ရှေးဟောင်းနတ်ဘုရားများနှင့် ရွှေရောင်ခေါင်းတလား
Vol. 82 Ch. 1057
‘ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့ သားရဲမျိုး ရှိနေရတာလဲ’
ချင်မူ မတုန်လှုပ်မိဘဲ မနေပေ။ ထိုအခိုက်အတန့်တွင် သားရဲ၏ အရှေ့ခြေလေးချောင်းကြား၌ အသားလွှာများ တည်ရှိနေသည်ကို သတိထားမိသွားသည်။ ယင်းက ဤသားရဲ ပျံနိုင်သည့်အဓိပ္ပာယ်ပင်။
ယင်းအသားလွှာများကို ဖြန့်ကားလိုက်ပါက လင်းနို့တစ်ကောင်ကဲ့သို့ ပျံလွှားနိုင်ပေလိမ့်မည်။
ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်ပြီး မည်သည့်အရာမဆို ဝါးမြိုနိုင်သည့်အပြင် ပျံပါပျံနိုင်သော ရှေးဟောင်းသားရဲတစ်ကောင်ပင်။ ဖန်ဆင်းရှင်များ ထိုသားရဲတို့ကြောင့် မျိုးသုဉ်းမသွားသည်မှာ ထူးဆန်းလှသည်။
‘ကမ္ဘာဦးခေတ်က ဖန်ဆင်းရှင်တွေက ဒီစွမ်းအားကြီးတဲ့ သတ္တဝါတွေကို အသိစိတ်အလျဉ်နဲ့ ထိန်းချုပ်နိုင်ခဲ့တာများလား’
လော့ရှောင်မှာတော့ ပြောမပြတတ်လောက်အောင် စိတ်လှုပ်ရှားနေသည်။ သူက ရှေ့သို့ ပျံသွားပြီး ဟင်းလင်းပြင်သားရဲ၏ ကြမ်းထော်ထော်အရေပြားအား ပွတ်သပ်လိုက်သည်။ သူ့မှာ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ဗလုံးဗထွေးပြော၏။ “ဒါက ကျွန်တော်တို့ ဘိုးဘေးတွေ ပြောပြခဲ့တဲ့ ဟင်းလင်းပြင်သားရဲဆိုတာလေဗျာ… ဒဏ္ဍာရီတွေအရ မျိုးနွယ်စုရဲ့ အသန်မာဆုံး စစ်သည်တော်တွေပဲ သူတို့ကို ထိန်းချုပ်နိုင်ကြတာ… ကျွန်တော် ထိန်းချုပ်နိုင်မယ် ထင်မထားခဲ့ဘူး…”
ချင်မူ ဟင်းလင်းပြင်သားရဲကို သေချာကြည့်ရှုလိုက်ရာ ၎င်း၏အရေပြားတွင် စက်ဝိုင်းပုံ အမှတ်အသားများစွာ ရှိနေကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့က ဟင်းလင်းပြင်သဏ္ဍာန်ကွက်များ ဖြစ်လိမ့်မည်။
သူ့ရင်ထဲ အနည်းငယ် တုန်လှုပ်သွားမိသည်။ ‘ဒီသဏ္ဍာန်ကွက်တွေကို စေ့စေ့စပ်စပ် လေ့လာနိုင်ရင် ဟင်းလင်းပြင်သင်္ကေတတွေနဲ့ ဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းတွေကို ဖန်တီးကောင်း ဖန်တီးနိုင်လိမ့်မယ်… မဟာတာအိုအသစ်တစ်ခုတောင် ဖန်တီးနိုင်လောက်တယ်…’
ချင်မူက လင်းလက်နေသော မျက်လုံးများဖြင့် မှန်တစ်ချပ် ထုတ်ကာ လေပေါ်ပျံတက်သွားသည်။ သူက ဟင်းလင်းပြင်သားရဲကို လှည့်ပတ်၍ မှန်ဖြင့် ထိုးနေ၏။
ရုတ်တရက် ယန်အာမှာ အလန့်တကြား ထအော်သည်။ “သခင်လေး၊ ပတ်၀န်းကျင်ကို ကြည့်လိုက်ဦး…မြန်မြန်”
ချင်မူ ပတ်၀န်းကျင်အား ကြည့်လိုက်သည့်အခါ အံ့အားသင့်သွားသည်။ ဘိုးဘေးနန်းတော်၏ မြေပြင်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ဧရာမမျက်လုံးကြီးများစွာ မြင်သာလာ၏။
မျက်လုံးများသည် အရွယ်အစားမတူကြပေ။ တချို့မျက်လုံးများဆိုလျှင် တောင်တန်းများအတွင်းမှ ပေါက်ဖွားလာသည့်အလားပင်။
အသေးငယ်ဆုံးမျက်လုံး၏ အ၀န်းပင်လျှင် ပေ ၁၀၀ ကျော် ရှည်လျားသည်။
