← Chapters

မဟာစက်ဝန်းအဆင့် အပြင်အားကိုယ်

Vol. 85 Ch. 1176

မဟာစက်ဝန်းအဆင့် အပြင်အားကိုယ်

Vol. 85 Ch. 1176

မန်ဟို့မျက်လုံးများ ရဲတွတ်လာပြီး သူ၏ အ၀တ်အစားများသည် သူ၏ ကျစ်လစ်သန်မာသောခန္ဓာကိုယ်ကို ဖော်ပြရင်း လောင်ကျွမ်းလာ၏။ သူကား ယခုတွင် နတ်မီးတောက်ဖြင့် မီးမြိုက်သန့်စင်ခံနေရပြီး အဆုံးအစမရှိသော မီးပင်လယ်ကြီးဖြင့် အဝိုင်းခံထားရလေသည်။

မီးတောက်မီးလျှံများက သူ့ကို တဝုန်းဝုန်း ရိုက်ခတ်၍ သူ၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီး၀င်နေသည်။ သူ့မျက်နှာအမူအရာသည် ခက်ထန်ကြုမ်းကြုတ်နေပြီး သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ သူ၏ဒွါရပေါက်များကိုသာမက မွှေးညင်းပေါက်များကိုပါ ပိတ်၍ ပိတ်လိုက်သည်။

"နတ်မီးတောက်က အစွမ်းထက်ကောင်း အစွမ်းထက်လောက်ပေမယ့် အနိုင်ယူလို့မရတဲ့အထိတော့ မဟုတ်ဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီး ငါ့ကိုယ်ငါ နောက်တစ်ဆင့်ကို မြှင့်ဖို့အတွက် ဒီမီးတောက်ကို အသုံးချမယ်" သူက လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်ရာ သူ၏ရှေးဟောင်းနယ်ပယ် အပြင်အားကိုယ်ဝိညာဉ်မီးအိမ်များသည် ဘွားခနဲ ပေါ်လာ၏။

သူ့တွင် စုစုပေါင်း မီးအိမ်ကိုးလုံး ရှိသော်လည်း ယခုတွင် နှစ်လုံးသာ လင်း၍ ခုနစ်လုံးက မီးသေနေသည်။

မန်ဟို၏ခန္ဓာကိုယ်ကဲ့သို့ ရှေးဟောင်းနယ်ပယ်အဆင့် အပြင်အားကိုယ်မျိုးသည် ရှားပါးသည့်အပြင် တကယ်တမ်း ဆန့်ကျင်ရှေးဟောင်းနယ်ပယ်အဆင့်၌ ဖြစ်၏။ သူ၏ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်ဝိညာဉ်မီးအိမ်များသည် မီးငြိမ်းအဆင့်မှ မီးလင်းအဆင့်သို့ ကူးပြောင်း၏။ ပုံမှန်ရှေးဟောင်းနယ်ပယ်အဆင့်ကမူ ဝိညာဉ်မီးအိမ်များ မီးလင်းနေပြီး အဆင့်တက်သည်နှင့်အမျှ ငြှိမ်းသွားရခြင်းမျိုး ဖြစ်ချေသည်။

သူ၏အပြင်အားကိုယ် ပိုမိုအစွမ်းထက်လာသည်နှင့်အမျှ၊ သူ ကျင့်ကြံသည်နှင့်အမျှ ထိုရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်မီးအိမ်များကို တစ်လုံးပြီးတစ်လုံး ထွန်းနိုင်ပေမည်။

"သန့်စင်လိုက်စမ်း" သူက မီးတောက်များအား သူ့ပတ်ပတ်လည်တွင် လည်လာစေရင်း ဟိန်းဟောက်လိုက်သည်။ မီးတောက်များမှာ သူ့ခန္ဓာကိုယ်အတွင်းသို့ မ၀င်ရောက်နိုင်တော့ရာ အပြင်မှ မီးမြိုက်ကာ ကင်နေတော့သည်။

သူ့မှာ တုန်ရီနေပြီး ကပျာကယာ မုဒြာလက်ကွက်နှစ်ကွက် ဖော်လိုက်သည်။ သူသည် ခန္ဓာသန့်စင်မှော်အစွမ်းတစ်မျိုးမျိုးကို မသုံးဘဲ ဆေးဖော်နည်းကို အသုံးချနေ၏။

