← Chapters

တော်လှန်မှု

Vol. 81 Ch. 1055

တော်လှန်မှု

Vol. 81 Ch. 1055

ကောင်းကင်နန်းဆောင် ၁၅ ခုအနက် ပထမဆုံးတစ်ခုသည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲတွင် ကိန်းဝပ်နေသည့် မဟာတာအိုဖြင့် ဖွဲ့တည်ထားသော ချင်မူ၏ ပထမဆုံး ကောင်းကင်နန်းဆောင် ဖြစ်၏။

ဒုတိယက မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ‌ကောင်းကင်နန်းဆောင်ပင်။ ဓားကောင်းကင်နန်းဆောင်၊ နဂါးကောင်းကင်နန်းဆောင်၊ မိစ္ဆာနတ်ဆိုးကောင်းကင်နန်းဆောင်၊ ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင်၊ သိုင်းလမ်းစဉ်ကောင်းကင်နန်းဆောင်နှင့် ပန်းချီလမ်းစဉ်ကောင်းကင်နန်းဆောင်တို့လည်း ရှိသည်။

ထို‌ကောင်းကင်နန်းဆောင်ရှစ်ခုကား ပြီးပြည့်စုံနေချေပြီ။

သို့သော် ဓားမ၊ ဆေးပညာ၊ ကောင်းကင်နတ်သိုင်း၊ ပန်းပဲပညာ၊ ဗုဒ္ဓလမ်းစဉ်၊ သူခိုးလမ်းစဉ်နှင့် ၀င်္ကပါလမ်းစဉ်ကဲ့သို့ ကျန်သည့်ကောင်းကင်နန်းဆောင်ခုနစ်ခုမှာ မပြည့်စုံသေးပေ။

ဤအချိန်တွင် ချင်မူသည် မူလဝိညာဉ်ကို သုံး၍ ပြည့်စုံနေသော ကောင်းကင်နန်းဆောင်ရှစ်ဆောင်၏ တောင်ကောင်းကင်မုခ်၀များအား ကျော်ဖြတ်ရန် ကြိုးစားနေ၏။ ထိုနည်းဖြင့်ဆိုလျှင် အပြည့်အဝမဟုတ်လျှင်တောင်မှ အစစ်အမှန်နတ်ဘုရားအဆင့်သို့ ဝင်ရောက်သွားပြီဟု သတ်မှတ်နိုင်သည်။

သားသတ်သမားနှင့် အဘိုးကြီးမာတို့သာ သူတို့၏ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အောင်မြင်သောအဆင့်တစ်ဆင့်သို့ ရောက်ရှိပြီး ဧကရာဇ်ပလ္လင်အဆင့်သို့ တိုက်ရိုက်တက်စေမည့် ကျင့်စဉ်များကို ဖန်တီးနိုင်လျှင် ချင်မူအနေဖြင့် ထိုကျင့်စဉ်များကို လေ့လာသင်ယူပြီး လက်ကျန်ကောင်းကင်နန်းဆောင်ခုနစ်ဆောင်အား ပြည့်စုံအောင် လုပ်နိုင်ပေသည်။

လက်ရှိ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်သည် ကေင်းကင်နတ်ဘုံကျင့်စဉ်အသေးစားအဖြစ် သတ်မှတ်၍ရ၏။ သို့သော် ၎င်းနှင့် ကောင်းကင်နန်းဆောင် ၁၈ ခု၏ မဟာကောင်းကင်နတ်ဘုံ ကျင့်စဉ်အကြား အတော်လေး ဝေးကွာနေသေးသည်။

ချင်မူ လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်နေစဉ် သူ၏မူလဝိညာဉ်သည် ပင်မကောင်းကင်နန်းဆောင်၏ တောင်ကောင်းကင်မုခ်၀ရှေ့တွင် ရပ်နေ၏။ ရုတ်တရက် သူ၏မူလဝိညာဉ်က အစိတ်အပိုင်း ဆယ့်ငါးခု ကွဲသွားပြီး မူလဝိညာဉ် ၁၅ ခုအဖြစ် ကောင်းကင်နန်းဆောင် ၁၅ ခု၏ အလယ်ဗဟိုတွင် ပေါ်လာသည်။

ယင်းက မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်၏ မူလဝိညာဉ်ခွဲထုတ်ခြင်းသိုင်းကွက် ဖြစ်ပေသည်။

ချိဧကရာဇ်၏ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်မှာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အတွင်း ပေါင်းစည်း၍ အဆင့်မြှင့်တင်ခံထားရသောကြောင့် အခြားသူများ၏ ကောင်းကင်နတ်ဘုံအဆင့် ကျင့်စဉ်များနှင့် မတူပေ။ ဥပမာ အရှင်မယွမ်မုနှင့် ကောင်းကင်နတ်ဧကရီ၏ မဟာကောင်းကင်နတ်ဘုံကျင့်စဉ်က မူလဝိညာဉ်တို့၏ ပုံရိပ်များကို အသုံးပြုသည်။ ‌သူတို့‌၏ကောင်းကင်နန်းဆောင်များတွင် ပြသထားသည့် မူလဝိညာဉ်များမှာ မူလဝိညာဉ်အစစ်များ မဟုတ်ကြပေ။

