အခန်း (၈၃၄)
Vol. 56 Ch. 834
“ဟားဟား..ဟားဟားဟား..”
တိုက်ပွဲမြေပြင်အလယ်တွင် ရွှမ်းယွမ်ချန်ယွင်က ဆက်လက်ရယ်မောနေသည်။ ဤအခိုက်အတန့်တွင် သူ့နောက်ရှိငွေရောင်အလင်းကမှေးမှိန် ပျောက်ကွယ်သွားပြီး ရွှေရောင်ချီလင်၏ ရွှေရောင်ပုံရိပ်က ပေါ်လာ၏။
ဤအခိုက်အတန့်တွင် ရွှေရောင်ချီလင်၏ကိုယ်၌လည်းဓားရာတို့ဖြင့်ပြည့်နှက်နေပြီး သွေးများက မြေပြင်ထက်သို့ပန်းထွက်နေသည်။
ရွှမ်းယွမ်ချန်ယွင်က ရွှေရောင်ချီလင်၏ အခြေအနေကို လုံးဝစိတ်ဝင်စားခြင်းမှရှိပေ။ သူ၏အကြည့်တို့က သူ့ရှေ့ရှိ သွေးနီရောင်ပုံရိပ်ပေါ်သို့ ကျရောက်နေဆဲဖြစ်သည်။ သူကပြုံး၍ ပြောလိုက်သည်။
“မင်းကကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်နဲ့ ဒီအခြေအနေထိတိုက်ခိုက်နိုင်တဲ့ ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ကောင်လို့ငါတကယ်ထင်ခဲ့တာ”
“မင်းက မင်းရဲ့လက်ထဲကလက်နက်အပေါ် မှီခိုအားထားနေမယ်လို့တော့ငါမမျှော်လင့်ထားခဲ့ဘူး”
“ဟမ့်”
မီးလောင်ရာတို့ဖုံးလွှမ်းနေသောမျက်နှာနှင့်ရှစ်ဖုန့်က သူ၏ပုံမှန်အေးစက်သောအမူအယာမျိုး ထပ်မံရှိမနေတော့ပေ။ သူက အေးစက်သောနှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးအေးစက်သော လေသံဖြင့်ပြောလိုက်သည်။
“မင်းရော ဒီအခြေအနေအထိ ဒီသခင်လေးနဲ့တိုက်ခိုက်နိုင်တယ်ဆိုတာက မင်းရဲလက်ထဲကရွှမ်းယွမ် လှံပုဆိန်ကြောင့်မဟုတ်ဘူးလား. အဲ့တာသာမပါရင် မင်းရဲ့ ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်း ချက်က ဒီလိုစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်မှာမဟုတ်ဘူး”
“ဟမ့်”
ဤအခိုက်အတန့်တွင် ရွှမ်းယွမ်ချန်ယွင်က လည်း အေးစက်စွာနှာမှုတ်လိုက်သည်။ သူက သူ့လက်ထဲရှိ ရွှမ်းယွမ်လှံပုဆိန်ကို ရှစ်ဖုန့်ထံသို့ ထိုးညွှန်ပြီး အော်ပြောလိုက်၏။
“အကယ်၍ ငါသာမမှားဘူးဆိုရင် မင်းရဲ့လက်နက်ကစွမ်းအားက ကုန်ခမ်းသွားပြီ.. ငါနဲ့ထပ်ပြီးတိုက်ဖို့မင်းမှာ ဘာစွမ်းအားကျန်နေသေးလဲ”
“မင်းရွှမ်းယွမ်ချန်ယွင်ကရော ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်း ခုတ်ပိုင်းချက်ကိုသုံးပြီး ဒီသခင်လေးဆီကို ဒီလိုပြင်းထန်တဲ့တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်ခဲ့တာ. မင်းမှာရော အခုဘယ်လောက်ကျန်သေးလဲ”
ရှစ်ဖုန့်က ဆက်လက်အေးစက်စွာပြောလိုက်သည်။
