တက်ချင်းမှာပဲ ‘နိုင်ငံခြားသားတွေ လာပြီဟေ့' ဆိုတဲ့ သူတို့နားမလည်တဲ့ဘာသာစကားနဲ့ ပြောတဲ့အသံကြီးကို ကြားလိုက်ရပြီး စျေးသည်တွေက သုံးယောက်လုံးကို ဝိုင်းထားလိုက်တော့တာပါပဲ။

“နျူရေရေ၊ ဒီလူတွေက တစ်ခုခုမဝယ်ရင် ငါတို့ကို ဖမ်းပြီး ပါသမျှပစ္စည်းတွေယူမှာလားမသိဘူးနော်။”

“ခရီးသွား Vlog တွေထဲမှာလည်း ဒီလိုတွေ့ဖူးပေမဲ့ တကယ်ကြီးဖြစ်နေမယ်ထင်မထားဘူး။”

အီဗန်နဲ့နျူရေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး စျေးသည်တွေ သူတို့ကိုထိုးရောင်းနေတဲ့ ပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်ပါတယ်။ ပန်းမျိုးစုံ၊ ပုတီးတွေ၊ ဆူးလေရောက်အမှတ်တရ ရှပ်အင်္ကျီတွေ၊ ဘာအတွက် အသုံးဝင်မှန်းမသိတဲ့ ရွှေရောင်ထီးလေးတွေ။

“ဘာအတွက် အသုံးဝင်လို့ဝင်မှန်းမသိပေမဲ့ စျေးတော့ မကြီးလောက်ပါဘူးနော်။ လေဆိပ်ကနေလည်း ကျပ်ငွေတွေအများကြီးလဲလာခဲ့တာကို။”

အီဗန်က တစ်ယောက်တည်းပြောလိုက်ရင်း ပန်း​ပွင့်ဖြူဖြူတွေကို လက်နဲ့ဆွဲယူလိုက်ပြီး ပိုက်ဆံအိတ်ကို ဖွင့်လိုက်တယ်။ စျေးသယ်ကတော့ လက်နှစ်ချောင်း ထောင်ပြပါတယ်။ အီဗန်ကလည်း နားလည်ဟန်နဲ့ စပ်ဖြဲဖြဲလုပ်ပြရင်း အိတ်ထဲကနေ တစ်ထောင်တန်နှစ်ရွက် ထုတ်ပေးလိုက်တယ်။

ဒါပေမဲ့ စျေးသည်အဒေါ်ကြီးက သူ့ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး တစ်ထောင်တန်နှစ်ရွက်ကို မယူဘဲ အီဗန့်ပိုက်ဆံအိတ်ကို ဆွဲယူလိုက်တယ်။ ပြီးတဲ့နောက်တော့ တစ်သောင်းတန်နှစ်ရွက်ကို ဆွဲထုတ်ပြီး ပိုက်ဆံအိတ်ကို ပြန်ပေးလိုက်ပါတယ်။

“အမ်... ပန်းလေးတစ်စည်းက ဒေါ်လာ ၁၃ ကျပ်ခွဲကျသွားတာလား။ ငါအလိမ်ခံနေရတာတော့ မဟုတ်ပါဘူးနော်။”

အီဗန်က ကြောင်အအနဲ့နျူရေကို မေးလိုက်တယ်။ နျူရေကတော့ သူ့ကိုပခုံးတွန့်ပြပြီး အမျိုးသမီးဝတ် အမှတ်တရရှပ်အင်္ကျီနဲ့အမျိုးသားဝတ်ရှပ်အင်္ကျီတစ်ထည်စီ ဝယ်လိုက်တယ်။ နောက်တော့ တစ်သောင်းတန်တစ်ရွက်ထုတ်ပေးလိုက်ပြီး အီဗန်ကို ပြောလိုက်ပါလေရော။

“ဒီဘုရားမှာ စျေးအကြီးဆုံးက ပန်းတဲ့။ Vlog ထဲက လင်မယားနှစ်ယောက်ကတော့ အဲဒီလိုမှတ်ချက်ပေးသွားတာပဲ။”

