ထောင်ကျန်း၏နတ်ဘုရားပြစ်ဒဏ်
Vol. 009 Ch. 873
စောင့်ကြည့်မည် ဟူသော အဓိပ္ပာယ်မှာကား... ရှန့်ထိုလီ၊ ရှန့်ထိုရှားနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ကဲ့သို့သော ရှန့်ထိုများ ဖြစ်သည့်အပြင် တော်ဝင်မြေ ခေါင်းဆောင်များမှာ လောကကြီးကို အုပ်မိုး ကြည့်ရှုနိုင်ပြီး ပါရမီရှင်များ၏ အနိမ့်အမြင့် အတက်အကျများအား စောင့်ကြည့်နိုင်ခွင့် ရှိကြပေသည်။
ရီဖူရှင်းမှာ တော်ဝင်မြေ၏ ခေါင်းဆောင် ဖြစ်သော်လည်း သူက ရှန့်ထိုအဆင့်သို့ တက်လှမ်းခြင်း မရှိသေးသည့်အတွက် လူငယ်မျိုးဆက် အဖြစ် သတ်မှတ်နိုင်မည် ဖြစ်သည်။ သူကား လူကြီးမျိုးဆက်အဖြစ် သော်လည်းကောင်း လူငယ်မျိုးဆက် အဖြစ်သော် လည်းကောင်း သတ်မှတ်နိုင်သည်။
သိသာစွာပင် ပြည်နယ်ကိုးခုမှ လူများမှာ ရီဖူရှင်းအား လူငယ်မျိုးဆက် အဖြစ်သာ သတ်မှတ်ကြသည်။ ထို့ကြောင့် သူတို့က ရီဖူရှင်းအား လက်ရည်စမ်းရန် အလိုရှိကြ၏။ ပါရမီရှင်များက ရီဖူရှင်းများနှင့် လက်ရည်စမ်းစဉ် လူကြီးမျိုးဆက်များက စောင့်ကြည့်ကြသည်။ သူတို့က တခြား တော်ဝင်မြေများနှင့် နှိုင်းယှဉ်ပါက ရီဖူရှင်း မည်မျှ အားကောင်းသည်ကို သိလိုကြသည်။
အားလုံးက ရီဖူရှင်းကို လူငယ်မျိုးဆက် တစ်ယောက်အဖြစ် သတ်မှတ်ကြသည်။ သို့သော်လည်း လက်ရှိတွင် ရီဖူရှင်းက သူကား တော်ဝင်မြေ ခေါင်းဆောင် ဖြစ်ကာ ပါရမီရှင်များ တိုက်ခိုက် ယှဉ်ပြိုင်သည်ကိုသာ ကြည့်ရန် အခွင့်ရှိသူဟု ကြေညာခဲ့သည်။
သူကား သူကိုယ်တိုင် မျိုးဆက်ဖြစ်ကာ ပြည်နယ်ကိုးခု ပါရမီရှင်များဖြင့် ယှဉ်ပြိုင်နေစရာ မလိုပေ။
တိုက်ပွဲစင်မြင့်အနီးတွင် မရေမတွက်နိုင်သော အကြည့်များက ရီဖူရှင်းထံကို ရောက်နေသည်။ သူ့အနီးတွင် အလင်းများ လှည့်ပတ် စီးဆင်းနေကြပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါအား ပေးသည်။ သူကား တော်ဝင်မြေ ခေါင်းဆောင် ဖြစ်သည်မှာ မှန်ကန်ပေသည်။ သူက မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်ကို စတင် ဦးဆောင်သောအခါ သူကား အားနည်းရာ ကျိရှမ်းကမ်းပါးက အလွယ်တကူ အနိုင်ကျင့်ခဲ့သည်။
ယခု ကျောက်ပြည်ထောင်နှင့် ရင်ဆိုင်ရသောအခါ တော်ဝင် စစ်ပွဲအနေဖြင့်ပင် သူကား နှစ်ကြိမ် တိုက်ခိုက်ပြီး နှစ်ကြိမ် အနိုင်ရထားသည်။