“ငါ..ငါ့မှာမသေမျိုးခန္ဓာကိုယ်ရှိတယ်ကွ.. ငါ့ရဲ့စွမ်းအားက အရင်ကလောက်အားမကောင်းတော့ဘူးဆိုပေမဲ့. ငါမင်းကိုသတ်နိုင်သေးတယ်. ဒါကလုံလောက်တယ်”
စကားပြောပြီးပြီးချင်း ရွှမ်းယွမ်ချန်ယွင်၏ မျက်နှာထက်ရှိ ဓားဒဏ်ရာက မြင်နိုင်သောအမြန်နှုန်းတစ်ခုဖြင့် ပြန်လည်ကုသနေ၏။
ရွှမ်းယွမ်ချန်ယွင်၏ အော်ရာက တစ်ဟုန်ထိုးမြင့်တက်လာသည်ကို ရှစ်ဖုန့်လည်း ခံစားမိသည်။
“မသေမျိုးခန္ဓာကိုယ်”
“ငရဲကိုသွားစမ်း”
ရွှမ်းယွမ်ချန်ယွင်က သူ့လက်ထဲရှိ ရွှမ်းယွမ်လှံပုဆိန်ကိုရုတ်တရက်လှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်ထံသို့ ထိုးသွင်းလိုက်သည်။
ဤငမိုက်သား၏လက်နက်မှစွမ်းအားက ကုန်ခမ်းသွားပြီး သူ၏မူလစွမ်းအင်လည်ကုန်ခမ်းနေပြီဖြစ်သည်။ ဤတိုက်ခိုက်မှုက ၎င်းအား သတ်ရန်အတွက်လုံလောက်သည်ဖြစ်၏။
ရွှမ်းယွမ်ချန်ယွင်က သူ့ဖာသာသူတွေးလိုက်သည်။
ရွှမ်းယွမ်ချန်ယွင်၏တိုက်ခိုက်မှုအားရင်ဆိုင်ရရာတွင်ရှစ်ဖုန့်က လုံးဝကြောက်နေခြင်းမရှိပေ။ သူကသူ၏ညာလက်ကသီးကိုတိတ်တဆိတ်ကျစ်နေအောင်ဆုပ်လိုက်ပြီး လာနေသော လှံပုဆိန်ထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
“ဘန်း”
ငြိမ်ကျနေသော ဤကမ္ဘာအတွင်း ရုတ်တရက်ပေါက်ကွဲသံတစ်ခုက မြည်ဟိန်းထွက်ပေါ်လာသည်။
“ဟမ်”
ရွှမ်းယွမ်လှံပုဆိန်က ထိုလူ၏ လက်သီးနှင့်ထိပ်တိုက်တွေ့သွားသည်။ ဤအချိန်တွင်ရွှမ်းယွမ်ချန်ယွင်၏အမူအယာက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဤလူ၏ မူလစွမ်းအင်တို့အားလုံးက ကုန်ခမ်းနေသင့်သည်ဖြစ်၏။ အဘယ်ကြောင့် ဤကဲ့သို့ပြင်းထန်သောစွမ်းအားမျိုးကို သူပိုင်ဆိုင်နေပါသေးသနည်း။
ထို့နောက် ရွှမ်းယွမ်လှံပုဆိန်အတွင်းသို့ ကူးပြောင်းလာသောကြီးစိုးသည့်စွမ်းအားက ရွှမ်းယွမ်လှံပုဆိန်အား ဖြတ်သန်းသွားပြီး ရွှမ်းယွမ်ချန်ယွင်၏ကိုယ်ထဲသို့ဝင်ရောက် သွားသည်။ ရွှမ်းယွမ်ချန်ယွင်ချက်ချင်းနောက်သို့လွင့် ထွက်သွား၏။
“ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ဘယ်လိုဖြစ်ပြီးတော့သူက ဒီလိုစွမ်းအားမျိုးကိုပိုင်ဆိုင်နေသေးတာလဲ”
နောက်သို့လွင့်ပျံနေရင်း ရွှမ်းယွမ်ချန်ယွင်၏အမူအယာက သိသိသာသကိုပြောင်းလဲသွားသည်။ တစ်ဖက်လူ၏ကိုယ်အတွင်းမှ မူလစွမ်းအင်က ကုန်ခမ်းနေပြီဖြစ်သည်ကိုသူ ရှင်းရှင်းလင်းလင်း အာရုံခံမိပြီးဖြစ်သည်။
“ဘာလို့လဲ. ဘယ်လိုဖြစ်ပြီးသူက ဒီလိုမျိုးတိုက်ခိုက်မှုကိုထုတ်ဖော်နိုင်သေးတာလဲ”