ချင်မူကမူ မူလဝိညာဉ်ခွဲထုတ်ခြင်းသိုင်းကွက်ကို အသုံးပြု၍ အစစ်အမှန်မူလဝိညာဉ်များကို ဖန်တီးထားသည်။

ချင်မူ၏ မူလဝိညာဉ် ၁၅ ခုက ဘေးချင်းယှဉ်လျက် တောင်ကောင်းကင်မုခ်၀ဆီသို့ အတူတကွ ချီတက်သွားကြသည်။

အသွင်သဏ္ဍာန်မဲ့ ဖိအား ထွက်ပေါ်လာသည်။ ကောင်းကင်မုခ်၀၏ ဖိအားသည် ထူးဆန်းပြီး အရပ်လေးမျက်မှာမှ တိုက်ခိုက်၏။ မူလဝိညာဉ်တို့၏ အရေပြားတစ်လက်မစီတိုင်းမှာ ကြောက်မက်ဖွယ်ရာ ဖိအားအောက်သို့ ကျရောက်နေသည်။ ထိုမျှမကသေး၊ သူတို့ခန္ဓာကိုယ်အတွင်းတွင်လည်း ဘက်ပေါင်းစုံမှ ဖိနှိပ်ခံနေရသည်။

ယခင်က ဤဖိအား မည်သည့်နေရာမှ လာမှန်း ချင်မူ နားမလည်ခဲ့ချေ။ ယခုတွင်တော့ တာအိုဖိအားဖြစ်ကြောင်း သိရှိသွား၏။

‌ကောင်းကင်နန်းဆောင်များ၏အဆင့်က ကောင်းကင်နတ်ဘုံ၏ တည်ဆောက်ပုံကို တုပထားသည်။ တောင်ကောင်းကင်မုခ်၀သည် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုဖြင့် တည်ဆောက်ထားသော ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်၀ ဖြစ်၏။

နတ်ဘုရားအဆင့် တက်ရောက်ကြသည့် နတ်ဘုရားတိုင်း၏ တောင်ကောင်းကင်မုခ်၀မှာ ကောင်းကင်နတ်ဘုံ တောင်ကောင်းကင်မုခ်၀၏ ပုံရိပ်ယောင် ဖြစ်သည်ဟုပင် ပြောနိုင်ပေသည်။ တာအိုဖိအားကို ခုခံ၍ မုခ်ဝအား ဖြတ်ကာ ကောင်းကင်နန်းဆောင်သို့ ၀င်ရောက်နိုင်လျှင် အစစ်အမှန်နတ်ဘုရားများအဖြစ် သတ်မှတ်ကြသည်။

သို့သော် ချင်မူ့ကောင်းကင်နန်းဆောင်၏ တောင်ကောင်းကင်မုခ်ဝများမှာတော့ ကမ္ဘာခေတ်နှောင်းတာအိုဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ထို့အလျောက် ဓား၊ ဖန်ဆင်းခြင်း၊ သိုင်းလမ်းစဉ်နှင့် ပန်းချီလမ်းစဉ်တို့တွင် မူရင်းတောင်ကောင်းကင်မုခ်၀၏ ဖိအားမှ ကွဲပြားသည့် ဖိအားပုံစံအမျိုးမျိုး ရှိကြသည်။

ဓားကောင်းကင်နန်းဆောင်၏ တောင်ကောင်းကင်မုခ်၀သည် ဓားပျံများ သူ၏မူလဝိညာဉ်အား အရပ်လေးမျက်နှာမှ ထိုးဖောက်ရင်း မူလဝိညာဉ်၏ ဓားတာအိုကို ဖျက်စီးနေသကဲ့သို့ ထင်ရ၏။ သူ့အနေဖြင့် ဓားတာအိုကို လှုံ့ဆော်၍ ခုခံရုံမှတပါး ရွေးချယ်စရာမရှိချေ။

ချင်မူမှာ ဓားတာအို၏ ဘုရင်တစ်ပါး ဖြစ်သော ခိုင်ဧကရာဇ်ကို ရင်ဆိုင်နေရသည့်အလား ခံစားနေရသည်။ သူ၏ မူလဝိညာဉ်မှာ အသွင်သဏ္ဍာန်မဲ့ ခိုင်ဧကရာဇ်ကို တန်ပြန်တိုက်ခိုက်ရန် ဓားကွက်မျိုးစုံ ထုတ်လွှတ်နေရသည်။

ပန်းချီလမ်းစဉ်ကောင်းကင်နန်းဆောင်၏ တောင်ကောင်းကင်မုခ်၀ထဲတွင် သူ့မှာ မရေမတွက်နိုင်သော ပန်းချီကမ္ဘာများအတွင်း ၀င်ရောက်နေသည့်အလား ခံစားနေရ၏။ ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်တိုင်း ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းသွားရင်း အခက်အခဲအမျိုးမျိုး တွေ့ကြုံနေရတော့သည်။