မန်ဟို၏ ဆေး၀ါးတာအိုသည် မိုးနှင့်မြေကို ဆေးပေါင်းဖို၊ သူ့ခန္ဓာကိုယ်ကို ဆေးလုံးအဖြစ် အသုံးချနိုင်သော ဆေးဝါတာအိုဖြစ်သည်။ သို့ဖြစ်၍ သူ့ခန္ဓာကိုယ်ကို သန့်စင်ဖို့ ဆေးဖော်စပ်နည်းများကို အသုံးပြုနိုင်၏။ သို့သော် ဤအခြေအနေတွင် သူ လုပ်နေသောအရာမှာ မိုးနှင့်မြေကို ဆေးပေါင်းဖိုအဖြစ် အသုံးပြုနေခြင်းမဟုတ်ဘဲ သူ့ခန္ဓာကိုယ်ကို .... ဆေးပေါင်းဖိုအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။ ပတ်ပတ်လည်ရှိ မီးအားများကို အသုံးပြုရင်း သူ့ကိုယ်သူ ပို၍ သန်မာလာအောင် လုပ်နေစဉ် သူ၏ ခန္ဓာကိုယ်သည် ဆေးပေါင်းဖိုလည်းဖြစ်၊ ဆေးလုံးလည်းဖြစ်လျက် ရှိ၏။

နားမခံသာဖွယ် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။ မန်ဟို၏မျက်လုံးများက ပိတ်ထားပြီး သူ့လက်နှစ်ဖက်သည် မုဒြာလက်ကွက်များ အဆက်မပြတ်ဖော်နေသည့်အချိန်တွင် သူ့ခန္ဓာကိုယ်မှာ ရဲရဲတောက်နေသည်။ သူ၏လက်များက ပတ်၀န်းကျင်အပေါ်မဟုတ်ဘဲ သူ့ခန္ဓာကိုယ်အပေါ် အဆင့်မြှင့်မှုများ လုပ်ဆောင်ရင်း ဝါးတားတားသာ မြင်ရတော့သည့်တိုင်အောင် အလွန်လျင်မြန်စွာ လှုပ်ရှားနေ၏။

ဤနေရာတွင် ကိုယ်ထင်မပြသေးသော မီးစောင့်နတ်ပင် အံ့အားသင့်သွားသည်။ သို့သော် သူက အေးတိအေးစက် ရယ်လေသည်။

"ဘယ်သူမှ မအောင်မြင်နိုင်ဘူး။ အရှင်တောက်ဖန်ရဲ့ ကျိန်စာတည်နေသရွေ့ တောင်ပင်လယ်က ဘယ်သူမှ နှောင်ဖွဲ့ကင်းဟော်ရန်စစ်ရဲ့ မီးပွားနဲ့ မပေါင်းစည်းနိုင်ဘူး"

မန်ဟို၏မျက်လုံးများက ဖြတ်ခနဲ ပွင့်လာပြီး ၎င်းတို့သည် နီရဲနေ၏။ သူက ဗလာနတ္ထိကောင်းကင်ကို မော့ကြည့်ရင်း ပြောသည်။ "ငါ စုပ်ယူပြီးရင် အဲ့ဒီစကားထပ်ပြောကြည့်စမ်းပါ"

စကားပြောနေသောလူကို မြင်ရသော်လည်း မီးစောင့်နတ်မှာ မန်ဟို့ထံမှ ပေါ်ထွက်လာနေသော စွမ်းအားကြောင့် အံ့အားသင့်မြဲ အံ့အားသင့်သွားရလေသည်။

မန်ဟို ခေါင်းနောက်လှန်၍ ကြိမ်းဝါးလိုက်စဉ် သူ၏ အပြင်အားကိုယ်က အဆက်မပြတ်သန့်စင်မှုများ လုပ်ဆောင်နေသည်။ မီးတောက်မီးလျှံများ ဟုန်းဟုန်းတောက်နေစဉ် ၊ အဆီအနှစ်က သူ့ကို ရိုက်ခတ်နေစဉ် ... သူ၏ တတိယမီးအိမ်သည် ဖျတ်ခနဲ လင်းလာ၏။

ထိုသို့ဖြစ်ပျက်သောအခါ တဂျိန်းဂျိန်းမြည်သံများက သူ့ကိုယ်တွင်းမှ ပဲ့တင်ထပ်လာသည်။ သူ၏ အပြင်အားကိုယ်ခွန်အားသည် ယခင်အဆင့်မှ အဆင့်တက်သွားခဲ့၍ သူ၏ခန္ဓာကိုယ်ကား ပိုမိုသန်မာလာတော့သည်။ သူသည် ယခုတွင် အရင်ထက်ပို၍ ခွန်အားကြီးမားနေပြီဖြစ်၏။

