ဘိုးဘေးနန်းတော်သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်း
Vol. 81 Ch. 1056
“ဟင်းလင်းပြင်သားရဲတဲ့လား”
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ကုရှောင်နှင့် တဟုန်လည်း အလားတူပင်။
ချင်မူသည် ဖန်ဆင်းရှင်တို့၏ အသိပညာဗဟုသုတမှန်သမျှအား ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ ဘိုးဘေးဝိညာဉ်များဆီမှ ရရှိထား၏။ ထိုအသိပညာအတွင်းတွင် ဟင်းလင်းပြင်သားရဲများနှင့် ပတ်သက်သော မှတ်တမ်းများ ရှိပေသည်။
ဟင်းလင်းပြင်သားရဲ ဆိုသည်မှာ ဘိုးဘေးနန်းတော်ရှိ ရှေးကမ္ဘာဦးသားရဲတစ်မျိုး ဖြစ်သည်။ ဟင်းလင်းပြင်သားရဲများသည် ဟင်းလင်းပြင်ကို ဖြတ်၍ သွားလာနိုင်ကြပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်နိုင်၊ ပျောက်နိုင်ကြသည်။ ရှေးဟောင်းကမ္ဘာဦးခေတ်၏ အသန်မာဆုံးသားရဲများအနက်မှ အမျိုးအစားတစ်မျိုးဆိုလည်း မမှားပေ။
ဖန်ဆင်းရှင်တစ်ဦး၏ အားကောင်းသော အသိစိတ်အလျဉ်သာ ထိုသားရဲများကို ထိန်းချုပ်နိုင်သည်။ ကမ္ဘာဦးခေတ်မှ အခြားမျိုးနွယ်များအနေဖြင့် ထိုသားရဲများအား မတိုက်ခိုက်နိုင်ကြချေ။
ဟင်းလင်းပြင်သားရဲများက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကြယ်များနှင့် ကောင်းကင်များကိုပင် ဝါးမြိုနိုင်သည်။
ထိုသို့သားရဲမျိုးကို ဆင့်ခေါ်လိုက်ပါက မည်သို့သော ကပ်ဘေးကြီး ဖြစ်ပေါ်လာမည်နည်း။
တဟုန်၏ အကြည့်က ဖျတ်ခနဲ လက်သွားပြီး သူက မသိမသာ ပြုံးနေသည်။
ကုရှောင်ကမူ သက်ပြင်းချ၍ မှင်သေနေသော အမူအရာ ရှိ၏။
ချင်မူမှာ ကုရှောင်၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုနေသော အငွေ့အသက်အား ခံစားလိုက်ရသဖြင့် တုန်လှုပ်သွားသည်။ လော့ရှောင်သာ ဆင့်ခေါ်ရန် ကြိုးစားပါက ကုရှောင်သည် သူ့အား သတ်ဖြတ်ပေလိမ့်မည်။
ကုရှောင်၏ရည်ရွယ်ချက်သည် ကျန်ရစ်ခဲ့သော ဖန်ဆင်းရှင်များကို ရှာဖွေရန် ဖြစ်၏။ သို့သော် လော့ရှောင်သာ ဘိုးဘေးနန်းတော်ကို ရှာတွေ့သွားပြီး ဟင်းလင်းပြင်သားရဲကို ဆင့်ခေါ်ပါက လော့ရှောင်အား ထိန်းချုပ်နိုင်တော့မည် မဟုတ်ဟု ဆိုလိုသည်။
ထိုအခါ လော့ရှောင်ကို သတ်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေသည်။
ရုတ်တရက် ချင်မူက တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။ “နောင်တော်လော့၊ ဟင်းလင်းပြင်သားရဲကို မဆင့်ခေါ်ဘဲ ဒါက ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော် ဟုတ်၊ မဟုတ် စမ်းသပ်နိုင်တဲ့ တခြားနည်းလမ်း မရှိတော့ဘူးလား.... ဟင်းလင်းပြင်သားရဲတွေက ထိန်းချုပ်ဖို့ ခက်ခဲပြီး အရာအားလုံးကို စားပစ်တတ်တယ်လို့ ကြားဖူးတယ်... အဲ့သားရဲကို မထိန်းချုပ်နိုင်ရင် အတစ်လောကလုံးကို ဒုက္ခရောက်မသွားစေနိုင်ဘူးလား”