သူ၏မူလဝိညာဉ်က တာအိုကို စုတ်တံအဖြစ်၊ ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်တို့ကို မင်ရည်အဖြစ် သုံးကာ တောင်ကောင်းကင်မုခ်၀ထဲတွင် စိမ်းလန်းစိုပြည်၍ လင်းလက်တောက်ပသော ကမ္ဘာတစ်ကမ္ဘာအား ရေးဆွဲလိုက်သည်။ ပန်းချီနတ်ဘုရား နားကန်းကို တိုက်ခိုက်ရင်း ပန်းချီလမ်းစဉ်ဖြင့် ပန်းချီလမ်းစဉ်ကို ခုခံနေရသကဲ့သို့ ခံစားရ၏။

ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင်၏ တောင်ကောင်းကင်မုခ်တွင် သူသည် ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့ကို ရင်ဆိုင်၍ ဖန်ဆင်းခြင်းလမ်းစဉ်တွင် အံ့မခန်းထူးချွန်သော ဖန်ဆင်းရှင်ဧကရာဇ်နှစ်ဦးအား ပြိုင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။

သိုင်းလမ်းစဉ် ကောင်းကင်နန်းဆောင်၏ တောင်ကောင်းကင်မုခ်၀တွင်မူ သိုင်းလမ်းစဉ်၏ မဟာဘုရင်တစ်ပါးနှင့် ရင်ဆိုင်နေရချေသည်။ သိုင်းပညာ‌ကောင်းကင်ဆရာသခင်အား တိုက်ခိုက်နေရသကဲ့သို့ ခံစားရ၏။

ချင်မူ၏ မူလဝိညာဉ်ရှစ်ခုက တစ်ပြိုင်နက် ရှေ့တက်လိုက်သည်။ တောင်ကောင်းကင်မုခ်၀တို့ဆီမှ ဖိအားများက တိုးပွားလာသဖြင့် သူ၏မူလဝိညာဉ်များ ဖြည်းဖြည်းချင်း ကျုံ့လာကြသည်။

ချင်မူက ပြတ်ပြတ်သားသား ပြုမူ၍ ရုပ်ခန္ဓာ၏ လုပ်ဆောင်ချက်များကို လှုံ့ဆော်ရင်း သူ၏ခန္ဓာနှင့် ဝိညာဉ်အား တစ်သားတည်း ပေါင်းစည်းလိုက်ကာ ဖိအားကို ခုခံ၍ ခက်ခက်ခဲခဲ ရှေ့ဆက်တိုးနေသည်။

သာမန်တောင်ကောင်းကင်မုခ်၀များကို ခုခံရခြင်းက အင်မတန် လွယ်ကူ၏။ သို့သော် ကမ္ဘာခေတ်နှောင်းတာအိုဖြင့် ဖန်ဆင်းထားသော ကောင်းကင်နန်းဆောင်များကို ခုခံရသည်မှာ အင်မတန် ခက်ခဲချေသည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုများအား စေ့စေ့စပ်စပ် သုတေသန လုပ်ထားပြီးဖြစ်သော်လည်း ကမ္ဘာခေတ်နှောင်း မဟာတာအိုတို့သည် ဖြစ်တည်စပင် ရှိသေးလေသည်။

သူ၏ ပင်မမူလဝိညာဉ်က မဟာခြုံလွှမ်းအသိစိတ်အလျဉ်၊ နဂါး နှင့် မိစ္ဆာနတ်ဆိုးမူလဝိညာဉ်များနှင့်အတူ ပေါင်းစည်းလျက် တောင်ကောင်းကင်မုခ်ဝများကို အသီးသီး ဖြတ်ကျော်နိုင်သွားသည်။ သို့သော် ဓားလမ်းစဉ်၊ သိုင်းလမ်းစဉ်၊ ပန်းချီလမ်းစဉ်နှင့် ဖန်ဆင်းခြင်းလမ်းစဉ်တို့၏ မူလဝိညာဉ်တို့မှာ တောင်ကောင်းကင်မုခ်၀များတွင် ပိတ်မိနေဆဲပင်။

ရတနာရထားလှည်းက ကြယ်တာရာကောင်းကင်၏ အတွင်းထဲသို့ ဖြတ်သန်းကာ ကောင်းကင်နတ်မြစ်ဆီ ပြန်ရောက်လာသည်။ နဂါးချီလင်က ရထားလှည်းကို မောင်းနှင်နေပြီး ယန်အာမှာတော့ စားထားသော ရှေးဟောင်းနတ်ဘုရားများကို ကြိုးစားပမ်းစား မြိုချနေလေသည်။

‘ဒီအမြန်နှုန်းနဲ့ဆို ဂိုဏ်းသခင်ပြောတဲ့ နေရာဆီ ရောက်ဖို့ နှစ်၀က်လောက် ကြာလိမ့်မယ်’

နဂါးချီလင် ရှေ့သို့ ကြည့်လိုက်ရာ ခေတ်သစ်ကောင်းကင်နတ်မြစ်နှင့် မတူဘဲ စီးဆင်းနေသော လက်ရှိကောင်းကင်နတ်မြစ်ကို တွေ့လိုက်ရသည်။ အဝေးတွင် စကြာ၀ဠာ၏ အမြင့်တစ်နေရာမှ ၀င်ရိုးစွန်း‌လေးခုဆီသို့ ကျဆင်းနေသည့် ကြယ်အစုအဝေးတစ်ခုအား တွေ့မြင်နေရ၏။

