နွေဦးပြည်နယ်မှပါရမီရှင်များ
Vol. 009 Ch. 871
ဝုန်း...
ယူချင်း၏ မိစ္ဆာအငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
အသံတစ်သံနှင့်အတူ လေးကြိုးမှာ ပြင်းထန်စွာ တုန်ယင်သွားသည်။ ကြီးမားသော စွမ်းအားက အလင်တန်းအဖြစ် လာရောက်စုစည်းပြီး ရောင်စဉ်တန်း အသွင်ဖြင့် လေထုကို ခွင်းလာ၏။ ထိုအခိုက်တွင် ယူချင်း၏ ခွန်အားမှာလည်း အဆမတန် ကြီးမားလာသည်။ သူ၏သန့်စင်သော ဗုဒ္ဓခန္ဓာမှာကား နတ်ဆိုးတစ်ပါးအလား ဖြိုဖျက်၍ မရနိုင်ပေ။
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ အလင်းမြားက အနည်းငယ်မျှပင် လမ်းကြောင်းကို သွေဖယ်ခြင်း မရှိဘဲ ယူချင်းထံကို ပစ်လွင့်လာ၏။
ယူချင်းက သူ့ခန္ဓာကိုယ်အား ရိုက်ထုတ်လိုက်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရကာ နောက်ကို အဆက်မပြတ် ဆုတ်သွားစေသည်။ သူ့တစ်ကိုယ်လုံးကို ကာရံထားသော အငွေ့အသက်များမှာ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာပြီး တစ်စပြီးတစ်စ ပြိုကွဲကြသည်။
ဘုန်း...
ယူချင်း၏ခြေထောက်က မြေပြင်ပေါ်တွင် မြဲမြံစွာ ပြန်လည်ရပ်သည်။ သူက မီတာ၁၀၀ခန့် နောက်ဆုတ်သွားပြီးမှ မြားချက်၏ စွမ်းအားများက ပျက်ပြယ် သွားသည်။
ရိခွန်ကား ကောင်းကင်ထက်တွင်ပင် ရပ်ကာ ယူချင်းကို ကြည့်သည်။
ယူချင်းထံမှ ပိုမို အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာသည်။ သူ၏ပြိုင်ဘက်က မိုရှီအဆင့် ဖြစ်သော်လည်း သူမကြောက်ပေ။ သူက မျက်နှာချင်းဆိုင် တိုက်ခိုက်လိုသေးသည်။
“မင်းနဲ့ ကျုပ်အကြား ကွာဟချက်က ကြီးတယ်...” ရိခွန်က သူ၏အင်္ကျီမှ ဖုန်များကို ခါလိုက်ကာ ရီဖူရှင်းဘက်ကို လှည့်ကြည့်သည်... “အရှင်ရီ ... ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာ ရှိပါသလဲ...”
ရီဖူရှင်းက ယူချင်း ဆက်လက် တိုက်ခိုက်လိုဟန် ရနေသည်ကို မြင်လျှင် လှမ်းခေါ်လိုက်သည်... “ယူချင်း...”
ယူချင်းက ရီဖူရှင်းအား ကြည့်ကာ ခေါင်းညိတ်သည်။ ထို့နောက် ရီဖူရှင်းက သူ့ရှေ့မှ လူငယ်တစ်ယောက်အား ခေါ်လိုက်သည်... “ယန်”
ယန်က ရီဖူရှင်းအား ကြည့်သည်။ သူ၏မျက်လုံးများထဲ မလိုလားသော ဟန်ပင် အငွေ့အသက်များအား တွေ့ရပေသည်။ သူက ကျန်ကျောင်း၏ တပည့်ဖြစ်ရာ ကျေးရွာခေါင်းဆောင်က တော်ဝင်ကျဲနန်းတော်၏ လက်အောက်ကို ဝင်လာပြီး နောက်ပိုင်း သူသည်လည်း အလိုအလျောက် နန်းတော်၏တပည့် ဖြစ်လာခဲ့ရသည်။
“သွား...” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။
ယန်က ရီဖူရှင်းအား ကြည့်ကာ မလိုလားသောဟန် ရှိသော်လည်း ထရပ်ကာ စင်မြင့်ထက်သို့ လျှောက်သွားသည်။