သူ၏အပြင်အားကိုယ် သန်မာလာသည်နှင့်အမျှ မီးဒဏ်ကိုလည်း သူ ခံနိုင်စွမ်းရှိလာသည်။ သို့သော် မီးပွား သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသရွေ့ မီးတောက်မီးလျှံများက သူ့ကို ထာ၀ရမီးလောင်တိုက်သွင်းနေလိမ့်မည်။ သူ ပြာကျလျှင် ပြာကျ သို့မဟုတ် မီးတောက်မီးလျှံများကို တစ်စက်မကျန် စုပ်ယူလျှင် စုပ်ယူ၊ ထို့နောက်မှ ဤဖြစ်စဉ် နိဂုံးချုပ်‌လိမ့်မည်။

"ငါ့ခန္ဓာကိုယ်ကို သန့်စင်တာက ပထမခြေလှမ်းပဲ။ ခန္ဓာကိုယ်ကို သင့်တော်တဲ့ အဆင့်တစ်ခုအထိ ရောက်အောင်လုပ်နိုင်မှ မီးတောက်ကို အောင်အောင်မြင်မြင် စုပ်ယူနိုင်မယ်။ ငါ့ခန္ဓာကိုယ်က ဆေးပေါင်းဖိုလိုပဲ။ အပူအရမ်းများရင် ပေါက်ကွဲသွားလိမ့်မယ်" အံတင်းတင်းကြိတ်ရင်း သူ့မျက်နှာမှာ ရှုံ့မဲ့နေသည်။ သူသည် သူ့ကို ဝါးမြိုဖို့ ကြိုးစားနေသည့် မီးတောက်မီးလျှံများကို တန်ပြန်တိုက်ခိုက်ရင်း ကျင့်ကြံခြင်းအခြေခံကို အပြည့်အ၀လှည့်ပတ်၍ သူ့ကိုယ်သူ ထပ်မံသန့်စင်ရန် သူ၏ အသွေးအသားထဲ၌ အင်မော်တယ်စွမ်းအားကို စုဆောင်းနေလေသည်။

မီးပင်လယ်ကြီးက တရှဲရှဲမြည်ရင်း သူ့ကို လွှမ်းခြုံနေသည်။ ၎င်းကား သူ့ကို ဆေးလုံးအဖြစ် အရည်ဖျော်ပစ်ချင်နေသည့်အလားပင်။

သွေးခွေးကြီးမှာ စိုးရိမ်တကြီး ဟိန်းဟောက်နေသော်လည်း အနားမကပ်နိုင်ပေ။ မန်ဟိုက ၎င်းကို မည်သို့ပင်ဖြစ်ပါစေ၊ သူ့အနားမလာဖို့ တစ်ချက်လွှတ်အမိန့်ပေးထားပြီးဖြစ်သည်။

မန်ဟိုသည် လျင်မြန်စွာ ခြောက်ကပ်လာနေပြီး ထပ်မံတောင့်မခံနိုင်တော့သည့်ပုံပေါ်လာစဉ် သူ၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြန်သည်။ သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ လေးလုံးမြောက်ဝိညာဉ်မီးအိမ်သည် လင်းလာ၏။

မီးအိမ်လင်းလာခြင်းက သူ့ကို အသက်ရှူချောင်သွားစေသည်။ သူ၏ခန္ဓာကိုယ်မှာ နှစ်ဆနီးပါး သန်မာလာခဲ့ပြီဖြစ်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်မုဒြာလက်ကွက်များအား ပို၍ပင်မြန်မြန်ဆန်ဆန် ထပ်ဖော်ကာ ချိပ်စည်းများ ‌ဖန်ဆင်းလိုက်သည်။

"လာခဲ့စမ်း" သူက လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းရင်း မီးပင်လယ်အား သူ့ကို ထပ်မံလွှမ်းခြုံစေလိုက်ပြန်သည်....