မရေမတွက်နိုင်သော ကြယ်တာရာများက ၎င်းကြယ်အစုအဝေးအား လှည့်ပတ်နေသည်။ ကောင်းနတ်မြစ်ရေများက ရွှမ်တုမှ စီးဆင်းကျလာသောကြောင့် ထို့ကြောင့် ဤကြယ်အစုအဝေး၏ အပေါ်ပိုင်းမှာ ရွှမ်တု၌ တည်ရှိပေလိမ့်မည်။

ဤအခိုက်အတန့်၌ ‌ကောင်းကင်ရတနာရထားလှည်းက ယင်းကြယ်အစုအဝေး၏ အောက်ခြေသို့ ဦးတည်နေသည်။

ရထားလှည်းထဲတွင် ချင်မူသည် ကျင့်ကြံနေပြီး မည်သူ့ကိုမှ အာရုံမစိုက်ချေ။ ကုရှောင်နှင့် တဟုန်တို့က လော့ရှောင်ထံမှ သတင်းနှိုက်နေကြသည်။ သူတို့ မည်သို့ပင် စကားအချိုသပ်၍ မေးမြန်းနေသော်လည်း လော့ရှောင်သည် မဟာလေဟာနယ်၏တည်နေရာကို ထုတ်ဖော်မပြောပေ။

အချိန်ကား တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နောက်ဆုံးတွင် ရထားလှည်းကား ကြယ်အစုအဝေးရ၏ အောက်ခြေသို့ ရောက်ရှိလာ၏။ သူတို့က ရှေ့ဆက်မသွားတော့ဘဲ ကြယ်အစုအဝေး ကျဆင်းသွားသော အနက်ပိုင်းထဲသို့ ဝင်ရောက်သွားသည်။

ထိုအခိုက်အတန့်တွင် ချင်မူသည် ဓားကောင်းကင်နန်းဆောင်၏ တောင်ကောင်းကင်မုခ်၀ကို ဖြတ်ကျော်ပြီးသွားလေပြီ။ မကြာမီ ဖန်ဆင်းခြင်းနှင့် သိုင်းလမ်းစဉ်တို့၏ တောင်ကောင်းကင်မုခ်၀တို့ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီး ပန်းချီလမ်းစဉ်တစ်ခုသာ ကျန်ရစ်တော့သည်။

“ဂိုဏ်းသခင်၊ ကျွန်တော်တို့ မကြာခင် ရောက်တော့မယ်” နဂါးချီလင်၏အသံ ထွက်လာသည်။

ချင်မူက မျက်လုံးဖွင့်၍ ယိုင်ယိုင်ယွဲ့ယွဲ့ အသက်ရှူထုတ်လိုက်သည်။ ပန်းချီလမ်းစဉ် မူလဝိညာဉ်မှာ ပန်းချီကောင်းကင်နန်းတော်၏ တောင်ကောင်းကင်မုခ်၀မှ ပြန်လှည့်လာပြီး ရှေ့ဆက်မသွားတော့ချေ။

သူ၏ ပန်းချီလမ်းစဉ်သည် နားကန်း၏ ပန်းချီလမ်းစဉ်ထက် များစွာ နိမ့်ကျ၏။ ဆက်သွားလျှင်တောင်မှ တောင်ကောင်းကင်မုခ်ဝကို ဖြတ်၍ ပန်းချီလမ်းစဉ်၏ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာရန် ယုံကြည်ချက်မရှိပေ။

“နောင်တော်တို့သုံးယောက်... ဘိုးဘေးနန်းတော်ဆီ ရောက်တော့မယ်.. အပြင်ထွက်ကြစို့” ချင်မူက တဟုန်နှင့် ကျန်သူများအား ပြောလိုက်သည်။

တဟုန်၊ ကုရှောင်နှင့် လော့ရှောင်တို့မှာ အံ့အားသင့်နေသော မျက်နှာအမူအရာများဖြင့် ရှေ့သို့လျှောက်လာ၍ ချင်မူ့အား ကြည့်လိုက်ကြသည်။

ယခုချင်မူမှာ လွန်ခဲ့သော လပိုင်းများက ချင်မူနှင့် မတူပေ။ သူ့ထံမှ ထူးဆန်းသော တာအိုညို့ဓာတ်တစ်ခု ထုတ်လွှတ်နေသည်။ ကျန်တစ်လောကလုံးဆီမှ ခွဲထွက်နေသည့်အလား ရပ်နေ၏။

ချင်မူ့ခန္ဓာကိုယ်တွင် အပြင်စကြ၀ဠာမှ သီးသန့်ခွဲထွက်ထားသော စကြ၀ဠာတစ်ခု ပါရှိဟန်တူသည်။ ထိုစကြဝဠာ၌ ကိုယ်ပိုင် မဟာတာအို ကောင်းကင်နှင့် မြေကြီးအပြင် ကမ္ဘာဦးဖရိုဖရဲများလည်း ကိန်းဝပ်နေသည်။

