အခန်း (၁၂၅၁)
Vol. 90 Ch. 1251
ဟန်မူယဲ့အတွက် ယန်တင်းနှင့် မိသားစုကြီးများ၏ ကြွယ်ဝမှုသည် အရေးမကြီးပေ။
သူက ဤနေရာသို့ ရောက်လာသောကြောင့် လောင်းကြေးပြိုင်ပွဲနှင့် ပတ်သတ်သော ပန်းပဲပညာရှင်အစည်းအရုံး၏ စည်းကမ်းများကို လိုက်နာပေးရမည်။
ထို့အပြင် ယုချန်တောက်က သူ့အစား ရောက်လာပြီး ကြွယ်ဝမှုများအားလုံးကို ဆုံးရှုံးသွားသည်။ အကယ်၍ သူထွက်မလာလျှင် ဝူဟွားနှင့် မာနဉ်ယွမ်တို့က ယှဉ်ပြိုင်ကြလိမ့်မည်။
ယုချန်တောက်က မူပိုင်ခွင့်လျှောက်ထားပြီး အဆင့်တက်သွားခဲ့သော်လည်း လူတိုင်းက ထိုသို့ ဖြစ်နေမည်မဟုတ်ပေ။
“ငါ့ရဲ့ အဆင့်ကိုးတံဆိပ်ပြားက ရောက်လာတော့မယ်”
ဟန်မူယဲ့က ကြည်လင်သောအသံဖြင့် ပြောသည်။ သူက ယန်တင်းနှင့် မိသားစုကြီး၏ လူများကို ကြည့်လိုက်သည်။
“လောင်းကြေးပြိုင်ပွဲမတိုင်ခင် ထပ်ပြောမယ်။ ငါက အဆင့်ကိုးပန်းပဲပညာရှင်ပဲ”
“မင်းက လောင်းကြေးထပ်ချင်သေးလား”
‘အဆင့်ကိုးလား’
ဟန်မူယဲ့၏ စကားအဆုံးတွင် ယန်တင်းနှင့် စင်မြင့်အောက်တွင်ရှိသော လူများအားလုံးက ကြောင်အသွားသည်။
ယန်တင်းက မျက်မှောင်ကြုတ်ထားပြီး လက်သီးဆုပ်သည်။
သိပ်မဝေးသောနေရာတွင် ရှိနေသည့် အဆင့်ကိုးပန်းပဲပညာရှင်က စင်မြင့်ပေါ်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။
တစ်ဖက်တွင် မိသားစုကြီးမှ ကျန်းရွှမ်နှင့် တခြားလူများက တုံ့ဆိုင်းပြီး သံသယဝင်နေသည်။
အကယ်၍ ဟန်မူယဲ့က အဆင့်ကိုးဖြစ်နေလျှင် ယန်တင်း၏ စိန်ခေါ်ပွဲက အဓိပ္ပာယ်မရှိတော့ပေ။
အဆင့်ခုနစ်က အဆင့်ကိုးကို မည်သို့ အနိုင်ရမည်နည်း။
သို့သော် တခြားလူများကတော့ မျှော်လင့်နေကြသည်။
သူတို့က စိတ်လှုပ်ရှားစရာကောင်းသော ပြိုင်ပွဲကို မြင်ချင်သည်။
ခေါင်းဆောင်ဟန်၏ စစ်မှန်မှုက အရေးမပါပေ။
“ယန်တင်း၊ မင်းက စင်မြင့်ပေါ်ကို ရောက်နေပြီဆိုမှတော့ ပြိုင်ဘက်ရဲ့အဆင့်က ဘယ်လိုပဲ ဖြစ်နေပါစေ ပြိုင်ပွဲကို ဆက်လုပ်ရမယ်။ မဟုတ်ရင် မင်းက ပန်းပဲပညာလမ်းစဉ်မှာ အဆင့်တက်နိုင်မှာမဟုတ်ဘူး”
စင်မြင့်အောက်တွင်ရှိသော အဆင့်ကိုးပန်းပဲပညာရှင်က ကျယ်လောင်စွာပြောသည်။
သူက လက်မြှောက်ပြီး ရွှေရောင်ကတ်ပြားကို ထုတ်ပေးသည်။
“ငါက ယန်တင်းရဲ့ လောင်းကြေးကို ပေးမယ်”
“ဆရာ ....”