မကြာမီ သူ၏ ငါးလုံးမြောက်မီးအိမ် လင်းလာသည်။

သူ၏စွမ်းအားသည် ကြောက်ခမန်းလိလိအတိုင်းအတာသို့ မြင့်တက်သွားပြီး ယင်းက သူ၏ကျင့်ကြံခြင်းအခြေခံကြောင့် မဟုတ်။ သူ့အပြင်အားကိုယ်၏ ကြောက်ခမန်းလိလိ ချီနှင့်သွေးထံမှ လာသည်။

မြင်တွေ့နေရသည့်စွမ်းအားက ကိုယ်ယောင်ဖျောက်နေသည့် မီးစောင့်နတ်ကို မျက်နှာပျက်သွားစေသည်။ ရုတ်တရက် သူသည် ရွှေရောင်ချပ်၀တ်တန်ဆာ ၀တ်ဆင်ထားသော သက်လတ်ပိုင်းလူ၏ပုံစံဖြင့် ဘွားခနဲ ကိုယ်ယောင်ပြလိုက်၏။ သူကား နတ်စစ်သည်တော်တစ်ပါးနှင့်တူပြီး လောလောဆယ်တွင် သူ၏ အမူအရာမှာ အံ့အားသင့်နေဟန်ရှိသည်။

မန်ဟို ဤမျှတောင့်ခံနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အတိတ်တုန်းက ဘယ်သူမှ မသေခင် အသက်ရှူချိန်ဆယ်ကြိမ်ထက်ပို၍ မခံနိုင်ခဲ့သည်မဟုတ်ပါလော။

"မီးပွားက ထာ၀ရတည်တယ်" မီးစောင့်နတ်က မန်ဟို့ကို သေလူသဖွယ် ကြည့်ရင်း အေးတိအေးစက် ပြောသည်။ "နတ်မီးတောက်က အဆုံးမဲ့တယ်။ မင်း ကြာကြာ ထိန်းထားရင်တောင်မှ မင်းခံစားရတဲ့ နာကျင်မှုကိုပဲ ပိုတိုးလာစေလိမ့်မယ်"

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် မန်ဟို၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြန်သည်။ သူသည် မီးပင်လယ်ကိုခွင်း၍ မီးစောင့်နတ်ကို ကြည့်ကာ မဆိုစလောက် ပြုံးလိုက်၏။ တောင့်ခံနေရသော နာကျင်မှုကြောင့် ထိုအပြုံးသည် သည်းထိတ်ရင်ဖိုစရာကောင်းနေသည်။

"ငါမမှားရင် ငါ မီးပွားကို စုပ်ယူနေတဲ့အချိန် မင်း ငါ့ကို ဘာမှမလုပ်နိုင်ဘူး" သူက ပြောသည်။ "အဲ့ဒီလိုဆိုမှ‌တော့ ….. ဒီတိုင်းထိုင်ပြီး စောင့်ကြည့်နေပါတော့လား။ စောင့်ကြည့်နေလိုက် .... ငါ ဒီမီးပင်လယ်ကို ဘယ်လိုစုပ်ယူပစ်မလဲဆိုတာ ကြည့်နေလိုက်စမ်းပါ။ ငါ တစ်စက်မှ မကျန်အောင် စုပ်ယူပြမယ်။ ပြီးရင်.... မင်းကို ဘယ်လိုသတ်မလဲ စောင့်ကြည့်လိုက်"

မန်ဟို့အသံ၏ ပြတ်သားမှုက မီးစောင့်နတ်၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ မန်ဟို ပြောခဲ့သည်ကား မှန်၏။ သူ့အနေဖြင့် စုပ်ယူခြင်းဖြစ်စဉ်ကို မနှောင့်ယှက်နိုင်ပေ။ နတ်မီးတောက်သည် အရိုင်းဆုံးအခြေအနေတွင် ဖြစ်နေ၍  မန်ဟို မည်သည့်အရာပင် လုပ်နေစေကာမူ သူသာ အနားကပ်သွားပါက မီးအားသည် ပို၍ရိုင်းလာလိမ့်မည်။

မီးပွားထဲတွင် ဟော်ရန်စစ်၏ စိတ်ဆန္ဒပါရှိသည်မဟုတ်ပါလော။ ပုံမှန်အားဖြင့် ထိုစိတ်ဆန္ဒမှာ ဖိနှိပ်၍ ထိန်းသိမ်းခံထားရသော်လည်း အင်မော်တယ်တစ်ဦးဆီ အမွေလွှဲပြောင်းပေးနေသည့်အချိန်ကျလျှင် ၎င်းသည် ဝုန်းဒိုင်းကြဲ ရိုင်းလာတတ်၏။