‘သူ့ကျင့်ကြံခြင်းလမ်းစဉ်က တခြားကောင်းကင်နတ်သိုင်းပညာရှင်တွေ၊ နတ်ဘုရားတွေနဲ့ ကွဲပြားတာ သေချာတယ်’ ကုရှောင်နှင့် တဟုန်မှာ စိတ်ထဲ၌ တိတ်တဆိတ် တွေးနေကြသည်။

ချင်မူ့ကျင့်ကြံခြင်းလမ်းစဉ်ကား အခြားသူများနှင့် အမှန်တကယ် ကွဲပြားလေသည်။

နဂါးဟန်မတိုင်ခင်တုန်းက သိုင်းအဆင့်ဟူ၍ မတည်ရှိခဲ့ချေ။ ဖန်ဆင်းရှင်များအား မျိုးသုဉ်းသတ်ဖြတ်ခဲ့သည့် ကာလရှည်များအတွင်းနှင့် နဂါးဂန်ခေတ်၏ ပထမနှစ်၊ ကောင်းကင်နတ်ဘုံကို တည်ထောင်ခဲ့သည့်အချိန်တွင် နတ်ဘုရားတစ်ပိုင်းမျိုးနွယ်သည် ပိုပို၍ အင်အားကြီးလာခဲ့၏။

ထိုကာလတုန်းက သိုင်းမကျင့်ဘဲ သွေးဆက်ကိုသာ အားကိုး၍ အားနည်းသူနှင့် အားကြီးသူကို ခွဲခြားခဲ့ကြသည်။

သွေးဆက်က ပိုမိုသန်မာ‌အားကောင်းလေလေ၊ သူတို့၏စွမ်းရည်များက ပို၍ပြင်းထန်လေလေဖြစ်သည်။

ထိုကာလများအတွင်း ရှေးဟောင်းနတ်ဘုရားတို့၏ ကလေးများသည် လောကတခွင်ရှိ မျိုးဆက်တိုင်းကို အုပ်ချုပ်ခဲ့ကြ၏။ နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့က သူတို့အကြား ခေါင်းဆောင်များဖြစ်ကြသည်။

နဂါးဟန်ခေတ် ပထမနှစ်၀န်းကျင်တွင် ကောင်းကင်နတ်အရှင်ခုနစ်ပါးက ကောင်းကင်ရတနာအဆင့် ခုနစ်ဆင့်ကို တီထွင်ခဲ့ကြသည်။ ကောင်းကင်နတ်အရှင်ယွင် သေဆုံးသွားပြီးနောက် ချင်မူက သူ့နည်းသူ့ဟန်ဖြင့် နတ်ဘုရားဖြစ်လာစေမည့် သက်‌တော်ရှည်နည်းလမ်းကို နားလည်တွေးမိခဲ့သည်။ ထို့နောက် သူနှင့် ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နန်းဆောင်အဆင့် ခုနစ်ဆင့်နှင့် ကောင်းကင်နတ်ဘုံအဆင့်များကိုလည်း ဝေမျှပေးခဲ့ကြ၏။

ထိုအချိန်မှစ၍ “သိုင်းအဆင့်”ဟူသည် စကားလုံး ပေါ်ပေါက်လာခဲ့ခသည်။

ထို့ကြောင့် အဆင့်များကို ချင်မူနှင့် ကောင်းကင်နတ်အရှင်များ တီထွင်ခဲ့သည်ဟု ဆိုပါက ချဲ့ကားရာမရောက်ပေ။

မျိုးဆက်သစ်အတော်များများသည် ၎င်းကို မတွေးမိဘဲ ချင်မူ့အင်အားကို ခန့်မှန်းချက်များဖြင့် တွက်ကြည့်ပြီး အတိုက်အခိုက်စွမ်းရည်ကို လျှော့တွက်ခဲ့ကြ၏။ ရလဒ်အနေဖြင့် နတ်ဘုရားမိစ္ဆာမြောက်များစွာ သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရလေသည်။

နဂါးဟန်ခေတ် ပထမနှစ်တွင် ချင်မူနှင့် ကောင်းကင်နတ်အရှင်ခုနစ်ဦး တည်ထောင်ခဲ့သည့် ကောင်းကင်ရတနာကျင့်စဉ်နှင့် ကောင်းကင်နန်းတော်ကျင့်စဉ်မှာ လူထုထဲတွင် အခြေမကျသေးချေ။ ထိုအခါ နတ်ဘုရားတစ်ပိုင်းများနှင့် အခြားမျိုးနွယ်စုများက ရှေးဟောင်းနတ်ဘုရားများနည်းတူ မသေမျိုးများဖြစ်လာအောင် ထိုကျင့်စဉ်များကို ကျင့်ကြံခဲ့ကြသည်။

နတ်ဘုရားတစ်ပိုင်းတို့သည် မသေမျိုးဖြစ်အောင် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်တို့ကို ကျင့်ကြံခဲ့ကြသော်လည်း သွေးဆက်က သူတို့စွမ်းရည်အတိုင်းအတာအပေါ် ဆုံးဖြတ်ပေးနိုင်သေး၏။