အီဗန်က သူ့လက်ထဲက ပန်းစည်းကြီးကိုကြည့်လိုက်၊ နျူရေ့လက်ထဲက အင်္ကျီနှစ်ထည်ကို ကြည့်လိုက်နဲ့ နားမလည်နိုင်ဖြစ်နေတယ်။ ဘယ်လိုကြောင့်ဘယ်လို အင်္ကျီက ပန်းထက်စျေးသက်သာနေလဲ နားလည်တဲ့ပုံမပေါ်ဘူး။

ဒါပေမဲ့ ရုတ်တရက် အနောက်ကနေ အပူချိန်တွေမြင့်တက်လာတာ ခံစားမိတဲ့အတွက် အီဗန်လှည့်ကြည့်လိုက်တော့ ဒေါသအိုးဖီးလစ်ကိုလည်း စျေးသည်တွေအများကြီးဝိုင်းထားပြီး ဖီးလစ်ကတော့ သူ့ကိုလမ်းပိတ်ထားလို့ တော်တော်တင်းနေပုံပါပဲ။ အခု သူ့ခေါင်းပေါ်မှာ မီးတောက်တွေထွက်လာနေပြီ။

“မင်းတို့ကောင်တွေ.... စီးပွားရေးလုပ်တာနားလည်ပေမဲ့ ဒီလိုအတင်းဝိုင်းပိတ်ပြီး ဝယ်ခိုင်းစရာလားကွ။”

အီဗန်က ဖီးလစ်ထပြီး စျေးသည်တွေကို မီးနဲ့တိုက်တော့မလားလို့ တွေးမိတာနဲ့ စျေးသည်တွေကို ကာကွယ်ဖို့လုပ်ခဲ့ပေမဲ့ ခဏနေတော့ စက္ကူနဲ့လုပ်ထားတဲ့ ရွှေရောင်ဇီးကွက်ရုပ်ကလေးနှစ်ရုပ်ဆီ ဖီးလစ်အကြည့်ရောက်သွားပြီး မီးတောက်တွေ ပြန်ပျောက်သွားတယ်။

“အိုး... ချစ်စရာလေးတွေ။ ဦးလေးကြီး ဒါက ဘယ်လောက်လဲ။”

ဖီးလစ်က အင်္ဂလိပ်လိုစျေးမေးတာြဖစ်ပြီး ဝါးခမောက်စောင်းထားတဲ့ အသက်ခုနစ်ဆယ်ကျော် ဦးလေးကြီးက အင်္ဂလိပ်လို နားလည်ပုံမရဘူး။ ဒါပေမဲ့ စျေးမှန်းနေမှန်းတော့ သိနေပြီး လက်ငါးချောင်ထောင်ပြလိုက်တယ်။

“ငါးသောင်းလား၊ ကိစ္စမရှိဘူး... ​ယူလိုက်တော့။”

ဖီးလစ်က တစ်သောင်းတန်ငါးရွက်ကို ဦးလေးကြီးလက်ထဲ ထည့်ပေးလိုက်တယ်။ ဦးလေးကြီးကတော့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ တစ်သောင်းတန်တစ်ရွက်ကို စျေးခြင်းတောင်းထဲထည့် ငါးထောင်တန်တစ်ရွက်ကိုပြန်ထုတ် တစ်သောင်းတန်လေးရွက်နဲ့အတူ ငွေပြန်အမ်းဖို့လုပ်ပေမဲ့ ဖီးလစ်ကတော့ လှေကားထစ်တွေအတိုင်း ဘုရားပေါ်ကိုတက်သွားပြီ။

“မင်းတို့အချစ်ငှက်နှစ်ကောင်ကို စောင့်မနေချင်တော့ဘူး။ ငါအရင်သွားနှင့်ပြီ၊ ဒါပဲ။”

“.....” အီဗန်ကတော့ ဖီးလစ်ကို ဘာပြောရမှန်း မသိတော့ဘူး။

နျူရေတော့ အီဗန်ကိုတစ်ချက်ကြည့်လိုက်ပြီး အင်္ကျီတွေကို ပြန်ကြည့်လိုက်တယ်။ အဲဒီနောက်တော့ မျက်နှာနီသွားပြီး အကြည့်ကိုလွှဲကာ ယောက်ျားလေးဝတ်ရှပ်အင်္ကျီကို အီဗန့်လက်ထဲ ထည့်ပေးလိုက်တယ်။