ဧရာမမျက်လုံးကြီးများသည် မိုးရွာပြီးနောက် ပေါက်လာသည့် ဝါးမြစ်များပမာ မြေကြီးထဲ၌ ထွက်ပေါ်လာကြ၏။ ၎င်းတို့က မျက်တောင်ပုတ်ခတ်လျက် သူတို့အား စိတ်လှုပ်တရှား ကြည့်နေကြသည်။
ထိုမျှသာမက ကောင်းကင်တွင် ထွက်ပေါ်လာသည့် မျက်လုံးကြီးများကိုလည်း မြင်လိုက်ရသည်။ အရေအတွက်က အလျင်အမြန် များပြားလာသည်။ ချင်မူ ဟိုဟိုသည်သည် ကြည့်လိုက်ရာ ဘိုးဘေးနန်းတော်၏ ကောင်းကင်မှာ မကြာမီ ဧရာမမျက်လုံးကြီးများဖြင့် ပြည့်နှက်သွားတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
ချင်မူမှာ ကျော၌ ကြက်သီးများ တဖြန်းဖြန်း ထသွားသော်လည်း လော့ရှောင် ဖမ်းဆီးနိုင်ခဲ့သည့် ဟင်းလင်းပြင်သားရဲ၏ ဟင်းလင်းပြင်သဏ္ဍာန်ကွက်များကိုလည်း မကူးယူဘဲ မနေနိုင်ချေ။ ထို့နောက် ယဇ်ပလ္လင်ဆီ ကပျာကယာ ပျံသန်းသွားကာ အလောတကြီး ပြောလိုက်သည်။ “ဟင်းလင်းပြင်သားရဲတွေ အကုန်စားပစ်လိုက်လို့ ဘိုးဘေးနန်းတော်မှာ တခြားသားရဲတွေ မရှိတော့တာ ဖြစ်နိုင်တယ်… ဒီနေရာမှာ ဆက်နေဖို့ အန္တရာယ်များတယ်... မြန်မြန် ထွက်သွားကြစို့”
လော့ရှောင်က အလျင်အမြန် ပြော၏။ “ကျွန်တော် ဘိုးဘေးနန်းတော်က ဘိုးဘေးတွေနဲ့ ဆက်သွယ်ရဦးမယ်… ခဏလောက် စောင့်ကြပါဦး”
တဟုန်က ခပ်ရေးရေး ပြုံးလျက် မေးသည်။ “နောင်တော်မူ၊ ဘိုးဘေးနန်းတော်က မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းအကြောင်း မသိချင်မိဘူးလား… ကျုပ် အဲ့ဒီသွားပြီး တစ်ခါလောက် ကြည့်ချင်မိတယ်… ကောင်းကင်နတ်ဧကရာဇ်က အဲ့ဒီကျောက်တွင်းထဲက ဥတစ်လုံးကနေ မွေးဖွားလာတာလို့ ကျုပ် ကြားဖူးတယ်… နောင်တော်ကုရှောင်၊ ခင်ဗျားရော မသိချင်ဘူးလား”
ချင်မူက သူ့အား တစ်ချက်ကြည့်လိုက်မိသည်။
ကုရှောင်က ခပ်ပြတ်ပြတ် ပြောသည်။ “မဟာဧကရာဇ်ရဲ့ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးကလည်း အဲ့ဒီကျောက်တွင်းကနေ ရတာလို့ ကြားဖူးတယ်… ကျုပ်လည်း ထုံးစံအတိုင်း သိချင်တာပေါ့… အဲ့ကျောက်တွင်းကို သွားမလည်ရရင် ကျုပ်တို့ခရီးက အလဟဿဖြစ်သွားလိမ့်မယ်”
သူတို့နှစ်ဦးသည် ယဇ်ပလ္လင်၏ တစ်ဖက်တစ်ချက်စီတွင် ရပ်၍ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏။
ချင်မူ့နဖူး၌ချွေးများစို့လာသည်။ သူက နောက်ဆုတ်ရင်း အသိစိတ်အလျဉ်ဖြင့် သတိပေးလိုက်သည်။ “မမကြီးယန်အာ၊ မီးအိမ်ကို အချိန်မရွေး ငြှိမ်းဖို့ အသင့်ပြင်ထား”
ယန်အာက ရထားလှည်းတွင် ချိတ်ထားသော မီးအိမ်ကို ခပ်သွက်သွက် ဖြုတ်လိုက်သည်။ သူမသည် ချင်မူ့ပခုံးအပေါ် ပျံသန်းလာပြီး နား,အနားကပ်ကာ ပြော၏။ “သခင်လေး၊ အခုက နေ့ဘက်ပဲ ရှိသေးတာဆိုတော့ မီးအိမ်ကို ငြှိမ်းလိုက်ရင် ငါတို့ တစ္ဆေသင်္ဘောဆီ ပြန်မရတော့မှာ စိုးရိမ်တယ်”
ချင်မူ၏အသိစိတ်အလျဉ်က တုန်ခါသွားသည်။ “ကျွန်တော်က ယိုတုနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ သားတော်ဖြစ်ဖူးတာပဲ… ဒါကြောင့် ကောင်းကင်ကို မှောင်လာအောင် လုပ်လို့ရတယ်… သူတို့ လှုပ်ရှားတာနဲ့ မမကြီး မီးအိမ်ကို ချက်ချင်း ငြှိမ်းလိုက်”