သို့သော် နောက်ပိုင်းနှစ်များအတွင်း ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်တို့၏ အင်အားကိ တစတစ နားလည်လာကြသည်။ ရလဒ်အနေဖြင့် သွေးဆက်အပေါ် အမြင်တို့မှာ အရေးမပါတော့ချေ။

လူတစ်ယောက်၏ သွေးဆက်သည် သူ၏လုပ်နိုင်စွမ်းကို ကိုယ်စားမပြုတော့ချေ။ ဤအချက်က ရှေးဟောင်းနတ်ဘုရားတို့ကို ပျက်စီးစေခဲ့သည်။ ထို့ကြောင့် နဂါးဟန်ခေတ်၏ တော်လှန်ရေးအား နဂါးဟန်တော်လှန်ရေးဟု ခေါ်ဆိုကြလေသည်။

တော်လှန်ခံရသည့်အရာကား နတ်ဘုရားတစ်ပိုင်းများနှင့် ‌ရှေးဟောင်းနတ်ဘုရားတို့၏ ဘဝများပင်။

ထို့နောက်ပိုင်း နှစ်များအတွင်း ကောင်းကင်ရတနာကျင့်စဉ်နှင့် ကောင်းကင်နန်းတော်ကျင့်စဉ်တို့သည် လူထုအတွင်း ခိုင်မြဲစွာ နေရာယူနိုင်ခဲ့ကြ၏။ အမြစ်မှာ နက်ရှိုင်းလွန်းသဖြင့် ကောင်းကင်ရတနာကျင့်စဉ်နှင့် ကောင်းကင်နန်းတော်ကျင့်စဉ်တို့က ဘာကြောင့် ထိုမျှအင်အားကြီးစေနိုင်သလဲ ဆိုသည့် အကြောင်းအရင်းအား သံသမ၀င်ကြသလို သိလည်း မသိချင်ကြပေ။

သို့သော် နှစ်သန်းပေါင်းများစွာကြာပြီးမှ ‌မွေးဖွားလာသည့် ချင်မူ၊ ကျန်းပိုင်ကွေ့၊ ဧကရာဇ်ယန်ဖုန်း၊ ရှုရှန်းဟွာ၊ ဝမ့်မူရန်၊ လင်းရွှမ်နှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ခဲ့သူများမှာ ဤအမှန်တရားအား သံသယရှိလာခဲ့ကြသည်။

ထို့ကြောင့် ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးကာ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာအား တီထွင်ခဲ့ခြင်းဖြစ်၏။

ချင်မူက ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နတ်သိုင်းကျင့်စဉ်တို့၏ ပြုပြင်ပြောင်းလဲမှုကို အကြီးအကျယ် တော်လှန်ခဲ့သူဖြစ်သည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးပြီးနောက် သူသည် ဝိညာဉ်မရှိဘဲ ယာယီအသက်ဆက်ရန် အသိစိတ်အလျဉ်ကို အားကိုးခဲ့ရ၏။ ထို့နောက် သူသည် ကပ်ဘေးရင်ဆိုင်ဓားကို ဖန်ဆင်း၍ ကောင်းကင်ရတနာခုနစ်ခုနှင့် ကောင်းကင်နန်းဆောင်ကို ဖျက်စီးခဲ့သည်။ ထို့နောက် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ပြန်လည်ဖွင့်လှစ်ကာ ဝိညာဉ်အား ပြန်လည်ရရှိခဲ့၏။

ထိုမှတစ်ဆင့့် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို အသုံးပြုကာ စကြ၀ဠာနှင့် ရှေးဟောင်းနတ်ဘုရားတို့၏ ကမ္ဘာခေတ်ဦးအခြေအနေအထိ ပြောင်းလဲမြှင့်တင်ရင်းး ကောင်းကင်ရတနာကျင့်စဉ်စနစ်အား ကျော်တက်နိုင်ခဲ့လေသည်။ သူက သူ့ဘိုးဘေးများနှင့် အတိတ်မှ ပညာရှင်များနှင့် လုံးလုံးလျားလျား ကွဲပြားသော လမ်းစဉ်တစ်ခုကို ဖန်တီးပြီးဖြစ်သည်။

သူ၏ အောင်မြင်မှုများကို သိုင်းအဆင့်များဖြင့်သာ တိုင်းတာရန် ခက်ခဲ‌၏။

လူသိများသည့် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များအား သူနှင့် ကောင်းကင်နတ်အရှင်ခုနစ်ပါး တီထွင်ခဲ့ခြင်းဖြစ်သော်လည်း သူကိုယ်တိုင် ၎င်းတို့ကို ချိုးဖျက်ခဲ့သည်။

ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ပြန်လည်ဖွင့်လှစ်ပြီးနောက်တွင် ထိုသိုင်းအဆင့်သည် အစစ်အမှန်နတ်ဘုရား သို့မဟုတ် နဂါးသွဲ့ရေကန်အဆင့်နှင့်ပင် တန်းတူရှိခဲ့၏။

သူ့အနေဖြင့် ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံစနစ်ကိုပင် စွန့်ပစ်၍ ကိုယ်ပိုင်လမ်းစဉ်ရှာဖွေရင်း ထူးကဲအံ့ဖွယ်ရာအဆင့်တစ်ဆင့် ရောက်သည့်တိုင်အောင် ဆက်လျှောက်သွားနိုင်သည်။