မှန်သည်။ မီးစောင့်နတ်မှာ ... အနား သိပ်ကပ်မသွားရဲပေ။ သူ့မှာ မန်ဟို အမွေကို လက်ခံရင်း သေသွားမည်ကိုသာ စောင့်နေနိုင်သည်။

ယခုတွင် ပို၍ခြောက်ကပ်နေပြီဖြစ်သော မန်ဟို့ထံမှ ထစ်ချုန်းသံများ ပဲ့တင်ထပ်လာသည့်အခါ မီးစောင့်နတ်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ မန်ဟို၏ ချီနှင့်သွေးများမှာ တစ်စက်မကျန် လောင်ကျွမ်းသွားခဲ့လေပြီ။ သို့သော် ဤ အခိုက်အတန့်တွင် သူ၏ ခြောက်လုံးမြောက်မီးအိမ်က လင်းလာ၏။

ထိုသို့ဖြစ်ပျက်လျှင် မန်ဟိုမှာ ဟောဟဲဟောဟဲလှိုက်၍ အသက်ရှူလိုက်ရတော့သည်။ ခြောက်လုံးမြောက်မီးအိမ်လင်းလာခြင်းက နတ်မီးတောက်ကို တောင့်ခံနိုင်မည့်အချိန်အား ဆွဲဆန့်နိုင်ခဲ့ပြီဟု ဆိုလိုသည်။ သို့သော် သူ့မှာ ၎င်းကို အပြင်အားသန့်စင်ဖို့အတွက်သာ အသုံးပြုနေရဆဲဖြစ်သည်။ အတွင်းအားထဲသို့ မစုပ်ယူရဲသေးပေ။ နတ်မီးတောက်သာ သူ၏လက်ရှိအခြေအနေတွင် အတွင်းအပြင်နှစ်မျိုးလုံး၌ သောင်းကျန်းလောင်ကျွမ်းနေပါက သူ မုချ သေရလိမ့်မည်။

"ငါ ပိုသန်မာဖို့ လိုတယ်။ သန့်စင်လိုက်စမ်း" သူ့မုဒြာလက်ကွက်များ၏ အမြန်နှုန်းက မြင့်တက်လာသည်။ အပြင်အားကိုယ်ခွန်အား ပို၍ကြီးမားလာအောင် သန့်စင်ဖို့အလို့ငှာ သူသည် သူ့ကိုယ်ထဲရှိ မီးပွားကိုပင် လှုံ့ဆော်လိုက်သောအတိုင်းအတာအထိ သွားလိုက်၏။ ထိုသို့ လှုံ့ဆော်လိုက်ခြင်းက သူ့ပတ်ပတ်လည်ရှိ မီးတောက်မီးလျှံများကို ပို၍ပင်ရိုင်းလာစေသည်။ အဆုံးမဲ့မီးတောက်မီးလျှံများက သူ့ကို ဝိုင်းလျက် သောင်းကျန်းနေရာ သွေးခွေးကြီးနှင့် မီးစောင့်နတ်မှာ နောက်ဆုတ်လိုက်ရသည်။

မန်ဟိုမှာ အရိုးပေါ်အရေတင်နေလေပြီ။ သို့သော် သူ၏မျက်လုံးများ လင်းလက်တောက်ပနေစဉ် သူ၏ခုနစ်လုံးမြောက် မီးအိမ်က ဖျတ်ခနဲ လင်းလာ၏။

ခုနစ်လုံးမြောက်မီးအိမ်လင်းသွားသော အခိုက်အတန့်တွင် မန်ဟို၏ အပြင်အားကိုယ်သည် တစ်ခါမှမတွေ့ဖူးသောခွန်အားဖြင့် သန်မာလာတော့သည်။ သူ၏နှလုံးခုန်သံက မိုးခြိမ်းသံကြီးသဖွယ် တဒိန်းဒိန်း ခုန်နေ၏။ သူက ယခုတွင် ယခင်ထက်ပို၍ အဆများစွာ သန်မာသွားခဲ့ပြီဖြစ်သည့်အတွက် ပထမတောင်မှ အက်ရှလွန်ကျင့်ကြံသူတာအိုကောင်းကင်နှင့်သာ ယခု ဆုံပါက လက်သီးတစ်ချက်တည်းနှင့် ထိုလူ့ကို သွေးအန်စေနိုင်လိမ့်မည်....

