အထင်ကြီး လေးစားဖွယ် စိတ်ဓာတ်
Vol. 009 Ch. 872
စင်မြင့်ထက်မှာ နာမည်ကျော် ပါရမီရှင်များကို ကြည့်ကာ မည်သူမဆို မသက်မသာ ခံစားကြရမည် ဖြစ်သည်။
ရီဖူရှင်းက စင်မြင့်ထက် တစ်လှမ်းချင်း တက်လာသည်။ သူက တော်ဝင်မြေမှ လူများအား လှည့်ပတ်ကြည့်ကာ ပြောသည်… “ကျုပ်က ခင်ဗျားတို့ အားလုံးနဲ့ မျိုးဆက်တစ်ခုတည်း ဆိုပေမဲ့ ကျုပ်က တော်ဝင်မြေ တစ်ခုရဲ့ ခေါင်းဆောင်ပဲ... ကျုပ်အဆင့်အတန်းနဲ့ ခင်ဗျားတို့ကို တိုက်ခိုက်မယ်ဆိုရင် ဒါက အားကြီးသူက အားနည်းသူကို အနိုင်စားတာ ဖြစ်နေမယ်... ဒါကြောင့် ကျုပ်နဲ့ အတူ လေ့ကျင့်ချင်တဲ့သူရှိရင် ထွက်လာခဲ့ကြပါ... ကျုပ်တို့ အတူတူ လေ့ကျင့်ကြမယ်...”
အားလုံးက ရီဖူရှင်း၏ စကားကိုကြားကာ စိတ်လှုပ်ရှား သွားကြသည်။ ရီဖူရှင်းကား အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်လိုသည်။
သူတို့က စင်မြင့်ထက်ကို တက်လာသော လူငယ်အား ကြည့်ကြသည်။ သူကား လက်ရှိလူငယ် မျိုးဆက်ထဲတွင် ဖြစ်သော်လည်း ကွဲပြား ခြားနားသော အဆင့်အတန်းတွင် ရှိကြောင်း အားလုံးကို ပြောနေသည်။
ယခုကား စင်မြင့်ထက်တွင် ရီဖူရှင်းက တစ်ဖက်တွင် ရပ်နေကာ တခြား ပါရမီရှင်များက နောက် တစ်ဖက်ခြမ်းတွင် ရပ်နေကြသည်။ ရီဖူရှင်း၏စကားက မမှားပေ၊။ သူတို့က တူညီသော မျိုးဆက်တစ်ခုတွင် ဖြစ်သော်လည်း ရီဖူရှင်းက တော်ဝင်မြေ ခေါင်းဆောင်ဖြစ်ရာ သူကား စီနီယာ ဖြစ်သည်။
သို့သော်လည်း ရီဖူရှင်းက ပါရမီရှင်များအား သင်ကြားပေးမည်ဟု ပြောဆိုသည်။ ထိုအရာက တော်ဝင်မြေ တစ်ခု၏ ခေါင်းဆောင် တစ်ယောက်တွင် ရှိသော ဂုဏ်သိက္ခာ ဖြစ်သည်။ သို့သော်လည်း တခြား တော်ဝင်မြေမှ လူများ၏အမြင်တွင် ရီဖူရှင်းကား အလွန်အမင်း မောက်မာလွန်းသည်။
ရှားကလန်မှ ထိပ်သီးပါရမီရှင် ရှားဟောင်။
ပြည်နယ်ကိုးခု ကျောင်းတော်မှ တော်ဝင် လမ်းသားတော် စုဟေး။
ယွီယွန်ရှင်းကား ယွီကလန်၏ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သည်။ သူ၏ မဟာလမ်းစဉ် ချုပ်နှောင်ခြင်း နည်းလမ်းမှာ ပြိုင်ဘက်ကင်း၏။
ရိကလန်မှ ထွက်လာသော ရိရှင်းမှာလည်း လူငယ်မျိုးဆက်ကို ဦးဆောင်သူ တစ်ယောက် ဖြစ်သည်။
တစ်ယောက်ချင်းစီက ကိုယ်ပိုင် ထူးခြား ထက်မြက်သော စွမ်းရည်များကို ပိုင်ဆိုင်ကြကာ ရီဖူရှင်းက သူတို့အား ကိုယ်တိုင် လက်ခံ တိုက်ခိုက်မည် ဖြစ်သည်။
