မီးပွားကို စုပ်ယူခြင်း
Vol. 85 Ch. 1175
မန်ဟိုသည် အဖြူရောင်နွယ်များ၊ အပင်များ ဖုံးနေသော မဟူရာမြို့နက်ကို လှမ်းကြည့်ရင်း မျက်လုံးများ ဝင်းလက်သွား၏။ ထို့နောက် သူက ၎င်းအပေါ်တွင် ပျံဝဲနေသော မီးပွားကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် တောက်ပလာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ အဲဒီမီးပွားကို ရအောင်ယူမယ်” သူက ရေရွတ်လိုက်သည်။ ယင်းသည် သူ ဤနေရာသို့ ရောက်လာခဲ့သော ရည်ရွယ်ချက်ဖြစ်သည်။ သူ့အနေဖြင့် လက်ရှိနတ်မီးတောက်အဆီအနှစ်ကို ဖြည့်တင်းရုံမျှနှင့် မတင်းတိမ်နိုင်ပေ။ ဤနေရာတွင် ပေါများသော်လည်း သူ နောက်ဆုံးတစ်ခေါက်က ရရှိခဲ့သည့်ပမာဏမှာတော့ အကန့်အသတ်ရှိခဲ့သည်။
၎င်းက အနှစ်သာရတစ်ခုလုံး၏ အဆီအနှစ်မျှင်လေးမျှသာ ဖြစ်ခဲ့လေသည်။ ၎င်းကို ပြန်လည်ဖြည့်တင်းလျှင်တောင်မှ အဆုံးသတ်တွင် သူ့၌ ရှိမည့်ပမာဏသည် ယခင်အတိုင်း တစတစ နည်းပါးလာကာ ကုန်ခမ်းပေဦးမည်။ သူ ထပ်လိုချင်လျှင် အနှစ်သာရကို ထပ်လိုအပ်မည်။ ထိုအနှစ်သာရက ... သူ၏လက်ရှိနေရာထက်ပို၍ အတွင်းကျသောနေရာတွင် တည်ရှိနေသည်။ ၎င်းသည် မြို့များတည်ထားရာ နေရာ၊ အထူးသဖြင့် ထိုမီးတောက်မီးလျှံများအတွင်း၌ ရှိနေ၏။
မန်ဟိုက သွက်သွက်လက်လက် လှုပ်ရှားရင်း အတွင်းပိုင်းထဲသို့ ဦးတည်လာသည်။ သူသည် အနီးဆုံးစေတီနား၌ ရပ်၍ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်၍ သူ့တွင် ရှိပြီးသား အဆီအနှစ်ထဲသို့ နတ်မီးတောက်၏အနှစ်သာရအား စတင်စုပ်ယူတော့သည်။
မကြာမီ သူကား မီးတောက်မီးလျှံများဖြင့် လွှမ်းခြုံခံလိုက်ရလေပြီ။ သို့သော် သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် နောက်ဆုံးတစ်ခေါက် သူ ဤနေရာသို့ ရောက်ခဲ့စဉ်ကထက် များစွာအဆင့်မြင့်နေပြီဖြစ်သည်။ နတ်မီးတောက်ကို ရင်ဆိုင်နေရသည့်တိုင် သူ့မျက်နှာထားက တစ်ချက်ပြောင်းလဲခြင်းမရှိပေ။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူက ထရပ်၍ နောက်စေတီတစ်ဆူသို့ ရွေ့လျားသွားသည်။ အချိန်သည် ဤအတိုင်း ကုန်ဆုံးသွားခဲ့ပြီး သူ နတ်မီးတောက်ကို ဆက်လက်စုပ်ယူနေသည်နှင့်အမျှ သူ့ကိုယ်ထဲရှိ နတ်မီးတောက်အနှစ်သာရသည် ပို၍ကြီးထွားလာပြီး အားကောင်းလာခဲ့၏။