သူ့အပြင်အားကိုယ်သည် ယခုတွင် အံ့မခန်းလိလိ သန်မာနေသည်သာမက ဆက်လက်၍ပင် သန်မာကျစ်လစ်လာနေသည်။ မန်ဟို့အတွက် ဤနတ်မီးတောက်ကမ္ဘာသည် သူ၏ အပြင်အားကိုယ်နှင့်ပတ်သက်လျှင် အံ့ဖွယ်ကံကြမ္မာကောင်းကြီးရှိရာ နေရာတစ်ခုဖြစ်နေတော့၏။

မှန်သည်။ ၎င်းက မန်ဟို နတ်မီးတောက်အနှစ်သာရကို ရာနှုန်းပြည့်စုပ်ယူနိုင်မှ ဖြစ်လာလိမ့်မည်။ မစုပ်ယူနိုင်လျှင်တော့ သူ့အပြင်အားကိုယ် မည်မျှသန်မာ‌ပါစေ အကုန်လုံး သဲထဲရေသွန်သာ ဖြစ်မည်။

"ငါ နောက်တစ်လုံး ထွန်းနိုင်သေးတယ်" သူ့မှာ လုံးလုံးလျားလျား ခြောက်ခါနီးနေပြီး အသက်ပင် မျှင်း၍ ရှူနေရသည်။ သူ၏အပြင်အားကိုယ်ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်း‌နေသော်လည်း သူ့အသက်မီးတောက်ကတော့ အားနည်းနေခဲ့ချေပြီ။ မီးတောက်မီးလျှံများက အပြင်အားကိုယ်ကို သန့်စင်ပေးနေသည့်တိုင် တစ်ဆက်တည်းမှာပင် သူ၏ အသက်စွမ်းအားကိုလည်း ခမ်းခြောက်လာစေခဲ့သည်။

အပြင်အားကိုယ်ခွန်အား ဆက်လက်ကြီးမားလာခြင်းက ကုန်ခမ်းသွားခဲ့သော အသက်စွမ်းအားကို ဖြည့်တင်းပေးရန် မလုံလောက်ပေ။ သူ၏ထာ၀ရအလွှာ၏ ကုစားခြင်းစွမ်းအားပင်လျှင် နတ်မီးတောက်အနှစ်သာရ၏ဖျက်စီးမှုကို လိုက်မမှီပေ။ မန်ဟိုက မျက်လုံးများဝေဝါးလာသည့်အခါ ရင်ဘတ်ကိုပုတ်၍ နှလုံးကို လှုပ်နိုးကာ သူ့ခန္ဓာကိုယ်ထဲရှိ ချီနှင့်သွေး‌စီးဆင်းမှုကို မြန်လာစေသည်။ ထိုအခြင်းအရာက သူ၏ အပြင်အားကိုယ်ကို ခွန်အားတို့ဖြင့် ပြည့်နှက်လာစေ၏။

ဝုန်းးးးးးး

ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် ရှစ်လုံးမြောက် အပြင်အားကိုယ်ဝိညာဉ်မီးအိမ်က မီးလင်းလာသည်။

ထိုအချိန်တွင် သူ၏အပြင်အားကိုယ်ခွန်အားကား မိုး‌ပြိုမြေပြိုနိုင်စေသောအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ ၎င်းက ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်သို့ အဆင့်တက်သွားခဲ့၍ ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့်မှ ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။

"အသုံးမ၀င်ဘူး" မီးစောင့်နတ်က မန်ဟို့ကို စိုက်ကြည့်ရင်း ပြောသည်။ "မင်းလုပ်နေတာက ရေငတ်နေတုန်း အဆိပ်ကို သောက်နေသလိုပဲ။ မီးပင်လယ်က အဆုံးမဲ့တယ်။ အခုကစပြီး မင်း ပြာကျပျက်စီးသွားမှာ ငါ စောင့်ကြည့်ဖို့ပဲ လိုတော့တယ်" မီးစောင့်နတ်မှာ ကြိတ်၍လန့်နေသော်လည်း အရှင်တောက်ဖန်၏ကျိန်စာကို မည်သူမှ မကျော်လွှားနိုင်ဟု ယုံကြည်နေသေးလေသည်။

