မုန့်ခယ်
Vol. 88 Ch. 1230
“ဟုတ်တယ်” လူရိုင်းဘုရင်က ခေါင်းညိတ်လိုက်၏။ ထိုခံစားချက်က ကြောက်ဖို့ ကောင်းလှသည်။ သူ့ဘဝ၌ ရှုံးနိမ့်သည့် အရေအတွက် အနည်းငယ်သာ ရှိခဲ့ပြီး တစ်ခါမှ ကောင်းသည့် အတွေ့အကြုံ မဟုတ်ခဲ့ပေ။
“ဟုတ်တာပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“အဲဒါဆိုတော့ ရှုံးနိမ့်ခဲ့ဖူးတယ်ပေါ့”
“တစ်ခါကပေါ့။ အဲလေ အကြိမ်ရေအနည်းငယ်တော့ ရှိမှာပေါ့။ ဒါပေမဲ့ တစ်ခါကိုပဲ အသိအမှတ်ပြုတယ်” သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“တစ်ယောက်ယောက်က ခင်ဗျားကို အနိုင်ယူတယ်တဲ့လား။ အဲ့လိုပါရမီရှင်မျိုးနဲ့ တွေ့ချင်သားပဲ”
“သေသွားပြီ”
“အဲဒါက အဓိပ္ပာယ်တော့ရှိပါတယ်” လူရိုင်းဘုရင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ သူက သူ့ခန္ဓာကိုယ်မှ ချိတ်ပိတ်မှုကို ချိုးဖောက်ဖို့ အချိန်တစ်ခု ယူခဲ့သည်။ သူက လက်ရှိလို အားနည်းသည့် ခံစားချက်ကို သဘောမကျပေ။
“ခင်ဗျား ဒီကိုလာကာ ရည်ရွယ်ချက်တစ်ခုကြောင့်လို့ ကျုပ်အလိုလိုသိစိတ်က ပြောနေတယ်။ အဲဒါဆိုတော့ တခြား သီးသန့်နေရာမှာ စကားပြောရအောင်”
သူက လေထဲကို လက်သီးထိုးခွင်းကာ အာကာပြင်လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။ ဝမ်ဝေ့က သူ့နောက်မှ လိုက်ပါသွား၏။
သိပ်မကြာခင် သူတို့က အဆောင်အယောင်အပြည့်နှင့် နေရာတစ်ခုဆီ ရောက်ရှိလာသည်။ သူတို့ရောက်ရှိလာသည်နှင့် လှပသည့် အမျိုးသမီးတစ်ဦးက လူရိုင်းဘုရင်၏ ရင်ခွင်အတွင်း ပြေးဝင်လာ၏။
“မုန့်ခယ် .. ရှင် အဆင်ပြေရဲ့လား”
ဝမ်ဝေ့က ထိုအမျိုးသမီးကို ကြည့်လိုက်၏။ သူမက ကမ္ဘာမြေမှ မွန်ဂို တော်ဝင်မျိုးနွယ်ကဲ့သို့ ကြော့ရှင်းသည့် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ အထူးသဖြင့် ခေါင်းအဆင်တန်ဆာများ ဖြစ်၏။ သူမက သူ့ထက် အရပ်မြင့်သော်လည်း လူရိုင်းဘုရင်ရှေ့တွင်မူ သေးငယ်နေဟန်ပေါ်သည်။
လူရိုင်းမျိုးနွယ်ရဲ့ ဓလေ့နဲ့ ဇစ်မြစ်က ကမ္ဘာမြေက မွန်ဂိုတွေနဲ့ တူနေတာပဲ…
ဘာလို့လဲ။ အရှေ့အာရှရဲ့ လွှမ်းမိုးခံထားရတဲ့ တခြားမျိုးနွယ်တွေရော ရှိနေမလား။ ကမ္ဘာမြေနဲ့ ဆက်နွယ်မှုကဘာလဲ…
မဟာတာအိုက သူတို့ရဲ့ တည်ရှိမှုကို ခွင့်ပြုထားပေမဲ့ သမိုင်းမတိုင်မီကမ္ဘာက တခြားမျိုးနွယ်တွေကို ဘာလို့ ခွင့်မပြုရတာလဲ…