ယခုထက်ထိ သူသည် အနှစ်သာရတစ်ခုလုံးကို ရယူနေခြင်းမဟုတ်ဘဲ နတ်မီးတောက်ကို ပြန်ဖြည့်တင်းနေခြင်းသာ ဖြစ်သည်။ သူ့အနေဖြင့် သတိကြီးကြီးဖြင့်သာ ဆက်သွားချင်သည့်အပြင် မဟူရာမြို့နက်၏အပေါ်တွင် ပျံဝဲနေသော မီးတောက်ကို စောင့်ကြည့်အကဲခတ်ဖို့အတွက်လည်း ယခုလို နည်းနည်းချင်းစီ စုပ်ယူ၍ တရွေ့ရွေ့ သွားနေခြင်းဖြစ်သည်။
လဝက်ကုန်ဆုံးရန် မကြာလိုက်ပေ။ မန်ဟိုသည် မီးတောက်များကို အဆက်မပြတ် စုပ်ယူရင်း စေတီထောင်ပေါင်းများစွာကို ဖြတ်လာခဲ့၏။ သူ၏နတ်မီးတောက်မှာလည်း သူ ဤွနေရာသို့ ဝင်လာခဲ့တုန်းက ရှိခဲ့သည်ထက် ဆယ်ဆကြီးမားနေလေပြီ။
ယခုတွင် အနှစ်သာရအဖြစ် စုဝေးနေပြီသော ဤနတ်မီးတောက်ကိုသာ သူ ထုတ်လွှတ်လိုက်လျှင် ၎င်း၏စွမ်းအားသည် ကြောက်ခမန်းလိလိ ကြီးမားနေလိမ့်မည်။ နောက်ဆုံးတော့ သူ့မှာ ဆက်လက်မစုပ်ယူနိုင်တော့သောနေရာသို့ ရောက်လာခဲ့ရာ သက်ပြင်းချလိုက်မိတော့သည်။
နောက်ဆုံးအကန့်အသတ်သို့ ရောက်သွားပြီဖြစ်၍ သူ့အနေဖြင့် ပို၍မြင့်မားသောအဆင့်ကို တက်ချင်လျှင် ပတ်ဝန်းကျင်ရှိ နတ်မီးတောက်များကိုသာ စုပ်ယူ၍မရတော့ကြောင်း သူ သိလိုက်သည်။ အတွင်းပိုင်းထဲ ဆက်သွား၍ အနှစ်သာရကို စုပ်ယူဖို့ လိုလိမ့်မည်။
“အဲဒီမီးပွားတွေက ထူးထူးဆန်းဆန်း အန္တရာယ်များနေသလိုပဲ...” သူသည် စေတီတစ်ဆူ၏အပေါ်တွင် ထိုင်လျက် အဝေးရှိ မဟူရာမြို့ကို လှမ်းကြည့်ရင်း တွေးလိုက်သည်။ သူနှင့်မြို့အကြား စေတီပေါင်းထောင်သောင်းချီ ရှိနေသေး၏။ တခဏတွေးပြီးသော် သူက ပုံရိပ်များကိုသာ နောက်ချန်ခဲ့ရင်း ရှေ့ဆက်တက်လာသည်။ သူကား အရှေ့၌ ဆောင့်ကြိုနေသည့် အန္တရာယ်ကို လျစ်လျူရှုထားသည်အထိ စိတ်ပိုင်းဖြတ်ထားလေသည်။
နတ်မီးတောက်များက သူ့ပတ်ပတ်လည်တွင် တရှဲရှဲ တောက်နေပြီး ကောင်းကင်ပင်လျှင် မီးကောင်းကင်ဖြစ်နေသည်။ သို့သော် မန်ဟိုက အမြင့်ဆုံးအရှိန်ဖြင့် မီးများကို ခွင်းသွားရာ တိုက်ခတ်သွားသော လေပြင်းက မီးတောက်များကို ကခုန်ယိမ်းနွဲ့သွားစေသည်။ မကြာမီ သူသည် စေတီငါးထောင်ကျော်ကို ဖြတ်ကျော်လာခဲ့လေပြီ။ မီးအပူရှိန်က ပို၍ပြင်းထန်လာသော်လည်း သူကား အရှိန်နည်းနည်းလေးမှ လျှော့ခြင်းမရှိ။
၈၀၀၀၊ ၁၀၀၀၀၊ ၁၅၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ....
