← Chapters

စည်းမျဉ်းမဲ့ဇုန်၏ အာဏာပိုင်းဆိုင်ရာ အခြေအနေများ

Vol. 88 Ch. 1224

စည်းမျဉ်းမဲ့ဇုန်၏ အာဏာပိုင်းဆိုင်ရာ အခြေအနေများ

Vol. 88 Ch. 1224

ဝမ်ဝေ့က အမှောင်တိမ်တိုက် မျှော်နန်းဆောင်ထဲ ဝင်ရောက်ကာ ဧည့်ကြိုအမျိုးသမီးနှင့် တွေ့ဆုံခဲ့သည်။ သူ့ကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် သူမက တစ်စုံတစ်ခုကို စစ်ဆေးကြည့်မိသည့်အလား မျက်ဝန်းအထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်တချို့ဖြတ်ပြေးသွားသည်။

“မြင့်မြတ်တဲ့ ဧည့်သည်” သူမက တောက်ပသည့်အပြုံးဖြင့် ပြောလိုက်၏။ သူတို့၏ မျှော်နန်းဆောင်က ကောင်းကင်ဘုံအရှင်များအား အလေးစားဆုံး ဆက်ဆံကြသည်။

“ဒါနဲ့ အထူးဧည့်သည်လား မသိဘူး” သူမက မေးလိုက်သည်။

“မဟုတ်ပါဘူး”

ဧည့်ကြိုအမျိုးသမီးက စာရွက်အပိုင်းအစအပေါ် တစ်စုံတစ်ခုကို ချရေးလိုက်၏။

“အဲဒါဆိုရင် အဖွဲ့ဝင်ကတ်ရော ရှိလား။ တကယ်လို့ မရှိဘူးဆိုရင် တစ်ခါတည်း လုပ်သွားချင်လား။ တန်ကြေးက နှစ်တစ်သောင်းမှ တစ်ခါ ပေးရုံပါပဲ။ ပြီးတော့ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုအတွက် လျှော့ဈေးရနိုင်ပါတယ်”

“မလိုပါဘူး။ ကျေးဇူးပါ” ဝမ်ဝေ့က ငြင်းဆန်လိုက်သည်။ သူမက ခေါင်းညိတ်ကာ ညင်သာသည့် အပြုံးကို ဆက်လက်ပြုံးထားလေသည်။

“ဒါနဲ့ ဝယ်ယူသူလား၊ ရောင်းချသူလား”

“ဝယ်သူပါ”

“ဒါနဲ့ ဘာအတွက် ရောက်လာတာလဲ။ လုပ်ကြံသတ်ဖြတ်မှုလား၊ တာဝန်လား ဒါမှမဟုတ်ဘူးဆိုရင် အချက်အလက်အတွက်လား”

“သတင်းအချက်အလက်အတွက်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ဧည့်ကြိုအမျိုးသမီးက စာရေးတာကို ရပ်တန့်လိုက်ပြီး သူ့အား အဆောင်တစ်ခု ထုတ်ပေးလာသည်။

“၁၁လွှာမှာ တစ်ယောက်က ရှင့်ကို စောင့်နေပါလိမ့်မယ်”

ဝမ်ဝေ့က အဆောင်ကို အသက်သွင်းပြီးသည့်နောက်တွင် ပထမအထပ်မှ ပျောက်သွားလေ၏။

ဧည့်ကြိုအမျိုးသမီး၏ မျက်နှာအထက်မှ အပြုံးကလည်း ပျောက်ကွယ်သွားခဲ့သည်။

ဒါက ကောင်းကင်ဘုံအရှင်အသစ်လား၊

တကယ်လို့ သူသာ သူ့သွင်ပြင်ကို ပြောင်းမထားရင် အင်အားကြီးပုဂ္ဂိုလ်အသစ်တစ်ယောက်က စည်းမျဉ်းမဲ့ဇုန်အတွင်း ဝင်ရောက်လာတယ်လို့ ဆိုလိုနေတာပဲ…

သူ လုပ်ခဲ့သည့်အရာအပေါ် အခြေခံ၍ လက်ရှိအခြေအနေက ပြောင်းလဲသွားနိုင်သည်။ သူမက ထိုသတင်းအား သူမ၏ အထက်ကို ဆက်လက် အကြောင်းကြားလိုက်သည်။