“တကယ့်အတွဲတွေလို ဆင်တူလေးဝတ်ကြည့်ရင် ကောင်းမလားလို့ ဝယ်လိုက်တာ။”

“.....” အီဗန်တစ်ယောက် နောက်ထပ်စကားလုံးတွေ ဆွံအသွားပြန်ပြီ။ ပြောရရင် နျူရေက သူစင်မြင့်ပေါ်မှာ ချစ်ခွင့်ပန်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ခေါင်းညိတ်တယ်ဆိုပေမဲ့ ပြဇာတ်အရလား တကယ့်အဖြေလား အီဗန်သိတာမဟုတ်ဘူး။ အခုအပြုအမူအရ နျူရေက သူ့ကိုမီးစိမ်းပြနေတယ်လို့ ယူဆနိုင်ပေမဲ့...

‘တကယ့်အတွဲတွေဆိုတာက ဘာကြီးတုန်း၊ ငါတို့က ဟန်ဆောင်ချစ်သူတွေလား။' အီဗန်တစ်​ယောက် အတွေးတွေလွန်ပြီး ဘာမှနားမလည်နိုင်တော့ဘူး။

“အင်း၊ ကောင်းပြီလေ။” အီဗန်က ပြောပြောဆိုဆိုနဲ့ အင်္ကျီကို ယူလိုက်ပြီးတော့ နျူရေ့လက်ထဲ ပန်းတွေထိုးပေးလိုက်တယ်။ နျူရေကလည်း ပန်းတွေကို ဘာလုပ်ရမှန်းသိပုံမပေါ်သေးဘဲ ဒီအတိုင်းကိုင်ထားပြီး အီဗန်ကို ပြန်ပြုံးပြလိုက်တယ်။

“ဒါနဲ့၊ အဲဒီပန်းတွေက ဘာလုပ်ဖို့လဲသိလား။ Vlog ကြည်ဖူးတယ်ဆိုတော့ အဲဒီထဲက စုံတွဲကရော ဘာလုပ်လိုက်လဲ။”

“ သူတို့လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ဟိုတယ်အထိ ပြန်သယ်လာကြတယ်လေ။”

“ငါတို့လည်း အဲဒီလိုလုပ်ကြမလား။”

“မဆိုးတော့မဆိုးဘူးနော်။”

...

ဆူးလေဘုရားရင်ပြင်ပေါ်ကို မျောက်အရှုံးပေးရတဲ့ အမြန်နှုန်းနဲ့ တက်လာခဲ့တဲ့ ဖီးလစ်ကတော့ လူထူးဆန်း တစ်ယောက်နဲ့တွေ့နေရပါပြီ။ သူတို့ကျောင်းကို အမြဲလာလာနေတဲ့ ငြိမ်ဝပ်ပိပြားရေးအရာရှိမိန်းကလေးနဲ့ ရုပ်ချင်းဆင်တဲ့ ကောင်လေးတစ်ယောက်က ရင်ပြင်ကဖျာပေါ်မှာထိုင်ပြီး တစ်ယောက်တည်း ဘုရားကိုထိုင်ကန်တော့နေတာပါ။

“ဟမ်... သူ့ကြည့်ရတာတော့ အနောက်တိုင်းသားပါ။ ခရစ်ယာန်ဘာသာကနေ ဗုဒ္ဓဘာသာကိုကူးပြောင်းခဲ့တဲ့ ရှားပါးအနောက်တိုင်းသားများလား။ ဒါကြောင့် ဒီမှာ ဘုရားလာရှိခိုးနေတာထင်တယ်။”

ဖီးလစ်က အဲဒီလူကိုကြည့်နေရင်းနဲ့ ထင်မှတ်မထားတဲ့ အရာတစ်ခုရဲ့အမှန်တရားကိုလည်း သိလိုက်ရပါတယ်။ အဲဒါက ပန်းတွေပါ။ ပန်းတွေကို ဘုရားစင်တုရှေ့က ကြေးပန်းအိုးကြီးတွေထဲမှာ စိုက်ထားတာလေ။