မန်ဟိုသည် နတ်မီးတောက်တစ်ကမ္ဘာလုံးကို ဝရုန်းသုန်းကား လူးလွန့်နေစေရင်း တဟုန်ထိုး လေဟုန်စီးနေ၏။ မီးတောက်များသည် သောင်းကျန်းယိမ်းနွဲ့နေပြီး မကြာမီ သူ့နှင့် မဟူရာမြို့အကြား၌ စေတီအဆူတစ်သောင်းသာ ကျန်တော့လေပြီ။
ယခုတွင် အပူချိန်မှာ အလွန်မြင့်မားလှသည့်အတွက် သူ့နဖူးမှ ချွေးများ စီးကျနေပြီး သူ့မှာ အတန်ငယ်ဟောဟဲလှိုက်လာသည်။ လောကပါလတာအိုအင်မော်တယ်တန်ခိုး ထွက်ပေါ်လာသည်နှင့် မိုးပြာရောင်အလင်းသည် သူ့ပတ်ပတ်လည်တွင် ကွန့်မြူးလာ၏။ သူက နောက်ဆုံးစေတီတစ်သောင်းကို ဖြတ်ကျော်၍ မဟူရာမြို့နက်၏အပြင်တွင် ပေါ်လာသည်။
ဤသို့အနီးကပ်ရောက်မှ ၎င်း၏ကြီးမြတ်ခမ်းနားမှုကို မန်ဟို ရှင်းလင်းပြတ်သားစွာ ခံစားလိုက်ရသည်။ သူသည် နံရံများအပေါ်၌ တွယ်တက်ပေါက်ရောက်နေသော အပင်ဖြူဖြူများကို ကြည့်လိုက်သောအခါ ထူးခြားဆန်းပြားသောခံစားချက်တစ်ခုသည် သူ့ရင်ထဲ၌ ဖြစ်ပေါ်လာ၏။
သူက အသက်ပြင်းပြင်းရှူရင်း လေပေါ်ခုန်ကာ မြို့တံတိုင်းအပေါ် တက်လိုက်သည်။ မြို့ကို ငုံ့ကြည့်လိုက်လျှင် သူ့သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။
လူနေအိမ်များကို မြင်ရမည့်အစား အင်ပါယာနန်းတော်အသွင်ကို ဆောင်ကြဉ်းနေသော ဧရာမအဆောက်အအုံကြီးတစ်ခုအား တွေ့လိုက်ရသည်။
အင်ပါယာနန်းတော်၏အလယ်တည့်တည့်၊ မြို့၏အလယ်တည့်တည့်တွင်တော့ ... ဝတ်ပြုကျောင်းပျက် ရှိသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ထိုဝတ်ပြုကျောင်း၏ အပြိုအပျက်များထဲတွင် ရွှေရောင်သလွန်တစ်ဆူအား မြင်ရနိုင်သည်။ ၎င်းအပေါ်တွင်တော့ .... လူ့အရေခွံအား အလွှားလိုက်ခင်းထားသည်။
အရေခွံသည် အကောင်းပကတိတိုင်း ရှိနေပြီး လူအိုတစ်ယောက်၏ အရေခွံဖြစ်ဟန်ရသည်။ ကြည့်သရွေ့ သူ့မှာ အရှင်လတ်လတ် အရေခွံစုပ်ခံခဲ့ရပြီး ထိုအရေခွံမှာတော့ သလွန်အပေါ် ခင်းထားခံခဲ့ရပုံပေါ်သည်။ ၎င်းမှာ ထူးဆန်းသောမြင်ကွင်းတစ်ခုဖြစ်ပြီး ပို၍ထူးဆန်းသည်မှာတော့ သလွန်၏အပေါ် မီတာသုံးထောင်အမြင့်တွင် ပျံဝဲနေသော မီးပွားမှတစ်ပါးအခြားမဟုတ်ပေ။