သို့သော် အလျင်အမြန် တိုးတက်လာစေဖို့အတွက် ကိုယ်ပိုင်လမ်းစဉ်ကို စွန့်ပစ်ကာ ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ပြန်လည်ကျင့်သုံးခဲ့ရ၏။

သို့သော် အပြောင်းအလဲကို ကြုံတွေ့ထားပြီးသည့်အလျောက် သူသည် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် ကျင့်ကြံထားသော နတ်ဘုရားများ၊ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် အလွန်ကွဲပြားချေသည်။

သူ့အတွက် သိုင်းအဆင့်တစ်ဆင့်သာ ရှိသည်။ ယင်းက ဝိညာဉ်သန္ဓေသားအဆင့်ပင်။

အဘယ်ကြောင့်ဆိုသော် သူ၏ကောင်းကင်နန်းဆောင်များ သို့မဟုတ် ကောင်းကင်နတ်ဘုံများသည် ဝိညာဉ်သန္ဓေသား၏အထက်တွင် မဟုတ်ဘဲ အတွင်း၌ ရှိသောကြောင့် ဖြစ်၏။

ကောင်းကင်နန်းဆောင်အဆင့်နှင့် ကောင်းကင်နတ်ဘုံအဆင့်မှာ သူ၏ဝိညာဉ်သန္ဓေသားအဆင့်ထဲတွင် သေးငယ်သော အဆင့်လေးနှစ်ဆင့်သာ ဖြစ်ချေသည်။

ဤသည်ကား သူနှင့် နတ်ဘုရားများ၊ ကေင်းကင်နတ်သိုင်းပညာရှင်များအကြား ကွဲပြားမှု ဖြစ်သည်။

သူ့အတွက် ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံအဆင့်သည် တစ်ခုတည်းဖြစ်ပြီး ဝိညာဉ်သန္ဓေသားအဆင့်ထဲ၌သာ တည်ရှိလေသည်။

အခြားသူများမှာ မျက်စိစုံမှိတ် လိုက်နေကြသော ကျောင်းသားများနှင့် တူသည်။ သူကတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးပြီးနောက် သူ ဖန်တီးထားသော နယ်ပယ်ကို ကိုယ်တိုင်ဖောက်ထွက်၍ ကျော်လွန်ပြီဖြစ်သည်။

သိုင်းအဆင့်ဆိုသည်မှာ သိုင်းပညာ‌တည်ထောင်သူများ သာမန်လူတို့အား သိုင်းပညာသင်ကြားပေးသည့်အခါ သုံးသည့် ဘောင်အကန့်အသတ်သာ ဖြစ်သည်။ ချင်မူက တည်ထောင်သူတစ်ဦးအနေဖြင့် သိုင်းအဆင့်များ၏ ကန့်သတ်ချက်ကို ဖောက်ထွက်နိုင်အောင် ကြိုးစားခဲ့၏။

ချင်မူ့အနေဖြင့် လွန်ခဲ့သည့် နှစ်တစ်သန်းမှ လူတို့၏ အမြော်အမြင်ကို အားကိုးရသည်မှာ မထူးဆန်းပေ။ ရှေ့ဆက်သွားနိုင်ဖို့ ပြုပြင်ပြောင်းလဲသူတို့၏ အမြော်အမြင်အား လိုအပ်ချေသည်။

ထို့ကြောင့် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အား သူ မစွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

တိုးတက်ဖို့ တစ်ပါးသူ၏ ဦးနှောက်ကိုလည်း ဖောက်စားတတ်ရမည်။

ထိုမှသာ အတိုဆုံးအချိန်အတွင်း ကောင်းကင်နတ်အရှင်ဆယ်ယောက်ကို ရင်ဆိုင်နိုင်သည့်အဆင့်အထိ ကျင့်ကြံနိုင်လိမ့်မည်။

ထိုအချက်တွင် သူကား တော်လှန်သူမဟုတ်တော့ချေ။

တော်လှန်ခြင်းကား အလုံးစုံပြောင်းလဲခြင်း ဖြစ်၏။ ထိုသို့မဟုတ်ဘဲ တချို့တစ်၀က်သာ ပြင်ဆင်ပါက ပြုပြင်ပြောင်းလဲခြင်းဟု သတ်မှတ်ရပေမည်။

နဂါးဟန်ခေတ်ကား တော်လှန်မှုဖြစ်သည်။ ထိုတော်လှန်မှုက ‌သွေးဆက်များအပေါ် အမြင်နှင့် သတ်မှတ်ချက်တို့ကို ဖယ်ရှားကာ သိုင်းကျင့်ကြံခြင်းအား ပင်မခေတ်ရေစီးကြောင်း ဖြစ်စေခဲ့သည်။

ချိမင်ခေတ်သည်လည်း တော်လှန်မှုဟု သတ်မှတ်နိုင်ချေသည်။ အဆိုပါတော်လှန်‌ရေးက နတ်ဘုရားတစ်ပိုင်းများ လူသားတို့အပေါ် အသားစီးရနေမှုကို ပယ်ဖျက်၍ လူသားများအား တန်းတူ သန်မာလာစေခဲ့သည်။