ယန်တင်းက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် လေးနက်စွာ ခေါင်းညိတ်သည်။
ဟန်မူယဲ့က အဆင့်ကိုးပန်းပဲပညာရှင်ကို စိတ်ဝင်စားစွာ ကြည့်သည်။
သူပြောလိုက်သော စကားသည် အဓိပ္ပာယ်ရှိသည်။
ယနေ့ လောင်းကြေးပြိုင်ပွဲသည် ယန်တင်းကို လေ့ကျင့်ပေးရန်အတွက် အခွင့်ကောင်းတစ်ခု ဖြစ်နိုင်သည်။
“ခေါင်းဆောင်ဟန်၊ ကျွန်တော်က အဆင့်လေးရုပ်သေးရုပ်ကို သန့်စင်ပါမယ်။ သင်ပြပေးပါအုံး”
ယန်တင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ဟန်မူယဲ့ကို ပြောသည်။ ထို့နောက် မီးတောက်များကို ထုတ်လွှတ်သည်။
ဝိညာဉ်သတ္တုအမျိုးမျိုးသည် မီးတောက်ထဲသို့ အစီအစဉ်တကျ ဆင်းသက်သွားသည်။
သူ၏ အခြေခံက အမှန်တကယ်ပင် ကောင်းမွန်သည်။ တခြားလူများနှင့် မတူပေ။
“ကောင်းပြီ။ အဲဒါဆိုရင် ငါကလည်း အဆင့်လေးရုပ်သေးရုပ်ကို သန့်စင်မယ်”
ဟန်မူယဲ့က ခေါင်းညိတ်ပြီး ရွှေရောင်မီးတောက်ကို ထုတ်လွှတ်သည်။
ထိုမီးတောက်သည် အစိတ်အပိုင်းသုံးဆယ်အဖြစ် ကွဲထွက်ပြီး သူ့ရှေ့တွင် ညီညာစွာ ရှိနေသည်။
ဝိညာဉ်သတ္တုများသည်လည်း အစိတ်အပိုင်းသုံးဆယ် ရှိနေပြီး သေသပ်စွာ စီစဉ်ထားသည်။
“မြို့ကြီးတွေရဲ့ နည်းစနစ်လား”
စင်မြင့်အောက်တွင်ရှိသော အဆင့်ကိုးပန်းပဲပညာရှင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး ရေရွတ်လိုက်သည်။
မိသားစုကြီးများ၏ ပန်းပဲပညာရှင်များကလည်း ထိတ်လန့်နေပြီး ဟန်မူယဲ့၏ ရှေ့တွင်ရှိသော မီးတောက်များကို ကြည့်သည်။
သူတို့က ထိုနည်းစနစ်မျိုးကို မမြင်ဖူးပေ။
ကျန်းရွှမ်နှင့် တခြားလူများ၏မျက်နှာက တင်းမာသွားသည်။
“ဒီလိုမျိုး လွှမ်းမိုးနိုင်တဲ့နည်းလမ်းကို ဘာဖြစ်လို့ ထုတ်သုံးတာလဲ”
ဟန်မူယဲ့က ရွှေရောင်ငှက်၏အသံကို ကြားလိုက်ရသည်။
သူလှုပ်ရှားလိုက်သောအချိန်တွင် ကွာခြားချက်ကို သိသာစွာ မြင်လိုက်ရသည်။
ဟန်မူယဲ့၏ မီးတောက်သုံးဆယ်သည် ယန်တင်းကို လွှမ်းမိုးထားနိုင်သည်။
တစ်ဖက်တွင် ယန်တင်း၏မျက်နှာထားက အလွန်လေးနက်လာသည်။
“အလုပ်တာဝန်ကိုခွဲဝေပြီး သန့်စင်တဲ့နည်းစနစ်က ရိုးရာနည်းစနစ်တွေထက် ပိုကောင်းတာပဲ”
“ဒါက ကြယ်စင်စုစကြဝဠာရဲ့ အစစ်အမှန်နည်းလမ်းပဲ”
ဟန်မူယဲ့က ညင်သာစွာ ရေရွတ်လိုက်သည်။ သူ့ရှေ့တွင်ရှိသော မီးတောက်နှင့် ဝိညာဉ်သတ္တုများက ဆက်တိုက်လှုပ်ရှားနေသည်။