မန်ဟို့မျက်လုံးများ ဝိုင်းစက်သွားသည်။ သူက ပို၍သတိရှိရှိဖြင့် တဟုန်ထိုးထွက်သွားကာ ပုံရိပ်များသာ နောက်ချန်ခဲ့သည်။ သူထွက်သွားသောအခိုက်အတန့်တွင် လက်တစ်ဖက်သည် မီးတောက်များထဲမှ ဘွားခနဲ ထွက်လာပြီး သူ ချန်ရစ်ခဲ့သော ပုံရိပ်ကို ဖမ်းဆုပ်လိုက်၏။ ထိုလက်ကား မန်ဟို့နှလုံးသားကို သူ့ကိုယ်ထဲမှ ဆွဲထုတ်ဖို့ ပြင်နေခဲ့သည့်အလားပင်။
မန်ဟိုသည် ချက်ချင်းဆိုသလို မီးတောက်ထဲ ပြန်ဝင်စပြုနေသော လက်ကို လှည့်ကြည့်၍ မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။ သူက ထိုလက်ကို လှမ်း၍ ဖမ်းလိုက်၏။
“ထွက်လာခဲ့စမ်း” သူက အေးစက်စက် နှာမှုတ်ရင်း ပြောလိုက်သည်။ လက်အနောက်ရှိ မီးတောက်များမှာ တုန်ရီသွားပြီး အရိပ်တစ်ခု ဆွဲထုတ်ခံလိုက်ရသည်။ ၎င်းသည် တစ်ကိုယ်လုံးမီးများဖြင့် ဖွဲ့စည်းထားသော မျက်နှာမဲ့မီးခန္ဓာတစ်ခု ဖြစ်၏။ ၎င်းက လူပုံစံရှိသော်လည်း ကျင့်ကြံသူတော့မဟုတ်ပေ။
“မီးစောင့်နတ်” မန်ဟိုက မျက်လုံးများ ကျဉ်းမြောင်းရင်း တွေးလိုက်သည်။ မီးစောင့်နတ်မှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ ပတ်ပတ်လည်ရှိ မီးတောက်များအား တဟုန်းဟုန်း ထကြွသောင်းကျန်းလာစေသည်။ ရုတ်တရက် အမျက်တချောင်းချောင်းထွက်နေသော မီးစောင့်နတ်ရာချီသည် ဘွားခနဲ ပေါ်လာကြ၏။
လေလယ်ရှိ မီးပွားပင်လျှင် တဖျပ်ဖျပ် လှုပ်သွားသည်။ ထို့နောက် မီးစောင့်နတ်များက မန်ဟို့ဆီ ပြေးဝင်လာကြသည်။
ရန်လိုနေသောမီးစောင့်နတ်တစ်ထောင်ကျော် သူ့ဆီ ချဉ်းကပ်လာနေကြသဖြင့် မန်ဟိုက မျက်မှောင်ကြုတ်လိုက်သည်။ သူက အေးစက်စက်နှာမှုတ်၍ လက်ကို ဆန့်ကာ မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနော် လက်ချောင်းတစ်ချောင်းအား ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော အင်မော်တယ်တောင်များသည် မိုးပြာရောင်ဝင်းဝင်းလက်လျက် ပေါ်လာကြပြီး မီးစောင့်နတ်များကို ဖိခြေလိုက်ကြ၏။ မီးစောင့်နတ်အားလုံးနီးပါး စိစိညက်ညက်ကြေသွားသဖြင့် စိတ်မချမ်းမြေ့ဖွယ်အော်သံများ ဆူညံသွားသည်။ ၎င်းတို့က ပျက်စီးသွားသည့်အခါ ဘေးဘီဝဲယာသို့ ပြန့်ကြဲသွားသော နတ်မီးတောက်များအသွင် ပြောင်းသွားကြလေသည်။