အစောပိုင်းကတိုက်ပွဲတွင် သူက သူ၏အန္တိမတိုက်ပွဲဝင်နည်းစနစ်ဖြစ်သောရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်းချက်ကိုအသုံးပြုခဲ့သည်။ ပြောရလျှင် ရွှမ်းယွမ်ချန်ယွင်၏ စွမ်းအားကလည်းကုန်ခမ်းနေပြီဖြစ်ပြီး သူအပြင်းအထန်ထိခိုက်ထားပြီးဖြစ်သည်။
သို့သော်ရွှမ်းယွမ်ချန်ယွင်၌ ဒဏ္ဍာရီလာ မသေမျိုးခန္ဓာကိုယ်ရှိ၏။ သူ၏ ကာယခန္ဓာကိုယ်က တစ်ဟုန်ထိုးပြန်လည်ကုသနေပြီး သူ၏ကာယခန္ဓာပြန်ကသလာသကဲ့သို့ သူ၏ တိုက်ပွဲဝင်စွမ်းအားကလည်း တစ်ဟုန်ထိုးပြန်လည်ကောင်းမွန်လာနေသည်ဖြစ်သည်။
သို့သော်တစ်ဖက်လူကတော့ စွမ်းအားကုန်ခမ်းပြီးအပြင်းအထန်ဒဏ်ရာရထားသည်မှာသိသာသော်လည်း ၎င်းကသူ့ကို လွင့်ထွက်သွားအောင်လုပ်နိုင်နေဆဲဖြစ်သည်။
“ဝေါင်း..ဝေါင်း..ဝေါင်း”
ရွှမ်းယွမ်ချန်ယွင် က နောက်သို့လွင့်ပျံသွားသော်လည်း သူ့ခြေဖဝါးအောက်ရှိ ရွှေရောင်ချီလင်ကတော့ ထိုနေရာတွင်ရှိနေဆဲဖြစ်သည်။ သူ၏သခင်ဖြစ်သူ ဆိုးကျိုးဖြစ်နေသည်ကို တွေ့ရသောအခါတွင် ပင်းထန်စွာထိခိုက်ထားသော ရွှေရောင်ချီလင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လိုက်ဖမ်းဖို့ပြင်နေသည့် ရှစ်ဖု့န်အားခုန်အုပ်လိုက်သည်။
“သူတောင်းစား. ဒီလိုမျိုး ဒဏ်ရာရထားတာတောင် ဘယ်လိုလုပ်ပြီးတော့ ဒီသခင်လေးရှေ့မှာ လာမောက်မာရဲတာလဲ.. ဒီသခင်လေး မှာရောမွေးထားတဲ့သားရဲမရှိဘူးထင်နေတာလား”
ရှစ်ဖုန့်က သူ့ထံသို့ခုန်အုပ်လာသည့် ရွှေရောင်ချီလင်အား ကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။ ထို့နောက် ရှစ်ဖုန့်၏ရှေ့တွင် ဧရာမသွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်။
“ရှီး”
ကြမ်းကြုတ်သည့်သားရဲတစ်ကောင်နိုးထလာသကဲ့သို့ ခက်ထန်သည့်ဟိန်းဟောက်မြည်တွန်သံတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်ကသွေးကျောက်ပြားနေရာလွတ်အတွင်းမှ အရောင်သုံးမျိုး ဦးခေါင်းသုံးလုံးမြွေကို ထုတ်လိုက်ခြင်းဖြစ်သည်။
၎င်းကအရောင်သုံးမျိုး ခန္ဓာရှစ်ပါး နတ်ဘုရားမြွေဖြစ်၏။
ဦးခေါင်းသုံးလုံးမြွေပေါ်လာသည်နှင့် အနီရောင်၊အပြာရောင်နှင့် ခရမ်းရောင်တို့ ရောစပ်ထားသည့် ၎င်း၏ဧရာမအမြှီးကြီးအား ရုတ်တရက် ရွှေရောင်ချီလင်ထံသို့လွှဲယမ်းလိုက်သည်။
“ဘန်း.. ဝေါင်း”
ဆက်တိုက်လွှဲယမ်းလိုက်ပြီးနောက် ၎င်းက ရွှေရောင်ချီလင်၏ကိုယ်ပေါ်သို့ကျရောက်သွားပြီး နောက်သို့လွင့်ထွက်သွားစေသည်။