ဝမ်ဝေ့က ပန်းချီကားချပ်နှင့် ပန်းအိုးများဖြင့် ကောင်းမွန်စွာ တန်ဆာဆင်ထားသည့် အခန်းတစ်ခုအတွင်း ရောက်ရှိသွားသည်ကို မြင်လိုက်ရ၏။ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ်အမျိုးသားက သူ့အား စောင့်ဆိုင်းနေသည်။

“နာမည်က ထန်ယီပါ။ ဝန်ဆောင်မှုပေးရတဲ့အတွက် ဂုဏ်ယူစရာပါပဲ”

“ကောင်းကင်ဘုံအရှင် လုံ့လပါ” ဝမ်ဝေ့က ပြောလိုက်သည်။

ကိစ္စများစွာ အဓိပ္ပာယ်ရှိတဲ့ ဂုဏ်ပုဒ်တစ်ခုပဲ…

ထန်ယီက တွေးလိုက်သည်။

“ကျေးဇူးပြုပြီး ထိုင်ပါဦး”

ဝမ်ဝေ့က ဤအခန်းအတွင်း စားပွဲငယ်နှင့် ထိုင်ခင်းများ မရှိဘဲ အလယ်အလတ် စားပွဲတစ်လုံးနှင့် သက်တောင့်သက်သာဖြစ်သည့် ထိုင်ခုံနှစ်လုံးရှိကြောင်း တွေ့လိုက်ရသည်။ ထိုအရာက ကိုယ်ရေးကိုယ်တာ ကိစ္စတွေ့ဆုံမည့်အစား စားသောက်ဆိုင်တစ်ခုအတွင်း ရှိနေသလိုမျိုး ခံစားလိုက်ရသည်။

“ကျုပ် တဲ့တိုးပဲ ပြောမယ်” ဝမ်ဝေ့က ထိုင်ပြီးသည့်နောက်တွင် အဖန်ရည်နှင့် မုန့်များကို မထိပေ။

“ကျုပ်က ဒီနေရာကို ရောက်လာခါစဆိုတော့ ဘယ်သူ့ကိုရန်မစမိအောင်နေရမလဲဆိုတာ သိဖို့လိုတယ်”

“အဲဒါဆိုရင်တော့ ခင်ဗျားက နေရာမှန် ရောက်လာတာပဲ” ထန်ယီက ပြန်ဖြေလိုက်၏။

“ဒီနေရာမှာ အားအကောင်းဆုံးသူတွေက လျှို့ဝှက်သခင်တစ်ယောက်၊ ဘုရင်နှစ်ယောက်၊ မျှော်နန်းဆောင် သုံးခု၊ အဖွဲ့လေးခုနဲ့ နတ်ဆိုးငါးယောက်ပဲ။ အဲဒီအင်အားစုတွေက တိုက်ခိုက်စွမ်းရည် အမြင့်မားဆုံးရှိပြီးတော့ အင်အားကြီးပုဂ္ဂိုလ်အရေအတွက်လည်း အများဆုံးရှိတယ်။ သူတို့က အရင်းအမြစ်အများစုကို ထိန်းချုပ်ထားတာပေါ့။ ခင်ဗျားက သူတို့ဆီကို ပူးပေါင်းဝင်ရောက်နိုင်ပေမဲ့ ခင်ဗျားက ကြားနေနေချင်တယ်ဆိုရင်တော့ သူတို့ကို ရှောင်ရှားရမယ်” ထန်ယီက ဝမ်ဝေ့၏ အပြုအမူများကို အကဲခတ်ရင်း ပြောလိုက်၏။

“စိတ်ဝင်စားဖို့ ကောင်းတဲ့ နာမည်ပဲ။ သူတို့တွေက ကိုးခုဆိုရင် ပိုကောင်းမှာ”

“တကယ်တမ်းတော့ ခန်းမဆောင် ၆ခု ရှိခဲ့တာပါ။ ဒါပေမဲ့ မကြာခင်တုန်းက လူတွေအားလုံးက လူတစ်ယောက်တည်းကသာ သူတို့အားလုံးကို တိတ်တဆိတ် ထိန်းချုပ်ထားမှန်း သိလိုက်ရတယ်လေ။ အဲဒီလူက သေဆုံးသွားပြီး တခြားအင်အားစုတွေက သူ့အပိုင်တွေကို ခွဲဝေလိုက်ကြတာ”