တဟုန်နှင့် ကုရှောင် တိုက်ခိုက်ပါက ဟင်းလင်းပြင်သားရဲများထက်ပင် ဆိုးရွားပေလိမ့်မည်။
ချင်မူ စိတ်ပူနေမိသည်။ ဘိုးဘေးနန်းတော်အား ရှေးဟောင်းနတ်ဘုရားများက ပူးပေါင်းပိတ်ထားကြခြင်း ဖြစ်သည်။ သူတို့သည် ယိုတု၊ ရွှမ်တု၊ ယွမ်တု၊ ကောင်းကင်နတ်ဘုံ၊ အဆုံးသတ်မြို့ပျက်နှင့် ဝင်ရိုးစွန်းလေးခု၏ ပြောင်းပြန်ဘက်ခြမ်းကို အသုံးပြု၍ ဘိုးဘေးနန်းတော်က ပိတ်ထားခြင်း ဖြစ်၏။ ထိုသို့ ပိတ်လှောင်ထားခြင်းမျိုးမှာ အင်အားကြီးမားလွန်းချေသည်။
ဘိုးဘေးနန်းတော်အတွင်း၌ မီးအိမ် ငြှိမ်းလိုက်ပါက တစ္ဆေသင်္ဘောဆီ ပြန်ရောက်နိုင်၊ မရောက်နိုင် သူ သေချာမသိချေ။
တဟုန်က လက်ပိုက်လျက်၊ ကုရှောင်က လက်သည်းများကို တိုက်စားလျက် စိတ်အေးချမ်းစေနိုင်သော အပြုံးမျိုးဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
“ရားး….”
ကောင်းကင်နှင့်မြေကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ ဧရာမဟင်းလင်းပြင်သားရဲကြီးများ မြေကြီးနှင့် တောင်တန်းများမှ ထိုးထွက်လာကြပြီး ကောင်းကင်တွင် ဖြစ်တည်လာကြသည်။
ဧရာမသားရဲကြီးများသည် ပုံစံအတည်တကျမရှိဘဲ မည်သည့်အရာကိုမဆို ဖြတ်သန်းသွားလာနိုင်သည့်အလား ထင်ရ၏။
ချင်မူ့နဖူးပေါ်တွင် ချွေးပိုစို့လာသည်။ သူက ခပ်တိုးတိုး ပြောသည်။ “လော့ရှောင်၊ မင်းဘိုးဘေးတွေရဲ့ အသိစိတ်အလျဉ်နဲ့ ဆက်သွယ်ပြီးပြီလား… ပြီးရင် ငါတို့ ချက်ချင်း ထွက်သွားသင့်ပြီ”
လော့ရှောင်၏ အသိစိတ်အလျဉ်က ဘိုးဘေးနန်းတော်၏ ဟင်းလင်းပြင်အလွှာအထပ်ထပ် ထိုးဖောက်၍ သူ့ဘိုးဘေးများ၏ အသိစိတ်အလျဉ်အား ရှာဖွေနေချေသည်။ သူ့မျက်နှာမှာ မှင်သေသွားပြီး သူက ရေရွတ်လိုက်၏။ “ဒီမှာ အသိစိတ်အလျဉ် အရိပ်အယောင် မရှိဘူး…”
လော့ရှောင်မှာ ချက်ချင်းဆိုသလို စိတ်ပျက်လက်မှိုင်ကျသွားပြီး ဟက်ခနဲ ရယ်လိုက်သည်။ “နောင်တော်မူ၊ ဘိုးဘေးနန်းတော်မှာ ကျွန်တော့်ဘိုးဘေးတွေရဲ့ အသိစိတ်အလျဉ်ကို ရှာလို့မတွေ့ဘူး… သူတို့ အသိစိတ်အလျဉ်ကို ဟင်းလင်းပြင်သားရဲတွေ ဝါးမြိုသွားတာ ဖြစ်နိုင်တယ်.. .. ဒါကို အကြီးအကဲတွေဆီ ဘယ်လိုပြန်ရှင်းပြရပါ့မလဲ”
သူက ယုံကြည်ချက်များ ပျောက်ဆုံးလျက် မြေပြင်တွင် ငူငူငိုင်ငိုင် ထိုင်ချလိုက်သည်။
ဖန်ဆင်းရှင်များခေတ်တွင် တာအိုနှလုံးသား မရှိချေ။ တာအိုနှလုံးသားသည် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အား တည်ထောင်ပြီးနောက်မှ ဆန်းသစ်လာခြင်း ဖြစ်၏။ ထို့ကြောင့် သူ၏ စိတ်အခြေအနေအဆင့်မှာ ချင်မူနှင့် အခြားသူများထက် များစွာနိမ့်ကျပြီး အရည်အသွေးမပြည့်မှီချေ။
ဟင်းလင်းပြင်သားရဲများစွာ ထပ်မံဖြစ်တည်လာကြသည်။ ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်သားရဲများက အသားလွှာများကို ဖြန့်ကားလျက် လှုပ်ခတ်ကာ ပျံသန်းနေကြသည်။