သူက တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်သည်ဟု ပြောလျှင် မည်သူက ငြင်းဆန် နိုင်မည်နည်း။ ထို့အပြင် သူက တော်ဝင်မြေလေးခုမှ ပါရမီရှင်များအား ဖိနှိပ် အနိုင်ယူပြခဲ့သည်။ မည်သူက သူ့အား ယှဉ်နိုင်သနည်း။
ပြည်နယ်ကိုးခု ညီလာခံ၌ ကျောက်ရာအား တိုက်ခိုက်ခြင်းက မလုံလောက်ပါလျှင် မရဏတောင်တွင် သူ၏ဝင်္ကပါပညာအား ပြသခဲ့၏။ ယခုလည်း ရီဖူရှင်းက သူကား ပြည်နယ်ကိုးခု၏ အမြင့်ဆုံးသော နေရာတွင် ထိုင်နေသူဟု ပြောသည်။ မည်သူက သူ့အား ထ၍ ရင်ဆိုင်ပါသနည်း။
ယနေ့ တိုက်ပွဲတွင် ပြည်နယ်ကိုးခုမှ ပါရမီရှင် နှစ်ယောက်ဖြစ်သော ရီဖူရှင်းနှင့် ယူချင်းတို့ ထင်ပေါ်ကျော်ကြား လာခြင်းကို မြင်တွေ့ခွင့် ရကြသည်။ ယန်ပင်လျှင် ထိုသို့သော အခွင့်အရေး ရှိပေသည်။
ရီဖူရှင်းက နောက်လှည့်ကာ မြေရိုင်းပြည်နယ် ပလ္လင်ဆီသို့ ပြန်သွားသည်။ ပါရမီရှင် လေးယောက်မှာလည်း သူတို့၏နေရာ အသီးသီးသို့ ပြန်သွားကြ၏။
ဤမတိုင်မှီ ရီဖူရှင်းက အားလုံးကို အခွင့်အရေး ပေးပြီးဖြစ်သည်။ ယခု မည်သူမှ ထပ်မံစိန်ခေါ်ခြင်း မရှိတော့ပါလျှင် စိန်ခေါ်ခြင်းက ပြီးဆုံးခြင်းသို့ ရောက်၏။
ပြည်နယ်ကိုးခု စင်မြင့်ကား ပြည်နယ်ကိုးခု ကျောင်းတော် အတွက် ကျောင်းသားသစ်များ လက်ခံရာ နေရာဖြစ်သော်လည်း ယခု ရီဖူရှင်းနှင့် ယူချင်းတို့ ကျော်ကြားရန် နေရာ ဖြစ်လာခဲ့သည်။
မြေရိုင်းပြည်နယ်က သူတို့၏ အဆုံးအစမဲ့သော အလားအလာအား တစ်ဖန် ပြသခဲ့သည်။
ထိုအခိုက်တွင် မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များ အားလုံးမှာ ထပ်တူညီသော အောင်မြင်ခြင်း၊ ကြီးမြတ်ခြင်းများအား ခံစားကြရသည်။
အတိတ်တွင် မြေရိုင်းပြည်နယ်ကား တခြား ပြည်နယ်များ၏ ဖယ်ကျဉ်ထားခြင်းကို ခံခဲ့ကြရသည်။ တခြားပြည်နယ်မှ တော်ဝင်မြေများ အားလုံးကို မြေရိုင်းပြည်နယ်မှ လူများမှာ အထင်ကြီး အားကျရုံမျှသာ တတ်နိုင်သည်။ သို့သော်လည်း ယခုကား သူတို့က မည်သည့် တော်ဝင်မြေနှင့်မဆို တန်းတူသည်ဟူသော ခံစားချက်ကို ရလာကြသည်။
မကြာမီ ပြင်းထန်သော တိုက်ပွဲတစ်ခု တိုက်ခိုက် ရတော့မည်ကို မြေရိုင်းပြည်နယ်မှ လူများ သိကြသည့်တိုင် မည်သူမှ ကြောက်ရွံ့ခြင်း မရှိကြပေ။
သူတို့၏ လက်ရှိအင်အားဖြင့် တော်ဝင်ကျဲနန်းတော်ကား ကျောက်ပြည်ထောင်ကို မကြောက်ပေ။ သူတို့က တော်ဝင်စစ်ပွဲအပေါ် ယခင်လို ထိတ်လန့် စိုးရိမ်နေစရာ မလိုတော့ပေ။