“အိုး ဘယ်သူက အဲ့လောက်တောင် တတ်စွမ်းတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ကုရွှမ်လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ”

“လှည့်ဖျားရေးတာအိုကို ကျင့်ကြံတဲ့သူလား”

“ခင်ဗျားက သူ့ကို သိလား”ထန်ယီက မေးလိုက်သည်။

“သူက အပြင်ဘက်မှာတော့ နာမည်တချို့ရှိတယ်လေ”

“ကျုပ် သိပြီ”

ဝမ်ဝေ့က ကုရွှမ်သည် ဤနေရာ၌ သူ့ကိုယ်ပိုင်အင်အားစု ရှိမည်ကို မအံ့ဩမိပေ။ တာအိုအုပ်စိုးသူ တစ်ယောက်အနေဖြင့် သူက အမဲလိုက်စာရင်း ထိပ်ဆုံးတွင်ရှိနေမည်ဖြစ်သည့်အတွက် ဤနေရာကသာ ပုန်းအောင်းနိုင်မည့် တစ်ခုတည်းသော နေရာ ဖြစ်၏။ ကုရွှမ်က ဤနေရာတွင် ပြန်လည်ကျင့်ကြံဖို့ရာအတွက် ရတနာများပင် ချန်ထားကြောင်း သိထားသည်။ သို့သော်လည်း  သူ့အနေနှင့် တစိတ်တပိုင်းသာ သိထားပြီး ကုရွှမ်၏ စွမ်းအားကို အသေးစိတ် မသိထားလေပေ။

“အဲဒီအင်အားစုတွေရဲ့ အသေးစိတ်အချက်အလက်ကို လိုချင်တယ်ဆိုရင် ဘယ်လောက် ပေးရမှာလဲ”

“အဲဒါက ဘယ်လောက် အသေးစိတ်ကျလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်” ထန်ယီက ပြောလိုက်၏။

“ခင်ဗျားတို့ မျှော်နန်းဆောင်က ခွင့်ပြုပေးထားတဲ့ အမြင့်ဆုံးအဆင့်ပေါ့”

“အဲ့လိုဆိုရင်တော့ အတော်လေး ကုန်ကျပါလိမ့်မယ်” ထန်ယီက လက်ကို ပွတ်ရင်း ပြန်ဖြေလိုက်သည်။

“ကျုပ်က ပိုက်ဆံက ပေါတယ်”

ထန်ယီက အတော်လေး မြင့်မားသည့် ဈေးနှုန်းကို မဆိုခင် စဉ်းစားလိုက်သည်။

ဝမ်ဝေ့က ထိုအရာများကို ပေးချေဖို့ရာ တုံ့ဆိုင်းနေခြင်း မရှိပေ။

ဒီလူက အတော်လေးကို ချမ်းသာတာပဲ ဖြစ်ရမယ်။ ပိုက်ဆံကို ရေလိုသုံးနေတာပဲ…

ထန်ယီက တွေးလိုက်သည်။ သူ မသိထားသည်က ဝမ်ဝေ့က ထိုပိုက်ဆံများကို ဂရုမစိုက်သည်မှာ သူသာ ဤနေရာတစ်ခုလုံးကို သိမ်းပိုက်ပြီးသည်နှင့် အဆရာချီ ပြန်လည်ရရှိနိုင်၍ ဖြစ်သည်။

“တစ်စိတ်လောက်ပါ” ထန်ယီက အခန်းနောက်သို့သွားကာ မိနစ်ဝက်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် အဆောင်တစ်ခုဖြင့် ပြန်လည်ရောက်ရှိလာသည်။ ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် ပါဝင်နေသည့် အချက်အလက်များကို စစ်ဆေးကြည့်လိုက်၏။

သူ့ပထမဦးဆုံး အကဲဖြတ်ချက်က အမှောင်တိမ်တိုက် မျှော်နန်းဆောင်အကြောင်း သတင်းအချက်အလက် ပါဝင်မှု နည်းပါးနေခြင်း ဖြစ်သည်။ ထိုအရာက သူတို့ကိုယ်သူတို့ မရောင်းချကြောင်း ဆိုလို၍ အဓိပ္ပာယ်တော့ရှိ၏။ သူ့ ဒုတိယအကဲဖြတ်ချက်ကမူ လျှို့ဝှက်သခင်အကြောင်း ဖြစ်၏။