ချင်မူမှာ ခရီးတလျှောက်လုံး လော့ရှောင်ကို ကာကွယ်ချင်ခဲ့ပြီး သမိုင်းကြောင်းအား ပြောင်းလဲနိုင်မည်လား သိချင်ခဲ့သည်။ ဤသည်ကလည်း သူ့ကို ကယ်တင်ရန် ကြိုးစားမှုပင်။
လော့ရှောင်အနေဖြင့် မဟာလေဟာနယ်မှ ထွက်လာပြီး ချင်မူနှင့် မတွေ့ခဲ့ပါလျှင် သေဆုံးသွားပြီး မဟာလေဟာနယ်သို့ ဟောကိန်းသုံးခုဖြင့် ပြန်သွားနိုင်မည် မဟုတ်ချေ။ ချင်မူမှာ ဤဖန်ဆင်းရှင်၏အသက်အား ကယ်တင်ရန် အတော်လေး အားထုတ်နေရသည်။
သမိုင်းကြောင်း၏ ဤအစိတ်အပိုင်းအား သူ တာဝန်ယူရလိမ့်မည်။
လော့ရှောင်မှာ တုံ့ဆိုင်းသွားပြီးနောက် အလေးအနက် စဉ်းစားနေချေသည်။ ထို့နောက် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။ “ကျွန်တော့်အသိစိတ်အလျဉ်က ဟင်းလင်းပြင်သားရဲတစ်ကောင်ကို ထိန်းချုပ်နိုင်လောက်တဲ့အထိ အားမကောင်းဘူး... ပြီးတော့ ဒီခရီးအတွက် အကြီးအကဲက ဟင်းလင်းပြင်သားရဲတစ်ကောင် ဘယ်လိုဆင့်ခေါ်ရမလဲပဲ သင်ပေးလိုက်တာ... တခြား ကမ္ဘာဦးသားရဲတွေကို ဘယ်လိုဆင့်ခေါ်ရမလဲ မသင်ပေးလိုက်ဘူး”
ချင်မူက အကြံပေး၏။ “ဆင့်ခေါ်သိုင်းကွက်ဆိုတော့ အပြန်အလှန်ဆက်သွယ်နေမှာပဲ... ငါတို့အသိစိတ်အလျဉ်က အဲ့ဒီသားရဲတွေနဲ့ ဆက်သွယ်နေလိမ့်မယ်... သူတို့ကို ဆင့်ခေါ်လို့ရသလိူ ဒီဆက်သွယ်မှုကို အသုံးချပြီး သူတို့နေရာကို ရှာလို့ရတယ်”
လော့ရှောင်မှာ နားလည်ပုံမပေါ်ချေ။
ကုရှောင်နှင့် တဟုန်ကတော့ နားလည်ကြ၏။ တဟုန်က မေးသည်။ “ပြောင်းပြန်ဆင့်ခေါ်ခြင်းလား”
ချင်မူက ခေါင်းညိတ်သည်။ “အသိစိတ်အလျဉ်ကို ဟင်းလင်းပြင်သားရဲတွေရဲ့ အာရုံခံစားမှုတွေနဲ့ ဖွဲ့တည်ပေးရမယ်... ဒါဆို တစ်ဖက်နဲ့ တစ်ဖက် အာရုံခံနိုင်မယ်... ပြီးတာနဲ့ အသိစိတ်အလျဉ်ကနေတစ်ဆင့် အဲ့ဒီသားရဲတွေရဲ့ ဦးခေါင်းထဲမှာ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကို အသက်သွင်းလို့ရပြီ.. ဒါကြောင့် ပြောင်းပြန်ဆင့်ခေါ်ခြင်းက လုံး၀မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
လော့ရှောင်မှာ သူ့ရှင်းပြချက်ကြောင့် နားလည်သွားသော်လည်း တွန့်ဆုတ်နေချေသည်။ “ကျွန်တော်တို့မျိုးနွယ်မှာ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းဆိုတာမျိုး မရှိဘူး...”
ကုရှောင်ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြည်းဖြည်းချင်း လျော့ကျသွားကြောင်း ခံစားနေရသဖြင့် ချင်မူမှာ တိတ်တဆိတ် စိတ်သက်သာရာရသွား၏။ သူက ပြုံးလျက် ပြောသည်။ “ငါ့ရဲ့ အသိစိတ်အလျဉ်က မင်းအောက် မနိမ့်ကျတဲ့အပြင် ကောင်းကင်နတ်သိုင်းတွေ ဖန်တီးပြုပြင်နိုင်တာက ငါ့ရဲ့အားသာချက်လေ..... မင်း ဟင်းလင်းပြင်သားရဲ ဆင့်ခေါ်သိုင်းကွက်ကို ငါ့ဆီ ပြောပြရင် ငါ ပြောင်းပြန်ဆင့်ခေါ်ခြင်းကို ဖန်တီးလိုက်မယ်..”