သူတို့က စစ်ပွဲတွင် နိုင်ရမည်ဟူသော အလွန်ပြင်းထန် ခိုင်မာသော ယုံကြည်ချက်လည်း ရှိပေသည်။
ယခု သူတို့၏ အကြီးမားဆုံး အခက်အခဲကား ထောင်ကျန်း ဖြစ်သည်။ ကျောက်ပြည်ထောင် ဘုရင်က သူတို့အား အနီးကပ် စောင့်ကြည့်နေပြီး ဖြစ်ရာ သူက ထောင်ကျန်းအား လက်လွှတ်မည် မဟုတ်သည်မှာ သေချာ၏။
သို့သော်လည်း ထောင်ကျန်း ကျသွားလျှင်ပင် တော်ဝင်ကျဲ နန်းတော်က ပြိုလဲမည် မဟုတ်ပေ။ ရီဖူရှင်း၏ ဦးဆောင်မှုတွင် သူတို့က တစ်နေ့ ကျောက်ပြည်ထောင်အား နင်းခြေနိုင်မည် ဖြစ်သည်။
တော်ဝင်စစ်ပွဲ၏ တိုက်ပွဲနှစ်ပွဲ၌ လူမည်မျှ သေကြပြီး ဖြစ်သနည်း။ မည်သူက အသက်မသေဟု ယုံကြည်နိုင်သနည်း။ ယူစီနှင့် ကျန့်ကန်းတို့လို အလွန် အားကောင်းသူများပင် သေလုနီးပါး ဒဏ်ရာရကြသည်။
မြေရိုင်းပြည်နယ်တွင် ဒုတိယရှန့်ထိုတစ်ပါး မွေးဖွားနိုင်ရန် သူတို့က မျှော်လင့်မိကြသည်သာ။ သို့သော်လည်း အဆိုးဆုံး အခြေအနေ ဖြစ်လာသည့်တိုင် သူတို့၏စိတ်ဓာတ်ကို ယိုင်နဲ့စေမည် မဟုတ်ပေ။
စင်မြင့်အနီးတွင် တော်ဝင်မြေများ အားလုံးက မြေရိုင်းပြည်နယ် ဘက်ကို လှမ်းကြည့်ကြသည်။ ရီဖူရှင်းဘေးမှ လူများအားလုံးတွင် ရဲရင့်တည်ကြည်သော အမူအရာ သွင်ပြင်များ ရှိနေကြသည်။ စစ်ပွဲကား အကောင်းဆုံးသော တွန်းအား ဖြစ်သည်။ တော်ဝင်စစ်ပွဲက မြေရိုင်းပြည်နယ်အား အကြီးမားဆုံး ပြောင်းလဲစေခဲ့သည်။ သူတို့၏ စိတ်များအားလုံး တစ်ပေါင်း တစ်စည်းတည်း ဖြစ်သွားကာ ဦးတည်ရာကလည်း ပြတ်ပြတ်သားသား ရှိနေသည်။
ထိုစဉ် ရှန့်ထိုလီက ရုတ်တရက် ပြောသည်... “ဒီနေ့ အခမ်းအနား ပြီးပြီ… ခင်ဗျားတို့အားလုံး ပြန်နိုင်ပြီ...” ရှန့်ထိုလီ၏စကားကို ကြားသည်တွင် လူအုပ်များထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သို့သော်လည်း အတော်များများမှာ သူတို့နေရာတွင်သာ ထိုင်နေကြပြီး တစ်စုံတစ်ခုအား စောင့်မျှော် နေကြဟန် ရသည်။
အပြင်ဘက်အခြမ်းတွင် တန်ခိုးရှင် အများအပြားက စစ်တပ်အလား ကျောက်ပြည်ထောင် ဘုရင် ရှိရာသို့ ဦးတည် သွားနေကြသည်။
မုန်တိုင်းတစ်ခု လာတော့မည့် အရိပ်အယောင်အား မြင်နေကြရသည်။
တန်ခိုးရှင် အများအပြားက နောက်ဆုတ်ကာ နေရာပေးကြသည်။
မြေရိုင်း ပြည်နယ်ဘက်တွင် လူအများအပြား ကလည်း စတင် လှုပ်ရှားနေကြသည်။ တန်ခိုးရှင် အများအပြားမှာ ရီဖူရှင်းအနီးတွင် နေရာ ယူနေကြသည်။