မန်ဟိုက မီးလျှံကြားမှ မီးစောင့်နတ်ကို ကြည့်လိုက်သည်။

"ဒါဆိုလည်း သေသေချာချာ စောင့်ကြည့်ထား" သူက အသံဩဩကြီးဖြင့် ပြောလိုက်ရင်း မီးပင်လယ်အပေါ် ခုခံနေမှုအားလုံးကို ရပ်တန့်ပစ်လိုက်သည်။ သူသည် သူ၏မွေးညင်းပေါက်များနှင့် ဒွါရပေါက်များကို ဖွင့်ကာ မီးတောက်မီးလျှံများအား သူ့ဆီ အလုအယက်စီးဆင်းလာစေသည်။

နာကျင်မှုက သူ့ကို နှိပ်စက်နေ၍ သူ့မှာ အံတင်းတင်းကြိတ်ရင်း ပြင်းပြင်းထန်ထန် တုန်ခါနေသည်။ ဤနာကျင်မှုသည် ခန္ဓာကိုယ်သန့်စင်နေစဉ် ခံစားခဲ့ရသော နာကျင်မှုထက် ပို၍ပြင်းထန်၏။ ကံကောင်ထောက်မစွာနှင့် သူ၏ခန္ဓာကိုယ်မှာ ယခင်ထက် ပိုမိုသန်မာလာသည်။ မဟုတ်လျှင် သူ့မှာ အသက်ရှူချိန်အနည်းငယ်အတွင်း ပြာကျသွား‌ရလိမ့်မည်။

သူ့ကိုယ်ထဲရှိ မီးပွားက နတ်မီးတောက်များကို ညှို့နေသည့်အလားပင်။ မန်ဟိုက ၎င်းတို့၏အလယ်တွင်ဖြစ်ပြီး မီးတောက်များသည် ၎င်းတို့ သွားဖို့ ရှာနေခဲ့သည့်နေရာကို ရုတ်တရက် ‌‌တွေ့သွားခဲ့ပုံပေါ်၏။

၎င်းတို့ သူ့ကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်း‌ဝင်ရောက်နေစဉ် သူ၏ကျင့်ကြံခြင်းအခြေခံသည် လောကပါလအင်မော်တယ်တန်ခိုးအား ထုတ်ဖော်လိုက်၏။ မိုးပြာရောင်အလင်း ကွန့်မြူးလာပြီး သူ၏ တတိယနိဗ္ဗာနသစ်သီးမှာ ပိုမိုစုပ်ယူခံလိုက်ရသည်။

ထိုသို့ ဖြစ်ပျက်သောအခါ သူသည် လောကပါလတာအိုအင်မော်တယ် ၆၀ ရာခိုင်နှုန်း ဖြစ်နေရာမှ ၇၀ ရာခိုင်နှုန်းသို့ တက်သွား၏။ မီးတောက်မီးလျှံများက အလိပ်လိပ်အထွေးလိုက် စီးဆင်းဝင်လာနေဆဲပင်။

အံ့ဩဖွယ်ကောင်းစွာနှင့် သူကား သူ၏ တတိယနိ‌ဗ္ဗာနသစ်သီးကို သန့်စင်ရန် မီးပွားကို အသုံးပြုနေပြန်လေပြီ။

ပထမဆုံး သူသည် ခန္ဓာကိုယ်ကို သန့်စင်၏။ ထို့နောက် နိဗ္ဗာနသစ်သီးကို သန့်စင်သည်။ ဤသည်မှာ အစွမ်းပိုမိုထက်လာစေဖို့အတွက် နတ်မီးတောက်အနှစ်သာရ၏စွမ်းအားကို ငှားယူရန် မန်ဟို စဉ်းစားခဲ့မိသော အကြံအစည်ပင်။ ထိုအကြံ၏ ရည်ရွယ်ချက်တစ်ခုလုံးက နိဗ္ဗာနသစ်သီးကို အပြည့်အ၀စုပ်ယူနိုင်ဖို့ ဖြစ်ခဲ့သည်။

"မိုးပြာရောင်အလင်း... အဲ့ဒီအလင်းက...." သက်လတ်ပိုင်းမီးစောင့်နတ်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ သူသည် စောစောက ဤအရာကို မြင်ခဲ့သော်လည်း သိပ်အာရုံမရှိခဲ့ပေ။ ယခုတွင် မိုးပြာရောင်အလင်းက မီးပင်လယ်အတွင်း၌ လင်းလက်နေရာ သူ့အား အာရုံစိုက်လိုက်မိစေသည်။ သူ့မျက်နှာ‌ပျက်သွားတော့၏။

All Chapters