ဝမ်ဝေ့က ထိုအတွေးများ တွေးနေရင်း ကုရွှမ်၏ စစ်ဆေးမှုအတွင်း လူရိုင်းမောင်နှမနှစ်ယောက်နှင့် တွေ့ဆုံမိသည်ကို တွေးမိသွားသည်။ သို့သော်လည်း ယနေ့ဖြစ်ရပ်အပြီးတွင် သူက အဖြေတချို့ရှိလိမ့်မည်ဟု ခန့်မှန်းမိ၏။
“ကိစ္စမရှိပါဘူး” မုန့်ခယ်က သူ့ဇနီးကို ဖျောင်းဖျလိုက်သည်။ သူမက ဝမ်ဝေ့နှင့် မိတ်ဆက်ပေးလိုက်၏။
“ဒါက ငါ့ရဲ့ ပဏာမဇနီးသည် တုကွန်း”
ပဏာမဇနီးသည်တဲ့လား…
ဝမ်ဝေ့က တွေးလိုက်သော်လည်း ဘာမှထုတ်မပြောပေ။ သူက အရိုအသေပေးရင်း ပြောလိုက်၏။
“တွေ့ရတာ ဝမ်းသာပါတယ်”
“ရှင်က ကျွန်မရဲ့ ခင်ပွန်းကို အနိုင်ရခဲ့တာဆိုတော့ ကျွန်မတို့ရဲ့ ဂုဏ်သရရှိဧည့်သည်ပဲပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်” သူမက ပြန်လည် အရိုအသေပေးလာသည်။
“ကိုယ် သူနဲ့ စကားပြောစရာ ရှိသေးလို့ သီးသန့်အချိန်ပေးဦး” မုန့်ခယ်က ပြောလိုက်စဉ် သူ့ဇနီးက ခေါင်းညိတ်လိုက်သည်။ လူရိုင်းဘုရင်က သူ့အား ရေတံခွန်ရှိပြီး လှပသည့် ဥယျာဉ်တစ်ခုအတွင်း ခေါ်ဆောင်လာသည်။ ဝမ်ဝေ့က ထိုဥယျာဉ်သည် သူ့ခုံရုံးအတွင်း တည်ဆောက်ခဲ့သည့်အရာထက် စုံလင်နေသည့်အတွက် အကြည့်များ တောက်ပလာလေ၏။
“ဒါကဇနီးသည်ရဲ့ လက်ရာလား” သူက မေးလိုက်သည်။
“အဲ့လို ထင်ရတယ်မလား” မုန့်ခယ်က ရယ်မောလိုက်၏။
“ဒါပေမဲ့ မဟုတ်ဘူး။ ကျုပ်ကိုယ်တိုင် ကျုပ် သွေးဆာမှုကို လျှော့ချပြီး စိတ်အေးစေအောင် ဒီနေရာကို ဆောက်လုပ်ထားတာ”
“ဒါက ဉာဏ်ရှိတဲ့ အပြုအမူပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ တိုက်ခိုက်ရသည်ကို သဘောကျသည့် ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း သွေးဆာနေသည်က တခြားအရာတစ်ခု ဖြစ်ပေသည်။ နှစ်ဦးသားက ထိုင်ပြီးသည့်နောက်တွင် မုန့်ခယ်က သူ လေးစားရသည့်ပြိုင်ဖက်များအတွက် သိမ်းထားသည့် အကောင်းဆုံးသေရည်ဖြင့် ဧည့်ခံလိုက်သည်။
“ဘာအကြောင်း ပြောချင်လဲ။ အဲဒီမတိုင်ခင် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ အခုထိ မသိသေးဘူး”
“နာမည်က ဝမ်ဝေ့ပါ။ အဓိပ္ပာယ်ကတော့ ကြီးမြတ်တဲ့ဘုရင်ပေါ့”
“ကျုပ်က မုန့်ခယ်ပါ။ ကျုပ်တို့ရဲ့ ဘာသာစကားမှာဆိုရင်တော့ ထာဝရအဆုံးမဲ့ဆိုတဲ့ အဓိပ္ပာယ်ရတယ်” လူရိုင်းဘုရင်က ပြောလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ကျုပ်တဲ့တိုးလို့ပဲ ပြောမယ်။ ခင်ဗျားက ပြင်ပလောကနဲ့ အပြီးတိုင် အဆက်အသွယ် ဖြတ်ထားတာ မဟုတ်ဘူးမလား”
“အပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုတော့ သိပါတယ်”
“အဲဒါဆိုရင်တော့ ခေတ်ကာလရဲ့ သားတော် ဒါမှမဟုတ် ကံကြမ္မာဖန်တဲ့သူအကြောင်း ကြားဖူးမှာပေါ့”
“ခင်ဗျား ပြောချင်တာက…”
“ဟုတ်တယ်”
“အဲဒါဆိုရင်တော့ ခင်ဗျားရဲ့ မကောင်းဆိုးဝါးလို ပါရမီအကြောင်း ရှင်းပြပြီးသား ဖြစ်သွားပြီ။ အဲဒါဆိုရင်တော့ ဒီနေရာကို လာပြီးတော့ ပုန်းအောင်းတာလား” မုန့်ခယ်က မေးလိုက်သည်။
“မဟုတ်ဘူး။ ဆန့်ကျင်ဖက်ပဲ။ ကျုပ်က ဒီနေရာကို အုပ်စိုးဖို့ ရောက်လာတာ” ဝမ်ဝေ့က ဝန်ခံလိုက်သည်။
လူရိုင်းဘုရင်က မျက်မှောင်ကြုတ်မိသွား၏။ ထို့နောက် သူက ပြောလိုက်သည်။
“ခင်ဗျားရဲ့ လက်အောက်မှာ ခစားရလို့ ပြဿနာ မရှိဘူး” မုန့်ခယ်က ပြန်ဖြေလိုက်၏။
“ဒါပေမဲ့ ကျုပ်ဆီမှာ တောင်းဆိုချက်နှစ်ခု ရှိတယ်။ တစ်ခုက ညှိနှိုင်းလို့ မရဘူး”
“ကျုပ် နားထောင်နေတယ်”
“ညှိနှိုင်းလို့ မရဘူးဆိုတဲ့ အချက်က ဒီခေတ်ကာလကို အဆုံးမသတ်ခင် အချိန်အထိပဲ။ ကျုပ်ရဲ့ ဝိညာဉ်အထိ ကျွန်ပြုမခံနိုင်ဘူး”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုအခြေအနေကို ချက်ချင်း မငြင်းပယ်သေးဘဲ မေးခွန်း မေးလိုက်သည်။
“အကြောင်းအရင်းကို မေးလို့ရမလား”
“ကျုပ်က လူရိုင်းမျိုးနွယ်ရဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်ပဲ” မုန့်ခယ်က တဲ့တိုးသာ ပြောလိုက်သည်။
“ခင်ဗျားက သူတို့ရဲ့ ရှေးဦးစံပြ မျိုးစေ့လား”
“ဟုတ်တယ်”
ဝမ်ဝေ့က ညည်းတွားလိုက်မိသည်။ လူရိုင်းမျိုးနွယ်က အာဏာရှင် ၁၃ယောက်ထဲတွင် မပါဝင်သော်လည်း သူတို့က ရှေးဦးစံပြတစ်ယောက် ရှိထားသည့် ထိပ်တန်းမျိုးနွယ် တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း သူတို့တွင် ဒုတိယမြောက်လူ ရှိလာပါက အာဏာရှင် ၁၃ယောက်ထဲ ပါဝင်ဖို့ အနည်းဆုံးလိုအပ်ချက်နှင့် ပြည့်မှီသွားလိမ့်မည်။
“ခင်ဗျားရဲ့ တောင်းဆိုချက်ကို သဘောတူတယ်။ ကျုပ်တို့တွေ စာချုပ်ချုပ်ကြတာပေါ့” ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သဘောတူလိုက်၏။ သူက ထိုဆုံးဖြတ်ချက် မချခင် ကိစ္စများစွာကို ထည့်သွင်းစဉ်းစားခဲ့သည်။ သူ လက်ခံရသည့်အကြောင်းအရင်းကမူ လူရိုင်းမျိုးနွယ်ကြောင့် ဖြစ်၏။
ပထမဦးစွာ သူတို့က လူများကို ဆက်ဆံရာ၌ တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တူလေသည်။ အထူးသဖြင့် ပါရမီရှင်များအပေါ် ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့အနေနှင့် ထိုသူများသည် ရှုံးနိမ့်နိုင်မှန်း သိသော်လည်း မုန့်ခယ်အတွက် ဂိုဏ်းနှင့်ပင် စစ်မက်ဖြစ်ပွားနိုင်ချေရှိကြောင်း သိထားလေ၏။