ပြည်နယ်ကိုးခု ကျောင်းတော်၏ ကိစ္စရပ်များမှာ ပြီးဆုံးသွားပြီဟု ရှန့်ထိုလီက ကြေညာပြီး ဖြစ်သည်။ နောက်လာမည့် အရာကား တော်ဝင်မြေနှစ်ခု အကြားမှာ စစ်ပွဲဖြစ်သည်။
“ဆရာ... တကယ်လို့ ဆရာက နတ်ဘုရား ပြစ်ဒဏ်ကို တော်ဝင်ကျဲ နန်းတော်မှာ ဆင့်ခေါ်မယ်ဆိုရင် ကျုပ်တို့ ပြန်လိုက်ပို့ပါ့မယ်...” ရီဖူရှင်းက တီးတိုး ပြောသည်။
သူ၏ဆရာက ပြည်နယ်ကိုးခု ကျောင်းတော်သို့ လာရောက်မည်ဟု ကျောက်ပြည်ထောင်က သတင်းရရာ ကျောက်ပြည်ထောင် ဘုရင်ကိုယ်တိုင် ရောက်ရှိ လာခဲ့သည်။ သိသာစွာပင် သူက ထောင်ကျန်းအား သတ်ရန် ရည်ရွယ်ထား၏။
“မလိုဘူး... သူတို့ မြင်ချင်တယ် ဆိုမှတော့ ငါက ဒီမှာပဲ ဆင့်ခေါ်မယ်...” ထောင်ကျန်းက ပြောသည်။ ကျောက်ပြည်ထောင်က အနီးကပ် စောင့်ကြည့်နေမှတော့ ရင်ဆိုင် တိုက်ခိုက်ခြင်းက ရှောင်လွှဲ၍မရပေ။ သူတို့တွင် အချိန်ဆွဲနေ၍ မရပေ။ ကျောက်ပြည်ထောင် ရှန့်ထိုနှစ်ပါးသာ တစ်ပြိုင်နက်တည်း ရောက်လာပါက သူတို့အခြေအနေ ပိုဆိုးသွားပေမည်။
သူက နတ်ဘုရားပြစ်ဒဏ်အား သည်နေရာ သည်အချိန်တွင် ဆင့်ခေါ်ပေမည်။
အကယ်၍ နတ်ဘုရားပြစ်ဒဏ်မှာ သူ၏ကျရှုံးခြင်း အကြောင်းရင်း ဖြစ်ပါကလည်း သူ့တွင် အပြစ်တင်စရာ မရှိပေ။ သို့သော်လည်း ထိုအရာများ မတိုင်မီ သူ့တွင် လုပ်ရမည်များ ရှိနေသည်။
“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်သည်။
ထိုအခိုက်တွင် ကျန်ကျောင်းက ထောင်ကျန်းထံကို လျှောက်လာကာ ရှန့်ထို ရတနာချပ်ဝတ်အား ပေးသည်... “ယူစီက ခင်ဗျားကို ပေးခိုင်းလိုက်တယ်...”
ထောင်ကျန်းက ရှန့်ထိုရတနာအား ယူလိုက်ပြီး စင်မြင့် အလယ်သို့ လျှောက်လာခဲ့သည်။
မရေမတွက်နိုင်သော အကြည့်များ သူ့ထံကို ရောက်လာသည်။
တော်ဝင်ကျဲ နန်းတော်မှ ထောင်ကျန်းက နတ်ဘုရားပြစ်ဒဏ်ကို ဆင့်ခေါ်ကာ ရှန့်ထိုအဆင့်သို့ တက်လှမ်းတော့ မည်လား။
“စီနီယာ...” ထိုအခိုက်တွင် ရီဖူရှင်းက ရှန့်ထိုလီအား ကြည့်ကာ မေးသည်... “အားလုံးကို ဒီအနီးတစ်ဝိုက်က ထွက်သွားပေးဖို့ စီနီယာက ပြောပေးပါလား...”
ရှန့်ထိုလီက ရီဖူရှင်း ပြောလိုသည်ကို သိသည်။ သူက အနီးတစ်ဝိုက်မှ လူများအား ကြည့်ကာ ပြောသည်... “မသက်ဆိုင်တဲ့လူတွေ ဒီနေရာနဲ့ ကီလို၅၀ အကွာသို့ နောက်ဆုတ်ပေးကြပါ...”