မီးတောက်များကြားတွင် ဝိညာဉ်သတ္တုများက အရည်ပျော်ပြီး ပုံသွင်းခံလိုက်ရသည်။
ဟန်မူယဲ့က လက်မြှောက်သည်။ ပုံရိပ်ယောင်ဆန်သော ရုပ်သေးရုပ်သည် သူ့ရှေ့တွင် ပေါ်လာသည်။
ထိုရုပ်သေးရုပ်က ရှစ်ပေအရပ်မြင့်သည်။ မရေမတွက်နိုင်သော အလင်းတန်းများသည် ရုပ်သေးရုပ်ကို ရစ်ပတ်ထားပြီး ကြည်လင်သော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသည်။
ဤတစ်ကြိမ်တွင် အံ့အားသင့်နေသော အသံများကို ကြားရသည်။
တစ်ဖက်တွင်ရှိသော ယန်တင်းက တစ်ကိုယ်လုံး တုန်ခါနေပြီး ရှေ့တွင်ရှိနေသော မီးတောက်က ငြိမ်းသက်လုနီးပါး ဖြစ်သွားသည်။
စင်မြင့်အောက်တွင်ရှိသော အဆင့်ကိုးပန်းပဲပညာရှင်က ထိတ်လန့်နေသည်။
ဟန်မူယဲ့က သူတို့ကို ဂရုမစိုက်ပေ။ သူက မီးတောက်သုံးဆယ်နှင့် ဝိညာဉ်သတ္တုများကို တစ်ခါတည်း ဆွဲခေါ်ပြီး ရုပ်သေးရုပ်ပုံရိပ်တွင် ထည့်သွင်းလိုက်သည်။
“အရူးပဲ”
ခေးအော့က ပြောသည်။
လူအများရှေ့တွင် ရုပ်သေးရုပ်ပုံရိပ်၏ မီးတောက်သုံးဆယ်နှင့် ဝိညာဉ်သတ္တုများက ဆက်တိုက်သွယ်ယှက်နေပြီး အစစ်အမှန်ရုပ်သေးရုပ် ဖြစ်လာသည်။
ထိုသို့ ထူးခြားသော နည်းစနစ်ကြောင့် လူတိုင်းက မျက်လုံးပြူးသွားခဲ့သည်။
‘ရုပ်သေးရုပ်ကို ဖန်တီးဖို့ အစိတ်အပိုင်းတွေကို တစ်ခုချင်းစီ သန့်စင်ပြီး တပ်ဆင်ရတာမဟုတ်ဘူးလား’
သို့သော် သူတို့၏ ရှေ့တွင်ရှိသော ရုပ်သေးရုပ်က တစ်ခါတည်း ပုံစံပေါ်လာသည်။
‘အဲဒီလိုရုပ်သေးရုပ်ကို အသက်သွင်းလို့ရပါ့မလား’
မီးတောက်များက ဖြည်းဖြည်းချင်း ငြိမ်းသက်သွားသောအခါ အစိမ်းပုပ်ရောင်ရုပ်သေးရုပ်သည် စင်မြင့်ထက်တွင် ပေါ်လာသည်။
“ဒါက မင်းရဲ့ လေ့လာမှုရလဒ်လား”
ရွှေရောင်ငှက်က မေးသည်။
”ဒါက လူသားခန္ဓာကိုယ်ကို အတုယူပြီး အတွင်းနဲ့အပြင် တည်ဆောက်ပုံဆင်တူအောင် ကြိုးစားနေတဲ့ နည်းလမ်းလား”
ဟန်မူယဲ့က ချန်မြောင်၏ မြေးဖြစ်သူ ချန်တင်းအာ၏ ခန္ဓာကိုယ်ကို လေ့လာနေခဲ့သည်။
သူမ၏ ခန္ဓာကိုယ်က အဆင့်မြင့်နည်းလမ်းများကို အသုံးပြုထားသော ရုပ်သေးရုပ် ဖြစ်သည်။
ဟန်မူယဲ့၏အမြင်တွင် ထိုနည်းစနစ်က မူလစကြဝဠာ၏ ကိုယ်ပွားနည်းစနစ်နှင့် ဆင်တူသည်။
သို့သော် ကွဲပြားမှုများ ရှိနေသည်။