နွေဦးပြည်နယ်၏ တော်ဝင်မြေများ အားလုံးမှ ကိုယ်စားပြု တစ်ယောက်စီ စေလွှတ်ကာ ရီဖူရှင်းရှေ့တွင် ရပ်နေကြသည်။
“တခြား ဘယ်သူတွေ ရှိသေးလဲ...” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။
“ကျုပ်တို့ လေးယောက်က နွေဦးပြည်နယ်ရဲ့ တော်ဝင်မြေလေးခုကို ကိုယ်စားပြုတယ်... တခြား မလိုတော့ဘူး...” ရှားဟောင်က ပြောသည်။ အားလုံးကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။
“နန်းတော်သခင်ရီက ဘယ်သူနဲ့ အရင် တိုက်ခိုက်ချင်ပါသလဲ...” ရှားကလန်မှ ရှားဟောင်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။
ရီဖူရှင်းက အေးဆေးတည်ငြိမ်စွာပင် ရှားဟောင်ကို ကြည့်ကာ ပြောသည်... “ကျုပ် တန်ခိုးကျင့် ကတည်းက တန်ခိုးအဆင့်တူ တစ်ခုတည်းသာ မဟုတ်ဘူး... ပိုမြင့်တဲ့ အဆင့်မှာတောင် ကျုပ်က ပြိုင်ဘက်ကင်းတယ်... အခု ကျုပ်က အဆင့်မြင့်ရှီ ဖြစ်နေပြီ... ခင်ဗျားတို့ အားလုံးကို တစ်ယောက်ချင်း တိုက်ခိုက်နေရတာက လွန်ကဲ နေလိမ့်မယ်... ဒါကြောင့် ခင်ဗျားတို့ အားလုံးက အတူတူ တက်လာခဲ့ပါ... ရလဒ်ကို စိတ်မပူပါနဲ့...”
ပတ်ဝန်းကျင်မှ လူများအားလုံး တိတ်ဆိတ် သွားကြသည်။ ရီဖူရှင်းကား ထိုပါရမီရှင်များ အားလုံးကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက် လိုနေသည်။ သူ၏စကားတွင် သူ့ယုံကြည်မှုများကို လှစ်ဟပြနေသည်။ သူကား အဆင့်တူတွင်သာ မဟုတ် ပိုမြင့်သေ ာအဆင့်တွင်ပင် ပြိုင်ဘက်ကင်းသည်။
ထိုပါရမီရှင် လေးယောက် ပေါင်းလျှင်ပင် သူ့အား အနိုင်ရမည် မဟုတ်ကြောင်း ရီဖူရှင်းက သတိပေးနေခြင်း ဖြစ်သည်။ ရလဒ်က မည်သို့ပင် ဖြစ်နေပါစေ စိတ်ထဲ ထည့်ထားရန် မလိုကြောင်း ပြောသည်မှာ သူအနိုင်ရမည် သေချာ သောကြောင့်လည်း ဖြစ်ပေမည်။
“နန်းတော်သခင်ရီက ဒီလိုပြောမှတော့ မင်းတို့ အားလုံးက တခြားဘာမှ မတွေးကြနဲ့.. အတူတူသာ အကောင်းဆုံး ကြိုးစား တိုက်ခိုက်ကြ...” ရှန့်ထိုလီက ပြောသည်။ ရီဖူရှင်းကား တော်ဝင်မြေ ခေါင်းဆောင်ဖြစ်ကာ ယူချင်း၊ ယန်နှင့် တခြား ထူးခြား ထက်မြက်သော ပါရမီရှင်များ အားလုံးမှာ သူ၏အမိန့်ကို နာခံလိုကြသည်။ မြေရိုင်း ပြည်နယ်ကား သူ၏လက်အောက်တွင် စည်းလုံးခဲ့ကာ သင်္ချိုင်းကုန်း ကျေးရွာ ခေါင်းဆောင်လို ရန့်ထိုတစ်ပါးပင် သူ့လက်အောက်ကို ခိုဝင်လိုသည်။