ယန်က ရိခွန်အား ကြည့်သည်။ သူကား သင်္ချိုင်းကုန်း ကျေးရွာ၏ ဒုတိယပါရမီ အမြင့်ဆုံးဖြစ်သည်။ သူ၏နောက်တွင် နတ်ငှက်အတောင်ပံ တစ်စုံပေါ်လာသည်။ ထို့နောက်တွင် အားကောင်းသော အာကာသဓာတ်က သူ့အား လှည့်ပတ် စုစည်းလာကြ၏။ ထိုအခိုက်တွင် ရိခွန်ကား ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
သူက အာကာသဓာတ်ကို ခံစားမိ၏။ သည်လူကား အလွန် အားကောင်းပေသည်။
ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများ အော်ဟစ်ဆူညံကြကာ လေးနှင့်မြားအဖြစ် အသွင်ပြောင်းလာသည်။ လေးကိုင်းတွင် တည်လာသော မရေမတွက်နိုင်သော မြားများမှာ အချိန်မရွေး ပစ်လွှတ်နိုင်သော အနေအထား ရှိနေ၏။
ထိုအခိုက်တွင် ယန်ကား မူလနေရာမှ ပျောက်ကွယ် သွားသည်။ ရိခွန် မျက်မှောင်ကြုတ် လိုက်၏။ သူက တွန့်ဆုတ်ခြင်းမရှိဘဲ လေဟာနယ်သို့ မြားများ တစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ထွက်ပေါ်လာကာ လေဟာနယ်မှ အရာခပ်သိမ်းကို ဖျက်ဆီးရန် ကြံရွယ်သည်။
ယန်က ရုတ်တရက် သူ၏အနီးကို ရောက်လာကာ ထိုအခိုက်တွင် သူ့အား ကြီးမားသော လောကဓာတ်က လာရောက် ဖိအားပေးသည်ကို ခံစားရသည်။ သူက လက်ကို ဆန့်တန်းလိုက်သည်တွင် နဂါးတစ်ကောင် အသွင်ဖြင့် လေထုကို ခွင်းသွားသည်။ ယန်က သူ၏အတောင်ပံများကို ဖြန့်ကာ အပေါ်သို့ မြောက်တက် သွား၏။
ရိခွန်၏ အမူအရာကား သိပ်မပြောင်းလဲပေ။ သူက ဆက်လက်၍ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ပြင်းထန်သော လောကဓာတ်က မရေမတွက်နိုင်သော မြားများအဖြစ်ဖြင့် လောဟာနယ်ကို ခွင်းကာ ယန်ထံသို့ ဦးတည် သွားကြသည်။ မြားတစ်စင်းစီတိုင်းက ကြောက်မက်ဖွယ် ထွင်းဖောက်အားများ ပါဝင်သည်။
ရွှေအတောင်ပံ နတ်ငှက်မှာ လေဟာနယ်ကို ဖြတ်သန်းလျက် ပုံရိပ်ယောင်များ ဖြစ်ပေါ်စေပြီး ရုတ်တရက် ပျောက်ကွယ် သွားသည်။ ထို့နောက် နတ်ငှက်မှာ ရိခွန်၏ခေါင်းထံ၌ တိုက်ရိုက်ပေါ်လာပြီး လက်သည်းဖြင့် ကုတ်ခြစ် တိုက်ခိုက်သည်။
ရိခွန်၏ သက်စောင့်ဝိညာဉ်မှာ လေးနှင့်မြား အဖြစ် ပြောင်းလဲသွားကာ လေးညို့မှမြားက ချက်ချင်း ပစ်လွင့်သွား၏။ အလင်းတန်းက အရာခပ်သိမ်းကို ဖျက်ဆီးကာ လေဟာနယ်ထဲသို့ တိုးဝင် သွားသည်။
ထပ်မံ၍ နတ်ငှက်၏ရှေ့၌ ဓားတစ်လက် ပေါ်လာသည်။ ဓားမှာ နတ်ငှက်ပုံစံရှိကာ ပုံရိပ်ကိုးခု ခွဲဖြာသွားသည်။ ဓားက အောက်ကို ကျဆင်းလာကာ ရိခွန်၏မြားနှင့် ရင်ဆိုင်မိသည်။
ပြင်းထန်သော တိုက်ပွဲက အားလုံးကို အံ့အားသင့်စေသည်။ ယခု သူတို့၏ အတွေးများထဲတွင် ရှိနေသည်ကား သည်နှစ်ယောက်မှာ အလွန် အားကောင်းသည် ဟူ၍ပင်။
တော်ဝင်ကျဲနန်းတော်က ထိုမျှပင် အားကောင်း လာပြီလား။ သူတို့ ရွေးချယ်ထားသော မည်သည့်တန်ခိုးရှင်မဆို သူ၏မျိုးဆက်တွင် အပေါ်ဆုံး၌ ရပ်နိုင်သောသူများ ဖြစ်နေကြသည်လား။