ထိုအခိုက်အတန့်တွင် တဟုန်၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရ၏။
ချင်မူ သတိကပ်သွားသည်။ တဟုန်၏ သတ်ဖြတ်လိုစိတ်သည် လော့ရှောင်ကို ပစ်မှတ်ထားခြင်းမဟုတ်၊ သူ့ကို ပစ်မှတ်ထားနေခြင်းပင်။
သူ၏စကားက တဟုန်ကို သူ့အပေါ် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်စေခဲ့ကြောင်း ထင်ရှားသည်။
ချင်မူမှာ ကုရှောင် လော့ရှောင်အပေါ် သတ်ဖြတ်ချင်နေသည်ကို တားဆီးနိုင်သော်လည်း တဟုန် သူ့အပေါ် သတ်ဖြတ်ချင်လာအောင် လှုံဆော်ခဲ့မိချေပြီ။
‘ငါ အစွမ်းပြတာ များသွားပြီထင်တယ်’
ချင်မူ မျက်တောင်ပုတ်ခတ်ရင်း တွေးနေမိသည်။ ‘ငါ ဖန်ဆင်းရှင်တွေရဲ့ အသိစိတ်အလျဉ်ဆင့်ခေါ်ြခင်းကို ပြောင်းလဲပေးနိုင်တယ်လို့ ပြောလိုက်မိတယ်... သူ အဲ့ဒါကို အရင်က စဉ်းစားခဲ့မိလောက်မှာ မဟုတ်ဘူး.. ငါက သူ့ထက် ဉာဏ်ကောင်းမှန်း သိသွားတော့ သူ ကြောက်သွားတာပဲ... ဒါကြောင့် ငါ့ကို သတ်ချင်သွားတာ.... နည်းနည်းတုံးချင်ယောင်ဆောင်မှ ဖြစ်မယ်'
လော့ရှောင်၏ အသိစိတ်အလျဉ်သည် တုန်ခါလာပြီး ဟင်းလင်းပြင်သားရဲဆင့်ခေါ်နည်းအား ချင်မူ့ဦးခေါင်းထဲ လွှဲပြောင်းပေးလိုက်၏။ “နောင်တော်မူ၊ စမ်းကြည့်ပါဦး”
ချင်မူက တဟုန်ဆီ တစ်ချက်ကြည့်လိုက်ရာ တဟုန်သည် ပြုံးပြ၍ အားပေးလေသည်။ “စမ်းကြည့်လေ နောင်တော်မူ”
ချင်မူ ကုရှောင်ဘက် လှည့်ကာ ပြောလိုက်သည်။ “ဒီပြောင်းပြန်ဆင့်ခေါ်ြခင်းကို ကြိုစားကြည့်ရင် မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်တယ်... ကျွန်တော် ဘေးကင်းဖို့ နောင်တော်ကု တာ၀န်ယူပေးပါ”
ကုရှောင်က တဟုန်ဆီ တစ်ချက်ကြည့်၍ ခနဲ့သလို ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်သိုင်းနဲ့ လမ်းစဉ်အဆင့် ဝင်ရောက်နိုင်ခဲ့တာကြောင့် ထင်ရှားကျော်ကြားတယ်... ကျွန်တော်လည်း ကောင်းကင်နတ်သိုင်းပညာမှာ ကောင်းကင်နတ်အရှင်မူရဲ့ အောင်မြင်မှုတွေကို မြင်တွေ့ချင်မိပါတယ်... မစိုးရိမ်ပါနဲ့ ... ကျွန်တော်တို့က လူသားမျိုးနွယ်လည်း ဟုတ်၊ သွေးသောက်ညီနောင်တွေလည်း မဟုတ်ပေလား... အန္တရာယ်မဖြစ်စေရပါဘူး”
ချင်မူမှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
တဟုန်က ဟက်ခနဲ ရယ်လျက် အင်္ကျီလက်အိုးအတွင်းသို့ လက်ထည့်၍ လက်ပိုက်ထားသည်။
ကုရှောင်ကလည်း ရယ်လျက် တံစဉ်းတစ်ခုထုတ်ကာ လက်သည်းများကို ပွတ်တိုက်နေချေသည်။
လော့ရှောင်မှာ အနည်းငယ် ထူးဆန်းနေသည့်အလား ခံစားရသော်လည်း အကြောင်းရင်းကို မပြောနိုင်ချေ။