ချင်မူက ရုတ်တရက် အော်လိုက်သည်။ “ကျုပ် သေသွားရင် ဘယ်သူမှ ဘိုးဘေးနန်းတော်က ထွက်သွားနိုင်ရမှာမဟုတ်ဘူး”
ယဇ်ပလ္လင်ပေါ်ရှိ ကုရှောင်နှင့် တဟုန်တို့ အကြည့်လွှဲလိုက်ကြသည်။ ကုရှောင်က အကြောဆန့်၍ ပြုံး၏။ “ကျုပ်တို့ ကျောက်တွင်းဆီကို သွားကြည့်ဖို့ စီစဉ်ထားတာဆိုတော့ အားလုံးသွားကြရင် ဘယ်လိုလဲ… နောင်တော်ဟုန်ရော ဘယ်လိုသဘောရသလဲ”
တဟုန်က ရယ်လျက် ပြောသည်။ “ကျုပ်လည်း အဲ့ဒီလိုပဲ တွေးနေတာ”
ချင်မူက လော့ရှောင်ကို ဆွဲထူကာ အော်ပြောသည်။ “မင်းဘိုးဘေးတွေရဲ့ ဝိညာဉ်တွေက ပိုအဆင့်မြင့်တဲ့ ဟင်းလင်းပြင်တွေမှာ ဖြစ်နိုင်တာပဲလေ… ဒီဟင်းလင်းပြင်သားရဲတွေက အဲ့ဒီကို မရောက်နိုင်ဘူး… မင်းကိုယ်မင်း အပြစ်မတင်နဲ့…. မင်းရဲ့ ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်ပြီး ငါတို့ကို ဒီက ခေါ်ထုတ်သွားပေး”
မြေပြင်ထက်မှ ဟင်းလင်းပြင်သားရဲကြီးများက လှိုင်းလုံးကြီးများသဖွယ် ခုန်တက်လာကြလာကာ သူတို့ကို ပြေးပေါက်ပိတ်ထားချေပြီ။
လော့ရှောင်မှာ စိတ်အား ပြန်လည်တက်ကြွလာ၏။ “ဟုတ်တယ်…ကျွန်တော့်ဘိုးဘေးတွေက ကျွန်တော့်ထက် အများကြီးသန်မာတယ်…. သူတို့ရဲ့ အသိတစ်အလျဉ်တွေကို ပိုအဆင့်မြင့်တဲ့ ဟင်းလင်းပြင်တွေမှာ ထားခဲ့တာပဲဖြစ်ရမယ်….အဲ့လိုပဲဖြစ်မှာ”
ချင်မူ၏မှော်စွမ်းအင်က ထွက်ပေါ်လာပြီး ယဇ်ပလ္လင်ကို မြှောက်တင်ပေးလိုက်ရာ ယဇ်ပလ္လင်သည် ဝှစ်ခနဲ ပျံတက်သွား၏။ ၎င်းက လော့ရှောင် ထိန်းချုပ်ထားနိုင်သော ဟင်းလင်းပြင်သားရဲ၏ ဦးခေါင်းပေါ်သို့ ပျံတက်သွားပြီး အရိုးတောင်တန်းများကြားတွင် နေရာယူလိုက်သည်။
လော့ရှောင်သည် ဟင်းလင်းပြင်သားရဲအား မောင်းနှင်ရာတွင် အာရုံစိုက်လိုက်၏။ ၎င်း၏ ခြေခြောက်ချောင်းက ရှေ့သို့လျှောက်သွားရင်း မြန်သထက် မြန်လာသည်။ ရုတ်တရက် ၎င်းကား အခြားဟင်းလင်းပြင်သားရဲများ ခုန်မအုပ်နိုင်ခင် ဟင်းလင်းပြင်ထဲမှ ခုန်ထွက်သွားတော့သည်။
ပတ်၀န်းကျင်သည် ရုတ်ခြည်းဆိုသလို ထူးဆန်းလာပြီး ယဇ်ပလ္လင်ရှိ ချင်မူနှင့် အခြားသူများ၏ ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်ရလာ၏။ ချင်မူ လက်မြှောက်လိုက်သည့်အခါ အရေပြားရှိ ကြွက်သားများ၊ သွေးကြောများကို အတိုင်းသားမြင်နေရချေသည်။
သူတို့အကြားတွင် ကုရှောင်နှင့် တဟုန်၏ ရုပ်ခန္ဓာကိုယ်များသာ မည်သည့်အပြောင်းအလဲမှ မတွေ့ရပေ။
ဟင်းလင်းပြင်သားရဲက အခြားဟင်းလင်းပြင်သားရဲများကို ရှောင်လျက် ပထမဟင်းလင်းပြင်သို့ ခုန်တက်လိုက်သည်။ ထိုအခိုက်အတန့်တွင် ချွန်မြလှသော လက်သည်းစွယ်တစ်ခုက ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး ဟင်းလင်းပြင်သားရဲနှင့် ယဇ်ပလ္လင်ပေါ်ရှိ အခြားသူများထံ ဝိုက်ချလိုက်သည်။