မန်ဟိုက မရပ်ပေ။ သူသည် မီးပွားထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားနေ၏။ ၎င်းအနားရောက်သည်နှင့် သူက လက်ကို ဆန့်၍ ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် မီးတောက်မီးလျှံများအကြားမှ ဒေါသတကြီးကြိမ်းမောင်းသံတစ်သံအား ကြားလိုက်ရသည်။
“ဒါက နဂါးငါးကောင်ရဲ့အထွတ်မြတ်ဗိမာန်။ ငါတို့ဟာ ဟော်ရန်စစ်ကို ဖိနှိပ်ဖမ်းချုပ်ထားဖို့ အရှင်တောက်ဖန်ရဲ့အမိန့်တော်တွေကို နာခံနေတာ။ သင်က ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် အခုချက်ချင်း ထွက်သွားလိုက်ပါ။ ရှေ့ဆက်တိုးရင် သင့်ခန္ဓာနဲ့ဝိညာဉ် ပျက်စီးစေရမယ်”
အသံပဲ့တင်ထပ်လာစဉ် မီးတောက်များက တရှဲရှဲမြည်လာပြီး ဧရာမမီးလက်ကြီးတစ်ဖက်ဖြစ်ပေါ်လာကာ မန်ဟို့ဆီ ပြေးဝင်လာ၏။ လက်ကြီးကား မန်ဟို့ကို ဒဏ်ခတ်တော့မည့်အလားပင်။
၎င်းက မန်ဟို့ကို ဖမ်းဆုပ်၍ အရှင်းသုတ်သင်ပစ်တော့မည့်အလား ထိုးဆင်းလာနေသည်။ မန်ဟို့မျက်လုံးများ အေးစက်စက် လက်သွားပြီး သူက ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် ထစ်ချုန်းသံများ ဆူညံသွားပြီး အကွဲကြောင်းတစ်ကြောင်းသည် သူ့အရှေ့တွင် ပွင့်လာ၏။ သွေးမိစ္ဆာလက်များက အကွဲကြောင်းကို ချဲ့၍ ထွက်ပြူလာကာ သွေးမိစ္ဆာတစ်ကောင်းလုံး မာန်သွင်းဟိန်းဟောက်ရင်း မီးလက်ကြီးဆီ ပြေးတက်သွားလေပြီ။
မီးလက်ကြီးနှင့် သွေးမိစ္ဆာတို့ စတင်တိုက်ခိုက်ကြသဖြင့် ပေါက်ကွဲသံများ ရိုက်ညောင်းလာသည်။ တစ်ချိန်တည်းမှာပင် မန်ဟို့ညာလက်သည် လျှပ်စီးလို လှုပ်ရှားကာ မီးပွားကို ထိလိုက်၏။ ထိုအခိုက်အတန့်တွင် သူ့စိတ်နှလုံးတုန်ရီသွားပြီး အပေါ်ရှိ မီးကောင်းကင်မှ သွေးအေးအေး ရယ်သံကြီးတစ်သံ ထွက်လာသည်။
“ငမိုက်သား အင်မော်တယ်လို့ခေါ်တဲ့ကောင် ၊ နှစ်ပေါင်းများစွာတစ်လျှောက်လုံး မင်းလို အင်မော်တယ်ကမ္ဘာလာတဲ့ အသိဉာဏ်မရှိတဲ့အရူးတွေ ဟော်ရန်စစ်ရဲ့ တာအိုဒေသနာနဲ့အသိအမြင်တွေကို ရယူဖို့ ကြိုးစားခဲ့ကြဖူးတယ်
“အဆုံးသတ်မှာ ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး။ သူတို့ ရခဲ့တဲ့ အရာဆိုလို စောစောစီးစီး သေရတာပဲ ရှိတယ်။ အခု မင်းကိုလည်း ဘယ်သူမှ မကယ်တင်နိုင်ဘူး”
မန်ဟို မီးပွားကို ထိလိုက်သည့်အချိန်မှာပင် မီးတောက်အတွင်းရှိ ရှည်မျောမျောမျက်ဆံက ပွင့်လာသည်။
၎င်းက မန်ဟို့ကို ခံစားချက်မဲ့စွာ ကြည့်သည်။