ချင်မူက ဟင်းလင်းပြင်သားရဲ ဆင့်ခေါ်ခြင်းသိုင်းကွက်ကို အကြိမ်ကြိမ် လေ့လာပြီးနောက် ပင်မစည်းမျဉ်းများကို နားလည်သွားသည်။ ပြောရလျှင် သူ့အနေဖြင့် ဖန်ဆင်းရှင်များထံမှ ဉာဏ်ပညာဗဟုသုတများကို ရရှိပြီးဖြစ်သည့်အတွက်င့် သူတို့၏အသိစိတ်အလျဉ်သိုင်းကွက်များကို နားလည်ရန် မခက်ခဲချေ။
သူက ဟင်းလင်းပြင်သားရဲဆင့်ခေါ်ခြင်းသိုင်းကွက်ကို ဖြိုခွဲ၍ မျိုးဆက်သစ် မဟာတာအိုသင်္ကေတများ ပေါင်းထည့်လိုက်သည်။ တခဏကြာသော် ၎င်းမှတစ်ဆင့် ဆင့်ခေါ်ခြင်းသိုင်းကွက်အသစ် ဖန်တီးလိုက်၏။ ထို့နောက် မဟာတာအိုသင်္ကေတများဖြင့် အဆင့်မြှင့်ထားသော ဆင့်ခေါ်ခြင်းသိုင်းကွက်အား သင်္ချာဖြင့် ပြန်လည်ဖြိုခွဲတည်ဆောက်၍ ပြောင်းပြန်ဆင့်ခေါ်ခြင်းသိုင်းကွက်အသစ်တစ်ကွက် ဖန်တီးလိုက်သည်။
နောက်ဆုံးတော့ ပြီးမြောက်သွား၏။ သူက ကျောဆန့်၍ လော့ရှောင် ထုတ်ထားသော ယဇ်ပလ္လင်ဆီ လမ်းလျှောက်သွားသည်။ ထို့နောက် ယဇ်ပလ္လင်၏ တည်ဆောက်ပုံကို ဂရုတစိုက် လေ့လာသည်။
ထို့နောက် ချင်မူကား သက်ပြင်းရှည်ကြီးချ၍ ယဇ်ပလ္လင်ကို ချက်ချင်း ပြုပြင်တော့သည်။ ကုရှောင်၊ တဟုန်နှင့် လော့ရှောင်တို့က သူ ပလ္လင်ထက်၌ သင်္ကေတအမှတ်အသားများ ရေးထိုးနေသည်ကို လာရောက်ကြည့်ရှုကြသည်။ သေချာကြည့်သော်လည်း ချင်မူ အသုံးပြုနေသော သင်္ကေတအမှတ်အသားများအား သူတို့ နားမလည်ကြပေ။
တချို့ သင်္ကေတအမှတ်အသားများတွင် မျိုးဆက်သစ်တာအိုကို သုံး၍ အသိစိတ်အလျဉ်ဖြိုခွဲရန် ချင်မူ ဖန်တီးထားသော ခေတ်နှောခေတ်ရော သင်္ကေတအမှတ်အသားများ ကိန်းဝပ်နေသည်။ တချို့ကမူ အသိစိတ်အလျဉ် သုံး၍ မျိုးဆက်သစ်မဟာတာအိုကို ခွဲခြမ်းစိတ်ဖြာရန် ဖန်တီးထားသော သင်္ကေတများ ဖြစ်ကြ၏။ ထို့အပြင် ကမ္ဘာခေတ်နှောင်း မဟာတာအိုသင်္ကေတများလည်း ပါရှိချေသည်။ သူတို့သုံးယောက်မှာ အားလုံး မြင်နေရသော်လည်း နားလုံးတကန်းမှ နားမလည်ကြချေ။
ချင်မူက ပန်းပဲခုံတစ်လုံး ထုတ်ကာ နတ်ဘုရားလက်နက်အပိုင်းအစများ စတင်သွန်းလုပ်တော့သည်။ ထို့နောက် နဂါးချီလင်အား ထိုအပိုင်းအစများဖြင့် ယဇ်ပလ္လင်ကို ပြုပြင်စေသည်။
နဂါးချီလင်သည် မည်သည့်သင်ပြမှုမှ မလိုအပ်ဘဲ လက်နက်များကို ယဇ်ပလ္လင်တွင် တပ်ဆင်နေ၏။
“ကောင်းကင်နတ်သိုင်းလမ်းစဉ်ကို တည်ထောင်ခဲ့တဲ့ ကောင်းကင်နတ်အရှင်မူက တကယ့်ကို အံ့မခန်းပုဂ္ဂိုလ်ပါပဲ”
တဟုန်နှင့် ကုရှောင်မှာ စိတ်ထဲမှ တိတ်တဆိတ် ချီးကျုးနေမိကြသည်။ ‘သူ့ရဲ့ စီးတော်နဂါးကတောင် လမ်းစဉ်တွေ၊ စွမ်းရည်တွေနဲ့ သိုင်းကွက်တွေမှာ ကျွမ်းကျင်နေတယ်.. သူ့အရည်အချင်းက ပေါ့သေးသေးတော့ မဟုတ်ဘူး’
ချင်မူသည် နတ်ဘုရားလက်နက်အစိတ်အပိုင်းများ ထပ်မံသွန်းလုပ်၍ ယဇ်ပလ္လင်အသေးစားလေးတစ်ခုအဖြစ် ပေါင်းစည်းကာ မူလယဇ်ပလ္လင်ဘေး၌ ထားလိုက်သည်။