သူတို့ နှစ်ယောက်လုံးက အစွမ်းကုန် တိုက်ခိုက် နေကြသည်။ သူတို့က လေထဲတွင် ကြိမ်ဖန်များစွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည်။ ရိခွန်၏မြားနှင့် ယန်၏အာကာသဓားတို့ အဆက်မပြတ် ထိတွေ့မိကြသည်။ ထို့နောက်တွင် ဓားက လေးကိုင်းကို ကျော်ဖြတ်ကာ ရိခွန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်း သွားသည်ကို အားလုံးက မြင်လိုက်ကြရသည်။
ဖြတ်တောက်သော အသံတစ်ချက်နှင့်အတူ ရိခွန်မှာ နောက်ကို လွင့်စဉ်သွားပြီး သွေးခြင်းခြင်း နီသွားသည်။ နတ်ငှက်ပုံသဏ္ဌာန်မှာ ယန်အဖြစ် ပြန်လည် ပြောင်းလဲ သွားသည်။ ထို့နောက် သူက တော်ဝင်ကျဲ နန်းတော်ဘက်သို့ ပျံသန်းသွားပြီး သူ၏နေရာတွင် ဘာမှ မဖြစ်ခဲ့သလို ထိုင်လိုက်သည်။
ရိကလန်မှ ရိခွန်က ယူချင်းကို ဖိနှိပ်ခဲ့၏။
သို့သော် တော်ဝင်ကျဲနန်းတော်မှ ယန်ပေါ်လာကာ တစ်ဖန် သူ့အား အနိုင်ယူခဲ့ပြန်သည်။
ယနေ့တွင် ရိကလန်၏ထိပ်သီးပါရီရှင်နှစ်ဦး ရှုံးနိမ့်ခဲ့ကြသည်။ သူတို့ကား တော်ဝင်ကျဲ နန်းတော်၏ဖိနှိပ်မှုကို ခံခဲ့ကြရ၏။
သူတို့၏ အခြေခံအုတ်မြစ်က ခိုင်မာသော်လည်း ရိချန်းက မြေရိုင်းပြည်နယ်ကို အထင်သေးကာ နန်းတော်သခင်အား ရန်စခဲ့ပြီး အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။
ရီဖူရှင်းကား ပုံမှန်အတိုင်းပင် ထိုင်နေသည်။ တော်ဝင်ကျဲနန်းတော်က အချို့သော နေရာများတွင် လိုအပ်ချက် ရှိသော်လည်း သူတို့တွင် အမှန်တယ် အကောင်းဆုံး ပါရမီရှင်များအား ပိုင်ဆိုင်ထားပေသည်။
သိပ်မကြာခင် မြေရိုင်းပြည်နယ်မှ ပါရမီရှင်များမှာ ပြည်နယ်ကိုးခုသို့ ကျော်ကြား ကြပေတော့မည်။
ရိခွန်ကား စင်မြင့်ထက်တွင် မလှုပ်မယှက် ရပ်နေသည်။
လေးပြင်းများ တိုက်ခတ်ခြင်းက သူ၏ဒဏ်ရာများအား အေးစက်စေသည်။
သူက အရှိန်အဝါ ကြီးမားသော ဟန်ပင်ဖြင့် စင်မြင့်ထက်ကို တက်လာသော်လည်း မြေရိုင်းပြည်နယ်မှ နာမည်မရှိသော လူတစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့သည်။
သည်မတိုင်ခင် ယန်၏နာမည်ကို မည်သူမှ မကြားဖူးကြပေ။
သို့သော်လည်း သူ၏ပြိုင်ဘက်ကား လောကဓာတ် အတော်များများကို ကျွမ်းကျင်ပိုင်ဆိုင်စွာ အသုံးချနိုင်ပေသည်။ သူ၏အရှုံးကား တရားမျှတ၏။ ယူချင်း ပြောသကဲ့သို့ပင် သူကား လုံလောက်ခြင်း မရှိပေ။
မရေမတွက်နိုင်သော အကြည့်များက မလှုပ်မယှက် ရပ်နေသော ရိခွန်အား ကြည့်ကြသည်။ နွေဦးပြည်နယ်ကား ပြည်နယ်ကိုးခု၌ အင်အား အကြီးဆုံးဖြစ်သည်။ သူတို့၏ တော်ဝင်မြေများမှာလည်း ပြည်နယ်ကိုးခု၌ အကောင်းဆုံးများ ဖြစ်ကြ၏။