သူကား မြေရိုင်း ပြည်နယ်တွင် ပြိုင်ဘက်ကင်းမည်မှာ ပြောနေစရာမလိုပေ။ ထို့အတူ ပြည်နယ်ကိုးခုတွင်လည်း သူ့ပြိုင်ဘက်ကို ရှာတွေ့ရန် ခက်ခဲပေမည်။
ရီဖူရှင်းက အဆင့်မြင့်ရှီ ဖြစ်သည်ဆိုမှတော့ တစ်ယောက်တည်းဖြင့် ရင်ဆိုင်ခြင်းမှာ လုံလောက်မည် မဟုတ်ပေ။
ပါရမီရှင် လေးယောက်မှာ သိပ်သဘောကျဟန် မရသော်လည်း ရီဖူရှင်းအပေါ် အထင်သေး၍ မရကြောင်း သူတို့ ကောင်းကောင်း နားလည်ကြသည်။ သူတို့ရှေ့မှ လူငယ်ကား သူတို့ တစ်သက်တာတွင် အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်နိုင်ပေသည်။
ရိကလန်ရိရှင်းထံမှ သက်စောင့်ဝိညာဉ်နှင့်အတူ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါတစ်ခု ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော မြားများ ဖြစ်ပေါ်လာကာ ရီဖူရှင်းအား ချိန်ရွယ် လိုက်ကြသည်။
သည်မတိုင်ခင် ရိကလန်မှာ တိုက်ပွဲနှစ်ပွဲ ရှုံးနိမ့်ထားပြီး ဖြစ်သည်။ သူက ထပ်၍ ရှုံးနိမ့်၍ မဖြစ်ပေ။ မြားများတွင် ရွှေနဂါးများ ရစ်ပတ်ထားပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေ၏။ လေးညို့မှ ပစ်လွင့်လာသော မြားများမှာ လေထုကို ခွင်းလျက် အရာခပ်သိမ်းကို ဖျက်ဆီးကာ ရီဖူရှင်းထံသို့ ရောက်လာသည်။
ရီဖူရှင်းအနီးတွင် ကြယ်တာရာ အလင်းများ ဖြစ်ပေါ်လာသည်။ မြားများက ကြီးမားသော စွမ်းအားများနှင့်အတူ သူ့အနီးကို ရောက်လာသည့်တိုင် ရီဖူရှင်းကား ဘာမှ မမြင်သလို ရပ်နေသည်။
အားလုံးက အံ့အားသင့် သွားကြသည်။ သူက စိတ်မမှန်သည် များလား။
ရီဖူရှင်းက အလွန် အားကောင်းသည်ကို အားလုံးက သိကြသော်လည်း ရိရှင်း၏မြားကို ထိုသို့ လျစ်လျူရှုခြင်းမှာ လွန်ကဲလွန်း ပေသည်။
ပြင်းထန်သော ဖျက်ဆီးအားက ရီဖူရှင်းထံသို့ ရောက်လာသည်။ သို့သော်လည်း သူ့အား အလင်းများက ရီဖူရှင်းအား ရစ်ပတ်ထားကာ မြားများက သူ့အနီးကို ရောက်သည်နှင့် မြူများ ပြယ်လွင့်သွားသလို အစအနပျောက်သွားသည်။
“ခင်ဗျားတို့ သုံးယောက်... အခု မတိုက်ခိုက်ရင် နောက်ထပ် အခွင့်အရေး မရတော့ဘူး...” ရီဖူရှင်းက တခြားပါရမီရှင် သုံးယောက်အား ထူးမခြားနားစွာ ပြောသည်။
ပတ်ပတ်လည်မှ ပရိသတ်များ အားလုံး ထိတ်လန့် သွားကြသည်။ ရီဖူရှင်းက ထိုမျှ အားကောင်းသည်လား။ သူကား ရိရှင်း၏ တိုက်ခိုက်မှုကို ဘာမှ မဖြစ်သလို လျစ်လျူရှု ထားနိုင်သည်။