ယဇ်ပလ္လင်အကြီးနှင့် ယဇ်ပလ္လင်အသေးလေးတို့မှာ ဆန့်ကျင်ဘက်ပုံရိပ်များ ဖြစ်နေကြသည်။
ချင်မူက ယဇ်ပလ္လင်အကြီးအပေါ် တက်၍ အားလုံးကို ကြည့်လိုက်သည်။ “အားလုံးပဲ ဒီယဇ်ပလ္လင်ပေါ်မှာ ကျွန်တော့်ရဲ့ ဝင်္ကပါသင်္ကေတတွေကို အသက်သွင်းလိုက်ရင် ကျွန်တော်တို့အားလုံး ဘိုးဘေးနန်းတော်ထဲ ဝင်ရောက်နိုင်အောင် ကြိုးစားကြည့်နိုင်မယ်... ကျန်တဲ့ယဇ်ပလ္လင်မှာတော့ သင်္ကေတအမှတ်အသားနောက်တစ်မျိုး ထားထားတယ်... ဘိုးဘေးနန်းတော်က ချိတ်ပိတ်ထားတော့ ကျွန်တော့်စွမ်းအားတစ်ခုတည်းနဲ့ ဖွင့်လို့မရဘူး... ဒါကြောင့် ဒုတိယယဇ်ပလ္လင်တစ်ခု တည်ဆောက်လိုက်တာ... ကျွန်တော်တို့ကို ဘိုးဘေးနန်းတော်ကနေ ပြန်ဆင့်ခေါ်ပေးနိုင်အောင် ပြောင်းပြန်ဆင့်ခေါ်ခြင်းကို သုံးနိုင်တယ်... ဒီဒုတိယသင်္ကေတအမှတ်အသားတွေကို အသက်သွင်းပေးဖို့ ကျွန်တော့်ကို လိုတယ်... အားလုံး နားလည်ကြရဲ့လား”
တဟုန်က ရယ်လျက် ပြောသည်။ “နောင်တော်မူက ခရေစေ့ တွင်းကျ တွေးပြီးသားပဲ... ကျုပ် နားလည်ပါတယ်”
ကုရှောင်လည်း ခေါင်းညိတ်၍ ပြောသည်။ “ကျုပ်လည်း နားလည်ပါတယ်”
ထိုအခါမှ ချင်မူ သက်ပြင်းချနိုင်သွားသည်။ လောလောဆယ်တော့ ထိုနှစ်ယောက်၏စကားအရ သူ့အသက် ဘေးကင်းချေပြီ။
အနည်းဆုံးတော့ ဘိုးဘေးနန်းတော်မှ မထွက်ခွာခင် သူ့အား သတ်ကြမည်မဟုတ်ချေ။
ကောင်းကင်ရတနာရထားလှည်းလည်း ယဇ်ပလ္လင်ပေါ်သို့ ရောက်ရှိလာ၏။ ကောင်းကင်နဂါးခြောက်ကောင်၊ နဂါးချီလင်နှင့် ယန်အာတို့အားလုံး ပါရှိကြသည်။ ယန်အာက ဝေစွေ့ဖုန်း ပေးခဲ့သော မီးအိမ်အား ကိုင်ထားသည်။
ချင်မူက ခပ်အုပ်အုပ် တစ်ချက် အော်ကာ ဟင်းလင်းပြင်သားရဲ ဆင့်ခေါ်ခြင်းသိုင်းကွက်အား အသက်သွင်းလိုက်သည်။ ယဇ်ပလ္လင်ပေါ်ရှိ သင်္ကေတများ ချက်ချင်း ပေါက်ကွဲသွားပြီး အဆုံးမဲ့ အလင်းတန်းများ အသွင်ပြောင်းသွား၏။ အလင်းတန်းများက ဖြည်းဖြည်းချင်း မြောက်တက်လာပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် စုစည်းသွားသည်။ ရုတ်တရက် အလင်းတန်းတစ်တန်းက ချင်မူ့မျက်ခုံးနှစ်ဖက်ကြားမှ ထွက်ပေါ်လာကာ ဟင်းလင်းပြင်အား ထိုးဖောက်သွားသည်။
ဟင်းလင်းပြင်မှာ အနည်းငယ် တုန်ခါသွား၏။ ထိုစဉ် ဟင်းလင်းပြင်ထဲ၌ ရှိနေသော ဧရာမသက်ရှိကြီးများအား တစ်ကောင်ပြီးတစ်ကောင် ချင်မူ ခံစားလိုက်ရသည်။ ၎င်းတို့မှာ အင်မတန် ရိုင်းစိုင်းခက်ထန်ပြီး သွေးဆာနေကြဟန်တူသည်။
သူက စွမ်းအားကြီးသည့် သက်ရှိတစ်ကောင်ကို ရွေးချယ်ပြီး အသိစိတ်အလျဉ်ဖြင့် တိုက်ခိုက်လိုက်သည်။
ဝှမ်...