“အနှစ်သာရတွေကို ထပ်လိုချင်သလား
“ထာဝရဘဝကို လိုချင်သလား
“ကောင်းကင်ဘုံတွေကို ချေမှုန်းနင်းခြေပစ်နိုင်တဲ့ တာအိုမှော်သိုင်းကွက်တစ်ခုကို လိုချင်သလား
“တောက်ဖန် တစ်ခါက ပြောခဲ့ဖူးတယ် အင်မော်တယ်တွေရဲ့ ကမ္ဘာက ဒဏ်ခတ်ခံရဖို့ ကံပါပြီးသား။ အင်မော်တယ်မြေတွေဟာ အိုမင်းလာပြီး အင်မော်တယ်တွေ သေရလိမ့်မယ်တဲ့။ မဖြစ်နိုင်တာ။ ငါ လက်မလျှော့ဘူး။ ငါ အရှုံးကို ဝန်ခံဖို့ ငြင်းဆိုတယ်
“ငါ မင်းကို ငါ့အနှစ်သာရ ပေးနိုင်တယ်၊ ငါ့တာအိုမှော်သိုင်းပေးနိုင်တယ်၊ ငါ့တန်ခိုးတွေ ပေးနိုင်တယ်။ ဒါပေမဲ့ မင်း ငါ့ရဲ့အနက်ရှိုင်းဆုံးဆန္ဒကိုတော့ ဖြည့်ဆည်းပေးရမယ်။ မင်း တောက်ဖန်ကို သုတ်သင်ပေးရမယ်
“တောက်ဖန်ကို သတ်ပေး”
အသံကြီး၏ရူးသွပ်နေမှုကြောင့် မန်ဟို့စိတ်နှလုံး တုန်ရီသွားသည်။ ၎င်းတွင် အကန့်အသတ်မဲ့သော မုန်းတီးမှု၊ နာကြည်းမှုအစွဲနှင့် ပြည့်နေရာ မန်ဟို့စိတ်အာရုံကို စိုးမိုးနေစဉ် သူ့ပတ်ပတ်လည်ရှိ မီးမြေများကိုလည်း သက်ရောက်မှုရှိလာသည်။ မီးလျှံများသည် မိုးထိလုအောင် မြင့်မားလာ၏။
တစ်ချိန်တည်းမှာပင် မီးပွားသည် သူ့လက်ဝါးပေါ်တွင် ကျုံ့လာကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းရင်း သူ့ကိုယ်ထဲ ဝင်ရောက်၍ ... သူ၏တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။
ကြည့်ရသရွေ့ မီးပွားသည် မန်ဟို သဘောတူတူမတူတူ သူနှင့်ပေါင်းစည်းမည့်အလားပင်။ ၎င်းအောင်မြင်ပါက အဆင့်တစ်ခုရောက်လျှင် ဟော်ရန်စစ်အား အသက်ပြန်သွင်းနိုင်လိမ့်မည်။ မန်ဟို၏အနှစ်သာရများထဲမှ တစ်ခုအဖြစ်သာ အသက်ပြန်ရှင်လာရလျှင်တောင်မှ သူသည် ဝမ်းမြောက်ဝမ်းသာ လက်ခံလိမ့်မည်။
ပေါင်းစည်းခြင်း မအောင်မြင်လျှင်တော့ ... မန်ဟို သေရလိမ့်မည်။ ထို့နောက် မီးပွားသည် ၎င်း၏အမွေကို လက်ဆင့်ကမ်းပေးဖို့ နောက်အင်မော်တယ်တစ်ယောက် လာမည်ကို စောင့်မည်။ နောက်ဆုံးတွင် တစ်ယောက်ယောက်တော့ ဤအနှစ်သာရ၏ဆက်ခံသူ ဖြစ်လာမည်။
နတ်မီးကမ္ဘာသည် ဝရုန်းသုန်းကား တောက်လောင်နေ၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် မီးတောက်မီးလျှံများက မန်ဟို့ဆီ တန်းတန်းမတ်မတ် ဦးတည်ရင်း လေကို ခွင်းသွားနေကြလေပြီ။