ထိုဟင်းလင်းပြင်းသားရဲ၏ လက်သည်းစွယ်သည် နတ်ဘုရားလက်နက်များသဖွယ် အေးစက်စက် လင်းလက်နေပြီး တောက်ပနေပြီး ပထမဟင်းလင်းပြင်းကို ဆွဲဖြဲသွား၏။
လော့ရှောင်က ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်ရင်း အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ ၎င်းဧရာမလက်သည်းစွယ်ကြီးက သူတို့ခေါင်းပေါ်မှ ဝိုက်ဖြတ်သွားကာ ဟင်းလင်းပြင်တွင် ပြတ်ရာများ အတန်းလိုက်ဖြစ်ပေါ်သွားစေသည်။
ဟင်းလင်းပြင်ထဲတွင် နောက်ထပ်လက်သည်းစွယ်များစွာ ပေါ်လာကြသည်။ လော့ရှောင်သည် ဟင်းလင်းပြင်သားရဲအပေါ် ပထမဆုံးအကြိမ် ထိန်းချုပ်ခြင်းဖြစ်သဖြင့် အကုန်လုံးအား အချိန်မီ မရှောင်တိမ်းနိုင်ချေ။ ဟင်းလင်းပြင်သားရဲမှာ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိနေသဖြင့် နားကွဲမတတ် အော်ဟစ်နေချေသည်။
ဝှစ်..
ဟင်းလင်းပြင်သားရဲများက တစ်ကောင်ပြီးတစ်ကောင် ပထမဟင်းလင်းပြင်ထဲသို့ ၀င်ရောက်လာကြရင်း စိတ်လှုပ်ရှားစွာဖြင့် ခုန်အုပ်ကြသည်။
သူတို့သည် မျက်ခွံများကို ပင့်၍ ပါးစပ်ကြီးများ ဟထားကြ၏။ ပါးစပ်များက ခေါင်းတစ်၀က်ကျော် နေရာယူထားသဖြင့် သူငယ်အိမ်များမှာ ခပ်ရေးရေး မျဥ်းတန်းလေးတစ်တန်းအဖြစ်သာ ထင်နေတော့သည်။
လော့ရှောင်က ဟင်းလင်းပြင်သားရဲကို ကပျာကယာ ထိန်းချုပ်လိုက်သည်။ ထိုအခါ ၎င်းသည် ခန္ဓာကိုယ်ကို ချုံ့၍ ဟင်းလင်းပြင်သားရဲများကြားမှ ကပ်သီကာ လွတ်မြောက်သွား၏။ ၎င်းက နောက်တစ်ကြိမ် ထပ်မံခုန်၍ ဒုတိယဟင်းလင်းပြင်သို့ ၀င်ရောက်လိုက်သည်။
ဒုတိယဟင်းလင်းပြင်တွင် လူတိုင်းမှာ သူတို့၏အရိုးများကို မြင်နေရ၏။ အတွင်းကလီစာအား ထွင်းဖောက်မြင်နေရသော ပင်လယ်ပုစွန်ကြည်များကဲ့သို့ပင်။
သို့သော် ကျန်ဟင်းလင်းပြင်သားရဲများကလည်း ခုန်ပေါက်လျက် ဒုတိယဟင်းလင်းပြင်သို့ ၀င်ရောက်လာကြသည်။ ဟင်းလင်းပြင်သားရဲများသည် ခန္ဓာကိုယ်အား ကျုံ့နိုင်၊ ဆန့်နိုင်ပြီး အင်မတန်ပျော့ပြောင်းသည့်အပြင် ခန္ဓာကိုယ်အရွယ်အစားပါ ပြောင်းလဲနိုင်ကြသည်။
ချင်မူက သူ၏အသိစိတ်အလျဉ်ကို အနီးဆုံးရှိ ဟင်းလင်းပြင်သားရဲဆီ စေလွှတ်ကာ ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
ထိုဟင်းလင်းပြင်သားရဲသည် ခန္ဓာကိုယ်ချုံ့ထားသော်လည်း ကြီးမားနေသေး၏။ ချင်မူ့အသိစိတ်အလျဉ်ဖြင့် တိုက်ခိုက်ခံရသောအခါ ၎င်းက နားကွဲမတတ် အော်ဟစ်လိုက်သည်။
ရုတ်ခြည်း ချင်မူမှာ မူးဝေလာသည်။ သားရဲ၏အော်သံက သူ၏အသိစိတ်အလျဉ်ကို ထိုးဖောက်၍ သူ့အတွေးများကို ဝေဝါးသွားစေသဖြင့် ချင်မူ အံ့ဩမှင်သက်သွား၏။
အော်သံမှာ အော်သံအစစ်မဟုတ်ချေ။ ဟင်းလင်းပြင်သားရဲသည် အန္တရာယ်ကို အာရုံခံမိလျှင် အသိစိတ်အလျဉ်ဖြင့် နားကွဲမတတ်ကျယ်လောင်သော အော်သံတစ်သံ ထုတ်လွှတ်၍ ရန်သူ့အသိစိတ်အလျဉ်ထဲ ၀င်ရောက်ကာ လှုပ်ရှားမှုများကို အနှောင့်အယှက်ပေးတတ်၏။
ဟင်းလင်းပြင်သားရဲများကား ဖန်ဆင်းရှင်များနှင့် တိုက်ပွဲတို့ဆီမှ သင်ယူခဲ့ရကြောင်း ထင်ရှားပေသည်။