ညင်သာသော တုန်ခါလှိုင်းတစ်လှိုင်း ဖြာထွက်လာသည်ကို ခံစားလိုက်ရသည်။ ထိုသက်ရှိကြီးနှင့် သူ့အကြား ခပ်ရေးရေးမျှ ဆက်သွယ်လာနိုင်သလို ခံစားလာရ၏။
ယဇ်ပလ္လင်ထက်တွင် ချင်မူ၏မျက်လုံးများမှာ မှင်သေနေသော်လည်း သူ၏လက်များကတော့ ဟိုဟိုသည်သည် လွှဲရမ်းနေချေသည်။ ယဇ်ပလ္လင်ပတ်ပတ်လည်တွင် တပ်ဆင်ထားခဲ့သော နတ်ဘုရားလက်နက်အစိတ်အပိုင်းများ ရုတ်တရက် အပြင်းအထန် တောက်ပလာကြသည်။ ထိုသင်္ကေတများအပေါ်၌ ချင်မူ ခတ်နှိပ်ထားသော အရာများသည် အသက်ဝင်လာသကဲ့သို့ လက်နက်အစိတ်အပိုင်းများအပေါ်တွင် မြွေလိမ်မြွေကောက် ပြေးလွှားနေကြတော့၏။
အလင်းတန်းများက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး သူတို့ခေါင်းပေါ်တွင် သင်္ကေတများဖြင့် ဖွဲ့တည်နေသော ယဇ်ပလ္လင်တစ်ဆူ ပေါ်လာသည်။ ထိုပလ္လင်သည် ဟင်းလင်းပြင်အား တွန်းတိုက်ဝင်ရောက်သွား၏။
ဘုန်း ...
ယဇ်ပလ္လင်ပေါ်ရှိလူတိုင်း ပြင်းထန်သော တုန်ခါမှုအား ခံစားလိုက်ရသည်။ ရုတ်တရက် ယဇ်ပလ္လင်တစ်ခုလုံးမှာ အားတစ်ရပ်၏ မြှောက်တင်ခံနေရသကဲ့သို့ ဟင်းလင်းပြင်ထဲသို့ ပျံသန်းသွားလေသည်။
ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်၏ အမှောင်ထုထဲ၌ ဧရာမ မျက်လုံးကြီးတစ်လုံး ပွင့်လာသည်ကို ချင်မူ ခံစားလိုက်ရသည်။ ထူးဆန်းသော မျက်လုံးကြီးက ဟိုဟိုသည်သည် ကြည့်နေသည်။
‘ဒီမျက်လုံးမျိုး ငါ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ... အာ ဟုတ်သား ပရမတ္တကမ္ဘာမှာပဲ’
သူ အံ့အားသင့်သွားသည်။ ပရမတ္တကမ္ဘာတွင် ဖန်ဆင်းရှင်များ ဘိုးဘေးဝိညာဉ်ကမ္ဘာကို ဆင့်ခေါ်နေသည့်အချိန်တုန်းက ထိုမျက်လုံးမျိုး မြင်ခဲ့ရ၏။ ၎င်းက ဘိုးဘေးဝိညာဉ်ကမ္ဘာ ပေါ်ထွက်လာသည့်အခါ ဖွဲ့တည်လာသော တစ္ဆေအရိပ် ဖြစ်ချေသည်။
သို့သော် ချင်မူ မသိသည်မှာ မဟာလေဟာနယ်ထဲရှိ အဆင့်မြင့်အသိစိတ်အလျဉ်ကမ္ဘာထဲတွင် မြေပြင်၊ တောင်တန်းများ၊ မြစ်များနှင့် ကောင်းကင်အားလုံးတွင် အလားတူမျက်လုံးများ ရှိကြခြင်းကိုပင်။
ထိုအချိန်တုန်းက ချင်မူ သတိမထားမိခဲ့ပေ။ သို့သော် သူ မြင်ယောင်ဖန်ဆင်းထားခဲ့သော နတ်နဂါးကတော့ ထိုမျက်လုံးအား မြင်ခဲ့ဖူး၏။
‘အဲ့ဒါက ဟင်းလင်းပြင်သားရဲတစ်ကောင်ရဲ့ မျက်လုံးများလား... အဲ့ဒါဆို ဘိုးဘေးဝိညာဉ်ကမ္ဘာကို ဟင်းလင်းပြင်သားရဲတွေ တည်ဆောက်ခဲ့တာလား’
သူ ထိုသို့တွေးနေစဉ် ယဇ်ပလ္လင်ကား ထိုမျက်လုံးကြီး၏ အလယ်ဗဟိုသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်နေချေပြီ။
ကောင်းကင်သည် ရုတ်ခြည်း လင်းထိန်လာ၏။ ဧရာမမျက်လုံးကြီးမှာ အံ့အားသင့်သွားသည့်အလား အလျင်အမြန် နောက်ဆုတ်သွားသည်။ ယဇ်ပလ္လင်က အရှိန်တင်လျက် လိုက်သွားသည်။
နောက်တခဏတွင် ပြင်းထန်သော တုန်ခါလှိုင်းများ လိမ့်ထွက်လာသည်။ ယဇ်ပလ္လင်သည် တုံ့ခနဲ ရပ်သွားပြီး အလင်းတန်းများက အားလုံးကို မျက်လုံးစူးသွားစေ၏။