“နားလည်ပြီ၊ ဒါက ပူဇော်ပစ္စည်းသဘောမျိုးပေါ့။”

ဖီးလစ်က ခေါင်းညိတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့နောက်ကနေ နျူရေရဲ့စကားသံထွက်လာတာကြောင့် ဟိုနှစ်ယောက်လည်း နောက်ကနေလိုက်လာတယ်ဆိုတာ သတိထားမိလိုက်တယ်။

“အီဗန်၊ နင်က တစ်ခါတလေကျတော့ ဉာဏ်ကောင်းသားပဲ။ မဆိုးဘူး၊ လှတယ်လှတယ်။”

ဖီးလစ်လှည့်ကြည့်လိုက်တော့ နျူရေ့ခေါင်းပေါ်မှာ ပန်းသရဖူတစ်ခုရှိနေပြီး အီဗန်ရဲ့လက်ဖြစ်လက်ရာပါ။ အဲဒီပန်းတွေက ဘုရားပူဇော်ဖို့ဆိုတာ သတိရမိသွားတော့ ဖီးလစ်တစ်ယောက် ဟန်မဆောင်နိုင်တော့ဘဲ ရယ်မိတော့တာပဲ။ ဒါပေမဲ့ နျူရေတို့နှစ်ယောက်ကို သူသိထားတဲ့အကြောင်း မပြောရသေးခင်မှာပဲ အီဗန်က ပန်းအိုးတွေကိုမြင်ပြီး ရှက်သွားတဲ့ပုံစံနဲ့ပြောလိုက်ပါတယ်။

“ဒီတော့ ဒီပန်းတွေက ဘုရားကန်တော့ဖို့လား။”

နောက်တော့ သူတို့နှစ်​ယောက်ကလည်း ဖီးလစ်လိုပဲ ဘုရားရှိခိုးနေတဲ့သူကို သတိထားမိသွားကြပါတယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စကားစမိပါတယ်။

“ဒီလူက သူ့ဘဝမှာကြုံခဲ့ရတဲ့ အလှည့်အပြောင်းတစ်ခုကြောင့် ဘာသာပြောင်းခဲ့တာလား မသိဘူးနော်။” အီဗန်က ပြောလိုက်တယ်။

နျူရေကလည်း မေးပေါ်လက်တင်စဥ်းစားလိုက်ရင်း သူကြားဖူးတဲ့ ကိစ္စတစ်ခုကိုပြောလိုက်ပါတယ်။

“ပြောခါမှ၊ သမိုင်းမှာလည်း အဲဒီလိုကိစ္စတွေအများကြီး ရှိခဲ့တာပဲမဟုတ်ဘူး။ ကွန်စတန်တီနိုဘယ်မြို့တည်နန်းတည် ရောမဧကရာဇ် ကွန်စတန်တိုင်းဆိုရင်လည်း အစက နတ်ကိုးကွယ်သူလေ။ စစ်ပွဲတစ်ခုမှာတိုက်ခိုက်နေရင်း ကောင်းကင်ပေါ်က လက်ဝါးကပ်တိုင်ကြီးကိုမြင်ပြီးမှ စစ်နိုင်ခဲ့တာကြောင့် ခရစ်ယာန်ဖြစ်လာခဲ့တာမလား။”

“ဒီလူလည်း အဲဒီလိုထူးဆန်းတာတစ်ခုခုနဲ့ကြုံခဲ့ရလို့ ဘာသာပြောင်းသွားတာနေမှာ။ ခုခေတ်မှာ ဘာသာရေးကို လူတွေသိပ်စိတ်မဝင်စားတော့ပေမဲ့ သူ့အကြောင်း နားထောင်ခွင့်ရရင်ကောင်းမယ်။”

အီဗန်လည်း သူ့ဆန္ဒကို ထုတ်ဖော်ပြောပြလိုက်တယ်။ အဲဒီနောက်တော့ သုံးယောက်သား သဘောတူညီမှုရသွားပြီး ဘုရားရှိခိုးနေတဲ့သူနားကို ကပ်လာကြတယ်။ ကိုယ်တော်ချောကတော့ ကြေးစည်တီးပြီး ဆုတောင်းနေပါပြီ။ ပြီးတော့ ဆုတောင်းနေတာက အင်္ဂလိပ်လိုပါ။ ဒါကြောင့် သူတို့တွေ နားလည်နေကြတယ်။