‘မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်’
ချင်မူ၏အသိစိတ်အလျဉ်က ဟင်းလင်းပြင်သားရဲ၏ အော်သံကို ခုခံလိုက်သည့် ကောင်းကင်အလွှာတစ်ထပ်ပြီးတစ်ထပ်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူက ၎င်း၏စိတ်ထဲ၌ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်အား ခတ်နှိပ်လိုက်သည်။
ဟင်းလင်းပြင်သားရဲမှာ အင်အားကြီးမားလွန်းသောကြောင့် အော်သံများဖြင့် သူ၏မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို တွန်းကန်တိုက်ခိုက်နေသည်။ ခံစစ်က သေသပ်လွန်းသဖြင့် ချင်မူမှာ ၎င်း၏အသိစိတ်အလျဉ်ကို အချိန်တိုအတွင်း မလွှမ်းမိုးနိုင် ဖြစ်နေတော့သည်။
‘ငါ့အသိစိတ်အလျဉ်စွမ်းအားက လော့ရှောင်နဲ့ အတူတူလောက်ပဲ... သူက ငါ့ထက် သန်မာတယ်ဆိုရင်တောင် အများကြီးတော့ ကွာမှာမဟုတ်ဘူး... ငါ့မှာ မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ရှိတယ်.... ငါ့အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကလည်း သူ့ထက် အဆပေါင်းများစွာ သာတယ်... သူ ဘယ်လိုလုပ် အဲ့ဒီသားရဲကို ခဏလေးနဲ့ ထိန်းချုပ်နိုင်တာပါလိမ့်”
ချင်မူ ကြက်သီးတဖြန်းဖြန်း ထသွားမိသည်။ လော့ရှောင်သည် ဟင်းလင်းပြင်သားရဲကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့၏။ ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်ခဲ့သူက လော့ရှောင်မဟုတ်ဘဲ အခြားသူတစ်ယောက် ဖြစ်နေမည်လော။
လော့ရှောင်က သားရဲကို ထိန်းချုပ်ရင်း တတိယ၊ စတုတ္ထနှင့် ပဉ္စမဟင်းလင်းပြင်များဆီသို့ ဆက်တိုက်ဖြတ်သန်းသွားလာနေသည်။
ဆဋ္ဌမဟင်းလင်းပြင်သို့ ရောက်သည့်အခါ သူတို့အားလုံး မူလဝိညာဉ်များကိုသာ မြင်ရတော့သည်။ မည်သူမှ ရုပ်ခန္ဓာအား မမြင်ရတော့ချေ။
မတူသည့်အရာဆို၍ ဟင်းလင်းပြင်သည် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးအား မဖျက်ဆီးချေ။ ၎င်းက သူ့မူလဝိညာဉ်အရှေ့တွင် ပျံဝဲနေသည်။
မှန်ပါသည်။ ကုရှောင်နှင့် တဟုန်တို့၏ ရုပ်ခန္ဓာများကမူ မည်သည့်ပြောင်းလဲမှုမှ မခံစားရချေ။
‘ကုရှောင်နဲ့ တဟုန်က တကယ်ကြီး မဟာဧကရာဇ်နဲ့ ကောင်းကင်နတ်ဧကရာဇ်ပဲ' ချင်မူမှာ အံ့အားသင့်နေမိသည်။
သူတို့အား အနောက်မှ လိုက်ဖမ်းနေသော ဟင်းလင်းပြင်သားရဲများစွာ ရှိနေသေးသည်။ တချို့ ဟင်းလင်းပြင်သားရဲငယ်များမှာ ဟင်းလင်းပြင်အနက်ထဲအထိ မ၀င်ရောက်နိုင်သည့်အတွက် ပဉ္စမဟင်းလင်းပြင်တွင် တားဆီးခံကြရသည်။
ချင်မူက ဟင်းလင်းပြင်သားရဲအား ထိန်းချုပ်ရန် ကြိုးစားနေဆဲပင်။ သို့သော် သားရဲက နားကွဲမတတ် အော်သံများကို ဆက်လက်ထုတ်လွှတ်၍ သူ၏မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို ခုခံနေ၏။
ချင်မူ့မျက်ခုံးများ ပင့်တက်သွားသည်။ ‘ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်နေတဲ့သူက လော့ရှောင်မဟုတ်ဘူး... မဟာဧကရာဇ်ပဲ’