ရိကလန်လည်း ထိုနည်းတူ ဖြစ်သည်။
သို့သော်လည်း ယနေ့ ရိကလန်က တော်ဝင်ကျဲနန်းတော်နှင့် နှစ်ကြိမ် ယှဉ်ပြိုင်ရာ၌ နှစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့သည်။
လူအများအပြားက ယန်အား ကြည့်ကြသည်။ သူကား မကြာမီ နာမည်ကျော်ကြား ပေတော့မည်။
သည်တစ်ခေါက်ကား ရိကလန်က သူတို့၏နာမည် ဂုဏ်သိက္ခာအား ကိုယ်တိုင် ထိခိုက်စေသည်ဟု ပြောရပေမည်။ တိုက်ပွဲတိုင်းက ကွာဟချက် ကြီးမားကာ ဖိနှိပ်ခံခဲ့ရသည်။
ထိုအချိန်တွင် ရီဖူရှင်းရှေ့ကို လူအနည်းငယ် ရောက်လာသည်။ သူတို့ကား ကျေးရွာခေါင်းဆောင်၊ ကျန်ကျောင်းနှင့် တခြားလူများ ဖြစ်ကြသည်။ သူတို့က ဆေးဥယျာဉ်မှ ပြန်လာခဲ့ကြခြင်း ဖြစ်ကာ အခြေအနေက အနည်းငယ် ထူးဆန်းနေသည်ကို ခံစားမိကြသည်။
“ရှန့်ထိုကျန့်က ကူညီမယ်တဲ့လား...” ရီဖူရှင်းက ရိခွန်ကို မကြည့်တော့ဘဲ ကျေးရွာ ခေါင်းဆောင်ကို မေးသည်။ လိပ်ပြာလေးနှင့် ထာဝရအဘိုးအိုတို့ ပြန်မပါလာပေ။ ဆေးဥယျာဉ်တွင် သူတို့က လိုအပ်သည်များအား ကူညီရန် ကျန်ရစ်ခဲ့ကြဟန် ရသည်။
“အင်း...” ကျေးရွာခေါင်းဆောင်က ခေါင်းညိတ်သည်။ ရီဖူရှင်း စိတ်အေးသွား၏။ ရှန့်ထိုကျန့်က ကူညီမှတော့မည်မျှပင် ဒဏ်ရာပြင်းထန်ပါစေ အဆင်ပြေ သွားပေလိမ့်မည်။
လူအများအပြားက ရီဖူရှင်းနှင့် ကျေးရွာ ခေါင်းဆောင်တို့၏ စကားများကို ကြားကြသည်။ ဤတွင် ရှန့်ထိုကျန့်မှာ ရီဖူရှင်းအပေါ် ကောင်းမွန်သော သဘောထားများ ရှိကြောင်း သိလိုက်ကြရသည်။
“မင်း ပြန်မလာသေး ဘူးလား...” အသံတစ်သံကို ကြားသည်တွင် စင်မြင့်ထက်မှ ရီခွန်မှာ တစ်ချက် တုန်ယင်သွားသည်။ ထို့နောက် သူက ရိကလန်ဘက်ကို လှမ်းကြည့် လိုက်သည်။ သူ၏စိတ်ကား တည်ငြိမ်နိုင်ခြင်း မရှိသေးပေ။
“မြေရိုင်း ပြည်နယ်က ပြည်နယ်ကိုးခု ညီလာခံမှာ စွမ်းဆောင်ရည် အကောင်းဆုံးလို့ ကြားခဲ့တယ်... အခု ကိုယ်တိုင် မြင်တွေ့ရတော့ ဒါက အပိုပြောတာ မဟုတ်ဘူးပဲ ... ရိချန်းက သူများကို အထင်မြင်သေးပြီး ရန်စခဲ့တယ် ... သူက သင်ခန်းစာ ပေးခံရဖို့ ထိုက်တန်တယ်...” ရိကလန်ထံမှ အသံတစ်သံ ထပ်ကြားရသည်။
ပြောလိုက်သည်ကား ရိကလန်၏ အရေးပါသောသ ဖြစ်သည်။ သူကား ရိကလန်၏ လူငယ်မျိုးဆက် နံပါတ်တစ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်၏။
ယခင်က ရိရန်ကား နွေဦးပြည်နယ်၌ မရေမတွက်နိုင်သော ပါရမီရှင် များအား အနိုင်ယူခဲ့သည်။ သူ့မျိုးဆက်တွင် သူနှင့် ယှဉ်နိုင်သောလူ အနည်းငယ်သာ ရှိပေသည်။ ဥပမာ သူ့ပြိုင်ဘက်မှာ ပြည်နယ်ကိုးခု ကျောင်းတော်မှ တော်ဝင်လမ်း သားတော် လင်းရှာပိုင် ဖြစ်သည်။
သူတို့နှစ်ယောက် မျိုးဆက် တစ်ခုတည်း ဖြစ်ကြ၏။