ယေဘုယျအနေဖြင့် လူရိုင်းမျိုးနွယ်က သိုသိုသိပ်သိပ်နေပြီး သီးသန့်ပိုင်းခြားထားသည့် နေရာတစ်ခု ဖြစ်သည်။ အကြောင်းအရင်းကမူ သူတို့၏ ကွဲပြားသည့် ဓလေ့ထုံးတမ်းများကြောင့် ဖြစ်၏။ ထို့ကြောင့် သူတို့က အများစု၌ ကြားနေအဖြစ်သာ နေလေ့ရှိသည်။ သို့သော် သူတို့၏ တစ်ခုတည်းသောရန်သူက ယွမ်ထီမူလဗိမာန် ဖြစ်၏။ ထိုသူက အာဏာရှင် ၁၃ယောက်ထဲ ပါဝင်ကာ ပင်ကိုနတ်ဆိုးနတ်ဘုရားများဖြင့် ဖွဲ့စည်းထားသည်။
သူတို့၏ ရန်ကြွေးက သူတို့၏ ပါရမီရှင်တစ်ယောက် သုတ်သင်ခံရမှ စတင်လာခြင်း ဖြစ်၏။ ထိုစဉ်ကတည်းက သူတို့သည် ပင်ကိုနတ်ဆိုးနတ်ဘုရားများဖြင့် မတည့်ကြပေ။ သူတို့က ယွမ်ထီမူလဗိမာန်၏ ရန်သူတစ်ဖြစ်လည်း နတ်ဆိုးမျိုးနွယ်မှ အုပ်ချုပ်သည့် အာဏာရှင်တစ်ယောက်ဖြစ်သော မျိုးနွယ်အထွတ်အမြတ်တောင်နှင့်ပင် မဟာမိတ် ဖွဲ့ဆိုထားကြသည်။
ဝမ်ဝေ့က လူရိုင်းမျိုးနွယ်ဖြင့် ရန်သူ မလုပ်လိုပေ။ ဤသည်က မုန့်ခယ်အတွက် ထိုက်တန်သည်ဆိုလျှင်ပင် ရောက်ရှိလာမည့် ခေတ်ကာလ၌ ရှေးဦးစံပြများက ထိပ်တန်းအင်အားစုများကို ဆုံးဖြတ်ပေးနိုင်တော့မည့် အချက် ဖြစ်နိုင်တော့မည်မဟုတ်ဘဲ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကသာ ဖြစ်လာလိမ့်မည်။ သူက မုန့်ခယ်ကို ကြာကြာမသိသေးသည့်အတွက် သူက ထူးကဲသာလွန်မှုကို လျှောက်လှမ်းဖို့ အရည်အချင်းပြည့်မှီသည်လား မဆုံးဖြတ်နိုင်သေးပေ။ ထို့ကြောင့် သူက ထိုသူ၏ အကြံပြုချက်ကို လက်ခံလိုက်ခြင်း ဖြစ်၏။
လူရိုင်းမျိုးနွယ်ကို မဟာမိတ်အနေနဲ့ ရှိတာက ငါတို့ဂိုဏ်းအတွက် အကျိုးရှိလိမ့်မယ်…
ဝမ်ဝေ့က တွေးလိုက်၏။
“ဒုတိယ တောင်းဆိုချက်ကရော”
“ကျုပ်က မြေကမ္ဘာဧကရာဇ်ရဲ့ ဦးခေါင်းကို ကိုယ်တိုင် ဆုပ်ကိုင်နိုင်မဲ့ အခွင့်အရေးကို လိုချင်တယ်” မုန့်ခယ်က သွေးဆာမှုအပြည့်ဖြင့် ပြောလိုက်သည်။
“မင်း ဒီရောက်လာတာက သူ့ကြောင့်လား”
“ဟုတ်တယ်” မုန့်ခယ်က ခေါင်းညိတ်လိုက်၏။ သူ့မျက်ဝန်းထဲ အမုန်းတရားတို့ ကိန်းအောင်းနေသည်။