၎င်း၏ကိုယ်တွင်ဓားဒဏ်ရာတို့ဖုံးလွှမ်းနေပြီး သွေးများကဆက်တိုက်စီးထွက်နေဆဲဖြစ်သည်။ ၎င်းက ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်သော်လည်း အပြင်းအထန်ထိခိုက်ထားသည်ဖြစ်၏။ ၎င်း၏သခင်ရွှမ်းယွမ်ချန်ယွင်ကဲ့သို့ပင် ယခင်ကကဲ့သို့တုက်ပွဲဝင်စွမ်းအားကိုထပ်မံ ပိုင်ဆိုင်ခြင်းမရှိတော့ပေ။
“ရှီး..ရှီး.ရှီး”
ဦးခေါင်းသုံးလုံးမြွေက ကျယ်လောင်သောမြည်တွန်သံသုံးခု ကို ပြိုင်တူမြည်တွန်လိုက်သည်။ ၎င်း၏ဧရာမကိုယ်ကြီးက ရုတ်တရက်ရွေ့လျားသွားပြီး နောက်သို့လွင့်ထွက်သွားသောရွှေရောင်ချီလင်ထံသို့ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က ဦးခေါင်းသုံးလုံးမြွေနှင့် ရွှေရောင်ချီလင်တို့ကြားကတိုက်ပွဲအားထပ်မံအာရုံထားခြင်းမရှိတော့ပေ။ သူ၏ပုံရိပ်ကပျံသန်းသွားပြီး ရွှမ်းယွမ်ချန်ယွင်နောက်သို့လိုက်လိုက်သည်။
“ကာယခွန်အား. ဒါကကာယခွန်အားပဲ. ဒီငရဲဘုံငမိုက်သားက သိုင်းနယ်ပယ်ကိုတင်ကျင့်ကြံထားတာမဟုတ်ဘဲ သူ့ရဲ့ကာယခန္ဓာကိုယ်ကိုလည်း ဒီလိုအားကောင်းတဲ့အဆင့်တစ်ခုအထိ ကျင့်ကြံထားတယ်.ငရဲဘုံကိုးခု ဧကရာဇ်ယိုမင်က သိုင်းနယ်ပယ်၊ကာယခန္ဓာနဲ့ ဝိညာဉ်တို့ကိုတစ်ပြိုင်တည်းကျင့်ကြံတည်လို့ ကျော်ကြားတယ်.. သူ့ရဲ့ကာယခန္ဓာကိုယ်ကလည်း ကောင်းကင်ဘုံကိုဆန့်ကျင်ပြီးငရဲဘုံကိုးခုခန္ဓာကိုယ် အံ့ဖွယ်ခန္ဓာတစ်ခုအဖြစ် အောင်မြင်မှုရရှိထားတယ်”
နောက်သို့တစ်ဟုန်ထိုးလွင့်ပျံနေဆဲဖြစ်သောရွှမ်းယွမ်ချန်ယွင်မှာ ဤလူ၏တိုက်ခိုက်ခွန်အားဘာကြောင့်ဤသို့ဖြစ်ရသည်ဆိုသည့်အကြောင်းပြချက်ကို ရုတ်ခြည်းတွေးမိသွားသည်။
“မင်းဒါကိုတွေးမိပြီလား”
ဤအချိန်တွင် ရွှမ်းယွမ်ချန်ယွင်၏အထက်မှ အေးစက်သောအသံတစ်ခုရုတ်တရက်ထွက်ပေါ်လာသည်။
ရွှမ်းယွမ်ချန်ယွင်မှာ သူ့အထက်မှရုတ်တရက်ပေါ်လာသည့် သွေးနီရောင်ပုံရိပ်တစ်ခုကိုမြင်တွေ့လိုက်ရပြီး ၎င်းက သူ၏ခန္ဓာကိုယ်ထံသို့ဆောင့်နင်းချလာသည်။
“မင်းရဲ့ဒဏ္ဍာရီလာ မသေမျိုး ခန္ဓာကိုယ်က တကယ်ပဲ မသေနိုင်တာလားဆိုတာကို ဒီသခင်လေးကြည့်သေးတာပေါ့”
ထိုသို့ပြောပြီးနောက် ရှစ်ဖုန့်၏ ခြေထောက်က ရွှမ်းယွမ်းချန်ယွင်၏ ရင်ဘက်ထံသို့ပြင်းထန်စွာဆောင့်နင်း ချလိုက်သည်။
“မင်း..မင်း.မင်းသေခြင်းဆိုးနဲ့သေရမယ်”
သူ့ထံသို့ဆောင့်နင်းချလာသော ခြေထောက်အားမြင်တွေ့လိုက်ရချိန်တွင် ရွှမ်းယွမ်ချန်ယွင်က ခက်ထန်စွာအော်ဟစ်လိုက်သည်။
“ဘန်း.အား..”