ရိရန်ကား ယခု ကွန်းရှီအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သို့သော်လည်း ရိကလန်မှ ရိရန်မှာ ရိချန်း၏အမှားကို ဝန်ခံမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
ရီဖူရှင်း၏ အမူအရာကား ထူးခြားခြင်း မရှိပေ။ သူက ရိရန်ကို ကြည့်သည်။ ရိကလန်၏ သဘောထားက ပြောင်းလဲ သွားခဲ့သည်။ သည်လူက ဘာလိုချင်သနည်း။
“ပြည်နယ်ကိုးခုမှာ မြေရိုင်းပြည်နယ်က အတော် အားနည်းပြီးတော့ လူအများကလည်း လျစ်လျူရှု ထားခဲ့ကြတယ်... ဒါပေမဲ့ နန်းတော်သခင်ရီ ဦးဆောင်ပြီး နောက်ပိုင်း မြေရိုင်းပြည်နယ်က တစ်ဖန် ပြည်နယ်ကိုးခုမှာ ဦးမော့လာခဲ့တယ်... သူ့နာမည်က ပြည်နယ်ကိုးခုမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ပြီး လူအများရဲ့ လေးစားအာကျမှုကို ရခဲ့တယ်... အခု နန်းတော်သခင်ရီက နွေဦးပြည်နယ်ကို ရောက်လာတော့ ကျုပ်တို့ ရိကလန်အပါအဝင် တခြားလူတွေ အတော်မျာများက နန်းတော်သခင်ရီနဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြတာ မထူးဆန်းပါဘူး...” ရိရန်က ဆက်ပြောသည်... “ပြည်နယ်ကိုးခု ညီလာခံမှာ နန်းတော်သခင်ရီက ကျောက်ပြည်ထောင် မင်းသားကျောက်ရာကို ညွှန်ကြား သင်ပြပေးခဲ့သလို ပြည်နယ်ကိုးခု ကျောင်းတော်ရဲ့ တော်ဝင်လမ်း သားတော်တွမ့်ချိန်ဟေး ကိုလည်း အနိုင်ယူခဲ့တယ်... ခင်ဗျားက ကိုယ်တိုင် ပါဝင်တိုက်ခိုက်တာ ရှားပါးပေမဲ့ အကြိမ်တိုင်းမှာ အံ့ဖွယ် ကောင်းလှတယ်... အခု ကျုပ်တို နွေဦးပြည်နယ်ကလည်း အခွင့်အရေး ကြုံလာတော့ နန်းတော်သခင်ရီရဲ့ အရည်အချင်း တစ်စိတ်တစ်ပိုင်းကို မြင်တွေ့ချင်တာ မထူးဆန်းပါဘူး...”
ရိရန်က ထိုသို့ ပြောလိုက်သည်တွင် အားလုံး၏မျက်လုံးများက အရောင်တောက် သွားကြသည်။ ရိရန်၏စကားမှာ သူတို့၏သဘောထားနှင့် အမှန်ပင် ကိုက်ညီပေသည်။
မြေရိုင်းပြည်နယ်အား အုပ်ချုပ်သော ရီဖူရှင်းကား အသက်၃၀ပင် မပြည့်သေးပေ။ သူက မည်မျှ အားကောင်းသနည်း။ သူက တခြား တော်ဝင်မြေများမှ ပါရမီရှင်များနှင့် ယှဉ်လျှင် မည်သို့ ရှိမည်နည်း။
ရိရန်က ပြောလိုက်သည်တွင် များစွာသော ပုဂ္ဂိုလ်ကြီးများ ကလည်း ရီဖူရှင်းကို ကြည့်ကြသည်။ သူတို့က အမှန်ပင် ရီဖူရှင်း၏ စွမ်းရည်များအား မြင်တွေ့လိုကြသည်။
“ခင်ဗျားတို့အားလုံးက ဘယ်လိုထင်ကြလဲ...” ရိရန်က တခြားတော်ဝင်မြေမှ လူများအားမေးသည်။
ရိရန်က ပြောလိုက်သည်တွင် ပြည်နယ်ကိုးခု ကျောင်းတော်မှ တစ်ယောက်က ထရပ်ကာ ပြောသည်... “အရှင်ရီ ကျောင်းတော်ကို ရောက်လာတုန်းက ကျုပ် အပြင်မှာ လေ့ကျင့်နေတဲ့ အခိုက်ဖြစ်တယ်... ဒါကြောင့် ကျုပ်က လက်ရည်စမ်းပွဲကို လွဲသွားတယ်... အခု ကျုပ်က အခွင့်အရေးရရင် အရှင်ရီနဲ့ စမ်းကြည့်ချင်တယ်...”