“အခုလို ပြုရသော ကုသိုလ်အကျိုးအားကြောင့် မကြာခင်မှာ ကောင်မလေးချောချောလေးရပြီး ဘဝဆက်တိုင်းဆက်တိုင်း အချစ်ရေးကံကောင်းရပါလို့၏ အရှင်ဘုရား။ ပြီးတော့ သူငယ်ချင်းက ကောင်မလေးဖြစ်သွားတာမျိုးလည်း မကြုံပါရစေနဲ့တော့။”

“.....” အီဗန်တို့သုံးယောက်လည်း အဲဒီဆုတောင်းစာကို ကြားပြီးတဲ့နောက် သူတို့နဂိုရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်ပါ ပျောက်သွားတယ်။ ဟိုနေကာမျက်မှန်နဲ့လူကတော့ သူတို့ကိုမျက်ကွယ်ပြုထားပြီး ဖုန်းထဲက ရန်ကုန်လမ်းညွန်ကို ဖွင့်ဖတ်လိုက်တယ်။

“ဒါဖြင့်ရင် ဆုတောင်းပြည့်တယ်ဆိုတဲ့ ဘာသာပေါင်းစုံ ဘုရားကျောင်းလေးကျောင်းထဲက တစ်ခုမှာဆုတောင်းပြီးပြီ။ နောက်ထပ်သွားရမှာက စိန့်မေရီကာသီဒြယ်ကို။ နီးနီးလေးပဲ။ ဂျာမက်မွတ်စခင်ဝတ်ကျောင်းကိုလည်း သွားရမယ်။ သိရိကာလီဟိန္ဒဘုရားကျောင်းမှာလည်း ဝတ်ပြုရဦးမယ်။”

ဒီလူက အကုန်လုံးကို အင်္ဂလိပ်လိုပြောသွားခဲ့တာကြောင့် သူတို့သုံးယောက်လုံးရဲ့မျက်လုံးတွေဟာ ငါးသေကြီးတွေလို ဖြစ်ကုန်တယ်။

“နျူရေ၊ ဒီလူက။” အီဗန်က စကားစလိုက်တယ်။

“အင်း၊ ငါသိပြီ။” နျူရေက သဘောပေါက်ပုံနဲ့ ခေါင်းညိတ်ပြပေမဲ့ စကားအကုန်မပြောဘူး။

“ကယ်မရတော့တဲ့ စော်ငြင်းကောင်ပဲ။” ဒါပေမဲ့ ဖီးလစ်ကတော့ သနားမနေဘဲ စကားအကုန်ပြောချလိုက်တယ်။

ဆူးလေဘုရားပေါ်ကနေ ဆင်းဖို့ပြင်နေပြီဖြစ်တဲ့ အရူးကောင်တင်မီကတော့ ကျောချမ်းလာသလိုလို ခံစားမိတာနဲ့ သူ့ဇက်သူပြန်စမ်းလိုက်ပါတယ်။

“ငါပဲ စိတ်ထင်လို့လား။ ရာသီဥတု နည်းနည်းအေးလာသလိုပဲ။”

...

အဲဒီနောက်တော့ သူတို့တွေက သမိုင်းဝင်ဝန်ကြီးများရုံထဲကို ဝင်လေ့လာခဲ့သေးတယ်။ ရွှေတိဂုံဘုရားပေါ်လည်းရောက်ခဲ့ပြီး သေချာပန်းကပ်ဖြစ်ခဲ့ပေမဲ့ လူတွေများလွန်းလို့ အကြာကြီးမနေဖြစ်ခဲ့ကြဘူး။ မြို့တော်ဝန်ခန်းမနားက ကိုလိုနီခေတ်အဆောက်အအုံတွေကို အတူကြည့်ဖြစ်ခဲ့ကြပြီး ဆိုက်ကားဆရာတချို့ကိုလည်း မြင်ဖြစ်ခဲ့ကြပေမဲ့ သူတို့က တက်တော့မစီးဖြစ်ခဲ့ပါဘူး။ လူသားတစ်ယောက်ကို ညှင်းပန်းသလိုဖြစ်နေတယ်လို့ သူတို့ခံစားမိလို့ပါ။