တော်ဝင်စစ်ပွဲ၏ ပြင်းထန်သော တိုက်ပွဲတစ်ခုကား မကြာမီ ဖြစ်ပွားတော့မည်။
အားလုံးမှာ ထိုနေရာက စတင်ထွက်ခွာကြသည်။ မကြာမီ ဖြစ်ပျက်တော့မည့်ကိစ္စမှာ ပြင်းထန်မည်ကို အားလုံးက သိကြ၏။ အဆင့်နိမ့်သူများမှာ တိုက်ပွဲ ရိုက်ခတ်မှုများအား ခံနိုင်မည် မဟုတ်ပေ။
နွေဦးပြည်နယ်၊ တော်ဝင်မြေများမှ လူများပင် နောက်ဆုတ်ကြသည်။ သူတို့က အဝေးတွင် နေရာယူလိုက် ကြပြီးနောက် မိမိတို့ အုပ်စုအလိုက် စုဖွဲ့ကာ တိုက်ပွဲအား ကြည့်ရှုကြသည်။
ရှန့်ထိုလီက လက်ဝှေ့ယမ်းကာ ပြည်နယ်ကိုးခု ကျောင်းတော်မှ တပည့်များအား ကိုယ်တိုင် ဦးဆောင်၍ နောက်ဆုတ် သွားသည်။ မကြာမီ ပြည်နယ်ကိုးခု စင်မြင့်ထက်တွင် အင်အားစုနှစ်ခု မျက်နှာချင်းဆိုင် ပေါ်လာသည်။
ကျောက်ပြည်ထောင် ဘက်တွင်ကား သူတို့၏ အင်အားအကြီးဆုံး စစ်တပ်ဖြစ်သော ဖီးနစ်စစ်တပ် ဖြစ်သည်။ ထိုအထဲတွင် ပြည်နယ်ကိုးခု ရှီအဆင့်ဝင်နေ့ခိုင် ဦးဆောင်သော စစ်တပ်လည်း ပါဝင်သည်။ ထိုစစ်တပ်နှစ်ခုကား တော်ဝင်ကျဲနန်းတော်အား ရင်ဆိုင်ရန် ကျောက်ပြည်ထောင် ဘုရင် ခေါ်ဆောင်လာခြင်း ဖြစ်သည်။
“ဝင်္ကပါ တည်တယ်...” ရီဖူရှင်းက ပြောသည်။ ချက်ချင်းပင် မြေရိုင်းပြည်နယ်၏ တန်ခိုးရှင်များ အားလုံးက လှုပ်ရှားကာ ဝင်္ကပါများ စတင် ဖွဲ့စည်းကြ၏။
စင်မြင့်အလယ်တွင် ထောင်ကျန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ ကောင်းကင်ထက်ကို မော့ကြည့်လိုက်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်၌ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်။
ထောင်ကျန်း၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုမို သန်မာလာဟန် ရသည်။ လေပြင်းများက ပိုမိုပြင်းထန်စွာ ရိုက်ခတ် လာကြသည်။
ကောင်းကင်ထက်တွင် လေနှင့်အတူ ကြောက်မက်ဖွယ် ကောင်းသော မဟာလမ်းစဉ် စွမ်းအားမှာ စင်မြင့်ထက်ကို ဆင်းသက် လာကြသည်။ မကြာမီ စင်မြင့်အနီးမှ လူများအားလုံးက ကြီးမားသော ဖိအားကို ခံစားမိကြသည်။
ဘုန်း...
ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါ တစ်ခုပေါ်လာကာ ထောင်ကျန်းက ကောင်းကင်ထက်ကို ထိုးတက်သွားသည်။ ဓာတ်သဘာဝများက ကောင်းကင်တွင် လှည့်ပတ်လျက် နတ်ဘုရား စွမ်းအားများ ဖြစ်တည်လာသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော လူများက ကောင်းကင်ကို မော့ကြည့်ကြသည်။ အပေါ်တွင်ကား လေပြင်းမုန်တိုင်းများ ဖြစ်လာကာ ကောင်းကင်ဘုံ ကိုယ်တိုင်က ကမ္ဘာမြေပေါ်သို့ ပြိုဆင်းလာသည်ဟု ထင်မှတ်ရသည်။
ဤအရာက နတ်ဘုရား ပြစ်ဒဏ်လား..။ ဖိအားမျှကပင် လူအများအား ကိုးကွယ် ဆည်းကပ်လိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်စေနိုင်ပေသည်။
ထိုအရာကား အားကောင်းလွန်း လှသည်။ ရှန့်ထိုများက လူသားများနှင့် ကင်းကွာစွာ နေထိုင်ကြသည်မှာ မထူးဆန်းတော့ပေ။ သူတို့ကား တူညီသော အဆင့်တစ်ခုတွင် မရှိတော့ပေ။ ထို့ကြောင့်ပင် သူတို့အား ရှန့်ထိုများဟု ခေါ်တွင် ကြပေသည်။
“လာခဲ့စမ်း....” ထောင်ကျန်းက ခေါင်းမော့ကာ အော်ဟစ် လိုက်သည်။ ကောင်းကင်က တုန်ခါသွားကာ လေစီးကြောင်းများ သူ့ကို ရစ်ပတ်လာသည်။ သူ၏ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါးအလား ကြီးမားလာ၏။ သူက နတ်ဘုရား ပြစ်ဒဏ်အား မဆင့်ခေါ်မီ ရှန့်ထိုရတနာအား မဝတ်ဆင်ထားရာ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဗလာကျင်း ဖြစ်သည်။
***