“အဲဒီခွေးကောင်က ကျုပ်ပါရမီကို အားကျပြီးတော့ သူ့သမက်ဖြစ်ဖို့ အတင်းအကြပ် ဖိအားပေးခဲ့တယ်လေ။ ကျုပ်တို့မျိုးနွယ်က ငြင်းဆန်တဲ့အခါမှာ အကြောင်းပြချက်ပေးပြီး ကျုပ်တို့ကို ဖိအားပေးခဲ့တာ။ ကျုပ်ကို ကယ်တင်ဖို့အတွက် မျိုးနွယ်က ကျုပ်ကို သစ္စာဖောက်အနေနဲ့ နာမည်တပ်ပြီးတော့ နှင်ထုတ်လိုက်တာ။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် အဲဒီခွေးကောင်က လွှတ်မပေးသေးဘူး။ အဲဒါကြောင့် ဒီနေရာထိ ပုန်းအောင်းရတာပဲ”
“သူက သူ့ရဲ့ ပါရမီထူးကဲတဲ့ ကလေးတချို့ကို လျို့ဝှက်သုတ်သင်ပစ်သေးတာဆိုတော့ ဒါကို သိပ်တော့ မအံ့ဩမိဘူး” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“ကောင်းပြီလေ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြဿနာ မရှိဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကို မင်းပဲသတ်သတ် ဘယ်လိုပဲလုပ်လုပ် ပြဿနာမရှိဘူး။ သူ သေသရွေ့ အဆင်ပြေတယ်”
“ဒီလိုဆိုရင်တော့ ကျုပ်ရဲ့ စွမ်းအား၊ ပါရမီနဲ့ ခစားရတာပေါ့” မုန့်ခယ်က သေရည်ခွက်ကို မကာ ပြောလိုက်၏။ ဝမ်ဝေ့ကလည်း သူ့အတိုင်း လိုက်လုပ်လိုက်သည်။ သူတို့က မဟာမိတ်အတွက် အချင်းချင်း ခွက်ချင်းတိုက်ကာ သောက်သုံးလိုက်ကြသည်။ နောက်အဆင့်ကမူ စာချုပ်လက်မှတ်ထိုးဖို့ ဖြစ်သော်လည်း မုန့်ခယ်က သူ့ဇနီးက အသေးစိတ်ဆွေးနွေးမည် ဖြစ်ကြောင်း ပြောလာခဲ့သည်။ ဝမ်ဝေ့က ထိုကိစ္စနှင့်ပတ်သက်ပြီး အဆင်ပြေ၏။
“အဲဒီမျှော်နန်းဆောင်အကြောင်း မေးလို့ရမလား”
“အဲဒါကို သုံးလို့ရတယ်။ ဒါပေမဲ့ ယူလို့တော့ မရဘူး”
ဝမ်ဝေ့က ရှုံ့မဲ့သွား၏။
“ကျုပ်က မလိုချင်ပါဘူး။ အသေးစိတ်အချက်အလက်ကို သိချင်ရုံပါ”
“ကျုပ်သိပြီ။ ဒါက ကျုပ်ရဲ့ ကောင်းချီးအခမ်းအနားတုန်းက ရလာတာလေ”
“အခမ်းအနားကနေ အထွတ်အထိပ်ဟွင်သွမ်း ရတနာ ရလာတာလား”
“ဟုတ်တယ်”
“မင်းတို့မျိုးနွယ်က မင်းအပေါ် ယုံကြည်ချက်ရှိနေတာ မထူးဆန်းတော့ဘူး” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။ လူရိုင်းမျိုးနွယ်က ခိုင်မာကျစ်လစ်သည့် အဖွဲ့အစည်း မဟုတ်ဘဲ သူတို့က မျိုးနွယ်များ၊ သွေးမျိုးဆက်များဖြင့် များစွာ ကွဲထွက်နေသည်။ သူတို့တွင် တူညီသည့် တစ်ခုတည်းသောအရာက စိတ်ဝိညာဉ်ဆိုင်ရာ လေ့ကျင့်မှု ဖြစ်၏။ ထိုအရာက စိတ်ဝိညာဉ်များကို ကိုးကွယ်မှု ပါဝင်နေသည်။ ထို့ကြောင့် လူရိုင်းမျိုးနွယ်တစ်ခုချင်းစီက ကွဲပြားသည့် စိတ်ဝိညာဉ်ဗိမာန်တစ်ခုစီ ရှိတတ်ကြသည်။
နာမည်ကျော်ကြားဆုံးက စစ်နတ်ဘုရားဗိမာန်၊ ဝံပုလွေစိတ်ဝိညာဉ်ဗိမာန်နှင့် အသက်သစ်ပင်ဗိမာန်တို့ ဖြစ်ကြသည်။