လူအများအပြားက သူ့အား လှမ်းကြည့်ကြသည်။ သူကား ကျောင်းတော်၏ တော်ဝင်လမ်း သားတော်တစ်ပါး ဖြစ်သော စုဟေးဖြစ်သည်။ သူကား နွေဦးပြည်နယ်၌ နာမည် ကျော်ကြားကာ လင်းရှာပိုင်နှင့် တွန်ဟေးတို့ပြီးလျှင် ပါရမီ အမြင့်ဆုံးအဖြစ် လူသိများပေသည်။ သူသာ သည့်ထက် အနည်းငယ် တိုးတက်လာခဲ့ပါက တွန်ဟေးနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။
“မဟာလမ်းစဉ်ကို လေ့ကျင့်ရာမှာ ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်တာကလည်း ကြီးမားတဲ့ တိုးတက်မှုကို ဖြစ်စေနိုင်တယ်...” နောက်တစ်ယောက်က ပြောသည်။
“ရှားကလန် ရှားဟောင်က နန်းတော်သခင်ရီနဲ့ လက်ရည် စမ်းချင်ပါတယ်...”
အားလုံး၏ စိတ်နှလုံးများ တုန်ခါ သွားကြသည်။ ရှားဟောင်ကား နိုဘယ်အဆင့်၌ အလွန် နာမည် ကျော်ကြားခဲ့သည်။ ရှားကလန်က သူ့အား မျှော်လင့်ချက် ကြီးမားကာ သူကိုယ်တိုင်ကလည်း စိတ်မပျက်စေခဲ့ပေ။ သူက တန်ခိုး အဆင့်တူတွင် တစ်ခါမှ ရှုံးနိမ့်ခဲ့ခြင်း မရှိခဲ့ပေ။ ယခု သူကလည်း ရှီအဆင့်တွင်ဖြစ်ရာ ရီဖူရှင်းနှင့် လက်ရည် စမ်းလိုသည်။
“ကျုပ်က အခွင့်အရေးရရင် သခင်ရီနဲ့ စမ်းကြည့်ချင် ပါတယ်...” နောက်တစ်ယောက်က ပြောသည်။ အားလုံးက ယွီကလန်ဘက်ကို လှမ်းကြည့် လိုက်ကြသည်။ သူသည်လည်း ထူးခြား ထက်မြက်သူ ဖြစ်သည်။
ထို့နောက်တွင် ထိုစိန်ခေါ်လိုသော ပါရမီရှင်များက တစ်ယောက်ပြီး တစ်ယောက် စင်မြင့်ထက်ကို တက်လာကြသ်။
“အားလုံးက ကျုပ်နဲ့ တိုက်ခိုက်ချင် နေကြတာပဲ...” ရီဖူရှင်းက သက်ပြင်း ချသည်။
ထိုနာမည် ကျော်ကြားသော ပါရမီရှင်များကို ကြည့်ကာ ပရိသတ်များ အားလုံး တိတ်ဆိတ်နေကြသည်။ သူတို့က မကြာမီ ရီဖူရှင်း တိုက်ခိုက်မည်ကို မြင်တွေ့ ရပေတော့မည်။
သို့သော်လည်း ရီဖူရှင်းကား ယခင်အတိုင်း ပြုံးနေသည်။ သူက ဖြည်းညင်းစွာ ထရပ်သည်တွင် မျက်လုံးများစွာက သူ့နောက်ကို လိုက်ပါ လာနေကြသည်။
တော်ဝင်ကျဲ နန်းတော်၏နာမည်ကျော် နန်းတော်သခင်က တိုက်ခိုက်တော့ မည်လား။
***