“ဒီလျှို့ဝှက်သခင်အကြောင်း ဘာလို့ သတင်းက နည်းနည်းပဲ ရှိနေတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။ ဤနေရာတွင် သူ့ပုံစံ၊ သတင်းအချက်အလက်နှင့် ကျင့်ကြံဆင့်အကြောင်းပင် မရှိသလို သူ့တာအိုပင် မသိရပေ။

ရေးသားထားသည့် တစ်ခုတည်းသော အချက်က အချိန်စားသုံးသူ ရောက်ရှိပြီး ရှင်းလင်းသည့်အချိန်တိုင်း လျှို့ဝှက်သခင်က ပေါ်ထွက်လာကာ အားလုံးကို အတူတကွ ပေါင်းစည်းပြီး ထိုသူ့ကို ရင်ဆိုင်လေ့ ရှိသည်။ ထို့နောက် သူက ပျောက်ကွယ်သွားကာ ကမ္ဘာကြီးဆီ ပေါ်ထွက်မလာတော့ပေ။

“ကျုပ်ဘက်က တောင်းပန်ပါတယ်။ ဒါပေမဲ့ မျှော်နန်းဆောင်က လျှို့ဝှက်သခင်အကြောင်း ရောင်းနိုင်တဲ့ တစ်ခုတည်းသော သတင်းအချက်အလက်ပဲ” ထန်ယီက အလျင်အမြန် ပြန်ဖြေလိုက်သည်။ သူတို့၏ မျှော်နန်းဆောင်ကပင် ထိုသူအကြောင်း အချက်အလက်များများစားစား မရှိသည့်အတွက် ရောင်းချစရာဟူ၍ မရှိပေ။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“အဲဒါဆိုရင် သီးခြားရပ်တည်နေတဲ့ အင်အားကြီးပုဂ္ဂိုလ်တွေကရော။ ကျုပ် သတိထားရမဲ့သူ ရှိသေးလား”

“တချို့တလေတော့ ရှိပါတယ်။ သူတို့က သူတို့နောက်ကွယ်မှာ အင်အားစုတွေ မရှိပေမဲ့ စွမ်းရည်က ထိပ်တန်းပဲ” ထန်ယီက ပြောလိုက်သည်။

“သူတို့အကြောင်း သိချင်လား”

“အင်း”

“ခဏလောက် စောင့်ပေးပါ”

ထို့နောက် ဝမ်ဝေ့က အဆောင်တစ်ခုကို မရခင် တန်ကြေးတစ်ခုကို ပေးလိုက်ရသည်။

သူက ထရပ်ကာ ပြောလိုက်၏။

“မင်းတို့ရဲ့ ဝန်ဆောင်မှုအတွက် ကျေးဇူးပါ”

“ခဏနေပါဦး” ထန်ယီက သူ့အား ခရမ်းရောင်ကတ်တစ်ခုကို ပေးလာခဲ့သည်။

“ဒါက ကျုပ်တို့ရဲ့ အထူးဧည့်သည်ကတ်ပါ။ ၁၂လွှာကလူက ခင်ဗျားကို ဝန်ဆောင်မှု ပေးပါလိမ့်မယ်။ ပြီးတော့ ဒီကတ်က စံအိမ်တစ်လုံး  ပါပါတယ်”

ဝမ်ဝေ့က ထိုကတ်ကို ကြည့်ပြီး ပါဝင်နေသည့် သတင်းအချက်အလက်များကို လက်ခံလိုက်သည်။ ထို့နောက် သိမ်းဆည်းကာ ထွက်ခွာသွားလေ၏။

သူ့အိမ်အသစ်က မျှော်နန်းဆောင်အနီး အဓိကနေရာတွင် တည်ရှိလေသည်။ ဆိုလိုသည်မှာ ဝေးဝေးလံလံ သွားလာဖို့ မလိုအပ်ပေ။ သူက သူ့စံအိမ်၏ အစီအရင်များကို ဗဟိုထိန်းချုပ်မှုအနေဖြင့် လုပ်ဆောင်ချက်ရှိသည့်အတွက် ဝမ်ဝေ့က သူတို့ကို ထိန်းချုပ်လိုက်သည်။