သင်သာ ထိုမြင်ကွင်းကို အပေါ်စီးမှ ကြည့်လျှင် ဖြစ်နေသောအရာကို ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မည်။ မီးပင်လယ်ကြီးက မန်ဟို့ကို အလယ်တွင် ထားလျက် ကျုံ့နေသည်။ မီးအားလုံးကား သူ့ကိုယ်ထဲ စုပ်ယူခံနေရ၏။
သူ့မှာ မီးလောင်ကျွမ်းနေပြီး သူ့နှုတ်မှ နာကျင်စွာ အော်ညည်းလိုက်သံကြီး ထွက်လာသည်။ မီးတောက်များသည် သူ့အတွင်းထဲမှ နှင်ထုတ်ခံလိုက်ရကာ ငြိမ်းသေသွား၏။ သူ့မှာ စကားလုံးများဖြင့် ပြောပြမတတ်သော နာကျင်မှုမျိုးဖြင့် မျော့မျော့သာ ကျန်ရစ်ခဲ့သည်။ သေမင်းခေါင်းလောင်းသံများ သူ့စိတ်ထဲတွင် ဆူညံနေလေသည်။
ယခု သူ့တွင် လျှောက်စရာလမ်းနှစ်လမ်းသာ ရှိကြောင်း သူ သိသည်။ အောင်မြင်လျှင် ဤအနှစ်သာရကို အမှန်တကယ် ခြယ်လှယ်နိုင်မည်၊ အဆများစွာပို၍အစွမ်းထက်လာမည်။ ကျရှုံးလျှင်တော့ သူ့မှာ ပြာကျသွားရလိမ့်မည်။
တတိယရွေးချယ်စရာလမ်းမရှိ။
အေးစက်စက်အသံက မီးတောက်များထံမှ ထပ်မံထွက်လာသည်။ “နှစ်ပေါင်းများစွာတစ်လျှောက်လုံး ဘယ်သူမှ မအောင်မြင်ခဲ့ဖူးဘူး။ မင်း အရှင်လတ်လတ် မီးလောက်တိုက်သွင်းခံရမှာကို ငါ ကြည့်ချင်မိတယ်” အသံပိုင်ရှင်သည် ဤအနှစ်သာရ၏အမွေကို လက်ခံရန် ကြိုးစားခဲ့ကြသော မန်ဟို့လိုကျင့်ကြံသူများကို မြင်တွေ့ခဲ့ဖူးပုံရသည်။
မန်ဟို့မျက်လုံးများ နီရဲသွားသည်။ ထိုနီရဲမှုထဲတွင် မည်သည့်အပိုင်းက သွေးဖြစ်ပြီး မည်သည့်အပိုင်းက မီးတောက်ဖြစ်နေသလဲ ပြောရခက်၏။ သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်လာကာ သူ့ဆံပင်များလည်း မီးကျွမ်းကုန်သည်။ သူ့သိုလှောင်အိတ်ပင်လျှင် မီးဒဏ်ကို မခံနိုင်၍ ပျက်စီးစပြုလာသည်။ မန်ဟိုက ဤသည်ကို ခံစားလိုက်ရသည်နှင့် သူနှင့်ဝေးရာသို့ ပစ်လိုက်သည်။ သူ့ရည်ရွယ်ချက်ကို နားလည်သဖြင့် သွေးခွေးကြီးက စိုးရိမ်တကြီး ဟောင်၍ အိတ်ကို ဖမ်းကိုက်လိုက်လေသည်။
“မလောက်လေးစား နတ်မီးတောက်အနှစ်သာရများ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်ထင်လား” မန်ဟို့မျက်လုံးများသည် မီးဝင်းဝင်းတောက်နေ၏။ အန္တရာယ်ကို ခံစားနေရသည့်တိုင် ၎င်းက သူ လေဟုန်ခွင်းလောကတွင် ကြုံတွေ့ခဲ့ရသောအရာ၏ ခြေဖျားကိုပင် မမှီချေ။