မူလစကြဝဠာ၏ ကိုယ်ပွားများသည် သက်ရှိ၏ စွမ်းအားကို မှီခိုထားသည်။ ကြယ်စင်စုစကြဝဠာ၏ ရုပ်သေးရုပ်များကတော့ မူလကျောက်တုံး၏ စွမ်းအားကို မှီခိုသည်။
ကိုယ်ပွားက မူလခန္ဓာ၏ စွမ်းအားနှင့် ဆက်သွယ်နေပြီး ရုပ်သေးရုပ်များကတော့ ကိုယ်ပိုင်ခွန်အားကို ပိုင်ဆိုင်သည်။
ချန်တင်းအာ၏ ရုပ်သေးရုပ်ခန္ဓာကိုယ်တွင် အလွန်နက်နဲသော ပန်းပဲနည်းစနစ်ကို အသုံးပြုထားသည်။ ဝိညာဉ်သတ္တုများကလည်း အဆင့်မြင့်သည်။ ကြယ်စင်စုစကြဝဠာ၏ ကျွမ်းကျင်သူတချို့က ထိုလမ်းစဉ်ကို လေ့လာကြသည်။
ကမ္ဘာဦးရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် ယနေ့ခေတ် ကြယ်စင်စုစကြဝဠာနှင့် မသင့်တော်ဟု သူတို့က ခံစားနေရသည်။
ယနေ့အချိန်တွင် ဖုန်တက်နေသော အားကောင်းသည့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို မလိုအပ်ပေ။ ကျင့်ကြံခြင်းနှင့် နေ့စဉ်ဘဝတွင် ကူညီပေးနိုင်သော အသုံးဝင်မည့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကိုသာ လိုအပ်သည်။
ဥပမာအနေဖြင့် လူသားများနှင့် ဆင်တူသော ရုပ်သေးရုပ် ဖြစ်သည်။
တချို့ကျွမ်းကျင်သူများက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို အရည်ဖျော်ပြီး အဆင့်မြင့်သတ္တုများကို ပြန်လည်ထုတ်ယူချင်ကြသည်။
ဟန်မူယဲ့က ထိုနည်းလမ်းကို မထောက်ခံသော်လည်း သူတို့၏ သုတေသနကို မတားဆီးပေ။
ရုပ်သေးရုပ်ဖြစ်စေ၊ ချပ်ဝတ်ဖြစ်စေ ကျင့်ကြံခြင်းတွင် အကူအညီဖြစ်သည်။
ယခင်က ကြယ်စင်စုစကြဝဠာသည် အလွန်အားကောင်းခဲ့သော်လည်း လမ်းမှားကို ရွေးချယ်မိသောကြောင့် လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။
“ဘန်း”
ယန်တင်း၏ရှေ့တွင်ရှိသော မီးတောက်များက ပေါက်ကွဲသွားသည်။
သူက ဟန်မူယဲ့၏ ရှေ့တွင်ရှိသော ရုပ်သေးရုပ်ကို ငေးမောစွာ ကြည့်နေသည်။
‘ဘယ်လောက် ကြာသွားပြီလဲ’
‘တစ်စက္ကန့်လား’
‘စက္ကန့်ဝက်လား’
‘လောကမှာ အဲဒီလို ပန်းပဲနည်းစနစ်မျိုး ရှိနိုင်လို့လား’
“မဖြစ်နိုင်ဘူး”
စင်မြင့်အောက်တွင်ရှိသော အဆင့်ကိုးပန်းပဲပညာရှင်က စင်မြင့်ပေါ်သို့ တက်လာသည်။
သူက ဟန်မူယဲ့၏ ရုပ်သေးရုပ်ကို စိုက်ကြည့်လိုက်ပြီး ပြောသည်။
“ဒီရုပ်သေးရုပ်က အခြေခံအစိတ်အပိုင်း တစ်ခုတောင်မရှိတဲ့ အခွံတစ်ခုပဲ .....”