လော့ရှောင်က အနည်းငယ် မအီမသာဖြစ်လာသဖြင့် အော်ပြောသည်။ “ကျွန်တော်တို့ ဟင်းလင်းပြင်ထဲ ဆက်သွားမယ်ဆိုရင် ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်တွေ ချေမှုန်းခံရလိမ့်မယ်”
ဟင်းလင်းပြင်သားရဲသည် ဆဋ္ဌမဟင်းလင်းပြင်ထဲသို့ ခုန်၀င်လိုက်၏။ ယဇ်ပလ္လင်ပေါ်ရှိ ချင်မူ၊ ယန်အာနှင့် အခြားသူများမှာ သူတို့၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာတို့ ဟင်းလင်းပြင်၏ ချေမှုန်းခြင်းခံနေရမှန်း ချက်ချင်း ခံစားလိုက်ကြရသည်။ အသိစိတ်အလျဉ်တစ်ခုသာ ဟင်းလင်းပြင်၏ချေမှုန်းခြင်းကို ခုခံနိုင်၏။
ချင်မူက အသိစိတ်အလျဉ်ဖြင့် သားရဲအား ထိန်းချုပ်နိုင်၊ မနိုင် သိရရန် တိုက်ခိုက်နေဆဲပင်။ သူ၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာတို့ ဟင်းလင်းပြင်၏ ချေမှုန်းခြင်းခံနေရသည်ကိုလည်း ခံစားနေရ၏။ ကံကောင်းစွာဖြင့် ဆဋ္ဌမဟင်းလင်းပြင်၏ ချေမှုန်းခြင်းမှာ ထိုမျှမပြင်းထန်သဖြင့် ခုခံထားနိုင်ချေသည်။
ဟင်းလင်းပြင်သားရဲမှာ သူ၏မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်အား ခုခံရန် အခက်တွေ့နေချေပြီ။ မကြာမီ ထိန်းချုပ်နိုင်ပေတော့မည်။
လော့ရှောင်သည် အနောက်မှ ဟင်းလင်းပြင်သားရဲများစွာ လိုက်နေစဉ် ဟင်းလင်းပြင်သားရဲအား ထိန်းချုပ်ကာ သတ္တမဟင်းလင်းပြင်သို့ ၀င်ရောက်လိုက်သည်။ သူတို့ရုပ်ခန္ဓာများ တောင့်ခံရန် ခက်ခဲလာကြ၏။
ထိုအခိုက်အတန့်တွင်တော့ ချင်မူ ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်နိုင်သွားသည်။ သူက အသိစိတ်အလျဉ်ကို အလျင်အမြန် ရုတ်သိမ်း၍ နဂါးချီလင်၊ ယန်အာနှင့် ကောင်းကင်နဂါးခြောက်ကောင်တို့အပေါ် လွှမ်းခြုံပေးလိုက်သည်။
သူတို့အပေါ်ရှိ ဖိအားမှာ သိသိသာသာ လျော့ကျသွားလေသည်။
လော့ရှောင်က ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်၍ ဟင်လင်းပြင်အား ထိုးဖောက်ရင်း မရပ်မနား ဖြတ်သန်းနေသည်။ ချင်မူက သူ ထိန်းချုပ်နိုင်ခဲ့သည့် သားရဲကို သူနှင့်အတူ မလိုက်ပါစေဘဲ ဟင်းလင်းပြင်ထဲသို့ ပြန်လည်စေလွှတ်လိုက်သည်။
သူက ထိုသားရဲ၏ မျက်လုံးများမှတစ်ဆင့် ဘိုးဘေးနန်းတော်၏ ကမ္ဘာလောကအား လေ့လာနေသည်။ သူ၏ထိန်းချုပ်မှုအောက်တွင် ဟင်းလင်းပြင်းသားရဲသည် လေကိုခွင်း၍ ဒုန်းဆိုင်း ပြေးရင်း မြေကို လျှိုးလျက် ပင်လယ်ကို ဖြတ်သွားနေ၏။
ချင်မူမှာ ဘိုးဘေးနန်းတော်၏ ပထဝီအနေအထားအား လေ့လာရင်း ပိုမိုမြင်ရလေလေ၊ ကြောက်ရွံ့လာလေလေ ဖြစ်လာသည်။
ဘိုးဘေးနန်းတော်တွင် အခြားမည်သည့်သက်ရှိမှ မရှိချေ။ အားလုံး သေကြေပျက်စီးကုန်ကြသဖြင့် မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများသာ ကျန်ရစ်တော့သည်။