အသက်ဆယ်နှစ်အောက်ရှိ လူရိုင်းမျိုးနွယ်ကလေးငယ်များက ထိုဗိမာန်တစ်ခုတွင် သူတို့၏ ကောင်းချီးအခမ်းအနားကို တွေ့ကြုံရလေ့ ရှိသည်။ ထိုအရာက သူတို့၏ ကံကောင်းမှုနှင့် ပါရမီကို တိုးမြှင့်ပေးပြီး ဗိမာန်မှ လက်ဆောင်များကို ရလေ့ရှိသည်။
မုန့်ခယ်က ဂုဏ်ယူစွာ ပြုံးလိုက်၏။ သူ့အခမ်းအနား၏ ဇာတ်ကြောင်းက ယနေ့အထိ မျိုးနွယ်ထဲ ပြောစမှတ်တွင်ဆဲသာ ဖြစ်သည်။ လူများစွာက သူသည် စစ်နတ်ဘုရားဗိမာန်၏ လက်ရှိလွှမ်းမိုးမှုအတွက် တာဝန်ရှိသည်ဟု ငြင်းခုန်ကြလေ့ ရှိ၏။
“ကဲ အာလာပသလ္လာပတွေ တော်ပြီ။ အခု ဒီနေရာကို ဘယ်လိုအုပ်စိုးရမလဲဆိုတာကို မင်းရဲ့ အမြင်ကို ပြောပါဦး” ဝမ်ဝေ့က ပြောလိုက်သည်။
“အကြီးမားဆုံး အတားအဆီးက လျှို့ဝှက်သခင်နဲ့ ရက်စက်ခြင်းဘုရင် ဖြစ်လိမ့်မယ်” မုန့်ခယ်က ပြောလိုက်သည်။
“ဘာလို့လဲ”
“ရက်စက်ခြင်းဘုရင်က ဘယ်သူ့ဆီမှာမှ အညံ့ခံမှာ မဟုတ်ဘူး။ ပြီးတော့ သူက အရမ်းကို မာနကြီးတယ်။ ဘယ်သူ့ဆီမှာမှ ခစားမဲ့သူမျိုး မဟုတ်ဘူး။ ပြီးတော့ သူက ဒီနေရာမှာ အကြီးဆုံးအင်အားစုတစ်ခု ရှိတယ်လေ။ သိုင်းပညာတားမြစ်ခံအဖွဲ့က သူ့လျှို့ဝှက်အင်အားထဲက တစ်ခုပဲ။” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“အဲဒါကို လျှို့ဝှက်သခင်ကရော”
“သူကတော့ စည်းမျဉ်းမဲ့ဇုန်မှာ ပြင်ပခြိမ်းခြောက်မှု တွေ့မှပဲ ဝင်ရောက်စွက်ဖက်လေ့ ရှိတယ်။ ခင်ဗျားရဲ့ အပြုအမူတွေကိုတော့ အဲ့လိုမြင်ရင်တော့ မပြောတတ်ဘူး”
“အဲဒါဆိုရင် သူ့ကို ဘာလို့ အန္တရာယ်များစေတာလဲ”
“သူက ရှင်းလင်းရေးအတွင်းမှာ အသက်ရှင်ခဲ့တဲ့ စံပြလေ” မုန့်ခယ်က ပြောလိုက်သည်။
“တကယ်ကြီးလား”
“အဲ့လိုအရာတွေကို လိမ်ဖို့ မလိုဘူးလေ”
“သူက ဘယ်လိုအသက်ရှင်နေတာလဲ။ သူက အဲ့လောက်တောင် အားကောင်းတာလား” ဝမ်ဝေ့က မေးလိုက်၏။
“ကြည့်ရတာ သူ့ရဲ့ ပုန်းအောင်းရေး စွမ်းရည်တချို့နဲ့ ပတ်သက်နေမယ်လို့ ထင်တယ်” မုန့်ခယ်က ရှင်းပြလိုက်သည်။
“ကျုပ် သိထားသလောက်တော့ သူက ကပ်ပါးတွေ ဒီနေရာမှာ ပုန်းအောင်းနေတဲ့ စံပြတွေကို ရှင်းဖို့လာတာနဲ့ သူက အမြဲတမ်း ပုန်းအောင်းနေလေ့ရှိတယ်။ သူတို့ကို တစ်ယောက်ချင်းစီဆိုရင်သာ တိုက်ခိုက်တာ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။
“အဲဒါဆို နေမင်းတွေကရော”
“သူတို့တွေ ဒီထဲ ဝင်ဖူးတဲ့ မှတ်တမ်းတော့ မရှိဘူး”
“ထူးဆန်းလိုက်တာ”
“ဟုတ်တယ်” မုန့်ခယ်က ခေါင်းညိတ်လိုက်၏။