ရှေးကမ္ဘာဦးသားရဲတစ်ကောင်၏ မျက်လုံးက ယဇ်ပလ္လင်ဘေးတွင် ပေါ်လာသည်။ ၎င်း၏သူငယ်အိမ်များက ကျုံ့၀င်သွားပြီး ရုတ်တရက် ပေါ်လာသော ယဇ်ပလ္လင်အား စိုက်ကြည့်နေချေသည်။ ထိုသူငယ်အိမ်များမှာ ကျုံ့နေသည့်တိုင် ယဇ်ပလ္လင်ထက် များစွာကြီးမား၏။
ယဇ်ပလ္လင်ပေါ်ရှိ လူတိုင်း မျက်လုံးပိုင်ရှင်ကို ရှင်းရှင်းလင်းလင်း မြင်လိုကြသည်။ သို့သော် မျက်လုံးကြီးမှာ ကောင်းကင်တစ်၀က်ကို ဖုံးအုပ်ထားသဖြင့် ခန္ဓာကိုယ်အား မမြင်ရချေ။
‘ဒါ ဟင်းလင်းပြင်သားရဲပဲ’
လော့ရှောင်၏နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။ သူက မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးအား အလျင်အမြန် ဖွင့်၍ အသိစိတ်အလျဉ် ပို့လွှတ်ရင်း အော်လိုက်သည်။ “ဟင်းလင်းပြင်းသားရဲက ဘယ်အရာကိုမဆို ဝါးမြိုနိုင်တယ်... အားလုံး သတိထားကြပါ... ကျွန်တော် ထိန်းချုပ်ဖို့ ကြိုးစားကြည့်မယ်”
သူ၏အသိစိတ်အလျဉ် မျက်လုံးကြီးထံသို့ ပြေး၀င်သွားသည့်အခါ မျက်လုံးကြီးက မချိတင်ကဲ အော်ဟစ်လိုက်သည်။ အသံမှာ အင်မတန် စူးနေ၍ ကောင်းကင်နဂါးများ၊ နဂါးချီလင်နှင့် ယန်အာမှာ နာကျင်မှုကြောင့် မြေပေါ်တွင် လူးလိမ့်နေကြရသည်။
ချင်မူနှင့် အခြားသူများ၏ အသိစိတ်အလျဉ်အဆင့် အလွန်မြင့်မားသဖြင့် မျက်လုံးကြီး၏အော်သံကြောင့် ထိခိုက်မှုမရှိချေ။ သို့သော် နဂါးချီလင်နှင့် ယန်အာ၏ အသိစိတ်အလျဉ်မှာ ထိုမျှအားမကောင်းပေ။
မျက်လုံးကြီးက နောက်ဆုတ်နေစဉ် မျက်လုံးအောက်ဘက်ရှိ မျက်ခွံက အပေါ် မြင့်တက်သွားသည်။ ထိုအခါ ကြောက်စရာကောင်းသော အရာကြီး ပေါ်လွင်လာသည်။ မျက်ခွံအောက်တွင် နှုတ်ခမ်းမပါသော ပါးစပ်ကြီးတစ်ပေါက် ရှိနေသည်။ ပါးစပ်ကြီးသည် ချောက်နက်ကြီးသဖွယ် နက်ရှိုင်းနေ၏။
အသွင်သဏ္ဍာန်က ဧရာမမျက်လုံးကြီးနှင့် တူသော်လည်း မျက်ခွံ အပေါ်တက်သွားသည့်အခါတွင်တော့ ပါးစပ်ကြီး ပေါ်လာသည်။
ဤမျှ ထူးဆန်းသည့် သားရဲမျိုးအား ချင်မူ တစ်ခါမှ မမြင်ဖူးချေ။
ဧရာမပါးစပ်ကြီးကား အဆုံးမရှိသည့် တွင်းနက်ကြီးအလားပင်။ ထို့နောက် ကြောက်မက်ဖွယ် ဆွဲငင်အားကြီးတစ်ခု ထွက်ပေါ်လာပြီး လျှာအရှည်ကြီးတစ်ခုက ယဇ်ပလ္လင်ကို ရစ်ပတ်လိုက်သည်။ ဆွဲငင်အားက ယဇ်ပလ္လင်ပေါ်၌ ရှိနေသူများကို ထိန်းချုပ်ထားပြီး အသူရာပါးစပ်ကြီးထဲသို့ ဆွဲယူနေချေသည်။
“မလန့်ကြနဲ့”
လော့ရှောင်က အော်ဟစ်၏။ “ကျွန်တော့်ကို ယုံ... ကျွန်တော့်အသိစိတ်အလျဉ်က ဒီဟင်းလင်းပြင်သားရဲကို ထိန်းချုပ်နိုင်လိမ့်မယ်”
သူက အသိစိတ်အလျဉ်စုစည်းရင်း ဤသားရဲကို ထိန်းချုပ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေချေသည်။ ချင်မူမှာ အနောက်သို့ အလောတကြီး လှည့်ကြည့်လိုက်သည့်အခါ ပါးစပ်ကြီး ပိတ်စပြုနေသည်ကို တွေ့လိုက်ရသည်။