နောက်ထပ် ပါရမီရှင် သုံးယောက်မှာလည်း ထိတ်လန့် သွားကြသည်။ သို့သော်လည်း တော်ဝင်မြေများ၏ ထိပ်သီးပါရမီရှင်များ ဖြစ်ကြရာ သူတို့၏ စိတ်ဓာတ်များက ခိုင်မာကြပေသည်။
ရီဖူရှင်းက သန်မာလေလေ တိုက်ပွဲက အဓိပ္ပာယ် ရှိလေလေ ဖြစ်သည်။
ယွီကလန်မှ ယွီယွန်ရှင်းကလည်း ရှေ့ကို တက်လာကာ ရီဖူရှင်းအား ကြည့်သည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ့အနီး ပတ်ဝန်းကျင် လေထုပြောင်းလဲ သွားသည်ကို ခံစားလိုက်ရသည်။ သူ့အနီးတွင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဓာတ်တို့ ပြင်းထန်စွာ စီးဆင်းလာကြကာ တစ်လွှာချင်း ပိတ်ဆို့မှုအား ခံစားလိုက်ရသည်။
“ဓာတ်ငါးမျိုး ပိတ်ဆို့ခြင်း ပညာရပ်...” လူအုပ်က ထိုမြင်ကွင်းကို ကြည့်ကာ ရေရွတ်ကြသည်။ ရီဖူရှင်း ပိတ်မိနေသော နေရာကား ဓာတ်ငါးမျိုးများ အထပ်ထပ် ကာရံခြင်းနှင့် ဆင်တူပေသည်။
ယွီယွန်ရှင်းကား ယွီကလန်၏ ပိတ်ဆို့ခြင်း ပညာအား ထိုမျှ ကြောက်မက်ဖွယ် ကောင်းအောင် အသုံးပြုနိုင်ပေသည်။ ထို့အပြင် ရီဖူရှင်းက မှော်မျက်လုံး ပညာကိုလည်း ခံစားမိကာ တစ်ဖက်လူက သူ၏စိတ်ဝိညာဉ်ကိုပင် ထိန်းချုပ်လိုဟန် ရ၏။
ရီဖူရှင်း၏ မျက်လုံးက ညို့မှိုင်းသွားကာ တစ်ဖက်လူအား ကြည့်သည်။ ထိုအခိုက်တွင် ယွီယွန်ရှင်းကား စိတ်များ မငြိမ်မသက် ဖြစ်သွားကာ အရာအားလုံးက ရီဖူရှင်း၏မျက်လုံးထဲသို့ ဝါးမျိုခြင်းခံရသည်ဟု ခံစားလိုက်ရသည်။ သူက စိတ်စွမ်းအားကို ရုပ်သိမ်း လိုက်ရတော့သည်။
ရီဖူရှင်းက လက်ဝှေ့ယမ်း လိုက်သည်တွင် သူ့အနီးမှ အရာခပ်သိမ်းမှာ နှေးကွေး သွားသည်ဟု ထင်မှတ်ရသည်။ ထို့နောက် ရီဖူရှင်းက ရှေ့ကို လက်ဝါးတစ်ချက် ထိုးနှက်လိုက်၏။
မဟာလမ်းစဉ် စွမ်းအားက အလင်းလက်ဝါး အသွင်ဖြင့် ပိတ်ဆို့ထားသော နေရာတိုင်းသို့ ပျံ့လွင့်သွားသည်။ ကောင်းကင်က တုန်ယင်သွားကာ အနီးတစ်ဝိုက်မှ အရာခပ်သိမ်းမှာ ဖုန်မှုန့်များ ဖြစ်သွားသည်။
ထိုအခိုက်တွင် ရှားဟောင်က ရှေ့ကို တက်လာသည်။ သူ့အား နဂါးများ ရစ်ပတ်ထားကာ လက်ကို ဆန့်တန်းလိုက်လျှင် လေထုက ကောက်ကွေးသွားပြီး ဆွဲငင်ခြင်း လောကဓာတ်မှာ ရီဖူရှင်းထံ လာရောက် ရစ်ပတ်သည်။
ရွှေနဂါးမူကား ရီဖူရှင်းထံသို့ လေထုကို ခွင်းလျက် ဝင်လာ၏။
ရီဖူရှင်းက ရှားဟောင်အား ကြည့်သည်။ သူက ဆွဲငင်ခြင်း လောကဓာတ်အား ခုခံခြင်းမပြုဘဲ အလိုက်သင့် လိုက်ပါသွားကာ နဂါးကြီးအား လက်ဝါးဖြင့် ရိုက်လိုက်သည်တွင် နဂါးကြီးမှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး သူ၏လက်ဝါးမှာ ရှားဟောင်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။