သက်ရှိများ ဆိတ်သုဉ်းလျက် တိတ်ဆိတ်ခြောက်ကပ်နေသလို၊ မြက်ပင်လေးတစ်ပင်ကိုပင် မမြင်ရချေ။ တိုက်ပွဲအကြွင်းအကျန်များ၊ ဖန်ဆင်းရှင်တို့၏ မြို့ပျက်များနှင့် အရိုးများ ပြန့်ကြဲနေသော မျိုးနွယ်စုနေရာများသာ ရှိကြသည်။
သူတို့အဖွဲ့က နှစ်ပေါင်းများစွာအတွင်း ဘိုးဘေးနန်းတော်သို့ ၀င်ရောက်လာခဲ့ကြသည့် ပထမဆုံးသက်ရှိများ ဖြစ်လောက်သည်။
ထိုအခိုက်အတန့်တွင် သားရဲ၏မျက်လုံးမှတဆင့် စိမ်းစိုနေသောအရာကို ချင်မူ မြင်လိုက်ရသည်။
၎င်းကား မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော သတ္တုတွင်းတစ်တွင်း ဖြစ်ချေသည်။ ၎င်းအထဲတွင် သစ်ပင်ပန်းမန်များသည် ထူးဆန်းသော အလင်းရောင်တစ်ရောင်ဖြင့် လွှမ်းခြုံခံထားရ၏။
ချင်မူက သားရဲအား ထိန်းချုပ်လျက် သတ္တုတွင်းအရှေ့သို့ သွားစေလိုက်သည်။ ရုတ်တရက် ၎င်းက တုံ့ခနဲ ရပ်သွားသည်။ သူ မည်မျှပင် ဖိအားပေးသော်လည်း သားရဲမှာ သတ္တုတွင်းထဲသို့ ၀င်ရောက်လိုစိတ်မရှိချေ။
ထိုအခိုက်အတန့်တွင် သတ္ထုတွင်း၏ ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲအရိုးများအား တွေ့လိုက်ရသည်။
သူ ရှေ့သို့ကြည့်လိုက်သည့်အခါ ပိုမိုကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ သတ္တုတွင်းထဲရှိ အပင်များအောက်တွင် အဖြူရောင်အရိုးစုများ ပြန့်ကြဲနေသည်။ ထိုအရိုးစုတို့၏ ဦးခေါင်းခွံများ၌ မဟာကမ္ဘာဦးအစမူလကျောက်တုံးများ နစ်မြုပ်နေကြသည်။
ချင်မူ တုန်လှုပ်သွားသည်။ သူ့အကြည့် ပို၍လေးနက်သွားသည်နှင့်အမျှ ပို၍များပြားသော ဧရာမအရိုးစုကြီးများ သူ့မျက်လုံးထဲတွင် ပေါ်လာသည်။
အရိုးစုကြီးများက ရှစ်စုသာ ရှိသည်။ အရိုးများသာ ကျန်ရစ်ခဲ့ပြီး အလင်းရောင်များ ရစ်သိုင်းနေ၏။ သူတို့က ရှေ့သို့လျှောက်လှမ်းနေသည့် ကိုယ်ဟန်အနေအထားများဖြင့် တောအုပ်ထဲတွင် ရပ်နေကြသည်။ သူတို့ပခုံးထက်တွင် ဧရာမ ရွှေရောင်ခေါင်းတလားတစ်ခုအား သယ်ထမ်းသည်။ သူတို့ကြည့်ရသည်မှာ သတ္တုတွင်းထဲသို့ ၀င်ရောက်နေစဉ် သေဆုံးသွားကြပုံရသည်။
‘သူတို့က... ရှေးဟောင်းနတ်ဘုရားရှစ်ပါးပဲ'
ချင်မူ ရင်တဒိန်းဒိန်း ခုန်သွားသည်။ ‘ရွှေခေါင်းတလားထဲက ဘယ်သူလဲမသိဘူး’
ရုတ်တရက် သူ့ခန္ဓာကိုယ် ဆောင့်ဆွဲခံလိုက်ရသည်ကို ခံစားလိုက်ရ၏။ ၎င်းက ဟင်းလင်းပြင်အနက်ထဲ ၀င်ရောက်သောကြောင့် ခံစားလိုက်ရသော အတွေ့အထိပင်။
လော့ရှောင်သည် ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်၍ သူတို့အား ၁၉ ခုမြောက် ဟင်းလင်းပြင်ဆီသို့ ခေါ်ဆောင်သွား၏။ ချင်မူမှာ သူ၏ဟင်းလင်းပြင်သားရဲအပေါ် ထိန်းချုပ်ရန် အခက်တွေ့လာသည်။ နောက်ဆုံးတော့ ၎င်းက သူ့အသိစိတ်အလျဉ်အောက်မှ လွတ်မြောက်သွားပြီး ဧရာမဦးခေါင်းကြီးကို ခါလိုက်သည်။ သတိပြန်ကပ်၍ သတ္တုတွင်းအား မြင်လိုက်ရသည့်အခါ ဟင်းလင်းပြင်သားရဲ၏ မျက်ဝန်းများတွင် အကြောက်တရားတို့ ပြည့်နှက်သွားချေသည်။ ၎င်းမှာ အလျင်အမြန် ထွက်ပြေးရင်း အစအနပါမကျန် ပျောက်ကွယ်သွားတော့သည်။