“အဲဒီလိုယာဥ်မျိုးစီးရမှာထက် ငါ့ရဲ့လူသားဆန်မှုကိုပဲ စွန့်လွှတ်လိုက်မယ်။” သူတို့ထဲက အမောက်မာဆုံးဖြစ်တဲ့ ဖီးလစ်တောင်မှ ငြင်းခဲ့တယ်လေ။ ညနေစောင်းတော့ အင်းယားကန်ဘောင်ပေါ် ရောက်ဖြစ်ခဲ့ကြပြီး နေဝင်ချိန်မှာ သုံးယောက်အတူဓာတ်ပုံရိုက်ခဲ့ကြတယ်။ ဖီးလစ်ကတော့ လူသေမျက်ခွက်ပေါက်နေပေမဲ့ပေါ့။

​နေဝင်ချိန်အပြီးမှာတော့ Time Cityရှိရာကို ခရီးဆက်ဖြစ်ခဲ့ကြပြီး စျေးအနည်းအပါးဝယ်ဖြစ်ခဲ့ပါတယ်။ ရှစ်နာရီထိုးချိန်မှာ ဆက်လည်ချင်ကြသေးပေမဲ့ အယ်လိုဟင်ဆီကနေ အမြန်ပြန်လာဖို့ စာရောက်လာတာကြောင့် ဆက်မလည်တော့ဘဲ ဟိုတယ်ကို ပြန်လာကြတယ်။

သူတို့ပြန်ရောက်တော့ ဖရာလီတာက တော်ဝင်အခန်းရဲ့ဧည့်ခန်းမှာ သူတို့ကိုလက်ပိုက်ပြီးထိုင်စောင့်နေပြီ။ အယ်လိုဟင်ကတော့ မျက်နှာကျက်နေ ကြမ်းပြင်အထိ ထွင်းဖောက်မြင်နေရတဲ့ မှန်ပြင်ကြီးရှေ့မှာ လက်ကိုနောက်ပစ်ရပ်ရင်း သက်ပြင်းချကာ သူတို့ကို သတင်းဆိုးတစ်ခု ပြောလိုက်တယ်။

“အခုလေးတင် မဟာမိတ်ဌာနချုပ်က သတင်းဝင်လာတယ်။ တိုကျိုကို ပိုးဖလံ၊ ပိုးစုန်းကြူးနဲ့ ချီးပိုးထိုး ပိုးကောင်ဗိုလ်ချုပ်သုံးယောက်က ဝင်တိုက်နေပြီး အခြေအနေကို မသိရသေးဘူးတဲ့။ ပိုဆိုးတာက ပိုးစုန်းကြူးကိုထိန်းချုပ်နေတဲ့ ဥစာကီလည်း အနီးအနားမှာရှိနေနိုင်တယ်။ ကျန်စစ်ဒေသအားလုံး လုံခြုံရေးမြှင့်တင်ဖို့ ဘုတ်အဖွဲ့ကနေ သတိပေးချက်ထွက်လာပြီ။ ဒါကိုအကြောင်းပြပြီး ခုညတွင်းချင်း ဘုရင်ကောင်ကိုတွေ့ဖို့ သခင်မလေးက ကြိုးစားခဲ့ပေမဲ့ ငြင်းဆန်ခံလိုက်ရတယ်။”

စစ်ဒေသတစ်ခုတိုက်ခိုက်ခံရတာက ကိစ္စကြီးတစ်ခုဖြစ်ပြီး မဟာမိတ်ခေါင်းဆောင်အနေနဲ့ မဟာသူရိယရာဇာကိုတွေ့ခွင့်ရဖို့ အကြောင်းအရင်းခိုင်လုံပါတယ်။ ဒါပေမဲ့ ငြင်းလိုက်တယ်ဆိုတာက...

“ဟုတ်တယ်... အဲဒီကောင်က ငါ့ရဲ့မစ်ရှင်အဖွဲ့ခေါင်းဆောင်ရာထူးကို စိန်ခေါ်တာပဲ။” ဖရာလီတာက အေးစိမ့်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။

All Chapters