ရှားဟောင်၏ အမူအရာက ပျက်ယွင်း သွားသည်။ သူက တွန်းကန်ခြင်း လောကဓာတ်ဖြင့် ရီဖူရှင်းအား ပြန်လည် တွန်းထုတ်သည်။ တစ်ချိန်တည်းမှာပင် ရိရှင်း၏မြားများက တဖန် ပစ်လွင့်လာကြသည်။ ပါရမီရှင်များက စတင်၍ ပူးပေါင်း တိုက်ခိုက်ကြပြီ ဖြစ်သည်။
ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ မြားများက ထိုအခိုက်တွင် အလွန် နှေးကွေးသွားကာ ရီဖူရှင်း၏ ဘယ်လက်က ရိရှင်းထံသို့ ဆန့်ထုတ်လိုက်သည်။ ထိုအခိုက်တွင် မြားများအားလုံးမှာ အမှုန်အမွှားများ ဖြစ်သွား၏။
သူ၏ညာလက်က ဦးတည်ရာ ပြောင်းလဲသွားပြီး ပိတ်ဆို့ထားသော နေရာသို့ တိုးဝင်သွားသည်။ ထိုအရာက သူ၏ ကြယ်တာရာ တစ်ခုနှင့် ထိရိုက်မိကာ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ လူတစ်ယောက် လွင့်စဉ်သွားသည်ကို မြင်ရသည်။ လွင့်စဉ်သွားသူကား ရိရှင်းဖြစ်သည်။
နောက်လှည့်ကာ ရီဖူရှင်းက ပါရမီရှင်သုံးဦးအား ကြည့်သည်။ ရီဖူရှင်းက ရှေ့တက်သွားလျှင် မမြင်ရသော ဖိအားက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်လာသည်။
“ချုပ်နှောင်စမ်း...” ရှားဟောင်က အေးစက်စွာ ပြောသည်။ ဆွဲငင်ခြင်းနှင့် တွန်းကန်ခြင်း လောကဓာတ်တို့က တစ်ချိန်တည်းတွင် ထွက်ပေါ် လာခဲ့ကာ ထိုအခိုက်တွင် ရီဖူရှင်းက လှုပ်ရှား၍ မရသော ခံစားချက်ကို ရသည်။
တစ်ချိန်တည်းတွင် တော်ဝင်လမ်း သားတော် စုဟေ၏ မျက်လုံးများက အရောင်များ လက်သွားသည်။ နတ်ဘုရားအလား အသွင်သဏ္ဌာန်တစ်ခုက သူ့ရှေ့တွင်ရပ်ကာ ဖိအားများ ပေးလာသည်ဟု ရီဖူရှင်းက ခံစားရသည်။ ထိုအရာကား စိတ်ဝိညာဉ် တိုက်ခိုက်မှု ဖြစ်သည်။
ယွီယွန်ရှင်း၏ ပိတ်ဆို့ခြင်း လောကဓာတ်ကလည်း တစ်ဖန် ရီဖူရှင်းထံကို ကျဆင်းလာသည်။ ပါရမီရှင် သုံးယောက်က တစ်ပြိုင်နက်တည်း ရီဖူရှင်းအား ချုပ်နှောင်ကြ၏။
သို့သော်လည်း ယခုတွင် ရီဖူရှင်း၏ မျက်လုံးများမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ တစ်ဖက်လူ သုံးယောက်အား ကြည့်လိုက်သည်။ ချက်ချင်းပင် သူတို့၏ ခေါင်းထဲ၌ နတ်ဘုရားတစ်ပါး ပေါ်လာသည်ဟု ထင်မှတ်ရသည်။ ထိုအခိုက်တွင် သူတို့က အင်ပါယာ တစ်ပါးအား ရင်ဆိုင်နေရသည်ဟု ထင်မြင် လာရသည်။
ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ် စွမ်းအားက သူတို့၏ခေါင်းထဲကို တိုးဝင်လာကာ သူတို့၏စိတ်ကို ဝင်ရောက် တိုက်ခိုက်ကြသည်တွင် သူတို့၏ မျက်နှာများ ပြာနှမ်းသွားသည်။ ထိုအခိုက်တွင် ချုပ်နှောင် ခံထားရသော ရီဖူရှင်းက ရုတ်တရက် ရှေ့ကို တက်လာသည်။ ခြေတစ်လှမ်းမျှက သူတို့၏စိတ်ကို ပြိုလဲစေရန် လုံလောက်ပေသည်။
ရီဖူရှင်းက ဆက်လက်၍ ရှေ့ကို တက်လာသည်တွင် သူတို့ သုံးယောက်အား ကြီးမားသော ဖိအားက အဆက်မပြတ် ကျဆင်းလာသည်။
“ပြည်နယ်ကိုးခုမှာ သူရဲကောင်းတွေနဲ့ ပါရမီရှင်တွေက မျိုးဆက်တိုင်းမှာ မွေးဖွားကြတယ်... မျိုးဆက်တိုင်းမှာ တစ်လောကလုံးကို ကျော်ကြားတဲ့သူတွေ ရှိကြတာပဲ... ဒီမျိုးဆက်မှာလည်း သူတို့နာမည်တွေကို ပြည်နယ်ကိုးခုရဲ့ မျိုးဆက်မှာ ချန်ထားရစ်ပြီး ရှန့်ထိုအဆင့်သို့ တက်လှမ်နိုင်မည့် လူတွေကို ကျုပ်က စောင့်ကြည့်နေတယ်…” ရီဖူရှင်းက ရှေ့ကို တည်ငြိမ်စွာ တက်လာသည်။ ထို့နောက် သူက ကျယ်လောင်စွာ ဆက်ပြောသည်... “ဒီပါရမီရှင်တွေက ဘယ်ပြည်နယ်၊ ဘယ်တော်ဝင်မြေက လာပါစေ... ရှားကလန်ဖြစ်စေ၊ ပြည်နယ်ကိုးခု ကျောင်းတော်က ဖြစ်စေ၊ ကျုပ်ရဲ့ မြေရိုင်းပြည်နယ်က ဖြစ်စေ ကျုပ်က သူတို့တွေကို တော်ဝင်ကျဲနန်းတော် သခင်အဖြစ်နဲ့ စောင့်ကြည့် နေတယ်...”
သူ၏အသံ ဆုံးသည်နှင့် ရှေ့ကို တစ်လှမ်းတက်ကာ ပိတ်ဆို့ထားသော လေထုထဲသို့ လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ် လှိုင်းလုံးအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင် တစ်ခုလုံးအား ရိုက်ခတ်သွားသည်။ ပါရမီရှင် သုံးယောက်မှာ ညည်းသံများ ပေးကာ သွေးတစ်ပွက်စီ အန်လျက် အဝေးကို လွင့်စဉ် သွားကြတော့သည်။
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ပါရမီရှင် လေးယောက်ကား အမှန်တကယ် ပူးပေါင်း တိုက်ခိုက်ကြသည့်တိုင် ရီဖူရှင်းထံတွင် လက်ဝါးတစ်ချက်ဖြင့် ရှုံးနိမ့်ခဲ့ကြရသည်။
ပြည်နယ်ကိုးခုတွင် သူရဲကောင်းများ၊ ပါရမီရှင်များ မွေးဖွားကြသည်။ ထိုလူများအား တော်ဝင်ကျဲ နန်းတော်သခင် အဖြစ် စောင့်ကြည့် နေသည်ဟု ရီဖူရှင်းက ပြောသည်။
ဆိုလိုသည်က သည်မျိုးဆက်အား လွှမ်းမိုးအုပ်စိုးမည့် ကိစ္စတွင် သူကား ပါဝင်ခြင်းမရှိဘဲ စောင့်ကြည့်ခြင်းသာ ပြုလုပ်မည်ဟု ဆိုလိုပေသည်။
ထိုအရာကား အထင်ကြီး လေးစားဖွယ် စိတ်ဓာတ် ဖြစ်ပေသည်။
***