ဒီနေရာကို စောင့်ကြည့်ဖို့ ကောင်းကောင်းမွန်မွန် လုပ်ထားသင့်တယ်…

သူက တွေးလိုက်သည်။

သူက ထိုစံအိမ်၏ အစီအရင်မှ ပြစ်ချက်နှင့် ဟာကွက်အားလုံးကို ဖယ်ရှားလိုက်သည်။

ဝမ်ဝေ့က သူကြိုက်သည့် အခန်းတစ်ခုကို ရွေးကာ နေရာယူလိုက်၏။

အရင်ဆုံး သတင်းအချက်အလက်တချို့ကို စုစည်းကြည့်ရအောင်

သူက ပါရှန်းလိပ်ခွံကို ထုတ်ကာ ဤအင်အားစုနှင့် သူတို့၏ ခေါင်းဆောင်များအကြောင်း သတင်းအချက်အလက်ကို ရှာဖွေကြည့်လိုက်သည်။ အထူးသဖြင့် အမှောင်တိမ်တိုက် မျှော်နန်းဆောင်ဖြစ်၏။

ဒီနေရာမှာ ငါ့ဂမ္ဘီရစွမ်းရည်ကလည်း လျှော့ချခံလိုက်ရတာပဲ…

ဝမ်ဝေ့က ညည်းတွားလိုက်၏။

ဒီလိုဆိုရင်တောင် လျှို့ဝှက်သခင်အကြောင်း ဘာမှမတွေ့တဲ့အချက်က အတော်လေးထူးဆန်းတယ်…

သူက ဂမ္ဘီရရလဒ်နှင့် ပတ်သက်ပြီး မကျေနပ်ပေ။ သို့သော်လည်း ထိုအရာက သူ့အား အရေးကြီးသည့် သတင်းအချက်အလက်ကို ပေးလာခဲ့၏။

စတင်ဖို့အကောင်းဆုံးနေရာက ဘုရင်နှစ်ယောက်နဲ့ နတ်ဆိုးငါးကောင်…

ဝမ်ဝေ့က တွေးလိုက်သည်။ သုံးသပ်ပြီးသည့်နောက်တွင် သူက ပထမဆုံးအနေဖြင့်  လူရိုင်းဘုရင်ကို ရွေးချယ်လိုက်၏။

ဒီလူက ရိုးရှင်းပြီးတော့ သူ့ဘဝတစ်လျှောက်လုံးမှာ အင်အားကပဲ အရေးအကြီးဆုံးဆိုပြီးတော့ မှတ်ယူနေထိုင်ခဲ့တာပဲ။ ငါသာ သူ့ကို အနိုင်ယူနိုင်တယ်ဆိုရင် ငါက သူ့လက်အောက်ငယ်သားဖြစ်လာလိမ့်မယ်…

ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။ ယခု သူ့တွင် အစီအစဉ်ရှိနေပြီဖြစ်သည့်အတွက် လှုပ်ရှားဖို့ အကောင်းဆုံးသောအချိန် ဖြစ်၏။ သို့သော်လည်း သူက မြို့ထဲမှ ချက်ချင်း ထွက်ခွာမသွားသေးပေ။ ထိုအစား ရက်အနည်းငယ်ကြာ အချိန်ယူ၍ မြို့ကို လိုက်လံကြည့်ရှုခဲ့သည်။

ထိုအရာအားလုံး အဆုံးသတ်သွားသည်နှင့် သူက လူရိုင်းဘုရင် အုပ်စိုးသည့် တိုက်ပွဲကွင်းဆီ ဦးတည်လိုက်သည်။

မြို့မှ အတော်အတန် ပျံသန်းသွားပြီးသည့်နောက်တွင် ဝမ်ဝေ့က ရပ်တန့်သွားပြီး ဘေးပတ်လည်ကို ကြည့်လိုက်၏။ သူက တစ်စုံတစ်ခုကို အာရုံစိုက်ထားလိုက်သည်။ ထိုနေရာ၌ မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် အဖွဲ့တစ်ဖွဲ့ ပေါ်ထွက်လာသည်။