ချုံဧကရာဇ်ခေတ်ကလည်း တော်လှန်မှုပင်။ ၎င်းသည် နတ်ဘုရားများအပေါ် ထားရှိသည့် လူသားတို့၏ ရိုသေမှုကို ချိုးဖျက်ခဲ့ပြီး လူ့အသက်သည် ကောင်းကင်ဘုံထက်ပင် မြင့်မြတ်သည်ဟု ယုံကြည်ကာ ထိုအယူဝါဒအား ကျင့်သုံးခဲ့ကြသည်။

ခိုင်ဧကရာဇ်ခေတ်ကား ချုံဧကရာဇ်ခေတ်မှ အသီးအပွင့်များကို ခံစားခဲ့သည့် ပြုပြင်ပြောင်းလဲမှုဖြစ်သည်။ ခိုင်ဧကရာဇ်သာ ဟင်းလင်းပြင်အား ကမ္ဘာ‌ခေတ်နှောင်းမဟာတာအိုဖြင့် ခတ်နှိပ်နိုင်ခဲ့လျှင် ခိုင်ဧကရာဇ်၊ သိုင်းပညာကောင်းကင်ဆရာသခင်နှင့် အခြားသူများသည် ရှေးဟောင်းနတ်ဘုရားမျိုးဆက်သစ်များ ဖြစ်လာခဲ့လိမ့်မည်။ ထိုသို့ဆိုလျှင် ‌ပြုပြင်ပြောင်းလဲမှုအစား တော်လှန်မှုဟု သတ်မှတ်နိုင်ပေသည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသည် ယခင်မျိုးဆက်များအပေါ် မတော်လှန်ဘဲ ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တို့ကို ပြီးပြည့်စုံစေခဲ့၏။ ထို့ကြောင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာပြုပြင်ပြောင်းလဲမှုအား တော်လှန်မှုဟု ခေါ်ဆို၍မရပေ။

ခေတ်ငါးခေတ်မှ နတ်ဘုရားများနှင့် လူသားတို့၏ ကြိုးစားမှုများအပြင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်သည် ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းတော်ကျင့်စဉ်စနစ်တို့ကို စဉ်ဆက်မပြတ် တိုးတက်စေခဲ့၏။

ချင်မူကား ဤကဲ့သို့ နှစ်တစ်သန်းကြာ တော်လှန်ခဲ့မှုနှင့် ပြုပြင်ပြောင်းလဲခဲ့မှုတို့ဆီမှ လုံးဝကွဲထွက်နေသော လမ်းကြောင်းတစ်ခုကို ကိုယ်စားပြုသည်။

ချင်မူ ရတနာရထားလှည်းအထဲမှ ထွက်၍ ရှေ့သို့ ကြည့်လိုက်သည်။ ဟင်းလင်းပြင်ကြီးသာ မျက်စိတစ်ဆုံး နေရာယူထားပြီး မည်သည့်ကြယ်၊ မည်သည့်အလင်းရောင်မှ မရှိချေ။ ကြယ်တာရာကောင်းကင်၏ အမှောင်ဘက်ခြမ်းအလား ထင်ရသည်။

“ဘိုးဘေးနန်းတော်က ဒီမှာပဲ” သူ စိတ်အားတရှိန်းရှိန်း တက်ကြွလာသည်။

ကုရှောင်က သူ့ကိုကြည့်၍ ခပ်တိုးတိုး မေးသည်။ “နောင်တော်မူက ဖန်ဆင်းရှင်လား”

ချင်မူ ခေါင်းရမ်းလိုက်သည်။

“ဒါဆို မိစ္ဆာနတ်ဆိုးကို လွှတ်မပေးလိုက်ပါနဲ့” ကုရှောင်က ဟင်းလင်းပြင်ကို ကြည့်ကာ တိုးညှင်းစွာ ပြောလေသည်။

ချင်မူမှာ ကြောင်အသွား၏။ လော့ရှောင်က ရထားလှည်းရှေ့သို့ စိတ်လှုပ်တရှား လျှောက်လာသည်။ သူ မြင်ယောင်ဖန်ဆင်းလိုက်သည့်အခါ သူ့နောက်ရှိ ဟင်းလင်းပြင် ပွင့်ထွက်သွားပြီး ယဇ်ပလ္လင်တစ်ခု ပျံထွက်လာသည်။

“ဒါ ဘိုးဘေးနန်းတော် ဟုတ်၊မဟုတ် တစ်ချက်လေး စစ်ဆေးကြည့်ရုံနဲ့ သိရလိမ့်မယ်” သူက ပြောသည်။

“ဘယ်လိုစစ်ဆေးပြီး အတည်ပြုမှာလဲ” ချင်မူ မေးလိုက်မိ၏။

လော့ရှောင်မှာ စိတ်လှုပ်ရှားနေသည်ကို ထိန်းမရတော့ချေ။ “ဟင်းလင်းပြင်သားရဲကို ဆင့်ခေါ်ရမယ်”

All Chapters