ပြင်းထန်သောသက်ရောက်မှုက တစ်ချိန်တည်းတွင်ရွှမ်းယွမ်ချန်ယွင်အား နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သွားစေသည်။
“မဟုတ်ဘူး. ဘာတွေဖြစ်နေတာလဲ. ငါ့အရှင်. ငါ့အရှင်က တကယ်ကြီးဆောင့်နင်းခံရတယ်”
၎င်းတို့ရှေ့ရှိတိုက်ပွဲဖြစ်ရာနေရာအားကြည့်ရင်း ရွှမ်းယွမ်လက်ရွေးစင်ငါးထောင်မှာ ရုတ်ခြည်းဝမ်းနည်းစွာဖြင့်အော်ပြောကြသည်။ သူတို့၏အံ့ဖွယ်ကောင်းသောအရှင်သခင်ဖြစ်သူ ရွှမ်းယွမ်ချန်ယွင်က တကယ်ကြီး ဤကဲ့သို့ အနင်းချေခံနေရသည်ကို သူတို့မယုံကြည်နိုင်ကြပေ။
သူကနာကျင်မှုအပြည့်ဖြင့်အော်နေခြင်းဖြစ်သည်။
ရွှမ်းယွမ်ချန်ယွင်အားဆောင့်နင်းသော ထိုခြေဖဝါးက ရွှမ်းယွမ်လက်ရွေးစင်စစ်သည်ငါးထောင်၏နှလုံးသားအားရုတ်ခြည်းပြင်းထန်စွာဆောင့်နင်းချလိုက်သည့်နှယ်ဖြစ်ပုံရပြီး ၎င်းတို့၏နှလုံးသားအားဓားမြှောင်တစ်လက်ဖြင့်ထိုးသွင်းခံရသကဲ့သို့ခံစားရစေသည်။
“ဒီသခင်လေး အရင်က ရွှမ်းယွမ်ဝူမင်ကိုသတ်ခဲ့တယ်. နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ရွှမ်းယွမ်ဝူမင်ရဲ့မြေးဖြစ်တဲ့ ရွှမ်းယွမ်ချန်ယွင်ကိုသတ်ရလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ. မင်းတို့ရွှမ်းယွမ်မိသားစုနဲ့ ဒီသခင်လေးရဲ့ကြားမှာ နက်ရှိင်းတဲ့ဆက်နွယ်မှုတစ်ခုရှိပုံရတယ်”
တစ်ဟုန်ထိုးကျဆင်းနေသော ရွှမ်းယွမ်ချန်ယွင်မှာ သူ့၏နားတို့အတွင်းအေးစက်သော အသံတစ်ခုကိုကြားလိုက်ရသည်။
ဤအသံအားကြားရပြီးနောက် ရွှမ်းယွမ်ချန်ယွင်၏ အမူအယာက ထပ်မံသိသိသာသာပြောင်းလဲသွားသည်။
ဆက်ရန်……
ဘာသပြန်သူ-ARISE