သို့သော် သူ့စကားမဆုံးခင် ရုပ်သေးရုပ်က လက်မြှောက်လိုက်သည်။
ထို့အပြင် ရွှေအလင်းဖြင့် တောက်ပနေသော မျက်လုံးကိုလည်း ဖွင့်လိုက်သည်။
ရုပ်သေးရုပ်က သွက်လက်စွာ လမ်းလျှောက်နေပြီး လက်သီးချက်တချို့ကိုပင် သရုပ်ပြခဲ့သည်။
ထို့ကြောင့် ပန်းပဲပညာရှင်များအားလုံးက မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ထိုရုပ်သေးရုပ်သည် သူတို့၏ နားလည်မှုကို ပြောင်းလဲပစ်လိုက်သည်။
‘အဲဒီလို နည်းစနစ်မျိုး တကယ်ပဲ ရှိနေတာလား’
‘အဲဒီလိုမျိုး လျင်လျင်မြန်မြန် သန့်စင်နိုင်တယ်ဆိုရင် ပန်းပဲပညာရှင်တွေက နောက်ကွယ်မှာ ပုန်းနေစရာမလိုပဲ တိုက်ခိုက်နိုင်မှာလား’
ပန်းပဲပညာရှင်များသည် တိုက်ခိုက်နိုင်စွမ်း မရှိပေ။
သို့သော် ဟန်မူယဲ့ပြသခဲ့သော နည်းလမ်းကြောင့် ပန်းပဲပညာရှင်များက တိုက်ခိုက်လာနိုင်မည်။
“ယန်တင်း၊ ထားလိုက်ပါတော့။ အရှုံးပေးလိုက်ပါ”
အဆင့်ကိုးပန်းပဲပညာရှင်က မည်းမှောင်နေသောမျက်နှာထားဖြင့် ခေါင်းခါသည်။
“ခေါင်းဆောင်က အဆင့်ကိုးဖြစ်ရုံတင်မကဘူး အရမ်းထူးချွန်လိမ့်မယ်”
သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြောသည်။
“ငါက ရှက်ရွံ့မိပါတယ်”
သူက ခေါင်းခါလိုက်ပြီး စင်ပေါ်မှ ဆင်းသွားသည်။
ယန်တင်းကလည်း မီးတောက်များကို ဖယ်ရှားလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ခေါင်းဆောင်ဟန်၊ ကျွန်တော်အရှုံးပေးပါတယ်”
ထို့နောက် သူက နက်ရှိုင်းသောအသံဖြင့် ဆက်ပြောသည်။
“ကျွန်တော်က အဆင့်ကိုးကို ရောက်သွားရင် ခေါင်းဆောင်ဟန်နဲ့ ထပ်တွေ့ချင်ပါသေးတယ်။ ကျွန်တော့်ကို သင်ပြပေးဖို့ မျှော်လင့်ပါတယ်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
‘အဆင့်ကိုးလား’
‘ငါ့ကို စိန်ခေါ်ချင်တာလား’
သူက အဆင့်ကိုးသို့ ရောက်သွားလျှင် ကွာခြားချက်ကို နားလည်လိမ့်မည်။
“ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ခေါင်းဆောင်ဟန်က ဘယ်သူလဲ”
အဝေးတစ်နေရာမှ အသံတစ်သံ ပေါ်ထွက်လာသည်။
အစိမ်းရောင်ဝတ်စုံနှင့် လူများက အစည်းအရုံး၏ ခန်းဆောင်ရှေ့သို့ ရောက်လာကြသည်။
ထိုလူအုပ်၏ ခေါင်းဆောင်သည် အဆင့်ကိုးတံဆိပ်ပြားကို တပ်ဆင်ထားသော ပန်းပဲပညာရှင်နှစ်ယောက် ဖြစ်သည်။
‘အဆင့်ကိုးပန်းပဲပညာရှင်လား’
‘ဘာဖြစ်နေတာလဲ’
လူတိုင်းက တွေးမိသည်။
သူတို့က စင်မြင့်ဆီသို့ ချဉ်းကပ်လာသော လူအုပ်စုကို ကြည့်လိုက်ကြသည်။
“ငါက ဟန်မူယဲ့ပါ”
ဟန်မူယဲ့က ပြောသည်။
သူ့စကားကို ကြားရသောအခါ ရှေ့တွင်ရှိသော ပန်းပဲပညာရှင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးသည်။
“ငါတို့က အစည်းအရုံးရဲ့ လက်ထောက်တွေပါ။ ခေါင်းဆောင်ဟန်ရဲ့ တံဆိပ်ပြားကို လာပေးတာပါ”
သူတို့က စင်မြင့်ပေါ်သို့ လျှောက်လာသည်။ တစ်ယောက်က သစ်သားသေတ္တာကို ထုတ်ယူသည်။
“ဆရာဟန်၊ ဒါက ခင်ဗျားရဲ့ အဆင့်ကိုးတံဆိပ်ပြားပါ”