“အဲဒါဆိုရင် ကျွန်မတို့ကို တွေ့သွားပြီပဲ” သေးငယ်သည့် အမျိုးသမီးက ပြောလိုက်သည်။ သူမ ဘေးတွင် အမျိုးသားတစ်ဦးနှင့် လူဒါဇင်ချီ ပါဝင်၏။

“ကြည့်ရတာ ရှင့်ရဲ့ စွမ်းရည်ကို လျှော့တွက်မိသွားတဲ့ပုံပဲ”

ဝမ်ဝေ့က ထိုအဖွဲ့သည် ကောင်းကင်ဘုံအဆင့် နှစ်ယောက်နှင့် မဟာဧကရာဇ်တချို့ ပါဝင်နေကြောင်း သိလိုက်ရသည်။ သူက သူတို့ကို အာရုံမစိုက်ပေ။ အကြောင်းအရင်းကမူ အမြင့်မားဆုံးအဆင့်က မဟာတာအိုအရင်းအမြစ် ၇၃ ရာခိုင်နှုန်းရှိထားသည့် အမျိုးသမီးတစ်ဦး ဖြစ်နေ၍ ဖြစ်သည်။ သို့သော်လည်း သူက သူတို့ဆီမှ ထူးထူးဆန်းဆန်း အရှိန်အဝါကို အာရုံခံမိလိုက်၏။

ထိုသေးငယ်သည့် အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ တုံ့ပြန်မှုမရှိသည်ကို မကျေမနပ်ဖြစ်နေဟန်ပေါ်သည်။ သို့သော်လည်း သူမက တာဝန်အတွက်  စိတ်ကို ထိန်းချုပ်ထားလိုက်၏။

“ကျွန်မတို့ရဲ့ မျှော်နန်းသခင်က ရှင်နဲ့ တွေ့ချင်နေတယ်”

ဝမ်ဝေ့က ပြန်မဖြေဘဲ ထိုသူများ၏ ထူးထူးဆန်းဆန်း အရှိန်အဝါကိုသာ အာရုံစိုက်ထားလိုက်သည်။ သူ့အလိုလိုသိစိတ်က သူ့သာ ထိုအရာကို အဖြေထုတ်နိုင်သည်နှင့် အဖိုးတန်သည့် သတင်းအချက်အလက် ဖြစ်လာနိုင်ကြောင်း ပြောပြနေသည်။

“ကျွန်မတို့မျှော်နန်းသခင်ကို မျက်နှာသာ မပေးဘူးလား” အမျိုးသမီးက သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်ရင်း ပြောလိုက်သည်။

“စိတ်တိုစရာပဲ” ဝမ်ဝေ့က သူ့ဝိညာဉ်မှ ဖိအားကို ထုတ်လွှတ်ကာ ထိုသူအားလုံးကို မေ့မြောအောင် လုပ်လိုက်သည်။ သူက ထိုသူများ၏ ဝိညာဉ်ကို ရှာဖွေကြည့်လိုက်သည့်အခါ သူတို့တွင် အတားအဆီးများ ရှိနေလေ၏။ သို့သော်လည်း စံနှုန်းများအရ ထိုအတားအဆီးများသည် ထိပ်သီးကောင်းကင်ဘုံအဆင့် စွမ်းအားသာ ပါဝင်နေသော်လည်း အရည်အသွေးက နိမ့်ကျနေသည်။

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် ကောင်းကင်အစီအရင်ကို ထိုသူများ၏ အသိစိတ်ပင်လယ်အတွင်း ထားရှိကာ သူ အတားအဆီးကို ချိုးဖောက်လိုက်သည်နှင့် သူတို့သခင်မှ သိသွားခြင်းကို လှည့်ဖျားလိုက်သည်။ ထိုအရာ ပြီးဆုံးသွားသည်နှင့် သူ့အတွက် ထိုသူများ၏ မှတ်ဉာဏ်ကို ရှာဖွေဖို့ လွယ်ကူသွား၏။

“သခင်” ထိုသေးငယ်သည့် အမျိုးသမီးက ဒူးထောက်ကာ ပြောလာခဲ့သည်။

တခြားသူများကလည်း သူမအတိုင်း လိုက်လုပ်လိုက်ကြ၏။

All Chapters