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် လှည့်ပတ်၍ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို လှုံ့ဆော်ကာ ဟင်းလင်းပြင်သားရဲအား တိုက်ခိုက်လိုက်သည်။
သူ၏အသိစိတ်အလျဉ် နိုးထလာသည့်အချိန်၌ ဟင်းလင်းပြင်သားရဲသည် သူတို့အား ဆက်လက်ဝါးမြိုခြင်းမပြုတော့ပေ။ ပါးစပ်ကြီးသည် ဆက်မပိတ်တော့ဘဲ ဧရာမလျှာကြီးက ယဇ်ပလ္လင်ကို ပါးစပ်အပြင် ထုတ်ပေးလိုက်၏။
ယဇ်ပလ္လင်ပေါ်ရှိ လူတိုင်းမှာ အံ့ဩမှင်သက်သွားကြသည်။ ချင်မူလည်း အသိစိတ်အလျဉ်ကို ရုတ်သိမ်းကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရသည်။
လော့ရှောင်က နဖူးမှ ချွေးတို့ကို သုတ်ရင်း ၀မ်းသာအားရ ပြောသည်။ “အစက ကျွန်တော့်အဆင့်က ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်ဖို့ မလုံလောက်ဘူးထင်ခဲ့တာ... ကံကောင်းစွာနဲ့ နောက်ဆုံးအချိန်ကျမှ စွမ်းအားအပြည့်အ၀ ပေါ်ထွက်လာပြီး ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်နိုင်သွားတယ်”
မိုင်ပေါင်းများစွာ ရှည်လျားသော လျှာကြီးက ပြေကျသွားကာ ယဇ်ပလ္လင်အား အောက်ချလိုက်သည်။
ချင်မူ ပြန်လှည့်ကြည့်လိုက်သည့်အခါ ဟင်းလင်းပြင်သားရဲ၏ ပုံပန်းသွင်ပြင်မှာ အင်မတန် ထူးဆန်းကြောင်း မြင်လိုက်ရ၏။ ၎င်း၏ ခေါင်းပေါ်တွင် တောင်တန်းများသဖွယ် ထင်ရသော ဆူးချွန်များ အတန်းလိုက် ပေါက်နေကြသည်။ ဆူးတို့ကား အင်မတန် ကြီးမားလှသဖြင့် အရိုးတောင်တန်းများအအလား ထင်ရသည်။
ဟင်းလင်းပြင်သားရဲသည် တိုက်ပွဲပေါင်းများစွာ ကျော်ဖြတ်ခဲ့ရပုံပင်။ ၎င်း၏ခန္ဓာကိုယ်အပေါ်ရှိ အရိုးတောင်တန်းအတော်များများမှာ ကျိုးပဲ့နေပြီး ချွန်မြနေသည့် အရိုးငုတ်များအဖြစ် ရှိနေ၏။
ချင်မူက ဟင်းလင်းပြင်သားရဲအား အသေအချာကြည့်ရှုနိုင်ရန် ခပ်လှမ်းလှမ်းသို့ ပျံတက်လိုက်သည်။
၎င်းတွင် စုစုပေါင်း ခြေထောက်ခြောက်ချောင်း ရှိသည်။ နောက်ခြေနှစ်ချောင်းက အနောက်ရှိ တောင်တန်းများကြားတွင် ကွေးလျက် ထောက်ထားပြီး ရှေ့ခြေချောင်းက မြေပေါ်တွင် ရပ်နေသည်။ ၎င်း၏ ဦးခေါင်းကြီးသည် ဘိုးဘေးနန်းတော်၏ မြင့်မားလှသော တောင်တန်းများထက် သိသိသာသာ ကျော်လွန်နေချေ၏။
ဦးခေါင်းမှာ လုံး၀န်းပြီး ဧရာမမျက်လုံးကြီးတစ်လုံးက အလယ်ဗဟိုတွင် နေရာယူထား၏။ မျက်လုံးတစ်လုံးသာရှိပြီး မျက်နှာအပြည့် ဖုံးလွှမ်းထားသည်။
မျက်လုံးအောက်တွင် ကွေ့ကောက်နေသည့် တောင်ကြားတစ်ခုနှင့် တူသော အက်ကွဲကြောင်း တစ်ကြောင်းခုနှင့် ရွတ်တွကြမ်းထော်နေသည့် အရေပြားတစ်ခု ရှိ၏။
အက်ကွဲကြောင်းက ပါးစပ်ဖြစ်ပြီး အရေပြားက မျက်ခွံဖြစ်သည်။
မျက်ခွံ အပေါ်သို့ တက်သွားတိုင်း ပါးစပ်ကြီးသည် ကြီးမားသထက် ကြီးမားလာသဖြင့် ခေါင်းကြီးတစ်ခေါင်းလုံး၌ မညီမညာသွားချွန်ချွန်များ ပြည့်နေသော အဆုံးမဲ့ပါးစပ်ကြီးနှင့် ပါးစပ်ထဲရှိ ဧရာမလျှာကြီးကိုသာ မြင်ရတော့သည်။